စောယဉ်မိ

(The Mog Nation Wiki, an archive)

သံတွဲသုံးရွာစား၏မိဖုရား ဖြစ်သည်။ သားတော်နှစ်ဦး၏ ပဋိပက္ခကြောင့် သံတွဲနယ်သည် တသီးတခြားနေရန် မသင့်တော်တော့ကြောင်း သိလာ၍ ၁၄၃၅-ခုတွင် မင်းခရီထံသို့ ချစ်ခွင့်ပန်ခဲ့သူ ဖြစ်သည်။ မင်းခရီက အလယ်မိဖုရားအဖြစ် သိမ်းပိုက်ခဲ့သည်။ သူမ ပူးပေါင်းလာသဖြင့် မြောက်ဦးသည် ပိုမိုတောင့်တင်းလာခဲ့သည်။

စောယဉ်မိ မေတ္တာစာ၏ နောက်ခံ

လောင်းကြက်မြို့ပျက်၍ မင်းစောမွန်သည် တိမ်းရှောင်ရလေသောအခါ သံတွဲစား နရနုသည်လည်း ပဲခူးမင်းရာဇာဓိရာဇ်ထံ ခိုလှုံ၍ စစ်ကူတောင်းခဲ့သည်။ ထိုအချိန်တွင် အရှေ့ပြည်မှသုံးရွာစား သည် သံတွဲမြို့သို့ လာရောက်၍ အုပ်ချုပ်နေလေသည်။ သုံးရွာစားလွန်ပြီးနောက် ၎င်း၏ မိဖုရားစောယဉ်မိသည် ၎င်း၏ သားတော်နှစ်ပါးဖြစ်သော စောရန္တမိတ်နှင့် ညီဘယမင်းရဲကို လက်ဝဲလက်ယာထား၍ အုပ်ချုပ်လျက် နေပေသည်။

ယင်းသို့နေစဉ် တစ်နေ့သောအခါ သားကြီး စောရန္တမိတ်၏ ကျေးကျွန်တို့ မင်းသားအား ဤသို့ ကုန်းချောစ ကား ဆိုလေသည်။” အရှင်မင်း၏မယ်တော်ကား သားငယ်ဖြစ်သူဘယမင်းရဲကိုသာမင်းပြုစေလိုသည်။ အရှင် မင်းသားအား မင်းမပြုစေလိုပါ” ဟုလျှောက်တင်ကြသည်။ မင်းသားစောရန္တမိတ်လည်း အမှန်ပင်ထင်မှတ်၍ ကြက်ပွဲကစားနေသော ညီတော်အား ခေါ်ခိုင်းစေသည်။ ညီတော်လည်း နောင်တော်ထံချက်ချင်းလိုက်လာပြီး လက်အုပ်ချီခစားရာ နောင်တော်က ဓါးဖြင့်ခုတ်ပိုင်းလိုက်၍ လက်နှစ်ဖက်လုံးပြတ်သွားခဲ့လေသည်။ ဤသို့ ညီ အစ်ကိုချင်း တစ်ပါးသူ၏ ကုန်းချောစကားကြောင့် မဖွယ်မရာ ဖြစ်ကြသည်ကို မိဖုရားကြီးလတ်၍ ရေချိုး နေရာမှ ဝတ်တော်ကိုပင် မလဲနိုင်အားဘဲ ကပျာကသီ လိုက်လာခဲ့သည်။ သားကြီးစောရန္တမိတ်လက်ချက် ဖြင့် လက်နှစ်ဖက်ပြတ်ပြီး သွေးအလိမ်းလိမ်း ကျံကျံဖြင့် လူးလှိမ့်ငိုကြွေးနေသော သားငယ်ကို ပိုက်ထွေး၍ ယူ ကြုံးမရ တသသ ဖြစ်ရပေသည်။

မိဖုရားလည်း သားကြီးစောရန္တမိတ်အား ပြင်းစွာ အမျက်ထွက်၍ ရခိုင်ဘုရင် အလီခင် (မင်းခရီ) ထံ တိုင်းပြည်နှင့်တကွ မိမိကိုပါ သိမ်းယူပါမည့်အကြောင်း ရတုကဗျာဖွဲ့၍ တမန်စေလိုက်လေသည်။ ဤကား “တောင်ညိုဗွေချာ” ချီ အဖြည့်ခံရတုနှစ်ပိုဒ် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းပင်ဖြစ်တော့သည်။

စောယဉ်မိ မေတ္တာစာ ရတုပိုဒ်နှစ်ပိုဒ်

“(၁)တောင်ညို့ဗွေချာ။ ။ ကျွန်းလက်ယာထက်၊ သီတာရစ်ခွေ၊ သံတွဲမြေဝယ်၊ အုပ်တွေဖျင်ပေါင်း၊ မများ တောင်းသည့်၊ ဆွေပေါင်းမျိုးလယ်၊ ကောင်းကင်ကြယ်သို့၊ နေဖွယ်ကစ၊ သာမောလှရှင့်၊ နှမဟူပြီး၊ မတ်ကြီးကျော် သူ၊ အလှူဒါန၊ ပေးဖူးကလည်း၊ ဘုရားလှကျော်၊ ဥာဏ် တော်ဝင်းမော၊ ထန်းတော တသီး၊ ဂူကြီး၊ ဂူငယ်၊ သိမ် လယ်ရိပ်တွင်း၊ ရုပ်ဆင်းနှစ်ဆူ၊ အတူရှေ့ဆိုင်၊ ဘုရားပြိုင်၍၊ လေးတိုင်ပြုငြား၊ တည်ထားသင့်စွာ၊ လေးမျက်နှာ လည်း၊ ရွှေသားရွှေပျောင်း၊ လျှံတမောင်းနှင့် ညှိုးတောင်းဗျာပါ၊ ညိုကင်းမှာကို၊ ဥဂ္ဂါကောင်းမှု၊ ရုပ်တုနှစ်ဆူ၊ ညီ နောင်တူတို့၊ ဆုယူဆုပြည့်၊ တောင်းကုန်လှည့်ဟု၊ ခေါ်ကြည့်သောအား၊ ရှင်မင်းများလည်း ညွတ်တွားဝတ်ရုံ၊ နိဗ္ဗာန်ဘုံကို၊ ရောက်တုံတညီ၊ မယ်နှင့်ဆီသည်။ ။လောကီဓိဌာန်စံရစေ။”

“(၂) မောင်တို့နေရာ။ ။ရွှေပြည်သာသို့၊ လိုက်ပါဟူလည်း၊ မတူရာလော၊ မသိမောခဲ့၊ မင်းစောဒသ၊ ဘာတိကတို့၊ ဒီဇမ္ဗူ၊ လုံးလုံးချူ၍၊ ခွန်ယူသိမ်းမြန်း၊ ထီးနန်းတည်ရာ၊ မယ်တို့ရွာလည်း၊ ဒွါရာဝတီ၊ သိင်္ဂီရောင်လျှံ၊ မြို့ရှင်ပျံဝယ်၊ ပတ်ရံသုံးတောင်၊ သုံးဆူနောင်လည်း၊ ရှုတောင်ရှုသာ၊ အာကာထက်လင်း၊ ဘဝဂ်ချင်းမျှ၊ ခပင်း နတ်၊ လူ၊ ကိုးရာမူသား၊ မျိုးတူဇနီး၊ မကြီးဘုန်းသစ်၊ ချစ်လို့သနား၊ နောင်အားမေတ္တာ၊ သက်တို့ပါ၍၊ သရဏာပွင့်၊ ပန်း သုံးဆင့်ကို။ ။ မောင်နှင့် ဓိဌာန် ပန်ရစေ။”

မင်းခရီ တုံ့ပြန်ပေးပို့သော အဖြည့်ရတုပိုဒ်

“(၃) သျှောင်စို့ကေသာ။ ။ သာမောစွာနှင့်၊ သူဇာမိဖြူ၊ လိုက်တော်မူလော၊ ဇမ္ဗူမဏ္ဍိုင်၊ ရွှေရခိုင်ဝယ်၊ ရှစ်ဆိုင်ရပ်မင်း၊ ခွန်သွင်း
ဖျင်ပြော၊ သင်္ဘောစင်းပြွမ်၊ ဆိတ်မညံ့တည့်၊ အလွန်
ထွန်းတောက်၊ ရှုမျှောစောက်သား၊ မောက်မောက်
သွန်းသွန်း၊ ရွှေနန်းပြသာဒ်၊ အထွဋ်တန်ဆောင်၊ ရွှေတောင်ဟန်လှ၊ နန်းမနန်းရံ၊ မျက်စိမွံ၍၊ သာ စံပျော်ပါး၊ သိကြားသူဇာ၊ သက်ကျလာလို့၊ သရဏာပွင့်၊ ပန်းသုံးဆင့်ကို။ ။မယ်နှင့်ဓိဌာန်ပန်ရစေ”

ကိုးကား



The Mog Nation Wiki