(The Mog Nation Wiki, an archive)

ဒေါက်တာ ဦးစံဘော် (၂၉-၆-၁၉၂၂ …. ၇-၁၂-၁၉၈၄။)
(ဆင်စွယ်ဖြင့် အရိုးအစားထိုးကုသသူ။)
ဆင်စွယ်နဲ့ အရိုးအစားထိုးကုထုံးကို ၁၈၉၁-ခုနှစ်က ဂျာမဏီနိုင်ငံမှာ တစ်ကြိမ်၊ ၁၉၂၇-ခုနှစ်က အင်္ဂလန် နိုင်ငံမှာ တစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း လေ့လာသိရှိရပါတယ်။ ထူးခြားချက်တစ်ခုကတော့ ၁၉၆ဝ-ခုနှစ်မှ ၁၉၈ဝ-ခုနှစ်အတွင်း လူနာပေါင်း ၄ဝဝ-ကျော်ကို ဆင်စွယ်နဲ့ အစားထိုးကုခဲ့သူတစ်ဦး ကမ္ဘာမြေမှာ ရှားရှားပါးပါး ပေါ်ထွက်ခဲ့ဖူးပါတယ်။ သူကတော့ မြန်မာနိုင်ငံက အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစံဘော် ဖြစ်ပါတယ်။
ဒေါက်တာ စံဘော်ဟာ Pennsylvania University မှာ ဘွဲ့လွန်သင်တန်းတက်စဉ် ၁၉၅ဝ-ခုနှစ်လောက်ကပင် ပေါင်ရိုးကျိုးလူနာတွေကို ဆင်စွယ်နဲ့ အစားထိုးကုသဖို့ စိတ်ကူးခဲ့သလို လက်တွေ့ အကောင်အထည်ဖေါ်မယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၅၇-ခုနှစ်မှာ မန္တလေးအရိုးအထူးကုဌာနရဲ့ ဌာနမှူးဖြစ်လာချိန်ကစလို့ ဒေါက်တာစံဘော်ဟာ ဆင်စွယ်နဲ့ပတ်သက်တဲ့ သုတေသနပေါင်း မြောက်များစွာ ပြုလုပ်ပါတော့တယ်။ဒီဇိုင်းအမျိုးမျိုးကိုလည်း တီထွင်ပါတယ်။ ကျိုးပြတ်သွားတဲ့ ပေါင်ရင်းက ဘုရိုးကို အစားထိုးဖို့ Thomson prosthesis ပုံစံကိုယူကာ ဆင်စွယ်နဲ့ ထုဆစ်ပါတယ်။ ဆင်စွယ်အရိုးတုရဲ့ ဝင်ရိုး(Stem) ကို လွှသွားပုံ အထစ်အထစ် (Serrated) ပြုလုပ်ပါတယ်။နောက်တော့ ပြောင်ချောလုပ်ပါတယ်။
ဒါ့အပြင် ဆင်စွယ်လက်ချောင်းရိုး၊ ဆင်စွယ်တံတောင်ဆစ်ရိုး၊ ဆင်စွယ်ပလိတ်ပြား (Ivory Plates)၊ ဆင်စွယ်ဝက်အူ (Ivory Screws) ၊ဆင်စွယ် Rush Nails မှအစ ဆင်စွယ် Scaphoid bonds အထိ အမျိုးမျိုးသောတီထွင်မှုတွေပြုလုပ်ပါတယ်။သူအလိုရှိတဲ့ ပုံစံများကို စိတ်တိုင်းကျဖြစ်အောင် ဇွဲခတ်စိတ်ရှည်စွာ ထုဆစ်ပုံဖော်ပေးခဲ့သူကတော့ မန္တလေး တရုပ်တန်းက ဆင်စွယ်ပန်းပုပညာရှင် ကိုတင်အောင်ပါ။ ဆရာဦးစံဘော် အသုံးပြုခဲ့တဲ့ဆင်စွယ်တွေဟာ သဘာဝအလျှောက် သေဆုံးခဲ့တဲ့ဆင်တွေရဲ့ အစွယ်များသာဖြစ်ပါတယ်။သဘာဝအလျှောက်သေဆုံးသွားတဲ့ ဆင်တွေရဲ့အစွယ်တွေကို မြန်မာ့သစ်လုပ်ငန်းက ဗဟိုဆေးသိုလှောင်ရုံ CMSD ကိုပို့ပေးပါတယ်။ CMSD ကတစ်ဆင့် ဆရာဦးစံဘော်ဆီရောက်ပါတယ်။
၁၉၆ဝ-ခုနှစ် ဇန္နဝါရီလမှာ ပထမဦးဆုံး ဆင်စွယ်နဲ့ အရိုးအစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါတယ်။ လူနာကတော့ အသက်၈၃-နှစ်ရှိ ဝါခင်းကုန်းက ငယ်ဖြူသီလရှင်ကြီးဒေါ်ပုညဝတီပါ။ လူနာရှင်ကတော့ လူထုဦးလှနဲ့ လူထုဒေါ်အမာ တို့ပါ။ သူတို့ဇနီးမောင်နှံဟာ ဆရာဦးစံဘော်နဲ့ အလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုကို သဘောတူကြသလို ဆင်စွယ်ဖိုး နဲ့ ပန်းပုထုခ ကုန်ကျငွေ ၁၁၂-ကျပ် လှူပါတယ်။
၁၉၆၂-ခုနှစ် မြန်မာနိုင်ငံဆရာဝန်ညီလာခံမှာ ဆရာဟာ သူ့ရဲ့သုတေသနစာတမ်း ဖတ်ကြားပါတယ်။၁၉၆၉-ခုနှစ်များမှာတော့ ဗြိတိသျှအရိုးအထူးကုဆရာဝန်များ ညီလာခံ (British Orthopaedic Association’s Conference 1969.)မှာ ဆင်စွယ်အစားထိုးကုသမှုဆိုင်ရာသုတေသနစာတမ်း (Ivory Prostheses for ununited fractures of neck of femur) ကို ဖတ်ပါတယ်။ အဲဒီညီလာခံကို တက်ရောက်လာကြတဲ့ အမေရိက ဥရောပ အာဖရိက ဩစတေးလျ နဲ့ နယူးဇီလန် တို့က အရိုးဆရာဝန်များရဲ့ ချီကျူးမှု ခံရပါတယ်။နောက်တော့ ဟောင်ကောင် စင်ကာပူ မလေးရှား ဩစတေးလျနိုင်ငံများသို့ သွားရောက်ကာ ဆေးတက္ကသိုလ်ဆေးရုံများမှာ လက်တွေ့ပြသဟောပြော ပို့ချခဲ့ပါတယ်။
ဆရာဟာ သူခွဲစိတ်ခဲ့တဲ့လူနာများ နှစ်အတော်ကြာမှ အခြားရောဂါတစ်ခုခုကြောင့် ဆုံးပါးသွားခဲ့ရင် သူ့ရဲ့ လူသားအကျိုးပြုသုတေသနကို ကူညီတဲ့အနေနဲ့ သူခွဲခဲ့တဲ့ပေါင်ရိုးကို ထုတ်ယူခွင့်ပြုဖို့ မေတ္တာရပ်ခံပါတယ်။ ကျန်ရစ်သူများကလည်း ကြည်ကြည်ဖြူဖြူ သဘောတူကြပါတယ်။
ဒီလို လေ့လာလိုက်တဲ့အခါ ဆင်စွယ်နဲ့ လူ့အရိုးတို့ဟာ သဟဇာတဖြစ်နေယုံမျှမက သင့်သင့်မြတ်မြတ်ပေါင်းစည်းနေတာ တွေ့ရပါတယ်။ ဆေးပညာဝေါဟာရအရ Creeping Substitution သို့မဟုတ် Biological Bounding လို့ခေါ်ပါတယ်။ ဆရာခွဲစိတ်ခဲ့တဲ့ လူနာ ၄ဝဝ-ကျော်မှာ အငယ်ဆုံး ၁၃-နှစ်နဲ့ အကြီးဆုံး ၈၇-နှစ်ပါ။ ၈၇% အောင်မြင်ပါတယ်။ ခွဲပြီးလူနာများ ကောင်းစွာ လမ်းလျှောက်နိုင်ပါတယ်၊ ဆောင့်ကြောင့်ထိုင်နိုင်ပါတယ်၊ စက်ဘီးစီးနိုင်ပါတယ်၊ လူငယ်တစ်ချို့ဆိုလျှင် ဘောလုံးပင် ကန်နိုင်ပါတယ်။
၂ဝ၁၉-နိုဝင်ဘာလမှာ လေ့လာခဲ့တဲ့ စစ်တမ်းအရ ၂ဝ၁၉-ခုနှစ်အထိ အသက်ရှင်လျက်ရှိတဲ့ ဆင်စွယ်အစားထိုးကုသမှု ခံယူထားသူ၃-ဦး တွေ့ရပါတယ်။အသက် ၆၄-နှစ်ရှိ ဒေါ်သန်းဌေး (အသက်၁၃-နှစ်မှာခွဲစိတ်ခဲ့)၊ အသက်၆၇-နှစ်ရှိ ဒေါ်အမာတင် (အသက်၁၅-နှစ်မှာခွဲစိတ်ခဲ့) နဲ့ ဒေါ်သန်းသန်း အသက်၉ဝ-ပါ။ ဒေါ်သန်းသန်းဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လူနာတစ်ဦးပါ။ သူ့အသက်၇ဝ-ခန့် ၁၉၉၅-ခုနှစ်မှာ ဘယ်ဘက်ပေါင်ရိုးကျိုးလို့ ဆရာဦးစံဘော်ရဲ့ တပည့် ပါမောက္ခဦးမိတ် က ဆင်စွယ်နဲ့အစားထိုး ခွဲစိတ်ကုသခဲ့ပါတယ်။ ၂ဝ၁၈-ခုနှစ်မှာ ညာဘက်ပေါင်ရိုးကျိုးလို့ ပါမောက္ခဦးစိန်လှဦးက စတီးရိုး (Austin Moore Prosthesis) နဲ့အစားထိုး ခွဲစိတ်ပေးခဲ့ပါတယ်။ ဒေါ်သန်းသန်းဟာ ဘယ်ပေါင်ရိုး ဆင်စွယ်အရိုးတု၊ ညာပေါင်ရိုး စတီးအရိုးတုနဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော အသက်၉ဝ-ကျော် အမျိုးသမီးကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။
ဆရာကြီးဦးစံဘော်ဟာ ပေါင်ရိုးအပြင် အခြားအရိုးများကိုလည်း ဆင်စွယ်နဲ့အစားထိုး ကုသမှုများပြုလုပ်ခဲ့ပါသေးတယ်။၂ဝ၁၇-ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံက လက်ခံကျင်းပတဲ့ ၄၉-ကြိမ်မြောက် အရှေ့တောင်အာရှ အရိုးအထူးကုဆရာဝန်များညီလာခံကို Novotel Hotel မှာ ကျင်ပခဲ့ပါတယ်။ ဆရာကြီးဦးစံဘော် ကွယ်လွန်ပြီး ၃၃-နှစ်အကြာမှာပါ။ အဲဒီညီလာခံမှာ ပိုလန်နိုင်ငံသား အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဘာ့တက် ဇော့စတာကိုစကီး (Dr Bartak Szostakowski ) က Hemiarthroplasty, The Forgotten Concept Lives On ဆိုတဲ့ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ပါတယ်။ ဆရာကြီး ဦးစံဘော်ရဲ့ သုတေသနလုပ်ငန်းကို ချီးကျူးဂုဏ်ပြု တင်သွင်းတဲ့ စာတမ်းပါ။အဲဒီ ညီလာခံမှာ အာစီယံနိုင်ငံများအပြင် အမေရိကန် တရုပ် ဂျပန် ကိုးရီးယား ဟောင်ကောင်နဲ့ အာရှပစိဖိတ်နိုင်ငံများက အရိုးအထူးကုဆရာဝန် ၄၅-ဦး တက်ရောက်ခဲ့ပါတယ်။
ဆရာကြီး ဦးစံဘော်ဟာ ပညာရပ်ဆိုင်ရာမှာ ထူးချွန်သလို ပင်ကိုယ်စိတ်ထား အလွန်နူးညံ့ ရိုးဖြောင့်သူ၊ အလွန်သဘောကောင်းသူ၊ ဟန်ဆောင်မှုမရှိ ရိုးရိုးနဲ့ ဘွင်းဘွင်းကြီးပြောတတ်သူ ၊ လူသားတစ်ဦးအနေနဲ့ လည်းအလွန်ချစ်စရာကောင်းသူ လို့ ဆရာကြီးရဲ့ မိတ်ဆွေများ လုပ်ဖေါ်ကိုင်ဖက်များ တပည့်များက တညီတညွတ် မှတ်ချက်ပြုကြပါတယ်။ဒီလို သမားဂုဏ်နဲ့ ပြည့်ဝလှတဲ့ စံပြဆရာဝန်ကြီး ၊ ကမ္ဘာက လေးစားခဲ့ရတဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဆရာဝန်ကြီးတစ်ဦး ကျွန်တော်တို့နိုင်ငံမှာ ရှိခဲ့ပါလားလို့ ဂုဏ်ယူရမှာပါ။ ဒီလိုဆရာဝန်ကြီးမျိုးရဲ့ ဇွဲ၊လုံ့လဝိရိယနဲ့ တီထွင်မှု တို့အပြင် သူ့ရဲ့ “ရိုးဂုဏ် “တို့ကိုပါ မျိုးဆက်သစ်ဆရာဝန်များ နားလည်သဘောပေါက် တန်ဖိုးထားကာ အတုယူလိုက်နာ ကျင့်သုံးသင့်လှပါတော့တယ်။
(ဆရာကြီးနဲ့ပတ်သက်ပြီး သိထားတဲ့ အချက်အလက်တွေ ပစ်လိုက်ရမှာ နှမျောလို့ စာရှည်သွားရပါတယ်။)




ကိုးကား
၁။ အောက်မေ့တသ အမှတ်တရစာ၊လူထုဒေါ်အမာ၊စာ-၁၂၃-
၂။ ဆင်စွယ်နှင့် အရိုးအစားထိုးကုသမှု မြန်မာ့အောင်ပွဲစာတမ်း၊ဇာနီမောင်၊ သတင်းစုံfb 20-11-17.
၃။ AntiFacts/ Hemiarthroplasty.The Forgotten Concept Lives On.BatekSzostakowski. M.B,B.S; FRCS(Tr and Ortho.)
၄။ Rembering a Myanmar Surgical Pioneer. Dr Myint Zan.(7-12-2019.)
၅။ My Old Lecturer ; Idolized;Orthopaedic surgeon,Dr San Baw. Dr Ko Ko Gyi’s Blog.
၆။ အရိုးအထူးကုဆရာဝန်ကြီး(ငြိမ်း) ပါမောက္ခ ဦးကျော်မြင့်နိုင်၏ ပြောပြချက်။
Dr. Min Swe
End Notes and External links
- source: on Facebook
- Last updated on 28th March 2022
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter