(The Mog Nation Wiki, an archive)
ဦးဝေစိန်အောင်သည် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၂၀၁၅-၂၀၂၀) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ လက်ရှိတွင် ရခိုင့်ဦးဆောင်ပါတီ၏ ဗဟိုအကြံပေးကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည်။
Contents
- ကိုယ်ရေးအကျဉ်း
- လူမှုရေးလုပ်ဆောင်ချက်များ
- နိုင်ငံရေး လုပ်ဆောင်ချက်များ
- ပုဂ္ဂလိကဘဝ
- End Notes and External Links

ကိုယ်ရေးအကျဉ်း
မတ်လ (၂၈) ရက်နေ့တွင် ရသေေ့တာင်မြို့နယ် ထွန်းရဝေကျေးရွာ၌ မွေးဖွားသည်။ မိဘများမှာ ဦးစောလှဖြူ နှင့် ဒေါ်နှင်းဇံဖြူ တို့ ဖြစ်ကြသည်။
၁၉၆၂ တွင် နဝမတန်းကို အ.ထ.က ရသေ့တောင်မြို့ ၊ ရခိုင်ပြည်နယ်မှလည်းကောင်း၊ ၁၉၆၄ တွင် ၁ဝတန်းကို ဓညဝတီ အလွတ်ပညာသင်ကျောင်း ၊ စစ်တွေမြို့မှ လည်းကောင်း၊ ၁၉၆၈ တွင် B.Sc (သိပ္ပံဘွဲ့) ကို လုပ်သားများကောလိပ် ရန်ကုန်မြို့မှလည်းကောင်း အောင်မြင်ခဲ့သည်။
၁၉၆၅ မှ ၁၉၆၉ ထိ အောက်တန်းစာရေး၊ အထက်တန်းစာရေး အဖြစ် ကူးသန်းရောင်းဝယ်ရေးစာရင်းစစ်ရုံး၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၁၉၆၉ မှ ၁၉၇၆ ထိ အထက်တန်းပြဆရာအဖြစ် အ.လ.က၊ အ.ထ.က မြောက်ဦးမြို့တွင် လည်းကောင်း၊ ၁၉၇၆ မှ ၁၉၈၀ ထိ အထက်တန်းပြဆရာဖြင့် အ.ထ.က(၂)၊ စစ်တွေမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀-ခုနှစ်မှ ၁၉၈၈-ခုနှစ်အထိ အောင်သိပ္ပံကျူရှင်ထူထောင်လျက် ကျူရှင်ဆရာ အဖြစ်အသက်မွေးဝမ်းကျောင်းခဲ့သည်။
လူမှုရေးလုပ်ဆောင်ချက်များ
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) တွင် ပြန်ကြားရေးတာဝန်ခံအဖြစ် ကာလတို တာဝန် ထမ်းဆောင်ခဲ့သည်။ ရသေ့တောင်မြို့နယ် သာရေးနာရေးအသင်း (စစ်တွေ) တွင် ၁၉၈၈-ခုနှစ် အရေးအခင်းမဖြစ်မီအထိ ဆောင်ရွက်ခဲ့သည်။
နိုင်ငံရေး လုပ်ဆောင်ချက်များ
၁၉၈၈-ခုနှစ် စစ်တပ်ဏာမသိမ်းမီကာလတွင် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Arakan Nationality Democratic Party (ANDP)) ကိုဖွဲ့စည်းရန် ဦးဘအုန်း၊ ဦးအောင်ကျော်ဇံ၊ ဦးစောမောင် တို့နှင့်အတူ ဦးဆောင် လုပ်ကိုင်ခဲ့သည်။ ပါတီမှတ်ပုံတင်ရန် ရန်ကုန်သို့ ဦးအောင်ကျော်ဇံ နှင့် ဦးဝေစိန်အောင်တို့ ရန်ကုန်သို့ သွားရောက်သည့်အခါ ရန်ကုန်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်ပြီးဖြစ်ကြောင်းတွေ့ရသဖြင့် ပေါင်းစည်းရေးဆိုင်ရာ ရာထူး ခွဲဝေမှုများကို ဘာမှ ဆွေးနွေးခဲ့ခြင်း မပြုခဲ့တော့ဘဲ တည်ထောင်ပြီးသား ရခိုင်ဒီမိုကရေစီအဖွဲ့နှင့် ပူးပေါင်းရန် သဘောတူခဲ့ကြလျက် ပါတီမှတ်ပုံတင်ခြင်း မပြုလိုက်ကြတော့ပေ။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ရာ၌ စစ်တွေမြို့နယ် အတွင်းရေးမှူးအဖြစ်ပါဝင်ခဲ့သည်။ ထို့နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှလွဲ၍ ကျန်ရခိုင်ပါတီများ ပေါင်းစည်းဖွဲ့စည်းလိုက်ကြသော ရခိုင်ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၂-ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တွင် ပါတီဝင်အဖြစ် စတင်ပါဝင်ခဲ့သည်။ RNDP ပါတီညီလာခံတွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး စာတမ်းကို တင်သွင်းခဲ့သည်။ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး အစည်းအဝေးများတွင် အစအဆုံးပါဝင်ခဲ့သည်။ ၂၀၁၄-ခုနှစ် ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) တွင် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ -ခုနှစ် သံတွဲ (ငပလီကမ်းခြေ) တွင် ကျင်းပသော ရခိုင်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံတွင် သဘာပတိအဖြစ်ဆောင်ရွက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
၂၀၁၄-ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုတွင် လူမျိုးနာမည်လိမ်ဖြင့် ကောက်ခံခြင်းမပြုရေးအတွက် ကန့်ကွက်ဆန္ဒပြရေးကော်မတီတွင် “သက်ကြီးနိုင်ငံရေးသမား” ဦးဆောင်အုပ်စုဝင်အဖြစ် ပါဝင်ခဲ့သည်။ white card ဖြင့် မဲပေးပိုင်ခွင့်ရှိနေခြင်းအား ပယ်ဖျက်ရေးအတွက် ကန့်ကွက်ဆန္ဒပြရေးကော်မတီ၌ နာယက အဖြစ်ပါဝင်ခဲ့သည်။
၂၀၁၅-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၁) (ထိုစဉ်က စစ်တွေမြို့နယ် တစ်ခုလုံးပါဝင်) တွင် ရခိုင်အမျိုးသားပါတီကိုယ်စားပြုလျက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ အမျိုးသားလွှတ်တော်၏ ပညာရေးကော်မတီ၊ ပြည်သူ့တိုင်ကြားစာများကော်မတီ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့များတွင် ပါဝင်ခဲ့ပြီး၊ ဘက်ဂျက်အဖွဲ့ငယ် (budget sub-committee) တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၆-ခုနှစ်တွင် (ထိုစဉ်က ယခုထက် သက်တမ်းနုနယ်သေးသည့်) ရက္ခိုင့်တပ်တော်ကို ၂၁-ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြားဆွေးနွေးနိုင်ရေးအဆိုကို တင်သွင်းခွင့် ဆွေးနွေးဆုံးဖြတ်ခွင့်ရရန်ကြိုးပမ်းခဲ့သည်။ လွှတ်တော်တွင် မဲအများစုကို ရရှိခဲ့သော်လည်း လွှတ်တော်ဥက္ကဌက မှတ်တမ်းတင်ရုံသာ ဆုံးဖြတ်စေခဲ့သည်။
ယခုအခါ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ၏ ဗဟိုအကြံပေးကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက် ရှိသည်။
ပုဂ္ဂလိကဘဝ
ဦးဝေစိန်အောင်၏ ဇနီးဖြစ်သူ ဒေါ်စောသိန်းတန်မှာ အထက်တန်းကျောင်းအုပ် အငြိမ်းစားတစ်ဦးဖြစ်ပြီး၊ ၎င်းတို့တွင် သားသမီးလေးဦးထွန်းကားသည့်အနက် သားအကြီးဆုံးဖြစ်သူမှာ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း လက်ရှိ ရခိုင့်ဦးဆောင်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇောဦး ဖြစ်သည်။
End Notes / External Links
- Wai Sein Aung (Wikipedia)
- Arakan Front Party’s Blog
- AA အား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ဖိတ်ခေါ်သင့်ကြောင်း ၂၀၁၆-ခုနှစ်က ဦးဝေစိန်အောင်၏ အမျိုးသားလွှတ်တော် အဆို
- edited by Kyaw Zaw Oo
- Last updated on 21st December 2021
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter