မဟာသမ္မတရာဇာ

(The Mog Nation Wiki, an archive)

မဟာသမ္မတရာဇာ (၁၁၄၄-၁၁၄၆) (၁၇၈၂ – ၁၇၈၅)

မဟာသမ္မတရာဇာ သည် ရခိုင်ပြည် မြောက်ဦးနေပြည်တော်တွင် ၁၇၈၂ ခုနှစ်မှ ၁၇၈၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။ မဟာသမ္မတသည် ရခိုင်ပြည်၏ နောက်ဆုံးဘုရင် ဖြစ်သည်။

နန်းသက်၁၇၈၂ – ၁၇၈၅
နန်းတက်ချိန်၁၁၄၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၄ ရက်၊ တနင်္လာနေ့
မွေးဖွား၁၁၀၆ ခုနှစ်
ရမ်းဗြဲကျွန်း၊ ရခိုင်ပြည်
ကွယ်လွန်၁၁၄၈ ခုနှစ်
အမရပူရ
ထာဝရ အိပ်စက်ရာ နေရာ၁၁၄၈ ခုနှစ်
အမရပူရ
အိမ်ထောင်ဖက်စောမယ်ပုံ၊ တန်ဆောင်းမိဖုရား မြသန္တာ
သားသမီးများမောင်ဝက်တောင်း၊ မောင်ရဲဘော်၊ မှောက်တော်ကြီး၊ မှောက်တော်လတ်
အမည် အပြည့်အစုံ
ရွှေနန်းသခင် မဟာသမ္မတရာဇာ၊ ရွှေနန်းသခင် အဂ္ဂေါပုညာဇောရာဇာ

မြောက်ဦးခေတ်နှောင်းပိုင်းတွင် ရခိုင်ပြည်သည် မငြိမ်မသက်ဖြစ်လာခဲ့သည်။ ဘုရင်များသည် မြောက်ဦး၌သာ အာဏာတည်မြဲခဲ့သည်။ တခြားဒေသများတွင် မြို့စား၊ နယ်စား အချို့တို့က ပုန်ကန်ခဲ့ကြသည်။ စာပေပညာရှင် များလည်း ပျောက်ကွယ်ကုန်သည်။ ရောဂါကပ်ဆိုးများကျရောက်ခဲ့
သည်။ ဘုရင်များသည် စစ်တိုက်နေရခြင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။

နောက်ဆုံးဘုရင်မှာ မဟာသမ္မတရာဇာဖြစ်ပြီး
နန်းစံ (၂) နှစ်သာရှိခဲ့သည်။ ကောဇာ ၁၁၄၄မှစ၍ ၁၁၄၆အထိအုပ်ချုပ်ပြီးနောက် ဗမာဘုရင် ဘိုးတော်မင်းကို စစ်ရှုံးကာ အမရပူရသို့ဖမ်းခေါ်သွားကြသည်။

ဘဝဇာတ်ကြောင်း

မဟာသမ္မတရာဇာဘုရင် ၏ အမည်မှာ သတိုးအောင် ဖြစ်သည်။ ကောဇာ ၁၁၀၄ တွင်ဖွားမြင်ခဲ့ကာ စနေသားဖြစ်သည်။ ရှေးဟောင်း ရာဇဝင်အရ ရမ်းဗြဲသားဟု ဆိုကြသည်။

စန္ဒသုမနရာဇာမင်းလက်ထက်က ဖြစ်သည်။ မာန်အောင်ကျွန်း ဆယ်ရွာသူကြီး အောင်ကျော်ဇံသည် မာန်အောင်ကျွန်းမှ ရွာ(၁၀) ရွာကို စုစည်းကာ မြောက်ဦးနန်းတော်ကို ပုန်ကန်ခဲ့သည်။ စန္ဒသုမနရာဇာမင်း သည် သမက်တော် လက်ဝဲမြန်အမတ် ကို ရမ်းဗြဲ-မာန်အောင်ဒေသများရှိ
သူပုန်များကို နှိမ်နင်းရန် စေလွှတ်ခဲ့သည်။ လက်ဝဲမြန်အမတ် နှင့် ရခိုင်စစ်သည်များသည်
ရမ်းဗြဲကျွန်းသို့လာရာ ရမ်းဗြဲ (၁၂) ရွာစား အောင်စုန်က ပရိယာယ်ဖြင့် စစ်ကိုရှောင်ကာ မာန်အောင်ကျွန်းသို့လမ်းလွှဲ လိုက်လေသည်။ ထို့နောက် မာန်အောင်ကျွန်းသို့ လာရောက် တိုက်ခိုက်ရာ ကျွန်းသို့ တက်လျှင်တက်ချင်း အောင်ကျော်ဇံနှင့် မာန်အောင်သားများ ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။
လက်ဝဲမြန်အမတ်နှင့် ရခိုင်စစ်သည်များသည်
စစ်ရေးမသာဖြစ်ကာ ရမ်းဗြဲကျွန်းသို့လှည့်ပြန်ရာ
ရမ်းဗြဲ (၁၂) ရွာစား အောင်စုန်ကပါ တိုက်ခိုက်လေသည်။ လက်ဝဲမြန်အမတ် ရှုံးနိမ့်ကာမြောက်ဦးသို့ ဆုတ်ခွာသွား
ကြလေသည်။

လေးနှစ်နီးပါး ကြာပြီးသောအခါ ရမ်းဗြဲ (၁၂) ရွာစား အောင်စုန်သည် လူသူလက်နက်စုဆောင်းပြီး
မြောက်ဦးမြို့ကို ချီတက်သိမ်းပိုက်ကာ
စန္ဒသတိဿရာဇာ ဘွဲ့ခံကာ မင်းပြုလေသည်။
စန္ဒသတိဿရာဇာမင်းသည် မြောက်ဦးကို ရရှိပြီးနောက် မိမိဇာတိ ရမ်းဗြဲကျွန်း မင်းရပ်ရွာသို့ပြန်ကာ ဆွေမျိုးများအား
ချီးမြှောက်သည်။ သင်္ကြန်ပွဲ ကျင်းပနေခဲ့သည်။

ထိုအချိန်တွင် မြောက်ဦး၌ လက်ဝဲမြန်အမတ် ဘထော်သည် သစ္စာဖောက်ကာ ကုလားတန်စား
ဓားပြန်စီး (ဓားပြီးသောသူ)အား နန်းတင်လေသည်။
လေးမြို့မြစ် မင်းပြား အရပ်တွင် ခံတပ် (၃) ခု တည်ဆောက်လေသည်။ ဖားပြို ခံတပ် ၊ သောင်းခေါင်မော်ခံတပ်၊ ကံ့ကော်သစ် ခံတပ်ဟူ၍ဖြစ်သည်။ ဖားပြို ခံတပ်တွင် မဟာဓနု
လက်နက်ကို တပ်ဆင်ထားသည်။ တစ်ခါပစ်လျှင် မြား
(၁၂) ချောင်းထွက်ပြီး လူ (၄၀) နှင့် လေးတင်ရသည်။ (မင်းပြား ရာမောင်တံထားအနီးတွင် ဖားပြိုခံတပ်ဟောင်း ရှိသည်။)
ထိုခံတပ်များကို လက်ဝဲမြန် ဘထော်က ကွပ်ကဲသည်။

ထိုအကြောင်းအရာများကို စန္ဒသတိဿ ရာဇာမင်း ကြားသိပြီးနောက် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ စန္ဒသတိဿ ရာဇာမင်းသည် မာန်အောင်ကျွန်း၌ ရှိသော
(၁၀) ရွာသူကြီး အောင်ကျော်ဇံကိုခေါ်ယူကာ ယခုစစ်ပွဲကို တိုက်နိုင်မည်လား ဟု မေးမြန်းလေသည်။ ထိုအခါ
အောင်ကျော်ဇံ က တိုက်နိုင်ကြောင်း ဝန်ခံသဖြင့်
စစ်နိုင်က လက်ဝဲမြန်ရာထူးပေးမည်ဟု ကတိပေးလေ
သည်။

ထို့နောက် စန္ဒသတိဿ ရာဇာမင်းသည် အောင်ကျော်ဇံနှင့် တကွ စစ်သည်ရဲမက်ဗိုလ်ပါ များစွာ
ဖြင့် ကောဇာသက္ကရာဇ် ၁၁၄၀ တန်ခူးလ တွင်
ရာမောင်မြစ် ဖားပြိုခံတပ် ကိုဝိုင်းဝန်းတိုက်ခိုက်ကြရာ
ဖားပြိုခံတပ် ကျလေသည်။ ထိုခံတပ်ကျသည်နှင့်
သောင်းခေါင်မော်ခံတပ် ၊ကံကော်သစ်ခံတပ် များမှ
ရန်သူများလည်း ကစဉ့်ကလျား ထွက်ပြေးကြလေသည်။
လက်ဝဲမြန် အမတ် ဘထော်လည်း ထွက်ပြေးရာ
မလွတ်ဘဲ အဖမ်းခံရလေသည်။ ထို့နောက် ခေါင်းဖြတ်ကာ ကံ့ကော်သစ် ခံတပ်တွင်ချိတ်ထားလိုက်သည်။ ကုလားတန်စား ဓားပြန်စီးလည်း နန်းထက်မှ ဆင်းပြေးသွားလေသည်။ စန္ဒသတိဿ ရာဇာမင်းလည်း မြောက်ဦးကို ရရှိပြီးနောက် အောင်ကျော်ဇံအား ကတိအတိုင်း လက်ဝဲမြန်ရာထူးပေးသည်။

သတိုးအောင်ကိုလည်း လက်ဝဲမြန်ရာထူးကို ပေးအပ်သည်။ လက်ဝဲမြန်သတိုးအောင်ဟု ထင်ရှားလေသည်။ တူမတော် နှင့် ထိမ်းမြားပေးခဲ့သည်။

စန္ဒသတိဿ ရာဇာမင်းစိုးစံသော (၅) နှစ်အတွင်းတွင်
နိုင်ငံအနှံအပြား ဆူပူသောင်းကျန်းခဲ့ကြသည်။
စန္ဒသတိဿရာဇာမင်းသည် စစ်သူကြီးကောင်းများ
၏ အကူအညီဖြင့် နှိမ်နင်းနိုင်ခဲ့သည်။ ထိုမင်းလက်ထက်တွင် ကျောက်ရောဂါ ဖြစ်ပွား၍
ပြည်သူအများသေကြေပျက်စီးကြရပြန်သည်။

စန္ဒသတိဿရာဇာမင်းလွန်ပြီးနောက် လက်ဝဲမြန်သတိုး
အောင်အား မြောက်ဦးမှ ပြည်သူလူထုအပေါင်းက
ညီညီညွတ်ညွတ် မင်းမြှောက်ခဲ့ကြသည်။ အများပြည်သူ၏ ဆန္ဒအရ မင်းဖြစ်သဖြင့် ဘွဲ့တော်ကို
မဟာသမ္မတရာဇာဟု ခံယူခဲ့သည်။

ထိုမင်းလက်ထက်တွင် ငါးစင်ရိုင်းချောင်းကျွန်း
(မြေပုံအနီး)ကို ငသံတွေ(ချင်းပြန်၏အဖ)က
အုပ်စိုးခဲ့သည်။ ပိန္နဲချောင်းကျွန်း(စစ်တွေအနီး)တွင်
ကောင်းညွန့်ရန်တိုင် ကအုပ်စိုးခဲ့သည်။
ရမ်းဗြဲကျွန်းမြောက်ပိုင်းဒေသများကို
ယခင်စန္ဒသတိဿ ရာဇာဘုရင် ၏ အိမ်ရှေ့မင်း
သက်စံရွှေက ချုပ်ကိုင်ထားသည်။ သက်စံရွှေသည် ဇင်ချောင်းတွင် နန်းတော်ဆောက်ကာ နေသည်။ ရမ်းဗြဲကျွန်းအရှေ့ဘက်ဒေသများ ၊ တောင်ကုတ်၊ တန်းလွှဲ ၊ သံတွဲနယ်များကို ကျော်ထွေးက ထိန်းချုပ်ထားသည်။ တန်းလွှဲမြို့တောင်၌ မင်းပြုနေသည်။

ပထမဦးဆုံးပုန်ကန်သူမှာ ငါးစင်ရိုင်းချောင်းကျွန်းစား
ငသံတွေဖြစ်သည်။ မဟာသမ္မတရာဇာ ဘုရင်က
ချီတက်တိုက်ခိုက်စေရာ ငသံတွေ ရှုံးနိမ့်သွားလေသည်။ သို့သော် သစ္စာလာခံသဖြင့် မဟာသမ္မတရာဇာက သက်ညှာကာ
ကုလားတန်စားရာထူး ပေးလေသည်။ကုလားတန်စားရာထူး ရပြီးနောက် ပြန်ပုန်ကန်ပြန်လေသည်။

ယခင် စန္ဒသတိဿ ရာဇာမင်း၏ သားတော်တစ်ပါးဖြစ်သော ကုလားဖြူ သည်ထီးနန်းမရ၍ မကျေမနပ်ဖြစ်ကာ
မြောက်ဦးမှထွက်ပြီး ပိန္နဲချောင်းကျွန်းမှ ကောင်းညွန့်ရန်တိုင် တို့နှင့် ပူးပေါင်းခဲ့သည်။ လူသူလက်နက် စုဆောင်းပြီး မြောက်ဦးသို့
ချီတက်လာရာ တပ်မော် အရပ်တွင် စခန်းချနေကြသည်။ မဟာသမ္မတရာဇာ မင်းက လာရောက်တိုက်ခိုက်ရာ
တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး ကုလားဖြူလည်း သေလေသည် ။ကောင်းညွန့်ရန်တိုင်လည်း ထွက်ပြေးရသည်။ ထိုသို့ရှုံးနိမ့်ပြီးနောက် ပြန်လည်ပုန်ကန်ထကြွပြန်ရာ
မဟာသမ္မတရာဇာ သည် ပိန္နဲချောင်းကျွန်းသို့ ချီတက်တိုက်ခိုက်ရာ ကောင်းညွန့်ရန်တိုင် ရှုံးပြန်လေသည်။ နောက်ထပ်တစ်ကြိမ် ပုန်ကန်ရာတွင်
ဘုရင့်ယောက္ခမတော် သေခဲ့လေသည်။ မဟာ
သမ္မတရာဇာသည် ပြန်လည်ချီတက် တိုက်ခိုက်ရပြန်သည်။ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးနောက် ကောင်းညွန့်ရန်တိုင်သည် ဘုရင်ထံသစ္စာခံကာ ဆက်လက်မတိုက်ခိုက်တော့ပေ

ထိုအတောအတွင်း တန်းလွှဲမြို့ မှကျော်ထွေးသည် ရမ်းဗြဲကျွန်းသို့ လာရောက်တိုက်ခိုက်ကာ ဇင်ချောင်းမှ သက်စံရွှေနန်းတော်ကို မီးရှို့လိုက်သည်။
ကျော်ထွေးသည် ရမ်းဗြဲကျောက်ချောင်းဇာတိဖြစ်သည်။
တန်းလွှဲမြို့တောင်တွင် တန္တစစ်အောင် အမည်ဖြင့်
မင်းပြုနေသည်။ ထမ်းစင်မစီး၊ စည်မတီး၊
ဒင်္ဂါးမသွန်းသည်မှလွဲလျှင်မဟာသမ္မတရာဇာနှင့်စည်းစိမ်အတူတူပင်ဖြစ်သည်။ ထိုအကြောင်းကို မဟာ
သမ္မတရာဇာသိသောအခါ ယောက်ဖတော် ကျော်ပုံကို လွှတ်ကာ တိုက်ခိုက်စေသည်။ ထိုအခါ ကျော်ထွေးက
လက်ဆောင်ဆက်သကာ သစ္စာခံလေသည်။

ထိုအချိန်၌ အမရပူရ မြို့သခင် ဘိုးတော်မင်းသည်
ငခိုင်လှနှင့်ငချင်းခိုင် နှစ်ယောက်အား
သူလျိ ုလွှတ်လိုက်လေသည်။ ထိုနှစ်ယောက်သည်
တန်းလွှဲမြို့သို့ သွားကာ ကျော်ထွေးအား
မကောင်းသောမြင်းတစ်စီး ဆက်သလေသည်။
ကျော်ထွေးလည်း ထိုမြင်းကိုစီးရာ ဘုန်းတန်ခိုး
ညံ့သွားလေသည်။ ထို့နောက် သူလျို နှစ်ယောက်သည် ရမ်းဗြဲ ကျွန်းသို့သွားကာ စုံစမ်းထောက်လုမ်းလေသည်။

နောက်တစ်ခါတွင် ဘိုးတော်ဘုရားသည် သျှင်ယောင်
နှစ်ယောက် လွှတ်လိုက်လေသည်။ တစ်ယောက်သည်
ရမ်းဗြဲကျွန်း၌ စုံစမ်း၍ နောက်တစ်ယောက်သည်
မဟာမုနိဘုရားသို့သွား၍ မကောင်းသော အစီအရင်ပြု
လုပ်လေသည်။

၁၁၄၆ခုနစ် နယုန်လတွင် ကုလားတန်မြစ်ရေကြီးလေသည်။ ပြည်သူများစွာ
သေကြေပျက်စီးလေသည်။ ဆန်စပါးထုတ်လုပ်မှု
ကျဆင်းကုန်သည်။ ပြည်သူများသည် နေစရာမရှိ၍ မဟာမုနိဘုရားသိမ် တွင်နေရလေသည်။မဟာမုနိဘုရား ရောင်ခြည်တော် ညိုးလေသည်။ ဦးတော်ဆေးကန်သည် နီရဲကာ နိမိတ်ပြသည်။

ထိုကဲ့သို့ အကြောင်းခြင်းရာတို့ကို မဟာသမ္မတရာဇာကြားလေသော် ဝါဆိုလဆန်း၌ မဟာမုနိဘုရား ဖူးရန်သွားလေသည်။
မဟာမုနိဘုရားဖူးပြီးနောက် ဝသုန္ဒရေ. ရေတွင်းထဲသို့
ရေစက်ချကာ ဒင်္ဂါးများသွန်းချလေရာ ရေတွင်းထဲမှ
လက်တစ်ခုထွက်ကာ ရိုက်သောကြောင့် ဒင်္ဂါးများ
ရေတွင်းထဲမရောက်ပဲ မြေသို့ကျလေသည်။
အသစ်တဖန် ပြန်လည် ထည့်ပြီးမှ ရဟန်းတစ်ပါးအား
မေးတော်မူရာ နယ်မြေခြားကလာ၍ မင်းပြုသောကြောင့် ရခိုင်ပြည် ပျက်စီးမည်ဟု ဆိုလေသည်။ (နယ်မြေခြား
ဆိုသည်မှာ မဟာသမ္မတရာဇာသည် ထီးနန်းဖွားမဟုတ် ရမ်းဗြဲသားဖြစ်ခြင်းကို ဆိုလိုသည်။) မဟာသမ္မတရာဇာလည်း စိတ်မသက်မသာစွာ မြို့တော်ကိုပြန်လေသည်။

coin minted by Maha Thamada Raza

ထိုအချိန်တွင် အမရပူရပြည့်ရှင် ဘိုးတော်ဘုရားသည်
အိမ်ရှေ့မင်း မောင်ပေါ်ကို စစ်သေနာပတိ ခန့်ကာ
ရခိုင်ပြည်သို့ ကျည်းကြောင်း ရေကြောင်းချီတက်စေသည်။

ထိုသို့ဗမာတပ်များ ချီတက်လာသည်ကို ကျော်ထွေးသိသောအခါ ဇနီးသားသမီးတို့ကို လွတ်ရာ
ပို့စေပြီး မြောက်ဦးဘုရင်မဟာသမ္မတရာဇာ၊ ဇင်ချောင်းမှ သက်စံရွှေ ၊မာန်အောင်မြို့စားတို့ကိုစာရေး အသိပေးကာ
စစ်ကူတောင်းခဲ့သည်။ ထိုစာသည် မဟာသမ္မတရာဇာ ထံ ရောက်သွားသော်လည်း ဂရုမထား ဘဲ ပေါ့ပေါ့တန်တန် နေခဲ့လေသည်။ ထို့ကြောင့် မည်သည့်စစ်ကူမျှ ရောက်မလာခဲ့ချေ။

၁၁၄၆ နတ်တော်လတွင် ကျည်းကြောင်းချီတက်လာသော
ဗမာစစ်တပ်များသည် တောင်ကုတ် တန်းလွှဲမြို့များကို တိုက်ခိုက်ခဲ့ကြသည်။ တောင်မင်းကျော်ထွေးလည်း ပြန်လည်ခုခံနေခဲ့သည်။
ထိုအချိန်တွင် ရေကြောင်းချီလာသော အိမ်ရှေ့မင်းမောင်ပေါ်၏ တပ်မကြီးသည် သံတွဲမြစ်ဝ
မှတစ်ဆင့် သံတွဲမြို့ကိုသိမ်းလိုက်လေသည်။
ဤသို့ဖြင့်စစ်ရေးမသာဖြစ်ကာ တောင်မင်းကျော်ထွေး၏တပ်များ ရမ်းဗြဲကျွန်းအရှေ့ပိုင်း
သို့ဆုတ်ခွာရသည်။ ကျော်ထွေးသည် ရမ်းဗြဲကျွန်းမှခုခံရင်း နောက်ဆုံး၌ ပိန္နဲချောင်းကျွန်းသို့ ထွက်ပြေးသွားလေတော့သည်။
ထို့နောက်ဗမာစစ်တပ်များသည် ဇင်ချောင်းမှ သက်စံရွှေအား တိုက်ခိုက်ကြရာ သက်စံရွှေလည်း
ကြာကြာမခုခံနိုင်ဘဲ ထွက်ပြေးရလေသည်။မာန်အောင်မြို့ကိုမူ မတိုက်ဘဲ ချန်ထားခဲ့ကြလေသည်။

ဤသို့ဖြင့် ရခိုင် တောင်ပိုင်းဒေသတစ်ခုလုံး ရန်သူ့လက်အောက် ကျရောက်သွားသောအခါ
ထိုဒေသတို့၌နေကြသော ပြည်သူများသည် ရခိုင်မြောက်ပိုင်းဒေသသို့ ထွက်ပြေးကြလေသည်။
ထိုအခါမှ မဟာသမ္မတရာဇာ လည်း အကြောင်းစုံကိုသိရလေသည်။ နောင်တကား နှောင်း
ခဲ့ပြီ။ မဟာသမ္မတရာဇာသည် မြောက်ဦးမြို့ကို
ပြန်လည်ပြုပြင်ခဲ့သည်။ ကွမ်းစျေး တံခါးတွင် ခံတပ်ဆောက် အမြောက် လက်နက် ချထားစေသည်။

ရခိုင်မြောက်ပိုင်းသို့ ချီတက်လာကြသော အိမ်ရှေ့မင်းမောင်ပေါ်၏ တပ်များနှင့် ငစင်ရိုင်းချောင်းကျွန်းစား ငသံတွေ ၊လေးခက်တောင် စားငထွန်းစံတို့၏ တပ်များပူးပေါင်းကာ မြောက်ဦးအနီး လောင်းကြက်မြို့ဟောင်းတွင် တပ်တည်ကာနေကြလေသည်။
ထိုအတောအတွင်း ရခိုင်ပြည်သူများသည် မင်းကောင်းမင်းမြတ်ရောက်ပြီ ဟုဆိုကာ
အောင်ပွဲများကျင်းပခဲ့သည်။

မြောက်ဦးနန်းတော်တွင် တစ်ပြည်စစ်ကို ခုခံကာကွယ်ရန် သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာသည်။ ဓားပိုင်ကြီး(အတိုင်ပင်ခံ) အမတ်ကျော်ပုံက သမီးကညာဆက်သကာ သာယာချေငံစွာ ဆက်ဆံခြင်းဖြင့် ရန်စစ်ငြိမ်းစေရန် အကြံပေးခဲ့သည်။
သို့သော် ထိုအကြံအစည်ကို ဘုရင်ကသဘောမကျဘဲ
ယခင်မင်းများလက်ထက်က သမီးကညာ မဆက်ဖူး၊
ငါ့လက်ထက်တွင်လည်း မဆက်သနိုင်ဟု ငြင်းပယ်လိုက်သည်။ ကိုယ်တိုင် ထွက်တိုင်ရန်သာ
လိုလားခဲ့သည်။

ထို့နောက်တွင် အိမ်ရှေ့မင်း ချစ်လှရွှေ ကို ရေကြောင်း၊
မဟာသမ္မတရာဇာ ကကျည်းကြောင်း စစ်ကြောင်း နှစ်ခုဖြင့် ရန်သူများကိုတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။
ပြာသိုလ တွင် မဟာသမ္မတရာဇာ ကိုယ်တိုင်တိုက်ခိုက်ခဲ့သော်လည်း အင်အားကွာသဖြင့်
မနိုင်တော့ပေ။ ထို့ကြောင့်မြောက်ဦးသို့ ဆုတ်ခွာကာ
မြောက်ဦးမှခုခံရန် ကြံစည်ခဲ့သည်။ ထိုစဉ် ဓားပိုင်ကြီး
ကျော်ပုံ အိမ်ကိုမီးရှို့ကာ လှေငါးစင်းနှင့် ထွက်ပြေးသွား
သည်။ ထိုကဲ့သို့ မိမိအားထားရသည့် အမတ်ကပါ
ထွက်ပြေးသွားရာ စိတ်ဓာတ်ကျကာ မြို့တော်မှ ထွက်ခွာရန်ပြင်ဆင်ခဲ့သည်။ မှူးမတ်ဗိုလ်ပါ များခြံရံကာ
လှေ၃၀စင်းဖြင့်သန်းခေါင်ယံတွင် တိတ်တဆိတ် ထွက်သွားကြသည်။ လမ်းခရီးတွင်မိမိအား
ဖမ်းကာ ရန်သူလက်အပ်မည့်သတင်း ရရှိ၍ ဇာတိ
ရမ်းဗြဲကျွန်းသို့ ထွက်ပြေးရန်ကြံစည်ခဲ့သည်။ သို့သော်
အထမမြောက်သဖြင့် လမ်းခုလတ် ကျွန်းသာယာတွင်
ဝင်ရောက်ပုန်းအောင်းနေခဲ့သည်။

လောင်းကြက်မှ ရန်သူတပ်များသည် မြောက်ဦးမြို့တော်အား ပြာသိုလဆုတ် (၇) ရက် စနေနေ့တွင် သိမ်းပိုက်လိုက်ကြသည် ကာကွယ်မည့်စစ်တပ် မရှိတော့၍ အလွယ်တကူ သိမ်းပိုက်လိုက်ကြသည်။

ကာမမြို့စား နှင့်စစ်သည်များသည် ကျွန်းသာယာတွင် ပုန်းနေသည့် မဟာသမ္မတရာဇာအား
ပြာသိုလဆုတ် (၁၅) ရက် တနှင်္ဂနွေတွင် ဖမ်းမိသွားသည်။
မဟာမုနိဘုရား၊ ပိဋကတ်တော်များ၊ ယိုးဒယားကြေးရုပ်၊
အမြောက်များနှင့် အတူတူ အမရပူရသို့ ဖမ်းယူသွားကြသည်။ အမရပူရရောက်သောအခါ ဘိုးတော်ဘုရားက ညီတော် ပခန်းမင်း အိမ်တော်တွင်နေစေသည်။ မေးမြန်းစရာရှိလျှင် သံတော်ဆင့်နှင့်မေးမြန်းသည်။

ဘိုးတော်ဘုရားမေး… ရခိုင်မင်းတို့သည် အဘယ်ကြောင့် စစ်ဆိုင်၍မတိုက်သနည်း။
ရခိုင်ဘုရင်ဖြေ……အမရပူရမင်းသည် စစ်ထိုးမည့်အကြောင်းကို ရာဇသံနှင့် တမန်မရောက်လေသောကြောင့် မတိုက်နိုင်လေ။ဘိုးတော်ဘုရားမေး….. ရခိုင်မင်းသည် နန်းကဆင်း၍ အဘယ် ကြောင့် ပြေးလေသနည်း။
ရခိုင်ဘုရင်ဖြေ…. ဘုရားသခင်လက်ထက်တော်၌ ဗိမ္ဗိသာရမင်း သည် ဇမ္ဗုပတိမင်းကို ကြောက်၍ပြေးဖူးသကဲ့သို့ ပြေးရပေသည်။ဘိုးတော်ဘုရားမေး…… ရခိုင်မင်းသည် ပြေးလေ လျှင် အဘယ်ကြောင့် မလွတ်လေသနည်း။
ရခိုင်ဘုရင်ဖြေ… ကိုယ်ရံတော် သက်တော်စောင့်တို့ မရှိလေသောကြောင့် မလွတ်နိုင်ဖြစ်လေသည်။
ဘိုးတော်ဘုရားမေး… ရခိုင်မင်းမှာ ပိဋကတ်ဗေဒင် တတ်သိ လိမ္မာသူတို့ မရှိလေသလော။

ရခိုင်မင်းသမတရာဇာ နောက်ဆုံး ပြန်လှန် မေးကြားချက်……
အမရပူရမင်းမှာ ပိဋကတ်ဗေဒင် တတ်သိလိမ္မာသူတို့ မရှိလေသောကြောင့် သူတစ်ပါးနိုင်ငံကို တိုက်ဖျက်လုယက်လေသလော။
အမရပူရမင်း ဘိုးတော် လည်း နောက်ဆက်၍ မေးတော်မမူဘဲ ဆိတ်ဆိတ် နေတော်မူလေသည်။

ရခိုင် ဘုရင်၏တန်ဆောင်းမိဖုရားမြသန္တာ သည် လှပသောကြောင့် ဘိုးတော်ဘုရားက လိုချင်သဖြင့်
မဟာသမ္မတရာဇာ အားတရားစွဲဆိုကာ အတင်းအကြပ် ကွဲကွာစေခဲ့သည်။ လျော်ကြေးအဖြစ် ငွေဒင်္ဂါး(၁၀၀၀) ကို အမတ်လေးယောက် မှတဆင့် ရခိုင်ဘုရင်အား ပေးစေခဲ့သည်။

မိဖုရားမြသန္တာက ပရိယာယ်ဖြင့် ငြင်းဆိုသည်။ မိမိကွယ်လွန်ပါက မိမိမွေးရပ်၌ သင်္ဂြိုလ်ရန် ကတိတောင်းခံသည်။ ထို့နောက် လူယုတ်မာလက်ထဲတွင် မိဖုရားအဖြစ် မနေလိုသဖြင့်မိမိကိုယ်မိမိ လုပ်ကြံခဲ့လေသည်။
(မိဖုရားသည် နာမကျန်း၍ မွေးရပ်မြေသို့ ပြန်လာရာ ရမ်းဗြဲမြို့၌ လွန်တော်မူသည်ဟု အဆိုရှိသည်။)
မောင်ဝိုင်းသည် မိဖုရားအဖြစ် မသိမ်းပိုက်လိုက်ရသော်လည်း ကတိအတိုင်း ရမ်းဗြဲမြို့တွင် သဂြိင်္ိုလ်ပြီးဂူသွင်းခဲ့သည်။

နောက်ပိုင်းတွင် မဟာသမ္မတရာဇာသည် စိန်အဆိပ်စားကာ သတ်သေခဲ့သည်။

ရခိုင်ဘုရင်မဟာသမ္မတရာဇာ၏ ဆွေမျိုးများအနက်
လူသိများထင်ရှားသောပုဂ္ဂိုလ်မှာ စနြ္ဒမဏိဆရာတော်ကြီး
ဖြစ်ပါသည်။ တီတော် တော်စပ်ဟု ဆိုကြပါသည်။

ကိုးကား
  • ရခိုင်ရာဇဝင်သစ်ကျမ်း
  • ရခိုင်ပုံသေဝတ္ထုများ


The Mog Nation Wiki