မဟာပညာကျော်

(The Mog Nation Wiki, an archive)

မဟာပညာကျော်

မဟာပညာကျော်(၁၄၈၈-၁၅၉၉) မြောက်ဦးခေတ်အလယ်တွင် အထင်ရှားဆုံးသော ပညာရှိသုခမိန် ဖြစ်သည်။ ပညာရှိမျိုးရိုးဖြစ်ပြီး ငယ်မည်မှာ မြတ်သာထွန်း ဖြစ်သည်။ မင်းဘာကြီး၊ သျှင်မြဝါတို့နှင့် ငယ်သူငယ်ချင်းလည်း ဖြစ်သည်။ ဉာဏ်ပညာအရာ၌ ထူးချွန်ပြီး မင်းဘာကြီး၏ ပြုပြင်ပြောင်းလဲရေးတွင် တရားစစ်သူကြီးအဖြစ် ပါဝင်ခဲ့သည်။ အုပ်ချုပ်ရေးအတွက် အရေးကြီးသော ရွှီမျှိုင်းဓမ္မသတ်ကို သျှင်မြဝါနှင့်အတူ ရေးဆွဲခဲ့သည်။ ဆယ့်နှစ်ဦးပါဝင်သော သုခမိန်အဖွဲ့တွင် အမတ်ချုပ်ကြီးဖြစ်ခဲ့သည်။ စီမံမှုကောင်းသဖြင့် ၁၅၃၃-ခုနှစ်တွင် စစ်တကောင်းမြို့စားနှင့် မဟာပညာကျော်ဘွဲ့တို့ကို ရရှိခဲ့ပြန်သည်။ မင်းခြောက်ဆက်တိုင် မင်းတိုင်ပင်အမတ်ကြီးဖြစ်ခဲ့ပြီး ဘုရင်ကို သွန်သင်ဆုံးခွင့် ရရှိခဲ့သည်။ သူ၏ဖြတ်ထုံးများသည် အစဉ်အလာ ဓမ္မသတ် ပေါ်တွင်သာမက ပစ္စက္ခအခြေအနေပေါ်တွင် ကိုယ်ပိုင်ဉာဏ်ကွန့်မြူးပြီး စီရင်ဆုံးဖြတ် နိုင်ခဲ့သည်။ ဆယ့်နှစ်ရာသီ ရတု၊ စစ်ချီတက်ကျမ်းနှင့် ရာဇနီတိကျမ်းတို့ကိုလည်း ပြုစုခဲ့သည်။ မင်းရာဇာကြီးလက်ထက် ဟံသာဝတီစစ်ချီခရီး မှအပြန် ၁၅၉၉-ခုနှစ်တွင် မော်တင်အနီး၌ လွန်လေသည်။

ငယ်စဉ်ဘ၀

မဟာပညာကျော်၏မျိုးရိုးမှာ ဓညဝတီခေတ်ကပင် ဆင်းသက်လာသော ပညာရှိမျိုးရိုးဖြစ်သည်။ မဟာပညာကျော်ကို ရခိုင်သက္ကရာဇ် ၈၅ဝ ပြည့်နှစ် (အေဒီ ၁၄၈၈) ကဆုန်လပြည့်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည်မှာ မြတ်သာထွန်း ဖြစ်သည်။ မြတ်သာထွန်းသည် သျှင်ငယ်ဆရာဖြစ်လာမည့် သျှင်မြဝါနှင့် ဘုရင်မင်းဘာကြီးဖြစ်လာမည့် ဘစောသီရိတို့ထက် လေးနှစ်မျှအသက်ကြီးသည်။

မြတ်သာထွန်းသည် ငယ်စဉ်ကာလက မြောက်ဦးမြို့တော်ရှိ တောင်ညိုကျောင်းတိုက် အဂ္ဂစိန္ဒေယျကျောင်းတွင် ပညာသင်ယူခဲ့သည်။ ဤကျောင်းတိုက်တွင်ပင် သျှင်မြဝါနှင့် ဘစောသီရိတို့သည်လည်း ပညာဆည်းပူးလာကြသည်။ ဤပုဂ္ဂိုလ်သုံးဦးတို့သည် ပညာသင်ယူရင်း တိုင်းပြည်နိုင်ငံ တိုးတက်ရန်အတွက် အစီအမံများကို ကြံဆနေခဲ့ကြသည်။

မြတ်သာထွန်းသည် အသက်(၂၀) အရွယ်ခန့်တွင် မင်းသားဘစောသီရိ၊ သျှင်မြဝါတို့နှင့်အတူ အိန္ဒိယပြည်၊ ဗာရာဏသီတက္ကသိုလ်တွင် ပညာသင်ကြား ခဲ့ကြသည်။ မြတ်သာထွန်းမှာ အမတ်ကြီးသားပီပီ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့် စစ်ရေးပညာတို့ကို သင်ယူခဲ့သည်။

မင်းမှုထမ်း ဘဝ

ဗာရာဏသီတွင် သုံးနှစ်ခန့်ကြာသည့်အခါ မင်းသားဘစောသီရိသည် ပြည်တော်သို့ပြန်လာသည့်နှင့် အတူ မြတ်သာထွန်းလည်း ပြန်လာခဲ့သည်။ ဘစောသီရိ၏ နောင်တော် ဂဇာပတိမင်းလက်ထက်တော်တွင် မြတ်သာထွန်းသည် အမတ်ငယ်ဘဝဖြင့် စတင်၍ အမှုထမ်းရွက်ခဲ့သည်။ နောင်တွင် ဘဘိုးဘေးတို့စားရိုး ကောင်းကျော်ထင်ကျွန်းကို စားလာရသည်။ မင်းမှုထမ်းနေစဉ်အတွင်း မိမိကျွမ်းကျင်ရာ ပျို့၊ လင်္ကာများ၊ စာပေကျမ်းဂန်များကို ရေးသားစီကုံးခဲ့လေသည်။ သူသည် နက္ခတ်ပျို့၊ ၁၂-ရာသီရတု၊ စစ်ထိုးယန္တရားအတတ်ပညာကျမ်း၊ ရာဇဝသတီကျမ်းစသည်တို့ကို ပြုစုခဲ့သည်။ အချို့သောကျမ်းတို့ကို အိန္ဒိယစာပေမှ ဘာသာပြန်ဆိုခဲ့သည်။

မင်းဘာကြီးနန်းရလာသည့် ၁၅၃၁-ခုနှစ်တွင်ပင် “မုဆိုးမအိမ်တစ်အိမ် မီးလောင်မှု” အမှုကို မြတ်သာထွန်း စီရင်ခွင့်ရခဲ့သည်။ သူသည် အမှုကို သမာသမတ်ကျစွာ စီရင်နိုင်ခဲ့သဖြင့် ထင်ရှားလာသည်။ ထို့နောက် နိုင်ငံတော်အတွက် လိုအပ်သောအစီအမံများကို သျှင်မြဝါနှင့်အတူ ချပြနိုင်ခဲ့သည်။ ရွီမျိုင်းဓမ္မသတ်ကို ပြုစုရာ၌လည်း ပါဝင်ခဲ့သည်။ ဤဓမ္မသတ်သည် မြောက်ဦးမြို့တော် ရွှေခေတ်၏ အခြေခံအုတ်မြစ်လည်း ဖြစ်လာသည်။

မဟာပညာကျော်၏စွမ်းဆောင်ချက်များ

ပြုပြင်မှုများအရ “၄၄-ကျွန်း မြောက်ဦးနန်း” အစီအမံတွင် “လုလင်ကျော်ကျွန်း” သည် ရခိုင်ပညာတတ်များကို မွေးထုတ်ရာအရပ်ဖြစ်ခဲ့သည်။ တိုင်းပြည်ကို အမတ်သုခမိန်အဖွဲ့ဖြင့် ထိန်းကျောင်းရန် စီမံခဲ့သည်။ ဘုရင်မင်းဘာကြီးကလည်း တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းအတွက် အမြော်အမြင်ကြီးစွာ အတည်ပြုပေးခဲ့သည်။

၁၅၃၂-ခုတွင် ဘင်္ဂလားသို့စစ်ချီရန် အကြောင်းပေါ်လာသည်။ ဤခရီးအတွက် အစီအမံ ကောင်းခဲ့သဖြင့် မြတ်သာထွန်း ကောင်းကျော်ထင်စားကို“ဝိမလ”ဘွဲ့ ချီးမြှင့်ခဲ့သည်။ တဖန် စစ်ချီရန်အတွက် “မဟာအနန္တသီဟစစ်သူကြီး”ဘွဲ့ကိုလည်း ပေးအပ်ခဲ့သည်။ မဟာပညာကျော်ဘွဲ့ကိုလည်း ရခဲ့သည်။ ဤခရီးတွင်ပင် စစ်တကောင်းစား ဖြစ်လာခဲ့သည်။ ၁၅၅၃-ခုတွင် မင်းဘာကြီး ကံကုန်သည်။ ဆက်ခံသောမင်းတို့မှာ မင်းဘာကြီးချခဲ့သော စနစ်ကိုမှု မပြောင်းလဲကြချေ။ အမတ်ကြီးသည် လောကရေး၊ ဓမ္မရေး ရာဇရေးတို့၌ နှံ့စပ်ကျွမ်းဝင်သူဖြစ်သည်။ ထို့ကြောင့်လည်း ပြည့်ရှင်မင်းတို့သည် ပြည်သူတို့အား တရားဖြောင့်မတ်စွာ အုပ်ချုပ်နိုင်ရန်အတွက် အမတ်ကြီးသည် အကြံဉာဏ်ကောင်း နည်းလမ်းကောင်းများကို ကောင်းစွာ ညွှန်ပြပေးနိုင်ခဲ့သည်။

စစ်​တ​ကောင်းဘုရင်​ခံအဖြစ်​ အုပ်​ချုပ်​စဉ်​​က မဟာပညာ​​ကျော်​ ခတ်​နှိပ်​သုံးစွဲခဲ့​သော ဒင်္ဂါးပြား

လျှောက်ထုံးများ

မဟာပညာကျော်၏လျှောက်ထုံးများသည် တိုင်းရေးပြည်ရေး၊ ပြည်သူ့ရေးရာတာဝန်များကို ကောင်းစွာထမ်းဆောင်နိုင်ခဲ့သည်။ သူ၏လျှောက်ထုံးများသည် ကျမ်းဂန်ဗဟု သုတအဆီအနှစ်များနှင့် အထူးပြည့်စုံလှသည်။ အမတ်ကြီးသည် မင်းနှင့်အမတ်၊ ပြည်သူတို့ညီညွတ်သဖြင့် သာသနာတော် ပွင်းလင်းပြီး တိုင်းပြည်သာယာမြဲဖြစ်သည်ကိုသာ လက်ခံယုံကြည်ခဲ့သည်။

ဖြတ်ထုံးများ

မဟာပညာကျော်သည် မင်းဖလောင်း (နန်းစံ၁၅၇၁-၁၅၉၃) လက်ထက်တွင် တရားစီရင်ရာ၌ အလွန်ကျော်ကြားခဲ့သည်။ ရဲရင့်စွန့်စားမှုလည်း ရှိသည်။ အခြားသော မှူးကြီးမတ်ရာတို့ မှန်ကန်စွာ မဆုံးဖြတ်နိုင်သော အမှုအခင်းများကို တရားမျှတမှန်ကန်အောင် ချောမွေ့စွာ စီရင်ဆုံးဖြတ်နိုင်ခဲ့သည်။ အမတ်ကြီးသည် အစဉ်အလာ စာဓမ္မသတ်ထက် ပညာဓမ္မသတ်ကိုသာ အားကိုးသင့်သည်ဟု လက်ခံခဲ့သည်။ ပဋိပက္ခအခြေအနေပေါ်တွင် ပင်ကိုယ်ဉာဏ်ကွန့်မြူးပြီး စီရင်ဆုံးဖြတ်ခဲ့သည်။ အမှုရင်းမြစ်ကို သေသေချာချာရှာတတ်ပြီး ထိုးထွင်းဉာဏ်ဖြင့် ဖြောင့်မတ်မှန်ကန်စွာလည်း ဆုံးဖြတ်ခဲ့သည်။

သွန်သင်သုံးမချက်များ

ထို့ပြင် မှူးမတ်နှင့်ဘုရင်တို့ လိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ်များကိုလည်းတည့်မတ်ခဲ့သည်။ “လက်ရုံးအားကို အလိုရှိသောမင်းသည် ရန်ပို၍ တိုင်းပြည်သူတို့သော်လည်း လက်ရုံးမာနကြီးခြင်းကြောင့် စည်းစိမ်မရှည်၊ ရန်သူမျိုးငါးပါးဆက်ဆံများလေသည်။ နှလုံးအားကိုအလိုရှိသောတိုင်း၌ မင်းတို့၏ ပြည်သူသည် အပူသောက ကင်းခြင်းကြောင့် မိဘသားမြေးစဉ်လာ သပြာတောင့်တင်း၊ မကုန်ဆက်ဆံခံစားလျက်မပျက်တည်ထွန်း၍ ဘုရားစသော သူတော်ကောင်းတို့ အချီးအမွမ်းကို ခံရသည်” ဟု ဘုရင်ကို သွန်သင်ခဲ့သည်။

တိုင်းပြည်တစ်ပြည်တွင် ဘုရင်မင်းသာ မူလဖြစ်ကြောင်း၊ “မင်းလည်းမင်းကြမ်း၊ အမတ်သွမ်းနှင့် အကျွမ်းမိတ်ဝင်၊ သို့တည်းလျှင်မူ၊ ပြည်သူရိပွတ်၊ မင်းတည်း မြတ်က၊အမတ်ထိုတူ၊ ပြည်သူမညှိုး၊ စစ်ထိုးမရှိ၊ မရသတ္တဝါ၊ ရေစာမရှား၊ ခိုးသားမပေါ်၊ မြင်မြော်သသူ၊ ကြည်ဖြူမြတ်နိုး၊ ရေခမိုးသို့” ဟုလည်း ကိုးကားဆုံးမခဲ့သည်။

ဘုရင်ကြီးပြီးလျှင် မှူးမတ်တို့သည် အလွန်အရေးပါလှသည်။ အမတ်ကောင်းတို့ကို တိုင်းပြည်က အလိုရှိအပ်သည်။ အမတ်ကောင်းတို့၏တာဝန်သည် လွန်စွာအရေး ကြီးကြောင်းကိုလည်း ချပြဆုံးမခဲ့ပေသည်။

မင်းယုတ်တို့စိုးမိုးလျှင် အမတ်ကောင်းတို့သည် မမှားမယွင်းစေရာ၊ အသက်မငဲ့လျှောက်တင်ရမြဲဖြစ်သည်။ မင်းနှင့်အမတ်တို့စုံလျက် ဆိုးသွမ်းလတ်သော် သံဃာတော်တို့ ကျိုးကြောင်းပြသ ဟောပြောဆုံးမရမြဲဖြစ်သည်ဟုလည်း စောင့်ထိန်းရမည့် ရှေးကျင့်ထုံး တရားများကို ပြဆိုခဲ့သည်။

လက်ရုံးရည်လွန်သော် ခိုက်ရန်ဖြစ်တတ်ပြီး၊ နှလုံးရည်လွန်သော် လွန်တိုင်း အကျိုးရှိသည်ဟု ကျမ်းဂန်တွင်လာကြောင်းကို လျှောက်တင်ခဲ့သည်။ ထို့အပြင် လက်ရုံးရည်မှာ လူမိုက်အတတ်၊ နှလုံးရည်၏ အစေကျွန်သာဖြစ်သည်၊ နှလုံးရည်ရှိသောသူအား အမှုအပေါင်း ပြီးကုန်တတ်သည်ဟုလည်း ပြောဆိုဆုံးမကာ ရခိုင်နိုင်ငံရေးကို တည့်မတ်အောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။

နောက်ဆုံးဘဝ

မင်းဖလောင်း၏သားတော် မင်းရာဇာကြီး လက်ထက် အေဒီ ၁၅၉၈ခုတွင် တောင်ငူမင်းက ပင့်ဖိတ်သဖြင့်ဟံသာဝတီသို့ ရခိုင်မင်းသည် စစ်ချီခဲ့သည်။ ဤခရီးတွင် စစ်အောင်မြင်နိုင်အောင် အမတ်ကြီးသည် လိုက်ပါဆောင်ရွက်ခဲ့သည်။ စစ်အောင်နိုင်ပြီး၍ အပြန် ၁၅၉၉-ခုနှစ်၊ နတ်တော်လခန့်တွင် နေဂရေအငူ (မော်တင်စွန်း)အရောက်၌ အမတ်ကြီး မဟာပညာကျော်သည် လွန်လေသည်။ အသက် (၁၁၁) နှစ်အရွယ် ဖြစ်သည်။ မကွယ်လွန်မီ သူ၏ရုပ်အလောင်းအား ရေတွင်လည်းမဟုတ်၊ ကုန်းတွင်လည်းမဟုတ် သင်္ဂြိုလ်ရန် မှာခဲ့သည့်အတိုင်း ရေတက်ကျွန်းငယ်၊ ရေကျ ကမ်းစပ်ဖြစ်သည့် မော်တင်စွန်းတွင် သင်္ဂြိုလ်ခဲ့ကြသည်။ (ယခုဖောင်တော်ဆိပ်ကျွန်းဟု ယူဆကြသည်။ မော်တင်စေတီတောင်ခြေမှ အရှေ့တောင်ဘက် ပေ ၃ဝဝ ခန့်အကွာတွင်ရှိသည်)။

ချီမွမ်းစကား

မဟာပညာကျော်၏ ဖြတ်ထုံးများနှင့် ပတ်သက်၍ “မဟာပညာကျော်သည် ဗုဒ္ဓဝါဒအခြေခံကို မြဲမြဲဆုပ်ကိုင်လျက်မနုဓမ္မသတ္ထံကို ကောက်ယူ ကျင့်သုံး၍ နောင်လာတို့နည်းရစိမ့်သောငှာ မဟာပညာကျော် ဖြတ်ထုံးကို ပြုစုသည်။ ယင်းအယူအဆနှင့်ရေး၍ မြန်မာနိုင်ငံ၌ ယခုတိုင်ကြွင်းကျန်သမျှ တရားဥပဒေတို့တွင် အဆိုပါ ဖြတ်ထုံးသည် စံနမူနာဖြစ်၍ များစွာအရေးပါလှသည်”ဟု အနောက်နိုင်ငံ သုတေသီ ဖော့ရှမားက မှတ်ချက်ပြုခဲ့သည်။

မဟာပညာကျော်သည် ရခိုင်ရွှေမြောက်ဦးခေတ်၏ ပညာရှိသုခမိန်အကျော်အမော် အမှန်ပင်ဖြစ်ခဲ့ပေသည်။ မဟာပညာကျော်လို့ သုခမိန်ပညာရှိမျိုးသည် ရခိုင်သမိုင်းတွင် ဆက်လက်မပေါ်ခဲ့ချေ။


ကိုးကား

  • Last updated on 1st February 2022


The Mog Nation Wiki