(The Mog Nation Wiki, an archive)
မြေဒူးရွာ (အင်္ဂလိပ်: Myaydu or Myedu)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေဒူးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၉၆၁ ဖြစ်သည်။ [၁]

မြေဒူးသည် ယခုအခါ မထင်ရှားတော့သော်လည်း မြန်မာမင်းများလက်ထက်ကမူ နှစ်ပေါင်းများစွာပင် အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့၍ သမိုင်းဝင်ပေသည်။ ရှေးကမြို့ရိုးကို ယခုတိုင် တွေ့မြင်နိုင်ပေသေးသည်။ အလောင်းမင်းတရားကြီး၏ သားတော်တစ်ပါးသည် မြေဒူးမြို့ကို အပိုင်စားရ၍ သက္ကရာဇ် ၁၁၂၅ ခုနှစ်တွင် ထီးနန်းဆက်ခံရသည့်အခါ မြေဒူးမင်းဟု တွင်သည်။ နောက် မကွေးမြို့မှ ဆင်ဖြူရရှိ၍ ဆင်ဖြူရှင်ခံတော်မူ၍ ဆင်ဖြူရှင်မင်းဟု တွင်သည်။
မြေဒူးသည် မူးမြစ်တူးမြောင်းဟောင်း ခွဲထွက်သော နေရာအနီးတွင် တည်ရှိသည်။ မီးရထားလမ်း မဖောက်မီ ကာလကထန်းတပင်နယ်အပိုင် မြေဒူးမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်ခဲ့၏။ မီးရထားလမ်း ဖောက်လုပ်ပြီး နောက်ပိုင်းတွင် ကန့်ဗလူမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သွားလေသည်။ မြေဒူးသည် ကန့်ဗလူမြို့၏ အနောက်ဘက်တွင်ရှိ၍ လှည်းလမ်းအားဖြင့် ၁၂ မိုင်ခန့်ကွာဝေးသည်။ မြေဒူးမြို့တွင် နေထိုင်သူ အများစုမှာ မွတ်စလင်များဖြစ်၏။ ၁၉၂၁-ခုနှစ် သန်ကောင်စာရင်းအရ မြေဒူးနယ်ပယ်တွင်းရှိ လူပေါင်း ၁,၉၂၃ ယောက်အနက် ၁၁၃၇ ယောက်မှာ မွတ်စလင်များ ဖြစ်လေသည်။ ယင်းတို့သည် များသောအားဖြင့် ခရစ် ၁၅၆၄ ခုနှစ်တွင် သံတွဲမှ တပင်ရွှေထီးဘုရင် ခေါ်ဆောင်လာသော နေရာချထားပေးခဲ့သော ပသီအဆက်အနွယ် များ ဖြစ်ပေသည်ဟု ဆို၏။ လူအများစုသည် လယ်ယာနှင့် သစ်တောလုပ်ငန်းတို့ကို အဓိကအားဖြင့် မှီခိုအားထား ကြရလေသည်။ မြေဒူးရာဇဝင်အရ မြေဒူးမြို့ကို ဂေါတမမြတ်စွာဘုရား၏ ဘိုးတော် အဉ္စနမင်းသည် ဘုရားအလောင်း ဖွားမြင်တော်မမူမီအနှစ်၂ဝ က မိမိ၏အမတ်ကြီး ရတနာသိဉ္စကို ကပိလဝတ်ပြည်မှ စေလွှတ်ပြီးလျှင် မြေဒူးမြို့ကို တည်စေခဲ့၏။ ရတနာသိဉ္စ အမတ်သည် မြို့ရိုး၊ ကျုံးမြောင်းအပြင် အင်း ၉ အင်း၊ ကန် ၉ ကန်၊ ဂူ ၉ လုံးနှင့် မြို့ ၉ မြို့ကို တစ်ချိန်တည်း တည်ခဲ့သည်။ မြို့ ၉ မြို့မှာ အောင်စွာ၊ မိတ္ထီလာ၊ ကွန်းဒိုင်း၊ တောင်နီ၊ တရုတ်တင်၊ သပွတ်၊ ခက်သင်၊ ငရံ့တိုင်နှင့် မြေဒူးတို့ဖြစ်ကြသည်။ ထိုစဉ်က မြေဒူးမြို့နယ်၏ အပိုင်အခြားများမှာ မြောက်ဘက်တွင် ရှမ်းနယ်ဖြစ်သော မိုးကောင်းနယ်၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် ကျောက်တံခါး၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်တို့ ဖြစ်၏။
အနော်ရထာမင်း လက်ထက်က မြေဒူးကို ရှမ်းအကြီးအကဲဟန်ဘွားက အုပ်စိုးခဲ့၏။ နောင်အခါ ဟန်ဘွားကို အနော်ရထာက ကွပ်မျက်လိုက်၏။ သက္ကရာဇ် ၃၈၄ ခုနှစ်တွင် တရုတ်တို့ မြို့တွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည်။ တရုတ်တို့ကို မြန်မာတို့က တွန်းလှန် နှင်ထုတ်လိုက်ပြီးနောက် မြို့ကို ပြုပြင်ချဲ့ထွင်ခဲ့သည်။ အလောင်းစည်သူမင်းသည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်ခဲ့ရာတွင် မြေဒူးမြို့၏ အရှေ့မြောက်ဘက်အရပ်ရှိ မြင်းခွာတောင်တွင် ခေတ္တစံနေတော်မူ၍ စေတီပုထိုးအများ တည်ထားတော်မူခဲ့သည်။ သက္ကရာဇ် ၆၆၂-ခုနှစ်၌ မြင်စိုင်းမြို့တွင် အသင်္ခယာ ကြီးစိုးခဲ့စဉ်က ဥဇနာအား မြေဒူးမြို့ကို ပြန်ပြင်ရန်စေလွှတ်ခဲ့သည် ဟုဆို၏ သက္ကရာဇ် ၆၆၈-ခုနှစ်၌ စစ်ကိုင်းမင်း သင်္ခယာစောယွန်းသည် မြောက်ပိုင်းဒေသများတွင် တပ်များချထားခဲ့စဉ်က မြေဒူးတွင် မြင်းသည် (၂၄)ဦးချထားခဲ့သည်။ မင်းကြီးစွာစော်ကဲ လက်ထက်တွင် မြေဒူးမြို့ကို မြို့စားဖြစ်သူ ပြင်ဆင်ခဲ့သည်။ ညောင်ရမ်းမင်း လက်ထက်တွင် တောင်ငူမြို့မှ ကုလားများနှင့် မြန်မာများကို မြေဒူးတွင် မြေရာပေး၍ နေရာချထားသည်။ ထိုကုလားများမှာ တပင်ရွှေထီး သံတွဲမှ ခေါ်ဆောင်လာခဲ့သူများဖြစ်၏။ ထိုနောက် မြေဒူးသည် တပယင်းမြို့စားအောက် ရောက်သွား၏။ သက္ကရာဇ် ၉၉၉ ခုနှစ် ရာဇာမဏိ စူဠဒါယကာ မင်တရားကြီး လက်ထက်တွင် ဇင်းမယ်သားများကို မြေဒူးမြို့တွင် နေရာချထားပေး၏။ သာလွန်မင်း တရားကြီးလက်ထက်တွင် ဒိုင်းအစုသားများကို မြေဒူးတွင်နေစေ၏။ သူကြီးရာဇပျံချီ လက်ထက်တွင် ကောင်းဟန်သားတို့ကို နဗက်နှင့် သဖန်းဆိပ်တွင် မြေများကို ပေးပြန်၏။ ထိုနောက် ဇင်းမယ်မှ ရှမ်းများလည်း နေထိုင်ရန် မြေများရရှိသည်။ သက္ကရာဇ် ၉၅၉ ခုနှစ်တွင် တောင်ငူမြို့မှ လူပေါင်း ၁၁ဝ အား သံများ တူးဖော်လုပ်ကိုင်ရန် ဝက်ထိုးအင်းတွင် နေရာချထားပေး၏။ သက္ကရာဇ် ၁ဝ၇ဝ တွင် ရခိုင်မှလာသည့်ကုလားများ မြေနေရာရကြသည်။ သစ်ယာ၊ သို့မဟုတ် အင်ကြင်းကို ခုတ်လှဲ၍ သံ ကျိုချက်သောရွာ တိုင်းပင် အခွန်တော်ကို သံဖြင့်ပေးဆောင်ရ၏။ တောင်ငူမှ လာရောက်သော ငအင်ပြည့်၏ အဆက်အနွယ်များအားလုံးပင် အလောင်းဘုရားလက်ထက်တိုင် သံမှူးများဖြစ်ကြ၏။ ဆင်ဖြူရှင်မင်းလက်ထက်တွင်လည်းထိုနည်းနှင်နှင်ဖြစ်သည်။ မြန်မာမင်းလက်ထက်က မြေဒူးမြို့ကို မြို့ဝန်တစ်ဦး၊ စစ်ကဲ ၂ ဦးနှင့် မြို့စား ၂ ဦးတို့ အုပ်ချုပ်ခဲ့သည်။ သီပေါမင်း လက်ထက်က တတနာသိင်္ဃခရိုင်တွင် ပါဝင်ခဲ့သည်။ မြေဒူးဟူသော အမည်သည် မြေတူးမှ ရွေ့လျောလာခဲ့သည်။ မြို့ကိုတည် ဦးစက မြို့ရိုးအတွက် မြို့ပတ်လည်တွင် မြေကိုတူးဖော်ရသဖြင့် မြေတူးတွင်သည်ဟု ဆိုလေသည်။[၂]
မြေဒူးမူဆလင်များ
ခရစ်နှစ် ၁၅၃၃ ခုနှစ် ရခိုင်ဘုရင် မင်းဗာကြီး အနောက်ဘင်္ဂါ ၁၂ မြို့ကို ပြန်သိမ်းစဉ်တွင် ဘင်္ဂလီ မိသားစုများအပါအဝင် စုစု ပေါင်း လူဦးရေ ၃ဝဝဝ ကျော်လောက်အား စစ်သုံ့ပန်းအဖြစ် ဖမ်းခေါ်လာခဲ့သည်။ ၎င်းတို့ကို သံတွဲမြို့ရှိ ဆံတော်၊ အံတော်၊ နံတော်၊ စေတီသုံးဆူအား အလုပ်အကျွေးပြုရန်အလို့ငှာ ဘုရားကျွန်အဖြစ် လှူထားခဲ့သည် ဟု ဆိုသည်။ နောက်နှစ်ပေါင်း ၆ဝ ကျော် ရဝ လောက်အကြာတွင် ရခိုင်ဘုရင်ရာဇာကြီး၏ သား အိမ်ရှေ့မင်းသား သံတွဲစား မင်းခမောင်းသည် သံတွဲမြို့ကနေပြီး ၎င်း၏ခမည်းတော် ဘုရင်ကို ပုန်ကန်ရန် ကြံစည်သည်။ ၎င်း၏စစ်တပ်တွင် လိုအပ်သော စစ်သားများအတွက် ဘုရားကျွန်များကို ထည့်သုံးခဲ့သည် ဟု ဆိုသည်။ သို့ရာတွင် မင်းခမောင်း၏စစ်တပ်သည် အမ်းမြို့ အနီးတွင် ရခိုင်ဘုရင့်တပ်မတော်၏ ချေမှုန်းခြင်းကိုခံခဲ့ရပြီး တပ်ပျက်သွားခဲ့သည်။ မင်းခမောင်း နှင့် ၎င်း၏ အကြံပေး ဥက္ကာပျံ တို့အား အရှင် ဖမ်းမိသွားခဲ့ပြီး တပ်ပျက်သွားသော ဘုရားကျွန်များသည် ဗမာပြည်မဘက်ကို ထွက်ပြေးသွားကြလေသည်။ ဗမာပြည်ထဲရောက်သည့်အခါ ဗမာဘုရင် က ၎င်းတို့ကို မြေဒူးမြို့တွင် နေစေသည်။ ထို့ကြောင့် ၎င်းတို့ကို မြေဒူးမူဆလင် ဟု ခေါ်ကြသည်။ ၎င်းတို့၏ ဆွေစဉ်မျိုးဆက်တို့မှာ မြန်မာဘုရင်ကိုသစ္စာခံကာ စစ်မှုထမ်းကြသည်။[၃]
ရခိုင်ပြည်ကို ဘိုးတော်ဘုရား၏ စစ်တပ်များ ၁၇၈၄ ခုနှစ်က ဝင်ရောက်သိမ်းပိုက်ချိန်၌ ရွှေဘိုမြို့ အနီးရှိ မြေဒူးမြို့ကလေးမှ မူဆလင်စစ်သား တပ်တစ်တပ်ပါလာပြီး ၎င်းတို့ကို သံတွဲခရိုင်အတွင်း၌ နေထိုင်စေခဲ့သည် ဟု ဆိုပါသည်။ ၎င်းတို့က ဆင်းသက်လာသူများသည် သံတွဲခရိုင်မှာနေသော်လည်း သံတွဲဒေသသုံး ရခိုင်စကားကိုမသုံးဘဲ မြေဒူးဒေသတွင် ပြောသော အညာသုံးဗမာစကားကိုသာလျှင် ပြောဆိုကြသည်။[၃]
ကိုးကား
- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- ↑ ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြောင်းရင်း | by ခင်မောင်စော (ဘာလင်)

End Notes and External links
- source: “မြေဒူးရွာ၊ ကန့်ဘလူမြို့နယ်” | ဝီကီပီးဒီးယား
- source: ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြောင်းရင်း | by ခင်မောင်စော (ဘာလင်)
- Last updated on 30th May 2022


Arakan-related Books and Documents / ရခိုင်ရေးရာ စာအုပ်စာတမ်းများ
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter