ကျော်မြ၊ ရဲဘော် (၁၉၁၅-၂၀၁၅)

(The Mog Nation Wiki, an archive)

ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ထိပ်​ပိုင်း​ခေါင်း​ဆောင်​ ရဲဘော်ကျော်မြ (၁၉၁၅-၂၀၁၅)

ရဲဘော်ကျော်မြကို ပလက်ဝမြို့တွင် အဖ ဦးဦးကျော်ထွန်း အမိဒေါ်စံသူတို့မှ ၁၉၁၅ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့၌ မွေးဖွားခဲ့ပါသည်။ မွေးရင်း ၁ဝ ဦးအနက် တတိယမြောက်သားဖြစ်ပြီး သူ့တွင်အမြွှာမွေးချင်းတစ်ဦးရှိပါသည်။ ၁၉၃၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ထိုအချိန်ကာလမှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကိုအုပ်ချုပ်နေသည့်အချိန် ကာလဖြစ်ပြီး နဂါးနီစာအုပ်အသင်း ကြီးမှ စာပေများလူထုအတွင်းရောက်ရှိပြန့်နှံ့နေသည့် အချိန်ကာလလည်းဖြစ်ပါသည်။ လက်ဝဲစာပေဖြစ်သည့် ကားလ်မာ့က်စ် အယူအဆဝါဒစာပေတို့ကို လွန်စွာနှစ်ခြိုက်ခဲ့ပြီး ဘဝလမ်းညွှန်အဖြစ် ခံယူခဲ့သည် ဟုဆိုပါသည်​။ ရဲဘော်ကျော်မြသည် ဗြိတိသျှကိုလိုနီအစိုးရကို ဆန့်ကျင်သော ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ရခိုင်ကျောင်းသားများကိုဦးဆောင်ကာ တက်ကြွစွာဖြင့် ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်အပြီးတွင် စစ်တွေသို့ ရခိုင်ကျောင်းသား ခေါင်းဆောင်များနှင့်အတူသွားရောက်ကာ ကျောင်းသားသမဂ္ဂများဖွဲ့ခြင်း ကျောင်းသားအားလုံးကိုစုစည်း၍ နယ်ချဲ့ဆန့်ကျင်ရေးတရားဟောခြင်းများ နှင့်အတူ ရခိုင်ပြည်အနှံ့အပြားတွင် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများဖြစ်ပေါ်စေရန် ဦးဆောင်ခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ရခိုင်ပြည်သို့ပြန်ကာ ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်သည်။

၁၉၄၂ ခုနှစ် ဖက်ဆစ်ဂျပန်တို့ ဝင်ရောက်လာခဲ့သောအချိန်သို့ရောက်သောအခါ အလုပ်မှထွက်၍ တော်လှန်ရေးထဲသို့ ရဲဘော်ကျော်မြ ဝင်ရောက်လာခဲ့သည်။ ယင်း ၁၉၄၂ ခုနှစ်တွင်​ပင်​ ဗိုလ်ရန်အောင်သည်​ ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်အင်အားတချို့နှင့် အတူ ရခိုင်သို့ရောက်ရှိလာခဲ့သည်။ ဦးသာဇံလှ၊ ဦးအောင်ထွန်းဦး၊ ဦးဘစံ၊ ဦးညိုထွန်း၊ ဦးကျော်မြ (ရဲဘော်ကျော်မြ) တို့နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ရန်အောင်၏တာဝန်ပေးချက်အရ ရဲဘော်ကျော်မြသည် ဘူးသီးတောင်ဘဏ်ကို သွားရောက်သိမ်းပိုက်ခဲ့သည်။ ဂျပန်ခေတ်ကာလတွင် ပလက်ဝမြို့ကို တာဝန်ပေးချက်အရ သိမ်းယူပြီး ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (PAC) တာဝန်ခံ မြို့အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ထိုကဲ့သို့ မြို့အုပ်တာဝန်ထမ်းဆောင်နေစဉ် ရန်ကုန်သို့ကိစ္စတစ်ခုဖြင့်ရောက်ရှိခိုက် သခင်စိုးနှင့်ဆုံတွေ့ခဲ့ရာမှ ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်တော်လှန်ရန်အတွက်တာဝန်ပေးခြင်း ခံရသည်။ ၁၉၄၃ ခုနှစ် အိန္ဒိယဘက်တွင်​ ရှိ​သော ဦးသိန်းဖေတို့နှင့် ဆက်သွယ်မှု လွယ်ကူအောင် ရခိုင်မျိုးချစ်များက ပလက်ဝကို ကြိုသိမ်းထား လိုက်သည်။

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (ဖတပလ) ဖွဲ့ပြီးနောက်​ပိုင်းတွင်​လည်း ဖတပလ နှင့် ဆက်သွယ်ပြီး လုပ်ကိုင်ခဲ့ကြသည်။ ၁၉၄၄ ဩဂုတ်လက စတင်ပြီး စစ်ပညာသင်ကြားဖို့ အိန္ဒိယဘက်သို့ အသုတ်လိုက် လွှတ်နေကြပြီးဖြစ်သည်။ ရခိုင်တိုင်းတွင်​ ဖက်ဆစ်တော်လှန်ရေးကို ပထမဆုံး ဆင်နွှဲခဲ့ပြီး အချိန်တို အတွင်း အောင်ပွဲရလိုက်သည်။ ၁၉၄၄ နှစ်ကုန်ခါနီးတွင်​ မဟာမိတ်တပ်များက စစ်တွေခရိုင်၊ မေယု၊ ကုလားတန်မြစ်ဖျားတွင်​ရှိ​သော ဂျပန်များကို စတင်ထိုးစစ်ဆင်သည်။ စစ်မျက်နှာ နောက်ပိုင်းကို ရခိုင်ပြောက်ကျား ရဲဘော်များအား လေထီးနဲ့ ချပေးသည်။ ရခိုင် ဖက်ဆစ်တော်လှန်ရေးကို ခေါင်းဆောင်​ရန်​ ကိုညိုထွန်းက တာဝန်ယူခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကြီးပြီးစီးခဲ့ပြီးချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုးတို့လူစုမှာ ခွဲထွက်ခဲ့ကြပြီးကွန်မြူနစ်ပါတီ (ဗမာ ပြည်)ကိုသီးခြားဖွဲ့စည်းခဲ့ရာတွင် – ရဲဘော်ကျော်မြသည် သခင်သန်းထွန်းဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၌သာဆက် လက်လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နှက်ကိုင်တော်လှန်ရေး ဆင်နွှဲရာသို့လိုက်ပါခဲ့သည်။ ပဲခူးရိုးမရှိပါတီဗဟိုမှနေ၍ ၁၉၅၂ ခုနှစ်တွင် စစ်တွေတွင်ဗမာပြည်ကွန်မြူနစ်ပါတီပြည်နယ်ရုံးဖွင့် လှစ်ရန်အတွက် သခင်တင်မြ နှင့်အတူတာဝန်ပေးခြင်းကိုခံရပါသည်။ ရဲဘော်ကျော်မြ မှာ သခင်တင်မြ၏အပြုအမူဆောင်ရွက်ချက်တို့ကိုနှစ်မြို့ခြင်းမရှိ ဟု ဆိုပါသည်​။ သခင်တင်မြက ရခိုင်သမ္မတနိုင်ငံထူထောင်ရေး ဟုဆိုသည့်ကြေငြာချက်တစ်စောင်ကို သူ့သဘောနှင့်သူထုတ်ပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ရဲဘော်ကျော်မြက အပြင်းအထန် ကန့်ကွက်ခဲ့ရာ နောက်ဆုံးတွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။ ထိုစဉ်က ရဲဘော်ကျော်မြက – ရခိုင်အမျိုးသားတို့သည် လူမျိုးရေးစိတ်​ဓာတ်​ ရှိကြသည်မှာ မှန်သော်လည်း ဤကဲ့သို့ပြည်မမှခွဲထွက်ရန် တောင်းဆိုချက်မျိုးကို မည်သည့်အခါမှပြုလုပ်မည်မဟုတ် ဟု ဆိုခဲ့ပါသည်။ နောက်ပိုင်းတွင် သခင်တင်မြမှာလက်နက်ချသွားပြီး ဘက်ပြောင်းသွားခဲ့ပါသည်။

၁၉၆၃ ခုနှစ်စေ့စပ်ဆွေးနွေးမှုအပြီးတွင် လမ်းစဉ်အဖြစ် ၆၄ လမ်းစဉ်ကိုချမှတ်ခဲ့လေသည်။ ရဲဘော်ကျော်မြ မှာ ထိုကာလများက စစ်တွေခရိုင်တွင်း၌ပင်တာဝန်ထမ်းဆောင်နေခဲ့ပြီး ပဲခူးရိုးမ အတွင်း ပါတီမှာ ဖထသလုပ် ကိုင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာများစွာပင်စိတ်သောကဖြစ်ခဲ့ရပါသည်။ ရခိုင်ပြည်နယ်ရှိ ပါတီဝင်တချို့ မှ ထို ဖထသအလုပ် ကိုထောက်ခံကြသော်လည်းရဲဘော်ကျော်မြမှာပါဝင်ခဲ့ခြင်းမရှိ။ ဖထသလမ်းစဉ်ကိုကျင့်သုံးနေရင်းကာလတွင်းမှာပင် ၁၉၆၈ ခုနှစ်တွင် CPB ဥက္ကဋ္ဌ သခင်သန်းထွန်းကျဆုံးခဲ့ရပြီးပါတီဗဟိုကိုသခင်ဇင်နှင့်သခင်ချစ်တို့ဆက်လက်ဦးဆောင်ခဲ့ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဝေးရောက်ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ရှမ်းပြည်နယ်မှသခင်တင်ထွန်းတို့ မှာ ထို ဖထသ လမ်းစဉ်အမှားကိုသိရှိနပြီဖြစ်သော်လည်း ဗဟိုကိုပြန်လည်ထိမ်းကျောင်းရန်ကိစ္စမှာမဖြစ်နိုင်သောကိစ္စဖြစ်နေ ခဲ့ရာ ပဲခူးရိုးမပါတီဗဟို၏ကျဆုံးခန်းမှာနီးကပ်နေပြီဖြစ်ပါသည်။ထိုအချိန်တွင် သခင်ဗသိန်းတင်မှတရုတ်ကွန်မြူနစ်ပါတီကို အကူအညီကောင်းသည်မှာ သခင်ဇင်နှင့်သခင်ချစ်တို့ကို ဒီကိုရောက်အောင်သာ ခေါ်ပေးပါ။ လမ်းစဉ်အမှားကိုပြောဆို ရှင်းပြဖို့ကျွန်တော်တာဝန်ယူပါ့မယ်ဟူ၍ ပြောဆိုခဲ့သည်ပင်ရှိကြောင်း ရဲဘော်ကျော်မြမှ ပြောကြားခဲ့ကြောင်းကိုသိရှိမှတ်သားမိ သူတို့မှပြန်ပြောချက်အရသိရှိရပါသည်။

အစိုးရတပ်မှရခိုင်တွင်ရှိသောပြည်နယ်ကွန်မြူနစ်ပါတီကိုထိုးဝင်ဆင်ခဲ့ရာ ရဲဘော်ကျော်မြသည် ဘင်္ဂလားဒေ့ရှ်​ တွင် သွားရောက်တိမ်းရှောင်နေခဲ့ပါသည်။ ၁၉၇၅ ခုနှစ်ဗဟိုကော်မတီအသင်အရှေ့မြောက်စစ်ဒေသတွင်ဖွဲ့စည်းသည့်အချိန်တွင် ပါတီ၏ဗဟိုကော်မတီဝင်အဖြစ်ထည့် သွင်းဖွဲ့စည်းခဲ့လေရာ မကြာမီပင်ရဲဘော်ကျော်မြနှင့်ပါတီဗဟိုတို့အဆက်အသွယ်ရရှိခဲ့လေသည်။ ဥက္ကဋ္ဌဖြစ်သူသခင်ဗသိန်းတင်မှ ရဲဘော်ကျော်မြထံသို့တတစ်စောင်ကို မိုက်ကရိုဖလင်အတွင်းထည့်သွင်းကာပေးပို့ခဲ့လေရာ ရဲဘော်ကျော်မြမှာဝမ်း မြောက်စွာဖြင့်လက်ခံရရှိခဲ့ပါသည်။ ရဲဘော်ကျော်မြလည်းဗဟို၏အရှေ့မြောက်စစ်ဒေသသို့ လာခဲ့ရာလမ်းတွင်စစ်ဆေးမှုများ စွာတို့ဖြင့်တွေ့ကြုံရစဉ်အခြေအနမဟန်သည်ကိုရိပ်စားမိသဖြင့် ပြန်လှည့်ခဲ့လေသည်။ဘင်္ဂလားဒေ့ရှ်တွင်ရှိသောမဟာမိတ်ရဲဘော်တို့၏အကူအညီဖြင့်ကင်းစခန်းပေါင်းများစွာကိုခက်ခဲစွာဖြတ်သန်းခဲ့ပြီး ဒါကာမှတဆင့်ပီကင်းသို့လေကြောင်းဖြင့်ရောက် ရှိနိုင်ခဲ့ပါသည်။ပီကင်းတွင် ၄ လခန့်နေထိုင်ခဲ့ရပြီးနောက်ဆုံးတွင်တော့သူအလွန်လာချင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီဗဟို သို့ရောက်ရှိခဲ့ပါတော့သည်။ ရဲဘော်ကျော်မြပါတီဗဟိုသို့ရောက်ရှိချိန်မှစတင်၍အနားယူချိန်အထိထမ်းဆောင်ခဲ့သောတာဝန်များကို ဖော်ပြလိုပါသည်။

  1. (က) ဗဟိုစစ်ကော်မရှင်အဖွဲ့
  2. ( ခ) တပ်ပေါင်းစုဌာန
  3. ( ဂ) စည်းရုံးဌာန
  4. (ဃ) ဝါဒဖြန့်ချိရေးဌာန
  5. ( င) တတိယကွန်ဂရက်ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ
  6. ( စ) အတွေးအခေါ်ကြံ့ခိုင်ရေးလှုပ်ရှားမှု ကော်မရှင်ဥက္ကဋ္ဌ စသည်တို့ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ CPB ရခိုင်ပြည်နယ်သည် ၁၉၄၈ ခုနှစ်ကစပြီး တည်ရှိခဲ့သည့် အခြေခံဒေသဟောင်းဖြစ်သည်။ ထို့ပြင် CPB ရခိုင်ပြည်နယ်၏ အဓိက ခေါင်းဆောင်များ ကေဒါများသည် ရခိုင်တိုင်းရင်းသားများကိုယ်တိုင်ဖြစ်ကြသည်။ ၁၉၇၇ ခုနှစ်ဝန်းကျင်က CPB ရခိုင်ပြည်နယ်အတွင်းရေးမှူးအဖြစ်တာဝန်ယူထားသည့် CPB ရခိုင်ပြည်နယ်၏အဓိကခေါင်းဆောင်မှာ ရဲဘော်ကျော်မြဖြစ်သည်။ သူ့အား ၁၉၇၅ ခုနှစ်ပြန်လည်ဖွဲ့စည်းသော ဗဟိုကော်မတီတွင် ပေါလစ်ဗျူရိုအဖွဲ့ဝင်အဖြစ်တင်မြှောက်ထားပြီဖြစ်သော်လည်း ရခိုင်၌တာဝန်ယူဆဲဖြစ်သည်။

တိုင်းရင်းသားပြည်နယ်များတွင် CPB အစောဆုံးအခြေပြု နိုင်ခဲ့သည့်ဒေသမှာ ရခိုင်ပြည်နယ်ဖြစ်သည်။ ဤသို့ဖြစ်ခြင်းမှာ CPB ၏ စည်းရုံးမှုဆိုသည်ထက် ရခိုင်သားတို့ကိုယ်တိုင်၏ စိတ်အားထက်သန်မှုနှင့် ရေခံမြေခံကြောင့်ဟုဆိုနိုင်သည်။ ရခိုင်သည် အင်္ဂလိပ်လက်အောက်ရောက်ပြီးနောက်ခေတ်ပညာတတ်များအစောဆုံးထွက်သည့် ဒေသတခုဖြစ်ရာ ထိုစဉ်ကာလကတိုးတက်သောအယူအဆဖြစ်သည့် လက်ဝဲဝါဒကို လိုလိုလားလားလက်ခံကြခြင်းလည်းဖြစ်သည်။ ထို့အတူ ရခိုင်တွင် နယ်ချဲ့စနစ်နှင့်အတူ မြေရှင်စနစ်ကြီးထွားဖွံ့ဖြိုးမှုကြောင့် သိန်းချီ သောလယ်ဧကများသည် လက်တဆုပ်စာမြေရှင်ကြီးများလက်ထဲတွင် ရှိနေပြီး လယ်သမားအများစုမှာ လယ်မဲ့ယာမဲ့များဖြစ်နေခြင်းက ကွန်မြူနစ်တို့ အားကောင်းစေဖို့ ရေခံမြေခံလည်းဖြစ်ခဲ့သည်။ အင်္ဂလိပ်ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးတို့တွင် တက်ကြွစွာလှုပ်ရှားခဲ့ကြသော ရခိုင်လူငယ်များသည် ကွန်မြူနစ်ပါတီကို တက်ကြွစွာဖွဲ့စည်းခဲ့ကြသည်။ ၁၉၄၆ ခုနှစ် တောကံရွာ လူထုညီလာခံတွင် ဦးကျော်မြက အခွန်တော်မပေးရေး၊ သီးစားခ မပေးရေး၊ လယ်မြေကို ကြွေးဖြင့်မသိမ်းရေး၊ အမတော်ကြေးတိုးမြှင့်ပေးရေးစသည့် လယ်သမားများနှင့် ပတ်သက်သည့်အဆို ကိုတင်သွင်းခဲ့ရာ ညီလာခံတခဲနက်ထောက်ခံခဲ့သည်။ ထိုတောကံညီလာခံအပြီး၁၉၄၇ ခုနှစ် ဧပြီလ၌ မြောက်ဦးမြို့ နယ် အထုတ်သည်ကျေးရွာတွင် ရဲဘော်ကျော်မြခေါင်းဆောင်သည့် တက်ကြွသည့် ရခိုင်လူငယ်များက ဗမာပြည်ကွန်မြူ နစ်ပါတီ CPB (စစ်တွေခရိုင်) ကို ဖွဲ့စည်းခဲ့ကြသည်။ စတင်ဖွဲ့စည်းရာတွင် ရဲဘော်ကျော်မြ၊ ဦးမောင်တူ၊ ဦးစံတင့် (ဗမာ)၊ ဦးသာ ထွန်းဦး၊ ဦးဘော်လီ၊ ဒေါ်မညွန့် (ဦးကျော်မြ၏ဇနီး)၊ ဦးဦးကျော်ဇံ ခေါ် ဦးမောင်ဖြူသံ၊ ဦးစံဘော်ဦး၊ ဦးဦးစိန်ကျော်၊ ဦးမောင် စိန်၊ ဦးငပုချေ ခေါ် ဦးသန်းမြင့်၊ ဦးဖထော်ဦး ခေါ် ဦးရဲမြင့်နှင့် ဦးထွန်းအောင်ဖြူ ခေါ် ဦးရဲထွန်းတို့ ပါဝင်သည်ဟု သိရသည်။ CPB ဗဟိုမှ လာရောက်ဖွဲ့စည်းခြင်းမဟုတ်ဘဲ မိမိဘာသာဖွဲ့စည်းခဲ့ပြီးCPB ဗဟိုနှင့်ဆက်သွယ်ခဲ့ကြခြင်းဖြစ်သည်။ CPB နှင့်အလံနီအကွဲတွင်လည်း CPB ဘက်က ရပ်တည်ခဲ့ကြသည်။ နောင် CPB ရခိုင်တိုင်းအဖြစ် ပြောင်းလဲဖွဲ့စည်းသည်။ ၁၉၄၈ ခုနှစ်လက်နက်ကိုင်ပုန်ကန်မှု စရာတွင်လည်း ဗဟိုညွှန်ကြားချက်မရဘဲ ပါတီကော်မတီဆုံးဖြတ်ချက်ဖြင့် လက်နက်ကိုင်ပုန် ကန်မှုကို စတင်ခဲ့ကြသည်။ CPB ရခိုင်ပြည်နယ်ခေါင်းဆောင် ရဲဘော်ကျော်မြအား ၁၉၅၅ ခုနှစ်တွင် CPB အရံဗဟိုကော်မတီဝင်အဖြစ်တာဝန်ပေးခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဗဟိုကော်မတီဝင်အဖြစ် တိုးမြှင့်တာဝန်ပေးခဲ့သည်။

၁၉၄၈ ခုနှစ်က စတင်ခဲ့သော CPB-ရခိုင်ပြည်နယ် ၏ ပုန်ကန် ထကြွမှုများသည် အစောပိုင်းကာလများတွင် အရှိန်အဟုန်ကောင်းခဲ့သော်လည်း ၁၉၅၅ ခုနှစ်နောက်ပိုင်း ပါတီလမ်းစဉ်ကြောင့် ၎င်း အစိုးရ၏ထိုးစစ်များကြောင့်၎င်း အရှိန်အဟုန်ကျလာသည့်အပြင် ၁၉၅၈ ခုနှစ်၌ ပြည်နယ်တပ်မှူးများဖြစ်သည့် ဗိုလ် လှစိန်နှင့် ဗိုလ်အောင်ကျော်ဇောတို့က ပြည်နယ်တပ်အများစုကို ခေါ်သွားပြီး အစိုးရထံလက်နက်ချ ခဲ့ရာ ရခိုင်ပြည်နယ် CPB သည် အင်အားလျော့ကျခဲ့သည်။ ရခိုင်ပြည်နယ်အနှံ့လှုပ်ရှားရာမှ တောင်ပေါ်ချောင်ဖျားများတွင် ခိုအောင်းရသည့်အခြေသို့ ဆိုက်ရောက်ခဲ့ရသည်။

CPB ဗဟို မှ ၆၄ လမ်းစဉ်ချပြီးနောက် ပါတီဗဟိုမှ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်) သည် ရခိုင်နှင့်အနောက်မြောက်သို့ ၁၉၆၆ ခုနှစ်တွင် ရောက်ရှိလာပြီး နိုင်ငံရေးစစ်ရေးသင်တန်းများဖွင့်လှစ်ပြီးနောက် ရခိုင်ပြည်နယ်တွင်း တပ်နှင့်ပါတီတည်ဆောက်ရေးအရှိန်ပြန်တက်လာသည်။ ထိုသို့တိုးတက်လှုပ်ရှားစဉ်CPB ရခိုင်ပြည်နယ်၏ ဒုတိယခေါင်းဆောင် ဦးမောင်တူသည် ၁၉၆၉ ခုနှစ်တွင် ကျဆုံးခဲ့သည်။ ရခိုင်ပြည်နယ်တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းလာသော်လည်း အခက်အခဲမှာ လက်နက်ခဲယမ်းမီး ကျောက် အခက်အခဲရှိနေသည်။ လက်နက်အများစုမှာ ရိုင်ဖယ်၊ ဘရင်းဂန်းစသည့် ခေတ်မမီသည့်လက်နက်များဖြစ်နေပြီး ရိုင်ဖယ်တလက်တွင် ကျည် ၅ တောင့်၊ ဘရင်းဂန်းတလက်တွင် ကျည် ၂၅ တောင့်ခန့်သာရှိပြီး တိုက်ပွဲများဆင်နွှဲရာတွင် အ ကန့်အသတ်ရှိနေသည်။ ၁၉၇၁ ခုနှစ် အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရှ်အဖြစ်ခွဲထွက်ရာမှ ဘင်္ဂလားဒေ့ရှ်အတွင်း မငြိမ် သက်မှုများဖြစ်လာချိန်တွင် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ခဲယမ်းများဝယ်ယူရရှိ၍ အခြေအနေအတန်အသင့်ကောင်းလာခဲ့ သည်။ တပ်ဖွဲ့ဝင်များအားလည်း တဦးလျင် ကျည် ၁ဝဝ ခန့်စီ တပ်ဆင်လာနိုင်ခဲ့သည်။

၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အိန္ဒိယအစိုးရ ဆက်ဆံရေးကောင်းမွန်လာပြီးနောက် အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် မီဇိုရမ်သူပုန်အင်အား ၂ဝဝဝ ခန့် ရခိုင်ပြည်နယ်တွင်းသို့ဝင်ရောက်လာပြီး CPB ရခိုင် ပြည်နယ်အား အကူအညီတောင်းခံ၍ အကူအညီပေး ရိက္ခာထောက်ပံ့ပေးခဲ့ရသည်။ ထိုမီဇိုအဖွဲ့နှင့်ပေါင်း၍ တိုက်ပွဲများ တိုက်ခဲ့ရသေးသည်ဟုဆိုသည်။၂ နှစ် ကျော်ခန့်အကြာတွင် ထိုမီဇိုတပ်ဖွဲ့များသည် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းမှုအဆင်ပြေပြီး အိန္ဒိယ မီဇိုရမ်ပြည်နယ်တွင်းသို့ ပြန် လည်ထွက်ခွာသွားခဲ့သည်။ ၎င်းတို့ပြန်လည်ထွက်ခွာရာတွင် CPB ရခိုင်ပြည်နယ် ပလက်ဝတိုးချဲ့မြို့ နယ်တပ်မှ ရဲဘော် ၁ဝ ဦး ခန့်ကို သတ်ဖြတ်သွားခဲ့သည်ဟု ဆိုပါသည်။ ထိုမီဇိုရမ်သူပုန်အဖွဲ့များသည် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းမှု အဆင်ပြေပြီးနောက် မီဇိုရမ်ပြည်နယ်တွင် အစိုးရဖွဲ့ခွင့်ရပြီးနောက် CPB ရခိုင်ပြည်နယ်မှ အရံပြည်နယ်ကော်မတီဝင်တဦးဖြစ်သူ ဦးစောထွန်းဦးအား ၁၉၇၃ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ဆက်သွယ်ရန်စေလွှတ်ခဲ့သည်။ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံဆုံရာ နယ်စပ်အနီး ငုံးဖျားရွာတွင် မီဇိုရမ်ပြည်နယ်ကာကွယ်ရေးဝန်ကြီးမှ ဦးစောထွန်းဦးအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ လက်နက်အကူအညီအဖြစ် ရိုင်ဖယ် ၁ဝ လက် ခန့်နှင့် ၃.၅ လောင်ချာတလက်သာ ရရှိခဲ့သည်။ ထိထိရောက်ရောက် အကူအညီမရရှိခဲ့ပေ။

၁၉၇၃ ခုနှစ်တွင် အစိုးရမှ ရခိုင်ပြည်နယ်သို့ အထွေထွေထွေထိုးစစ် တရပ်ဆင်နွှဲခဲ့ရာ CPB-ရခိုင်ပြည်နယ်တပ်ဖွဲ့များအနေ နှင့် အပြင်းအထန်ရုန်းကန်ခဲ့ရသည်ဟု ဆိုသည်။ ၁၉၇၇ ခုနှစ်ကာလပိုင်း CPB ရခိုင်ပြည်နယ်ဖွဲ့စည်းပုံမှ ပြည်နယ်ကော်မတီ တွင် အတွင်းရေးမှူးရဲဘော်ကျော်မြ၊ ကော်မတီဝင်များအဖြစ် ဦးရဲထွန်း၊ ဦးထွန်းလှအောင်၊ ဦးသာထွန်းဦး အရံကော်မတီဝင် ဦးစောထွန်းဦး ပါဝင်ကြသည်။ CPB ရခိုင်ပြည်နယ် ဌာနချုပ်အား ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်းဖျားတွင် အခြေပြု ထားသည်။

ရခိုင်ပြည်နယ်ပါတီကော်မတီအောက်တွင် စစ်တွေခရိုင်ကော်မတီ၊ သံတွဲခရိုင်နှင့်ကျောက်ဖြူ ရမ်းဗြဲကျွန်း တိုးချဲ့ တပ်ဖွဲ့များရှိသည်။ CPB ရခိုင်ပြည်နယ်၏ အဓိကအင်အားမှာ စစ်တွေခရိုင်ဟု ဆိုသည်။ ပြည်နယ်တပ်၏ တပ်မှူးအဖြစ် ဦးသာထွန်းဦးကတာဝန်ယူသည်။ပြည်နယ်ဌာနချုပ်တွင် အင်အား ၃ဝ ခန့်ရှိ ကင်းတပ်စု တစုသာထားရှိသည်။ ဦးသာထွန်းဦးက ကျောက်ဖြူ ရမ်းဗြဲ တိုးချဲ့တာဝန်ကို အဓိကယူထားသည်ဟု ဆိုသည်။ စစ်တွေခရိုင် အတွင်းရေးမှူးအဖြစ် ဦးရဲထွန်းက တာဝန်ယူပြီး တပ်၏နိုင်ငံရေးမှူးတာဝန်အားလည်းယူသည်။ ခရိုင်တပ် တပ်မှူး ဦးထွန်း လှအောင်၊ ဒုတပ်မှူးဦးစောထွန်းဦးတို့က တာဝန်ယူသည်။ ခရိုင်တပ်တွင် တပ်ခွဲ ၂ ခွဲ ဖွဲ့ထားပြီး ခွဲ ၁ နိုင်ငံရေးမှူး ဦးကျော် မောင်၊ ခွဲမှူး ဦးထွန်းမောင် (ခမီလူမျိုး)၊ ခွဲ ၂ နိုင်ငံရေးမှူး ဦးသာဒိုးအောင်၊ ခွဲမှူး ဦးသာစိန်တို့ဖြစ်ကြသည်။ (၁၉၇၈ ခုနှစ်တွင် နိုင်ငံရေးမှူး ဦးထွန်းစိန်ချေ၊ ခွဲမှူး ဦးမောင်လှတို့ ဦးစီးသည့် ခွဲ ၃ အားတိုးချဲ့ဖွဲ့စည်းခဲ့သည်)။ စစ်တွေခရိုင်တပ်၌ တပ်ခွဲ တခွဲလျင် တပ်စု ၃ စု ပါဝင်ပြီး စုစုပေါင်းအင်အား ၁၈ဝ မှ ၂ဝဝ ခန့်နီးပါးရှိခဲ့သည်။ စစ်တွေခရိုင်အောက်တွင် မြို့နယ် ၉ မြို့နယ်ဖွဲ့စည်းထားသည်။ ၁။ ဘူးသီးတောင် မြို့နယ်အတွင်းရေးမှူး ဦးအောင်ကျော်ခိုင် ၂။ ရသေ့တောင် – ဦးဖိုးသာဦး ၃။ ပုဏ္ဏားကျွန်း – ဦးသာဟန် ၄။ ကျောက်တော် – ဦးမောင်လွန်း ၅။ မင်းပြား – ဦးအေးလှိုင် ၆။ စစ်တွေ – ဦးနီသန်း ၇။ မြောက်ဦး – ဦးစိန်ကျော် ၈။ မောင်တော (တိုးချဲ့) – ဦးသံသီးအောင် ၉။ ပလက်ဝ (တိုးချဲ့) – ဦးစံလှဖြူတို့ ဖြစ်ကြသည်။ မြို့နယ်တိုင်းတွင် မြို့နယ်ပါတီကော်မတီများကို ဖွဲ့စည်းထားရှိပြီး ဒေသလုပ်ငန်းအလုပ်အဖွဲ့ရှိသည်။ မြို့နယ်တပ်များကို တပ်စိတ် ၂ စိတ်မှ ၃ စိတ်ထိပါသော တပ်စုတစုစီဖွဲ့စည်းထားရှိသည်ဟု ဆိုပါသည်။ မြို့နယ်လက်အောက်လက်လှမ်းမီသည့် တိုက်နယ်၊ ကျေးရွာအထိ ပါတီအမာခံကလပ်စည်းများ၊ လယ်သမားသမဂ္ဂများ၊ ကျေးရွာအုပ်ချုပ်ရေးများတည်ဆောက်ထားကြသည်။ လယ်ယာစာရင်းဇယားများ ကောင်းစွာပြုစုထားပြီး အခြေခံလယ်သမားများ၏ပြဿနာကို အလေးထားဆောင် ရွက်သဖြင့် ကျေးလက်လယ်သမားထု၏ထောက်ခံမှုရရှိပြီး ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တွေခရိုင်တခုလုံး၏မြို့ နယ် ကျေးရွာများစာရင်း၊ အိမ်ထောင်စုဦးရေစာရင်း၊ မြေယာစာရင်း၊ စိုက်ပျိုးမှုစာရင်းများကို စစ်တွေခရိုင်ပါတီရုံးတွင် စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခဲ့သည်ဟု ဆိုပါသည်။ စစ်တွေခရိုင်တွင်းတွင် စံပြမြို့ နယ်အဖြစ်ရပ်တည်လျက်ရှိသောမြို့နယ်မှာ ပုဏ္ဏားကျွန်းမြို့နယ်ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့ နယ်အတွင်းရေးမှူးဦးသာဟန်မှာ ရန်ကုန်အမှု ထမ်းပေါင်းစုံသမဂ္ဂတွင်လုပ်ကိုင်စဉ်ကတည်းက CPB ပါတီမြေအောက် ရဲဘော် တဦးဖြစ်ပြီး ၁၉၆၃ ခုနှစ်ခန့်တွင် CPB ရခိုင်ပြည်နယ် လက်နက်ကိုင်တိုက်ပွဲတွင်းသို့ ရောက်ရှိလာသည့် တက်ကြွပြတ်သားသည့်ရဲဘော်တဦးဖြစ်သည်ဟု ဆိုကြပါသည်။ ကျောက်ဖြူ ရမ်းဗြဲ တိုးချဲ့အဖွဲ့မှာ အင်အား ၁ဝဝ ခန့်ရှိသော်လည်း ထိုဒေသသို့ ထိုးဖေါက်ရန်ခက်ခဲနေသေးသည်။ ကျောက် ဖြူခရိုင်တွင် မူလတာဝန်ယူထားသူ ရဲဘော်ဘဟန်ကျဆုံးပြီးနောက် ပြည်နယ်တပ်မှူး ဦးသာထွန်းဦးက ဆက်လက်တာဝန် ယူသည်။ သို့သော် ထိုးဖေါက်၍မရဘဲ ရမ်းဗြဲတိုးချဲ့အဖွဲ့တွင် ပါဝင်သည့် ကိုးကိုးကျွန်းပြန်များဖြစ်ကြသည့် ကိုအောင်ထီ၊ ကိုသိန်းမြတို့ ကျဆုံးခဲ့ကြသည်။ ရမ်းဗြဲတိုးချဲ့အဖွဲ့မှာ ရခိုင်ရိုးမတွင်သာ အခြေပြု နေခဲ့ရသည်ဟုဆိုပါသည်။ သံတွဲခရိုင်အား ဦးသန့်ညွန့်မှဦးဆောင်သည်။ သို့သော် CPB ရခိုင်ပြည်နယ်နှင့် အလှမ်းကွာဝေး၍ ဆက်စပ်မှုမရှိဘဲ သီးခြား ရပ်တည်၍၎င်း မြစ်ဝကျွန်းပေါ်တိုင်းနှင့်ဆက်စပ်၍သော်၎င်း ရပ်တည်လှုပ်ရှားခဲ့သည်။ မြစ်ဝကျွန်းပေါ်တိုင်း ကျဆုံးပြီးနောက် သံတွဲခရိုင်လည်း လှုပ်ရှားမှု အားလျော့သွားခဲ့တော့သည်။ စစ်တွေခရိုင်တွင် အဓိက အားကောင်းသော CPB ရခိုင်ပြည်နယ်သည် ၁၉၇၇ ခုနှစ်တွင် စုစုပေါင်း အင်အား ၁ဝဝဝ ခန့်ရှိသည် လက်နက်ကိုင်တပ်ဖွဲ့တခုအဖြစ်ရှိနေခဲ့သည်။ အခြေခံလူထု၏ ထောက်ခံမှု ကိုရရှိထားသော်လည်းလက်နက်ကိုင်တပ်ဖွဲ့တခုအဖြစ်ဖွဲ့စည်းတည်ဆောက်ရာတွင် ရုပ်ဝတ္ထုလိုအပ်ချက်များရှိနေသည်။ အထက်တွင်ဖေါ်ပြပြီးသကဲ့ ခေတ်မမီသော လက်နက်များသာကိုင်နိုင်သည့်အခြေအနေတွင်ရှိနေသေးသည်။ ၁၉၄၈ ခုနှစ် လက်နက်ကိုင်ပုန်ကန်မှုစတင်စဉ်က ရိုင်ဖယ်ကိုင်ရ သည်က ပြဿနာမကြီးသော်လည်း ၁၉၆၂ ခုနှစ်နောက်ပိုင်း အစိုးရတပ်များက ခေတ်မီမောင်းပြန်လက်နက်များတပ်ဆင်လာသည့်နောက်ပိုင်း စစ်မြေပြင်တွင် ရင်ဆိုင်ရာတွင် အခက်ခဲရှိလာနေသည်။ ထို့ပြင် အရေးကြီးသည့်အခြားပြဿနာတခုမှာ ဆက်သွယ်ရေးစနစ်ဖြစ်သည်။ CPB ရခိုင်ပြည်နယ်တွင် ယခင်ဗမာ့တပ်မတော်မှ တောခိုလာသော ဆက်သွယ်ရေးအရာရှိများရှိ၍ ဆက်သွယ်ရေးအဖွဲ့ထားရှိသော်လည်း ထိုဆက်သွယ်ရေးအဖွဲ့မှ အစိုးရ တပ် များ၏ လှုပ်ရှားမှုများကို ကြားဖြတ်နားထောင်သည့် ဆက်သွယ်ရေးအဖွဲ့သာဖြစ်သည်။ CPB ပါတီဗဟိုနှင့်၎င်း CPB ရခိုင်ပြည်နယ်နှင့် ခရိုင်ပါတီနှင့် ခရိုင်တပ်များကို၎င်း၊ မြို့နယ်ပါတီနှင့်မြို့ နယ်တပ်များကို၎င်း ဆက်သွယ်ရန် ဆက်သွယ် ရေးစက်များမရှိသဖြင့် လူစေလွှတ်သည့်ဆက်သားစနစ်ကိုသာ အသုံးပြုနေရသည်။ ပြည်နယ်မှ အစိုးရတပ်လှုပ်ရှားမှု သ တင်းရသော်မှ အောက်ခြေအဆင့်ဆင့်သို့ အချိန်နှင့်တပြေးညီ သတင်းမပို့နိုင်၊ ညွှန်ကြားပေးနိုင်ခြင်းမရှိပေ။ အလားတူ CPB ပါတီဗဟိုနှင့်ဆက်သွယ်၍ မရရှိပေ။ ထို့ကြောင့် လက်တွေ့စစ်မြေပြင်လှုပ်ရှားမှုတွင် ဆက်သွယ်ရေးစနစ်ကြောင့် တပမ်းရှုံး နေသည်။

ရခိုင်ပြည်နယ် ပါတီကော်မတီသည် ပဲခူးရိုးမပါတီဗဟို၏ လမ်းစဉ်အတိုင်း ပါတီတွင်းတိုက်ပွဲများကို ၁၉၇ဝ ခုနှစ်နှောင်းပိုင်း တွင်ပြု လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင်း၌ ပါတီစည်းကမ်း တပ်စည်းကမ်းဖေါက်ဖျက်သူများကို အရေးယူမှုရှိခဲ့ရာ ထိပ်ပိုင်း ခေါင်းဆောင်ထဲမှ ဗိုလ်မှူးတင်အေး (ယခင်တော်လှန်သော ဗမာ့တပ်မတော်၊ ဆက်သွယ်ရေးတပ်မှ) နှင့် ဗိုလ်မှူးအောင်မြတ် (ဘေကျင်းပြန်၊ ပြည်နယ်တပ်မှူး) တို့အား အရေးယူ သေဒဏ်ပေးခဲ့သည်။ ထို့နောက် ၁၉၇၃ ခုနှစ်တွင်း အစိုးရ၏ ထိုးစစ်ဝင် လာပြီးနောက် ထိုသို့သော အရေးယူမှုများ ရပ်ဆိုင်းသွားခဲ့သည်ဟုဆိုသည်။ ၁၉၇၅ ခုနှစ် သခင်ဗသိန်းတင်ခေါင်းဆောင်သည့် ဗဟိုကော်မတီ အသစ်ဖွဲ့စည်းပြီး သခင်ဗသိန်းတင်၏၁၉၇၅ ခုနှစ် မေ မိန့်ခွန့်ထွက်လာပြီးနောက် ပါတီဗဟို၏ လမ်းစဉ်အပြောင်းအလဲရှိပြီဟူ၍ အနောက်မြောက်တိုင်းနှင့် ရခိုင်ပြည်နယ်မှ ခေါင်း ဆောင်များ တွေ့ဆုံသုံးသပ်ကြပြီး ပါတီတွင်းတိုက်ပွဲဆင်မှုများအား ရပ်ဆိုင်းထားခဲ့ကြသည်။ ထို့အတူ စစ်ရေးအရ ဂွင်ထဲက မထွက်ရေးဆိုသည်ကိုလည်း လိုက်နာကျင့်သုံးခြင်းမပြုကြဟု ဆိုသည်။ ၁၉၇၇ ခုနှစ်တွင်း CPB ရခိုင်ပြည်နယ် ပါတီကော်မတီသည် ရခိုင်ပြည်နယ်မြောက်ပိုင်းအား အခြေပြု၍ လက်နက်ကိုင် အင်အား ၁ဝဝဝ ခန့်ဖြင့် အခြေပြုထားနိုင်ခဲ့သော်လည်း အရှေ့မြောက်ပါတီဗဟိုနှင့်လည်း အဆက်အသွယ်မရ။ တပ်ဖွဲ့တွင်း ရုပ်ဝတ္ထု နှင့်နည်းပညာပိုင်း တပ်ဆင်တည်ဆောက်ရာတွင်လည်း ပြောင်းလဲနေသောအခြေအနေနှင့်အမီမလိုက်ပါနိုင်ဘဲ ခက်ခဲစွာ ရပ်တည်ရုန်းကန်နေရသည်ဟု ဆိုရပါမည်။ လွတ်လပ်ရေးမရမီကတည်းက ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့သည့် ဦးကျော်မြ ၏ အရှိန်ဩဇာ၊ ရဲဘော်များ၏လုံးပမ်းတိုက်ခိုက်မှု၊ ရခိုင်လယ်သမားတို့၏ ထောက်ခံမှုဖြင့်သာ ရပ်တည်နေခဲ့ကြသည်ဟု ဆိုရမည်။ မည်သို့ဆိုစေ အစိုးရအတွက်တော့ CPB ရခိုင်ပြည်နယ်သည် ဆူးကြီးတချောင်းဖြစ်ပြီး CPB အတွက်တော့ တိုင်းရင်းသားပြည်နယ်တခုတွင်ရှိသည့် အင်အားကြီးတခုဖြစ်၍နေခဲ့ပေသေးသည်။

ရဲဘော်ကျော်မြနှင့်မိသားစုဝင်တို့သည်ပါတီမှအနားယူခဲ့ပြီးနောက်ပိုင်းတရုတ်နိုင်ငံကူမင်းမြို့ တွင်နေထိုင်ခဲ့ကြပြီး ၊ ရဲဘော်ကျော်မြမှာ ၂၀၁၅ ခုနှစ်၊ဧပြီလ (၂၁) ရက်နေ့တွင်ကွယ်လွန်ခဲ့ရာပါတီစည်းရုံးရေးကော်မတီ မှ ထိုလ၏ ၂၅ ရက်နေ့ရက် စွဲဖြင့်ထုတ်ပြန်ခဲ့ပါသည်။

သူသည်ဗမာပြည်သူများ၏ နယ်ချဲ့မှုဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်းရေး အမျိုးသားလွတ်မြောက်ရေး၊ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေး တိုက်ပွဲစဉ်များတွင် ရှေ့တန်းမှ ပါဝင်ဆင်နွှဲခဲ့သူ ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေဦး​ဆောင်​အဖွဲ့တွင် ထိပ်တန်း ခေါင်း ဆောင်တဦး ဖြစ်ခဲ့သည်။ ရှည်လျားသော တော်လှန်ရေးသက်တမ်းရှိသည်နှင့်အမျှ နိုင်ငံရေးအတွေ့ အကြုံကြွယ်ဝသူ ရခိုင်ပြည်သူများကို ခေါင်းဆောင်၍ ရေရှည်ပြည်သူ့ပြောက်ကျားစစ်ကို ပိုင်ပိုင်နိုင်နိုင် ဆင်နွှဲနိုင်ခဲ့သူ ကွယ်လွန်ခါနီးအချိန်အထိ ဗမာပြည်နိုင်ငံရေးကို မျက်ခြည်မပြတ် လေ့ ထားခဲ့သူ၊ ပြာဆိုဆွေးနွေးနေသူ စာရေးနိုင်နေစဉ် ရဲဘော်တဦးချင်းကို စာအများဆုံးရေးသူ တယ်လီဖုန်းကိုင်နိုင်ချိန်အထိ ပါတီကို သူ့ အမြင်များ တင်ပြီး တည့်မတ်ပေးနေသူ သူသည် ရဲဘော်များ၏ ကျန်းမာရေး၊ နေရေးထိုင်ရေး လေ့လာရေးကို အစဉ်စူးစမ်းလေ့ရှိပြီး အကူအညီပေး နွေးထွေးမနေတတ်သူ ဖြစ်သည် ဟု ဆိုပါသည်​။ ဝေးနီးရဲဘော်များက ဖြူစင်သောစိတ်ထားရှိသူအဖြစ် ခံစားမိကြပြီး အားကိုးခင်မင်ခြင်းကိုလည်းခံရသူ ဖြစ်သည် ဟု ဆိုပါသည်​။

ကိုးကား
  1. ရဲဘော်ကျော်မြကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုမှီငြမ်းထားသည့် (သက်ထားဗသိန်းတင်) ၏ဆောင်းပါး
  2. မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၉) (မိုးမခ) ဧပြီ ၂၃၊ ၂၀၁၈



အငယ်ဆုံးသား ကျော်မြသန်း (ခေါ်) မောင်မောင် (ခေါ်) ဗိုလ်သံမဏိ ၊ ရွှေဘိုနယ် pdf တပ်ရင်းမှူး၊ ၂၀၂၂ ဇွန်လတွင် တိုက်ပွဲ၌ ကျဆုံး

ရဲဘော်ကျော်မြ (ရခိုင်) နှစ် ၁၀၀ (by: ကလောင်စုံ)


ရခိုင်ရိုးမမှာ ဘဝတစ်ကွေ့ (by ကြာဦးဖြူ)


Tag: Paletwa

Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ

The Mog Nation Wiki
Kyaw Zaw Oo