မောင်ပြူး (သံတွဲ)

(The Mog Nation Wiki, an archive)

အမည်ရင်း ဦးတင်ဖေ ဖြစ်သည်။ ဖခင် ဦးညီငွေ ၊ မိခင် ဒေါ်တင်ခ တို့မှ ၁၉၅၄ ခုနှစ်တွင် သံတွဲမြို့နယ် ၊ ကင်းမော်ရွာ၌ မွေးဖွားခဲ့သည် ။ ငယ်မည်မှာ “မောင်ပြူး” ဖြစ်သည် ။ ၁၉၆၄ ခုနှစ်တွင် ကင်းမော်ရွာ အစိုးရမူလတန်းကျောင်းမှ စတုတ္ထတန်း အောင်မြင်သည် ။ ၁၉၇၁ ခုနှစ်တွင် ကင်းမော်ရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဒသမတန်းကို အောင်မြင်ခဲ့သည် ။ ၁၉၇၂ တွင် ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်များ ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီတွင် သံတွဲခရိုင်ကိုယ်စားလှယ် အဖြစ်လည်းကောင်း ၊ ဂီတမှူး အဖြစ်လည်းကောင်း ၊ ရခိုင်တန်ဆောင်မဂ္ဂဇင်းကော်မတီဝင် အဖြစ်လည်းကောင်း ၊ “ တောင်ကုတ် ၊ သံတွဲ ၊ ဂွ (မိသားစုပိုင်း) ပညာသင်ထောက်ပံ့ရေး အသင်း ” တွင် သံတွဲမြို့နယ် အတွင်းရေးမှူး အဖြစ်လည်းကောင်း ၊ တာဝန်များ ထမ်းဆောင်ခဲ့ပါသည် ။ ၁၉၇၇ ခုနှစ်တွင် ၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ‘ဒဿနိကဗေဒ’ ပညာရပ်ကို ‘ဒဿနိကဗေဒ ပြဿနာများ’ ဘာသာရပ်၌ ဂုဏ်ထူးဖြင့် အောင်မြင်၍ ၊ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည် ။ ၁၉၇၉ ခုနှစ် နှင့် ၁၉၈၀ ခုနှစ် ထုတ် ရခိုင်တန်ဆောင် မဂ္ဂဇင်းများတွင် “ အမေ အရှေ့ ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင် ” ဝတ္ထုတိုများ ၊ ၁၉၈၁ ခုနှစ် ဖေဖေါ်ဝါရီလထုတ်စန္ဒာမဂ္ဂဇင်းတွင် ‘ ဝေဒနာ လား ရသ လား ” ဝတ္ထုတိုဖြင့် စာရေးသားမှုကို စတင်ခဲ့သည်။

            ၁၉၈၁ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း  မြို့နယ်မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ရေးသားခဲ့သည် ။ ၁၉၈၆ ခု စစ်တွေကောလိပ်မဂ္ဂဇင်းမှ “ရခိုင်ပြည်ဗုဒ္ဓသာသနာသမိုင်းဦး” ဆောင်းပါးဖြင့် ရခိုင်ခေတ်ဦးသမိုင်း သုတေသန ဆောင်းပါးများ စတင်ရေးသားခဲ့သည် ။  ၁၉၉၄ ခုနှစ်တွင် ၊ နှစ်၂၀ ပြည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ရခိုင်ပြည်နယ်လုံးဆိုင်ရာ ၊ ဌာနဆိုင်ရာ စာတမ်း / ရတု / စာစီစာကုံး ပြိုင်ပွဲတွင် “ ရခိုင်ပြည်နယ်အတွင်း သာသနာတော်ထွန်းကားပြန့်ပွားရေး ” စာတမ်းဖြင့် ပထမဆု ရရှိခဲ့သည် ။ ၁၉၉၅ ခုနှစ်တွင် “အမြင်သစ်ရခိုင်ပြည်ဗုဒ္ဓသာသနာသမိုင်း (အေဒီ ၁၀ ရာစုထိ )” စာတမ်းကို စစ်တွေမြို့တွင် ဖတ်ကြားခဲ့သည်။ 

            ယခုအခါ ရခိုင်ပြည်နယ် အ . ထ . က ( ၄ ) စစ်တွေတွင် အလယ်တန်း ပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်လျက် ရခိုင်ပြည်နယ်အတွင်းမှ ထုတ်ဝေသော မဂ္ဂဇင်းများ ၊ ရုပ်ရှင် တေး ကဗျာ မဂ္ဂဇင်း ၊ ရွှေအောင်လံ မဂ္ဂဇင်းများတွင် သမိုင်း သုတေသန ဆောင်းပါးများ ၊ ဝတ္ထုတိုများ ၊ ဘာသာရေးဆောင်းပါးများ ရေးသားခဲ့သည်။ ပေါက်တောရွှေမြေမဂ္ဂဇင်းတွင် တာဝန်ခံစာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၁၂-ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် စစ်တွေမြို့ ၌ ကြွက်သားကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။



The Mog Nation Wiki