စံသာအောင်၊ ဦး (၁၉၂၅-၁၉၈၀)

(The Mog Nation Wiki, an archive)


၁၉၇၁-ခုနှစ် အမျိုးသားစာပေဆု၊ သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံဘာသာရပ်) ဆုရ ဆရာကြီးဦးစံသာအောင် ( ခရစ် ၁၉၂၅ – ၁၉၈၁ ) ရခိုင်နှင့်မြန်မာ လူမှုရေးနယ်ပယ်၊ ပညာရေး နယ်ပယ်၊ စာပေယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ထင်ရှားကျော် ကြားသော ဆရာကြီးဦးစံသာအောင်သည် တစ်ခေတ်တွင်တစ်ယောက်ဆိုသလို ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ဆရာကြီးဦးစံသာအောင်ကို ၁၉၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် စစ်တွေမြို့၊ ရွှေပြားရပ်၌ အဖဦးသာဇံဦး A.T.M , K.S.M (အငြိမ်းစား စက်ရှင်တရားသူကြီး)၊ အမိဒေါ်မဘု တို့မှ မွေးဖွားသည်။ ၁၉၄၀ ခုနှစ်တွင် တန်းမြင့်ကျောင်းထွက် စာမေးပွဲကို စစ်တွေမြို့အစိုးရအထက်တန်းကျောင်းမှ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာတို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်သည်။

ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၀ ပြည့်နှစ်မှ ၁၉၄၁ ခုနှစ်အထိ လည်းကောင်း၊ ကာလကတ္တား တက္ကသိုလ်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ လည်းကောင်း ပညာသင်ကြားပြီး ၁၉၄၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဂုဏ်ထူးဘွဲ့ကို အမြင့်ဆုံး ဖြစ်သော ပထမတန်းမှ အောင်မြင်ခဲ့သည်။ ပါမောက္ခဒေါက်တာ မောင်မောင်ခ၏ ပထမဦးဆုံး ဂုဏ်ထူးတန်း ကျောင်းသား ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ဟားဗတ်တက္ကသိုလ်ကြီးတွင် ဘွဲ့လွန်ရူပဗေဒပညာကို လေ့လာဆည်းပူးခဲ့ရာ သန့်စင်ရူပဗေဒဘာသာဖြင့် မဟာဝိဇ္ဇာ (ရူပဗေဒ) ဘွဲ့ကို ၁၉၅၄ ခုနှစ်တွင် ရရှိခဲ့သည်။ (ဟားဗတ်တက္ကသိုလ်တွင် သိပ္ပံပညာရပ်များအတွက်လည်း မဟာဝိဇ္ဇာဘွဲ့ကို ပေးအပ်လေ့ရှိသည်။) ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ၁၉၅၀ ပြည့်နှစ်မှစ၍ သရုပ်ပြဆရာအဖြစ် စတင်အမှုထမ်းသည် ။ ၁၉၅၁ တွင် ရူပဗေဒ လက်ထောက်ကထိက အဖြစ်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ကထိက အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ရူပဗေဒ ပါမောက္ခအဖြစ် လည်းကောင်း အမှုထမ်းသည်။ ၁၉၇၀ပြည့်နှစ်အောက်တိုဘာလတွင် တက္ကသိုလ်များအုပ်ချုပ်ရေးရုံး၌ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရပြီး ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်များ အုပ်ချုပ်ရေး အဖွဲ့မှ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့လေသည်။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။

အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ကွယ်လွန်သည်အထိ အမှုထမ်းခဲ့သည်။

အေဒီခြောက်ရာစုနှင့် ယင်း မတိုင်မီက ရခိုင်ပြည်သုံး အက္ခရာ (၁၉၇၄)၊ အာနန္ဒစနြ္ဒား ရှစ်ရာစု ရခိုင်ဝေသာလီမင်း (၁၉၇၅)၊ ရခိုင်ဒင်္ဂါးများ (၁၉၇၉)နှင့်The Buddhist Art of Ancient Arakan (၁၉၇၉)တို့ကို ပြုစုထုတ်ဝေ ခဲ့သည်။



The Mog Nation Wiki
Kyaw Zaw Oo