ကျွန်ုပ် နှင့် ပါတီနိုင်ငံရေး ကောက်ကြောင်းများ (၆)

(The Mog Nation Wiki, an archive)

RNDP ပါတီတည်ထောင်သည့်နေ့ပထမဆုံးရန်ပုံငွေအလှူရှင်

RNDP ၏(ပ)ခေါင်းဆောင်အဖြစ်ကျနော်အရွေးခံရသည့်နေ့၊ ရွေးပြီးစ အချိန် (ဦးဝိုင်းမောင် အစ်မအိမ်ခန်း၊ ကျောက်မြောင်း)၌ မှတ်မိသလောက် ကျနော်အပါအဝင် ပါတီFounder အားလုံး၏ရှေ့မှောက်တွင် လှူဒါန်းသည့်ပထမဆုံးရန်ပုံငွေအလှူရှင်သည် ALD ဦးလှမြင့် ဖြစ်ပါသည်။ ဦးလှမြင့်က ပလပ်စတစ်အိပ်ဖြင့် ထုပ်ထားသောငွေ (၅)သိန်းတိတိကို လှူဒါန်းပါသည်။ ဦးဇော်အေးမောင်ကလှူ ဒါန်းမှုကိုလက် ခံသူဖြစ်သည်ဟု ထင်မှတ်ပါသည်။ လှူပြီးနောက် ဦးလှမြင့်က အိမ်ခန်းမှအောက်ထပ်သို့ ချက်ချင်းဆင်းသွားသည်ကိုမူ မြင်လိုက်ရပါသည်။ ကျနော်နှင့် နှုတ်မဆက်ဖြစ်လိုက်ရပါ။

(ပ)ခေါင်းဆောင်ရွေးခြင်း ခံရသည့်နေ့ ပထမဆုံးတွေ့ခွင့်ရခဲ့သည့် ALD ခေါင်းဆောင်(၂)ဦး

ဦးလှမြင့်

ယင်းနေ့လား၊ နောက်တရက် ပါတီ အစည်းအဝေးပြီးနောက်လား သေချာမမှတ်မိတော့ပါ၊ (ပ)ခေါင်းဆောင်အဖြစ်ရွေးခံရသည့်နေ့ဟုဖြင့် ထင်မှတ်ပါသည်။ Taxi ကားစောင့်နေသည့် မိမိအား ဦးလှမြင့်သည် သူ့ကား မိုးပြာ ရင့်ရင့်ရောင်ဖြင့် သူ၏ဘုရင့်နောင်အိမ်သို့ခေါပြီး ဟင်းခွက်ပေါင်းများစွာဖြင့် နေ့လည်စာ ကျွေးမွေးဧည့်ခံခဲ့ပါသည်။ အိမ်သို့လာရာလမ်းတွင် မြန်မာ့နိုင်ငံရေးအခြေအနေ၊ ရခိုင့်နိုင်ငံရေးအခြေအနေ နှင့် သူ့အမြင်ကို ရှင်းပြပါသည်။ မိမိက နားထောင်ပေးသူဖြစ်ပါသည်။ အိမ်ရောက်တော့ သူထုတ်ဝေခဲ့၊ ထုတ်ဝေရန် စီစဉ်ဆဲ၊ ကွန်ပျူတာဖြင့်ရိုက်ထားဆဲစာမူများ၊ သူရရှိခဲ့သည့် ဆုတံဆိပ်များထဲမှ “ဖါးကန့် စိုင်တောင်”ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မှ ချီးမြှင့်သည့် ရွှေတံဆိပ် တို့ကို ဂုဏ်ယူစွာပြသခဲ့ရာ သေချာစွာ မိမိက ကရုပြုနားစိုက်ထောင်ပေးခဲ့ပါသည်။ ပြီးနောက် ရခိုင်သားကြီးစာပေ၏သမိုင်း နှင့် ထုတ်ဝေ ရ သည့် ရည်ရွယ်ချက်၊ ထုတ်ဝေဆဲ သူ့လုပ်ငန်းများကို ရှင်းပြပါသည်။ သူနှင့်က အရင်တက္ကသိုလ်ကျောင်းသားဘဝမရောက်ခင် နှင့်ရောက်စ တုံးက ငယ်ပေါင်း နိုင်ငံရေးအမြင်ဖလှယ်ဖက် မိတ်ဆွေဖြစ်ခဲ့ပါသည်။ သူက အာပေါင်အာရင်းသန်သန် ဦးဆောင်ဆွေးနွေးတတ်သူဖြစ်ပါသည်။ အမြင်စူးရှသည်။ ရည်မှန်းချက်ကြီးသည်။ မိမိက စကားအလွန် နည်းသူ ၊ များမျာ းနားထောင်ပေးတတ်သူဖြစ်ပါသည်။ သူသည် ဆရာကြီးဒေါက်တာစောမြအောင်ကို အလွန် ချစ်ခင် လေးစား တန်ဖိုးထားသူလည် းဖြစ်ပါသည်။ ALD ပါတီ အပေါ်လည်းသစ္စာရှိသူ၊ မြတ်နိုးသူ ဖြစ်သည်ဟုလည်း သုံးသပ်မိရပါသည်။ စီးပွါးရေး အခြေခံအား တည်ဆောက်ရင်း၊ နိုင်ငံရေးကစားကွက်ဖွင့်၊ တိုက်ကွက် ဖေါ်တတ်သူ ဖြစ်သည် ဟုလည်း ခန့်မှန်းမိပါသည်။ ရင်းရင်းနှီးနှီးဖြစ်ခဲ့သော ငယ်ပေါင်းမိတ်ဆွေများထဲမှ အမြင်ကျယ်သူ၊ ခေတ်အမြင်ရှိသူ၊မျိုးချစ်တစ်ဦးလည်း ဖြစ်ပါသည်။

ဦးအေးသာအောင်

မှတ်မှတ်ရရ RNDP (ပ)ခေါင်းဆောင်အဖြစ် တင်မြှောက် ခံရသည့်နေ့ ကြိုတင်ချိန်းဆိုမှုများအရ ညနေပိုင်း ပထမဆုံး မိမိနှင့်ရခိုင့်နိုင်ငံရေးအတိုအထွာများ ဆွေးနွေး ဖြစ်သူမှာ ALD ခေါင်းဆောင်ဦးအေးသာအောင် ဖြစ်ပါသည်။ မိတ်ဆွေဦးသိန်းရွှေ၏ စီစဉ်ပေးမှုဖြင့်သူ၏ မင်္ဂလာတောင်ညွှန့် (အောင်ဆန်းကွင်း၊ တခြမ်းပဲ့ ဗလီရှေ့) အထကအနီးရှိ ကွန်ဒိုခန်းတွင် ညနေစာစားရင်း တွေ့ဆုံဖြစ်ကြခြင်းဖြစ် ပါသည်။ “ALD တွင် အနာဂါတ်အတွက် ရှေ့ထွက်ကိုယ်ခွဲ ပါတီရှိ/မရှိ” မိမိက စမေးမြန်းပါသည်။ ”RNDP ကို ALD ၏ ၂၀၀၈ခြေ/ဥနှင့် ရင်ဆိုင်မည့် ရှေ့ထွက်ပါတီဟုထင်ခဲ့ပါကြောင်း” မိမိပြောသည့်အခါ သူက”မဟုတ်ကြောင်း” နှင့် ရှေ့ဟောင်းနှောင်းဖြစ်၊ အနာဂါတ်အမြင်တို့ကို ဖလှယ်ဖြစ်ခဲ့ကြပါသည်။ ဦးသိန်းရွှေ အစအဆုံး ဖြစ်စဉ်အားလုံး သိပါသည်။ ALD ၏အကျဉ်းအကြပ်ကြားက နိုင်ငံရေး မဟာဗျုဟာသည် ဝေဝါးနေသည်။ ရပ်နေရာမှ မရွေ့၊ ရှေ့တိုးနောက်ဆုတ် မကစားတတ်၊တရားသေဝါဒ လွှမ်းမိုးနေဆဲ၊ အယူအစွဲကြီးပြီး၊ တိုက်ကွက် သေနေဆဲဟု ထိုစဉ်က ခံစားခဲ့ရကြောင်း ဦးသိန်းရွှေ အား မိမိအမြင် ရှင်းပြခဲ့သည်ကို မှတ်မိပါသည်။ ဦးသိန်းရွှေကလည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရALD ပါတီ အောင်လံတော်ပါ ဝံလက်ငှက်ပျံဝဲကာ ကုပ်ဆွဲရန် အားယူနေပုံ ပန်းချီသည် သူ့စိတ်ကူးနှင့် လက်ရာဖြစ် ကြောင်း ဂုဏ်ယူစွာဖြင့် အမှတ်တရပြောခဲ့သည်ကိုလည်း သတိတရဖြစ်မိပါသည်။ မိမိက NLD နှင့် ၁၉၉၀ သူ့ရဲ့ကိုယ်ခွဲပါတီ၊ ဒေါက်တာစိန်ဝင်းရဲ့”ဒီမိုကရေစီပါတီ”ကဲ့သို့ RNDP ကို ALD ၏ကိုယ်ပွါးများလား ထင်မှားခဲ့ပါသည်ဟု ဦးအေးသာအောင်ကိုမေးပြော ပြောခဲ့ဖြစ်ပါသည်။ ALD သည် No Vote မှ မ ရွေ့၊ ယုံကြည်ချက် ခိုင်မာသည်။ ALD ပါတီ၏ ရပ်တည် ချက်၊ အလွန် ခိုင်မာခဲ့သည်ဟု ထိုစဉ်က မိမိထင်မှတ်ခဲ့ပါသည်။ ဦးအေးသာအောင် နှင့် ကျနော်သည် ပထမဆုံးအကြိမ်လူချင်းဆုံပြီး၊စကားပြောဖူးခဲ့ခြင်းဖြစ်ပါသည်။ ALD ၏ခေါင်းဆောင် CRPP၏ ခေါင်းဆောင်တစ်ဦး၊ BBC;VOAတို့တွင် ရင်းနှီးနေကျ အသံပြာနှင့်စကားပြောသူ၊ ကျွန်တော့် ဦးလေးနှင့် BEME (လျှပ်စစ် နှင့်စက်မှုတပ်)တွင် ဗိုလ်တထောင်၊ အမရပူရ တို့၌ အတူတူ အလုပ်လုပ်လာကြသည့် ဘဝတူစစ်သား၊ အမရပူရ မှ တပ်ကြပ်ကြီးဘဝတွင်တပ်မှထွက်သွားသည်ဟု အရာခံဗိုလ်ဘဝထိ BEME တွင် သက်ပြည့်နေကာ ပင်စင်ယူသွားသော ရသေ့တောင်မြို့နယ်၊ မယူကမ်းအောင်ဆိပ်ရွာသား၊ ကျွန်တော်၏ဦးလေးအရင်း ဦးကျော်သာဇံ ကပြောခဲ့သဖြင့်လူချင်းမတွေ့ခင်ကတည်းက ရင်းနှီးထားပြီးသား၊ လေးစားထားပြီးသား၊ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း၊ No Vote မှ မရွေ့သည်ကို ရူပဗေဒ သဘောအရ အလုပ် မလုပ်ခြင်းနှင့်ထပ်တူ တွေးတတ်သော မိမိအဖို့ အားမရဖြစ်ခဲ့မိပါသည်။ မည်သို့ပင်ဆိုပါစေ၊ သမိုင်း၏ ဇာတ်ကောင်များအဖြစ် ဦးသိန်းရွှေ၏ စီစဉ်ပေးမှုဖြင့် RNDP ကိုတရားဝင်လက်မှတ်ထိုး တည်ထောင်သည့်နေ့၊ (ပ)ခေါင်းဆောင်အဖြစ်တင်မြှောက်ကြသည့်နေ့၊ ညနေပိုင်းတွင် မှတ်မှတ်ရရ တွေ့ဖြစ်ခဲ့ကြပါသည်။ သင်ခန်းစာအချို့လည်း ရယူဖြစ်ခဲ့ပါသည်။ ဦးအေးသာအောင် ကျန်းမာချမ်းသာပါစေ၊ မိမိ၏ယုံကြည်ချက်များကို တနေ့အကောင်အထည်ဖေါ်နိုင်ပါစေ ဟု ယင်းနေ့ အိမ်အပြန် ဆုတောင်းဖြစ်ခဲ့သည်ကိုလည်း ပြန်အမှတ်ရလာဖြစ်ပါသည်။

ညီလာခံ ပြီးဆုံးခြင်း

ANP ၏ပထမဆုံးအကြိမ် ပါတီညီလာခံသည် စက်တင်္ဘာ၃၀ ရက်တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ပါတီညီလာခံ၏ နောက်ဆုံးပိတ်သိမ်းချိန် မြင်ကွင်းများသည် ဆင်ခြင်စရာများ၊ အတောမသတ်နိုင်သည့် သံဝေဂယူစရာများ၊ အတ္တမာနများ ကိုယ်စီဖြင့် မီးထွက်မတတ် ဒေါသကဲသည့်မျက်လုံးများ၊ ကျောချင်းကပ်ရာမှ ခွါတော့မည့်ဟန်များ၊ အံကြိတ်သံများ၊ သက်ပြင်းချသံများ၊စသည်..စသည်များ သည် ANP ၏ ရှေ့တွင် ပိတ်ဆီးနေပြီဖြစ်သည် ဟု သုံးသပ်မိပါသည်။

ALD နှင့်အတူပါလာပြီး ညီလာခံအတွက် တစ်ခုတည်းသော သတင်းယူ ဂျာနယ်ဖြစ်သည့် ဒေါ်မြတ်နိုးသာ၏ ရခိုင့်အသံဂျာနယ်သည်လည်း သူ့လုပ်ငန်းအတွက် လှုပ်လှုပ်ရှားရှား ဖြစ်လာပုံရပါသည်။ သက်ဆိုင်သူများကို မေးလိုက်မြန်းလိုက် မှတ်တမ်းတင်လိုက်ဖြင့်အလုပ်ရှုပ်နေသည်ကို မြင်ရပါသည်။ သူ၏ညီလာခံအထူးထုတ်တွင် ရသမြောက်သုံးသပ်ချက်များ၊ ဝေဖန်ထောက်ပြမှုများကို စူးရှသည့်သတင်းသမားတဦး၏ အမြင်ဖြင့် ဘက်လိုက်မှုကင်းစွာရေးသားထားချက်များကိုလည်း ဖတ်ရှုရတော့မည်ဟု အားခဲထားဖြစ်ပါသည်။ ပူပူနွေးနွေ းဥက္ကဌသစ်ဖြစ်သော မိမိကိုဖြင့် မည်သည့် အင် တာဗျူးမှ လာမလုပ်ကြသည်ကလည်း ထူးခြားသည်ဟုဖြင့် ထင်မှတ်ခဲ့ပါသည်။ CEC ၏ပထမဆုံး အစည်းအဝေး ညီလာခံမှရွေးချယ်ပေးခဲ့သည့် ANP;CEC သစ်၏ ပထမဆုံးအကြိမ် အစည်းအဝေးကိုလည်း ယင်းနေ့တွင်ပင် အချိန်သတ်မှတ် ကျင်းပ ခဲ့ကြပါသည်။ ဦးအေးသာအောင် အား ပါတီ၏ နာယကတာဝန် ပေးအပ်ရန် ရည်ရွယ်ပြီးပါတီဖွဲ့စည်းပုံတွင်၊ နာယက ရာထူး ဖန်တီးရန်၊ လစ်လပ် ဒုဥက္ကဌ ရာထူးအား လာမည့် CEC အစည်းအဝေး တွင် ရွေးချယ်တာဝန်ပေးအပ်ရန်၊ညီလာခံ၏ဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ်ရန် စသည်ဖြင့် ဆုံးဖြတ်ခဲ့ကြသည်ဟု ထင်ပါသည်။

ညီလာခံအပိတ်ည ညီလာခံအပိတ်ညသည် အတော်ပင်တိတ်ဆိတ်ပါသည်။ လှိုင်းပုတ်သံမှလွဲ၍ အပ်ကျသံမှပင်မကြားရပါ။ ညဉ့်အတော်နက်တော့ အသံသဲ့သဲ့စကြားရစပြုလာပါသည်။ ကျနော်တို့ တည်းခိုသည့် ပဆင ဧည့်ရိပ်သာ၏ တဘက်တွင်ခရစ်ယန်ကျောင်း တည်းခိုရိပ်သာ၊ တည်းခိုဆောင်ခြံဝင်းတွင် မီးပုံပွဲကျင်းပသလိုမျိုး စုစုဝေးဝေးလေး၊ အသံတိုးလိုက်ကျယ်လိုက်နှင့် ညဉ့်အတော်နက်သည်အထိ ကြားလာရပါသည်။ နောက်တဖြေးဖြေး ငပလီည၏တိတ်ဆိတ်သံကို ထိုးဖေါက်ပြီး အရက်မှုးသံ၊ ဆဲဆိုသံ၊ မကြေနပ်သံ၊ ခပ်ရိုင်းရိုင်းအသံ၊ကြိမ်းဝါးသံ၊ ဒေါသသံ၊ ပေါက်ကွဲသံ၊ လူပုဂ္ဂိုလ်တစ်ဦး၏အမည်ကိုရည်ညွှန်းထုတ်ဖေါ် အပုတ်ချသံ၊ ရင်ဖွင့်သံမျိုးစုံဖြင့် လူငယ်တစု၏ ညီလာခံအပိတ်ညအား ဂုဏ်ပြုနေကြသည်ကို အသက်မရှုရဲ နားမဆံ့ကြားနေရပါသည်။ မည်သူတွေ၏ အသံများဖြစ်သည်ကိုမူ ခွဲခြားမရပါ။ အနာဂါတ်ကို ဦးဆောင်ကြမည့် ရခိုင်လူငယ်များ၏ အသံအမှန်များလား မဝေခွဲနိုင်ပါ။ အားမာန်ပါပါ၊ ကတိပြုသံ၊ သံဓိဌာန်ချသံမျိုး မဟုတ်သည်ကဖြင့် သေချာပါသည်။ ဘယ်ညာနားနှစ်ဘက်ဖွင့်၊ သက်ပြင်းဖြေးဖြေးချ၊ နားစွင့်နေရခြင်းသည်ပင်လျှင် သည်းခံခြင်းပါရမီလားမပြောတတ်တော့ပါ။ ကျနော်အပါအဝင် မည်သူမှ အသံမထွက်ရဲ၊ ကပ်လျက်နေကြသည့် အမတ်များ၏ အခန်းတိုင်း မီးပိတ်ထားကြပါသည်။တုတ်တုတ်မျှမလှုပ်ရဲကြ။ သို့သော် နား စွင့်နေကြမည်ထင်ပါသည်။

ကျနော်တို့ တည်းခိုသည့် ပဆငဧည့်ရိပ်သာပင်မ ဆောင်၏ ဘယ်ဘက်တွင် ခရစ်ယန်ကျောင်း တည်းခိုဆောင်များသည် လမ်းကြားလေးတခုခြားကာ ကပ်လျက်ရှိပြီး ခိုင်ကျော်မို၊း ဦးထွန်းအောင်သိန်း၊ ခိုင်ကောင်းစံ တို့ တည်းခိုကြသည်ထင်ပါသည်။ သေသေချာချာ မမှတ်မိတော့ပါ။ ဧည့်ရိပ်သာပင်မဆောင်၏ ယာဘက်ပေ ၂၀ ခန့်အကွာမှာ ဦးဘရှိန်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦးကျော်ကျော် တို့ တည်းခိုသည့်အဆောင် ၏အခန်းများ တည်ရှိပါသည်။ ရှေ့ ၁၀ ပေခန့်တွင် အုန်းပင်အချို့ နှင့် ခြံစည်းရိုး၊ သဲသောင်ပြင် နှင့် ငပလီကမ်းခြေ၊လှိုင်းလုံးများ နှင့် ဘင်္ဂလားပင်လယ်အော် စသည် စသည်ဖြင့် အစီအရီရှိပါသည်။ ညီလာခံ အကြိုအပိတ်ည လက်ဝဲဘက်ခြံက လူငယ်များ၏ မီးပုံပွဲမှ ထွက်လာသည့် ညီလာခံ အပိတ်ည နှုတ်ဆက်သံများကို နားစွင့်ရင်း မိမိတို့ခြံမှ ညီလာခံအကြို အပိတ်ညလေးကိုပြန်အမှတ်ရမိပြန်ပါသည်။ အဆိုပါည၌ မည်သည့်အကြောင်းကြောင့်မသိ အသံသဲ့သဲ့ကြားရာမှ ဦးထွန်းအောင်ကျော်၏အသံဟု မှတ်မိသဖြင့် နားစိုက်ထောင်မိပါသည်။ ပြင်းထန်သည့်စကားလုံးများ၊ ရင်ပေါက်ကွဲမတတ် အာခေါင်တွင်းမှ ခြစ်ထုတ်လာသည့် ခံစားချက်ပြည့် ပြစ်ပြစ်နစ်နစ် ညွှန်းဆိုသံများသည် ငပလီလှိုင်းသံနှင့်အပြိုင်၊ စည်းချက်ညီညီ၊ သံစဉ်မိမိ၊ နိမ့်လိုက်မြင့်လိုက်၊ တိုးလိုက်ကျယ်လိုက်၊ အသံပြဲကြီးမှသည် အသံပြာကြီးထိ၊ ၄င်းနောက် အသံမထွက်တော့သည်အထိ ခံစားချက်ပြည့်၊ ငပလီပင်လယ်ပြင်ကို ဟစ်တိုင် သတ်မှတ် ဟစ်ကြွေးတိုင်တည် တောင်းဆိုနေသည့် ဦးထွန်းအောင်ကျော်၏ ရိုးသားပြီး၊ ခံစားလွယ်သည့် ဖြစ်အင်ကို စိတ်မကောင်းစွာ နားစွင့်ရင်း အိပ်ရေး တစ်ညပျက်ခဲ့ရပါသည်။ မိုးလင်းအာရုံရောက်မှ အသံပျောက်သွားသည် ထင်ပါသည်။ ဦးဖေသန်း၊ ဦးခင်မောင်လတ်တို့ဆီက ခြောင်းဟက်သံပင်မကြားခဲ့ရသည့် လွတ်လွတ်လပ်လပ် ပေါက်ကွဲနိုင်စွမ်း မိတ်ဆွေရင်းများ၏ နားလည်နိုင်စွမ်း နှင့် သည်းခံနိုင်စွမ်းကို လစ်လျှူရှုနိုင်ကြလေခြင်းဟုဖြင့် မမြင်သင့်၊ မသတ်မှတ်သင့်ပါချေ။ ရဲဘော်ရဲဘက်များဖြစ်ကြ၍ အချင်းချင်း နားလည်ပေးကြသည်ဟုသာ မှတ်ချက်ပြုမိပါသည်။ အမှန်မှာလည်း သူ၏မိတ်ဆွေများက ဦးထွန်းအောင်ကျော်၏ ရင်တွင်းခံစားချက် ပေါက်ကွဲမှုကို နားလည်ပေးခဲ့ကြပါသည်။ ယနေ့ညီလာခံ၏ အမှန်အပိတ်ညတွင်ဖြင့် မိမိကဲ့သို့ပင် ဘဝတူ အမတ်များသည်လည်းအိပ်၍မရ ဖြစ်ကြမည်။ နားစွင့်မိကြမည်။ အတွေးနယ်ချဲ့နေမိကြမည်ထင်ပါသည်။ မိမိသည် ငပလီဖြစ်စဉ်၊ ငပလီညပေါက်ကွဲသံစဉ်များကို ကျော်ဖြတ်ပြီး မလေးရှားခရီးစဉ် ကွာလာလမ်ပူည၏ပေါက်ကွဲသံ နှင့်ဖြစ်စဉ်ကို သတိတရ ပြန်လှန်သုံးသပ်နေမိဖြစ်ပါသည်။ ကွာလာလမ်ပူ လုပ်ကြံမှု ငပလီသည် ကျည်မဲ့ နိုင်ငံရေးလုပ်ကြံမှုလား၊ မအောင်မြင် ခဲ့လျှင် ထပ်မံလုပ်ကြံကြဦးမည်လား၊ မိမိသည်လုပ်ကြံမှုမှ အမှန်လွတ်မြောက်ခဲ့ပြီလား၊ နောင်ဘယ်အကွေ့တွင် ထပ်မံလုပ်ကြံကြဦးမည်လဲ၊ ရခိုင်တို့သည် သမိုင်းနှင့်ချီ ဤသံသရာမှ မလွတ်မြောက်နိုင်ကြသေးဘူးလား။ ငသံဒွေ၊ စံရဖွေ၊ ချင်းပျံ၊ မင်းသားကြီးရွေဗန်း စသည့် စသည့် အတွေးများသည် ရပ်၍မရ။ ရခိုင်တို့၏ သမိုင်းသည်ရှည်လျား၏။ နည်းတူ သမိုင်းသင်ခန်းစာများသည်လည်း ရခိုင်တို့၏ရင်၌ အပြည့်ဖြစ်မည်ထင်ပါ၏။ ကျည်အစစ်ဖြင့် အမှန်လုပ်ကြံခံခဲ့ရမှုကို ပြန်အမှတ်ရစေမိ၊ ပြေးမြင်ယောင်စေမိ ပြန်ပါသည်။

၂၀၁၄ခုနှစ်ဖေဖေါ်ဝါရီလ ၅ ရက်ညလယ် Midnight ၌ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့လယ် Downtown တွင် ကျည်အစစ် ၉ မမပစ္စတိုဖြင့် အနီးကပ်လုပ်ကြံမှုသည် နိုင်ငံရေးကြောင့်လား???၊ ဘာကြောင့်မလေးရဲတွေက ဒီနိုင်ငံမလာခင် Facebook တွေမှာ ခြိမ်းခြောက်သည့်ရေးသားချက် Posts များရှိလျှင် ပို့ပေးရန်၊ ပူးပေါင်းပေးပါရန်အထပ်ထပ်မှာသနည်း။ ဦးစောအောင်စီစဉ်ပေးသည့် တမီလ်လုံခြုံရေးအဖွဲ့တွေကရေ ာဘာကြောင့် ရန်ကုန်လေဆိပ်အဆင်းတွင် သတိပြုပါရန်၊ အချင်းချင်းမဟုတ်ဟု မပြောနိုင်ကြောင်း မလေးရှားကလေယာဉ်အတက်မှာ ဘာကြောင့်မှာခဲ့ပါသနည်း။ နေပြည်တော်ရောက်တော့အမျိုးသားလွှတ်တော်ဥက္ကဌက ခွင့်ယူခိုင်းပြီး စည်ပင်ရိပ်သာ(၂)တွင်ဘဲနေပါ၊ လူမြင် ကွင်းမထွက်နှင့်ဟု မှာကြားကာ ထလရသတင်းအရအချင်းချင်းဖြစ်နိုင် ဟု သတိပေးခဲ့ခြင်းသည် အချက်အလက်အပေါ်အခြေခံခဲ့သလား။ နောက်ပိုင်းအမှုက အပြည်ပြည်ဆိုင်ရာမှုခင်း Interpol Case ဖြစ်သွားတော့မှ ငြိမ်သွားသည်ဟု ထင်မှတ်မိခဲ့ပါသည်။ (ရုပ်ရှင်ဇာတ်လမ်းတခုပမာ သဲထိတ်ရင်ဖို ၊ ဇာတ်ကောင်များ၊ကံကောင်းထောက်မစွာ၊ အကျဉ်းတန်ဖြစ်စဉ် ဖြစ်ခွင့်မရခဲ့သည့်၊ ကွာလာလမ်ပူည ဖြစ်ရပ်မှန်ကို အလျဉ်းသင့်ပါက ရေးသားဖြစ်ပါဦးမည်။)

နှုတ်ဆက်ခဲ့ပါသည် ငပလီ

ANPပါတီပထမအကြိမ်ညီလာခံသည် ငပလီလှိုင်းသံများနှင့်အပြိုင် စည်းချက်လိုက်ပြီး ပျော်ရွှင်ဘွယ် ပိတ်သိမ်း ခြင်းမျိုး မဖြစ်နိုင်ခဲ့ပါ။ ငပလီ၏ လှိုင်းလုံးများသည်ကား စည်းဝါးကိုက်၊ နရီကိုက်၊ ကမ်းခြေကို ပုတ်မြဲပုတ်နေပါဦးမည်။ ပုန်းညှက်ပင်၊ ကဗွီးပင်များစွာကို ဖြတ်သန်းလာသည့် အောက်စီဂျင်အပြည့်ပါသော ငပလီလေပြေညှင်းသည် လည်း၊ ရှုရှိုက်သူရင်ထဲအထိ အေးမြလန်းဆန်း အမောအပန်းပြေပျောက်ရန် တိုက်မြဲတိုက်နေပါဦးမည်။ နည်းတူ အတိတ်ကမညီညွတ်ခဲ့သော ရခိုင်တို့သည်လည်း ညီညွတ်အောင် ကြိုးစားမြဲ ကြိုးစားနေကြပါဦးမည်။ လူငယ်များသည်လည်း အဖြစ်အပျက်တိုင်းကို သမိုင်းသင်ခန်းစာအဖြစ် စစ်ထုတ်ပြီး ၊ ဥာဏ်အမြော်အမြင်ရှိရှိ ၊အမှားနှင့်အမှန်ကို ဝေဖန်သုံးသပ် သင်ယူနေကြရဦးမည်သာ ဖြစ်ပါသည်။

ဆက်လက်၍အပိုင်း(၇)အားရေးသားပါဦးမည်။

ဒေါက်တာအေးမောင်

2021 October 24

=====

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s