(The Mog Nation Wiki, an archive)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေရွာ ခမည်းတော် ဦးထွန်းမြင့် မယ်တော်ဒေါ်မြတင်တို့မှ ၁၃-၀၂-၁၉၆၁ ခုနှစ်၊ တနင်္လာနေ့၊ ည(၁၀)နာရီအချိန်တွင် ဖွားမြင်သည်။ မွေးချင်းငါးယောက်အနက် အငယ်ဆုံးဖြစ်ပြီး ငယ်နာမည်မှာ “မောင်ကျော်ရှိန်” ဖြစ်သည်။ ၁၉၆၇ ခုနှစ်မှစ၍ ပန်းချီးရေးဆွဲခြင်း၌ အလွန်ဝါသနာကြီးခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။ ၁၉၇၆ ခုနှစ်မှစ၍ ကဗျာများကို ရေးသားစပ်ဆိုခဲ့သည်။
သံတွဲမြို့နယ်၊ ရွှေလှေရွာ၊ ဇီးကျွန်းရွာ၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့၌ လောကီနှင့် လောကုတ္တရာ စာပေများကို သင်ယူဆည်းပူးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရှင်သာမဏေဘဝဖြင့် အစိုးရပထမကြီးတန်း ကို အောင်မြင်ခဲ့သည်။ ပညာရေးကို ဓမ္မာစရိယတန်းအထိ သင်ယူဆည်းပူးခဲ့သည်။ ၂၀-၀၅-၁၉၈၂ ခုနှစ်တွင် ရဟန်းဘောင်တက်ရောက်သည်။
၁၉၈၄ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် “ရင်းမာလှိုင်းသင်း တော်သလင်း” ဆောင်းပါး၊ ၁၉၈၅-၈၆ ခုနှစ်ထုတ် စစ်တွေဒီဂရီကောလပ်မဂ္ဂဇင်းတွင် “အောင်ပွဲပန်း” ကဗျာတို့ဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
သံတွဲမြို့နယ်၊ သူဌေးချောင်း၊ မန်းကျည်းချောင်ရွာ၊ “ဝိဇယရံသီကျောင်း” ၌ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိ လေးနှစ်တိုင်တိုင် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း သာမဏေနှင့် ကျောင်းသားတို့အား စာပေသင်ကြားပို့ချခဲ့ပါသည်။ ၃၁-၀၅-၁၉၉၁ ခုနှစ်တွင် သံတွဲမြို့၊ “မြို့မဝေဠုဝန်ကျောင်းတိုက်”ကို စာသင်တိုက်အဖြစ် ဖွင့်လှစ်၍ စာသင်သား ရဟန်း၊ သာမဏေတို့အား သုံးနှစ်တိုင်တိုင် စာပေသင်ကြားပို့ချခဲ့ပါသည်။
၁၆-၀၇-၁၉၉၄ ခုနှစ်တွင် သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်၊ မင်းဗာကြီးလမ်း၌ “အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်” ဟူသောအမည်ဖြင့် စာသင်တိုက်တည်ထောင် ဖွင့်လှစ်၍ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ခဲ့သည်။
၁၆-၁၂-၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သော သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်၊ မင်းဗာကြီးလမ်းရှိ “အောင်သုခဓမ္မရိပ်သာ အောင်မြေသာစည်တရားစခန်း”၏ ဦးစီးပဓာန နာယက (အဖွဲ့ဝင်) ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ယခင်က မင်းရွှေစင်၊ အသျှင်ကုသလ (သူဌေးချောင်း)၊ မြို့ပျံနန်းမှ ရဟန်းစာဆို၊ အောင်မြေသာစည်ဆရာတော်၊ ငွေသဇင်(ဒွါရာဝတီ) စသော ကလောင်အမည်များဖြင့်လည်း ဆောင်းပါးနှင့် ကဗျာများကို ရေးသားခဲ့ပါသည်။
ဆောင်းပါးပေါင်း ၆၀၀ ကျော်ကို စာအုပ်ပေါင်း ၂၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ကြောင်း သိရသည်။
ဆရာတော်မှာ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် ရခိုင့်ဂုဏ်ဆောင်ဆုရ ဆရာတော်တစ်ပါးဖြစ်သလို ရခိုင်သမိုင်းယဉ်ကျေးမှု ရခိုင်သုတေသနအပြင် ရခိုင်စာပေသင်ရိုးသစ်များ ပေါ်ပေါက်ရေးအတွက်ကိုလည်း အထူးလုပ်ဆောင်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။
၂၀၂၁ ခုနှစ် မတ်လ (၇) ရက်နေ့ နံနက် ၁၁ နာရီ၊ ၁၀ မိနစ် အချိန်တွင် ပျံလွန်တော်မူသည်။
ဆရာတော်မှာ ရခိုင်တော်လှန်ရေးနှင့် ရခိုင်အမျိုးသားရေး လှုပ်ရှားမှုတွင် တာဝန်ကျေပွန်ပြီး စံပြဆရာတော်တစ်ပါးဖြစ်သည်ဟု ဆရာတော် ပျံလွန်ပြီးနောက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။
ဆရာတော် ရေးသားထုတ်ဝေခဲ့သော စာအုပ်များအနက် အချို့မှာ –
၁။ သဇင်ပန်းတို့လန်းရာမြေ
၂။ ရခိုင်တစ်ဆယ့်နှစ်လရာသီ
၃။ ဘဝလောကဓံလှိုင်းခတ်သံ
၄။ အားသစ်နဲ့မာန်ချီ
၅။ သင်္ဂါလောဝါဒဆုံးမစာ
၆။ လူစွမ်းလူစ
၇။ ရခိုင်ဌာနီ လရာသီ
၈။ ငြိမ်းအေးမှုဓမ္မရသ
၉။ သံတွဲသမိုင်း (သို့မဟုတ်) ရခိုင်တို့၏ ဒွါရာဝတီကျမ်း
၁၀။ ရခိုင်တို့၏ ပဥ္စမသံဃာယနာတင်သမိုင်း
End Notes and External links
- Last updated on 19th February 2022

သံတွဲသမိုင်း (သို့မဟုတ်) ရခိုင်တို့၏ ဒွါရာဝတီကျမ်း

ရခိုင်တို့၏ ပဥ္စမသံဃာယနာတင်သမိုင်း



The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter