ပါတီနိုင်ငံရေးခရီးအစဝယ် (၂)

(by ဦးဝေစိန်အောင်)

ကမ္ဘာ့သမိုင်းဝင် ရှစ်လေးလုံး မြန်မာ့အရေးတော်ပုံကြီးကို ၁၉၈၈-ခု၊
စက်တင်ဘာ(၁၈)ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူဖြိုခွဲခဲ့သည်။ (၉)ရက်အကြာ
(၂၇-၉-၈၈)နေ့တွင် ဒီမိုကရေစီတိုက်ပွဲဝင်ပြည်သူများအား နှစ်သိမ့်သည့်အနေဖြင့်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ထုတ်ပြန်ခဲ့သည်။

မြန်မာတစ်ပြည်လုံးတွင် နိုင်ငံရေးပါတီပေါင်း(၂၃၅)ပါတီထိ
အများအပြားမှတ်ပုံတင်လာကြရာ ရခိုင် အမျိုးသားပါတီ(၇)ခု ပါဝင်ခဲ့သည်။

(၁) ရန်ကုန်မြို့တွင် ပါတီဌာနချုပ်ဖွင့်လှစ်ထားသော ဒေါက်တာဦးစောမြအောင်
ခေါင်းဆောင်သည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ရဒဖ)၊

(၂) စစ်တွေမြို့၊ ပါဒလိတ်ချိတ်ရပ်ကွက်၊ ၉လမ်းတွင်
ပါတီဌာနချုပ်ဖွင့်လှစ်ထားသော ဥက္ကဌဦးကျော်ဇံရွှီ၊ ဒုက္ကဌ ဦးအောင်စိန်သာ၊
အထွေထွေအတွင်းရေးမှူး ဦးအောင်ဘန်းသာ ခေါင်းဆောင်ပါဝင်သော ရခိုင်ပြည်သူ့
ညီညွတ် ရေးအဖွဲ့(ရပည)၊

(၃) စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင် ပါတီဌာနချုပ်ဖွင့်လှစ်ထားသော ဥက္ကဌ
ဦးမောင်ကျော်ဇံ၊ အထွေ ထွေအတွင်းရေးမှူး ဦးကျော်သန်းတို့ ဦးဆောင်ပါဝင်သော
ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့(ရတည)၊

(၄) စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်တွင် ပါတီဌာနချုပ်ဖွင့်လှစ်ထားသော
ဥက္ကဌဦးသာလူ၊ အထွေထွေ အတွင်းရေးမှူး ဦးလှမောင်ဦးစီးပါဝင်သည့်
ရခိုင်အမျိုးသားများလူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့(လူ/ငြိမ်း)၊

(၅) စစ်တွေမြို့တွင် ပါတီဌာနချုပ်ဖွင့်လှစ်ထားသော ဥက္ကဌ ဦးသာကျော်
(ဘုံပေါက်)၊ အထွေထွေ အတွင်း ရေးမှူး ဦးကျော်သာဦးစီးသည့်
ရခိုင်ပြည်ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊

(၆) စစ်တွေမြို့၊ လမ်းမကြီး၊ နယူးဘားမားစာပုံနှိပ်တိုက်တွင်
ပါတီဌာနချုပ်ဖွင့်လှစ်ထားသော ဥက္ကဌ ဦးသာကျော်(ရာသက်ပန်)ဦးစီးသည့်
ရခိုင်လူမျိုးစုများ ညီညွတ်ရေး ဒီမိုကရက်တစ်ပါတီ၊

(၇) ကျောက်တော်မြို့တွင် ပါတီဌာနချုပ်ဖွင့်လှစ်ထားသော ဥက္ကဌ
ဦးစံသာအောင်ဦးစီးသည့် မြို့(ခေါ်)ခမီး အမျိုးသားညီညွတ်ရေးအဖွဲ့ဟူ၍
ရခိုင်တိုင်းရင်းသားပါတီ(၇)ခု ပေါ်ပေါက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရန်ကုန်၊ စစ်တွေ၊ မောင်တောမြို့များ၌
ဘင်္ဂလီ-မူဆလင်များတည်ထောင်သည့် မူဆလင်ပါတီ(၇)ခုပေါ်ပေါက်လာခဲ့သည်။ ယင်းတို့မှာ-

(၁) အမျိုးသား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပါတီ(ဦးကျော်မင်း၊
ဦးထွန်းအောင်)၊

(၂) တိုင်းရင်းသားလူမျိုးစု ဘဝသစ်ထူထောင်ရေးပါတီ(ဦးရွှေဘုန်းဝင်း)၊

(၃) မေယုဖွံ့ဖြိုးရေး ကျောင်းသားလူငယ်များအဖွဲ့ချုပ်၊

(၄) တိုင်းရင်းနွယ်ဖွားပူးပေါင်းဆောင်ရွက်ရေးပါတီ

(၅) ရခိုင်အမျိုးသားပါတီ(ဦးထွန်းကျော်ဦး)

(၆) ရခိုင်လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ်(ဦးအောင်သာခိုင်၊
ဦးဇော်ဖေ)၊

(၇) ကမန်ဒီမိုကရေစီအဖွဲ့ချုပ်(ဦးရွှေယ)တို့ဖြစ်သည်။

ယင်းသို့ရခိုင်ပြည်နယ်တွင် ဘင်္ဂလီနို်င်ငံရေးပါတီများ ပေါ်ပေါက်လာရာ
ရခိုင်အမျိုးသားပါတီများ မည်သို့ စုစည်းညီညွတ်ကြမည်နည်း။
ရခိုင့်နိုင်ငံရေးသမားများ၊ ပြည်သူများအကြား ခေါင်းချင်းဆိုင်ကြရတော့သည်။
ထိုစဉ် (၁၀-၁၁-၈၈)နေ့တွင် ရခိုင်ပြည်သူ့ညီညွတ်ရေးအဖွဲ့မှ ဆော်သြမှုဖြင့်
ပါတီပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပါတ်သတ်သော အစည်းအဝေးတစ်ရပ်ကို
စစ်တွေမြို့တွင် ပြုလုပ်ခဲ့ကြသည်။ ပါတီ(၇)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြရာ
ဘင်္ဂလီပါတီတစ်ခု ပါဝင်ခဲ့သည်။

(၁) ရပညပါတီမှ ဦးကျော်ဇံရွှီနှင့် ဦးအောင်စိန်သာ၊ (၂) လူ/ငြိမ်း
ပါတီမှ ဦးသာလူ၊ (၃) ရတညအဖွဲ့မှ ဦးမောင်ညို၊ (၄) ရခိုင်လူမျိုးစုများ
ဒီမိုကရက်တစ်ပါတီမှ ဦးစံရွှေ၊ (၅) ရခိုင်ပြည်သူ့ညီညွတ်ရေးဒီမိိုကရေစီပါတီမှ
ဦးဇော်ဖေ(မူဆလင်)၊ (၇)ရဒဖ မှမူ ရန်ကုန်မြို့မှ ခေတ္တရောက်ရှိနေသော
ဦးခင်မောင်ကြီးမှ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

ထိုသို့ရခိုင်အမျိုးသားပါတီများ စုဆုံဆွေးနွေးနေကြစဉ်
ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ်ကို ဦးမြတ်တိုးနိုင်
(ကျောက်ဖြူ)မှဦးစီး၍ ၁၉၈၈-ခု၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် စစ်တွေမြို့၊
ရူပမြောက်ရပ်ကွက်၊ ဦးဥတ္တမလမ်းတွင် ဖွင့်လှစ်လာခဲ့သည်။
ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ် ဖွဲ့စည်းရခြင်း၏ အခြေခံရည်ရွယ်
ချက်တစ်ခုမှာ “အကွဲကွဲအပြားပြားဖြစ်နေသော ရခိုင့်နိုင်ငံရေးပါတီများအား
တစ်ခုတည်းသော တပ်ပေါင်းစုဖြစ်လာ စေရေး ဆောင်ရွက်ပေးရန်”ဟု ဆိုထားပါသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မူ မှတ်ပုံတင်ရရှိပြီး
တစ်လကျော်အချိန်အတွင်းမှာပင် ရခိုင်ပြည်နယ်အနှံ အပြား၌
ရဒဖမြို့နယ်အဖွဲ့ချုပ်များကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။ စစ်တွေမြို့နယ်
ရဒဖအနေဖြင့်လည်း ဥက္ကဌ ဦးဘအုန်း၊ အတွင်းရေးမှူး ဦးဝေစိန်အောင်နှင့်
အမှုဆောင်များဦးစီး၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများတွင် လည်းကောင်း၊
ဦးသာနို့တို့ဦးဆောင်၍ ဆတ်ရိုးကျကျေးရွာများတွင်လည်းကောင်း
ရပ်ကွက်ကျေးရွာအုပ်စု ရဒဖ အဖွဲ့ချုပ်များကို အချိန်တိုကာလအတွင်း
ဖွဲ့စည်းပြီးဖြစ်ခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင်လည်း ဒုဥက္ကဌ ဦးကျော်သာ၊
အတွင်းရေးမှူးဦးဘရှိန်နှင့် အမှုဆောင်များဦးစီး၍ ကွင်းဆင်းစည်းရုံးမှုကြောင့်
အချိန်တိုအတွင်း ၆၀ ရာခိုင်နှုန်းခန့်ကို ဖွဲ့စည်းနိုင်ခဲ့သည်ဟုသိရသည်။ အခြား
မြို့နယ်များတွင်လည်း အလားတူအောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ကြောင့် ရဒဖမှာ
ထိုအချိန်က ပြည်သူများ ကြားထဲသို့ အရောက်နိုင်ဆုံးသော ပါတီတစ်ခုဟု
ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရခိုင်အမျိုးသားပါတီ(၇)ခု
ပူးပေါင်းရေးအတွက်လည်း ဦးဆောင်မှုပေးရန် တာဝန်ရှိလာခဲ့သည်။

၁၉၈၈ခု၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ရဒဖ(ဗဟိုခွဲ)ကို စစ်တွေမြို့၊
လမ်းသစ်ရပ်ကွက်၊ မင်းဘာကြီးလမ်းရှိ ဦးစောလှ(သင်္ကန်းပရိက္ခရာ)အိမ်တွင်
ဖွဲ့စည်းပေးခဲ့သည်။

ဗဟိုဦးစီးစနစ်အရ ဖော်ပြပါပုဂ္ဂိုလ်များဖြင့်
(ယာယီ)ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ (၁)ဦးမောင်သာဇံ (ဗဟို
အလုပ်အမှုဆောင်အဖွဲ့ဝင်)၊ (၂)ဦးငမဲ (ဗဟိုဦးစီးအဖွဲ့ဝင်)
(၃)ဦးစံထွန်း(ဦးလူဖြူ) (ဗဟိုဦးစီးအဖွဲ့ဝင်)

ရဒဖ၏သဘောထားကြောငြာချက်အမှတ်(၂)၊ အပိုင်း-၁(က) ရခိုင်အရေးကဏ္ဍတွင်
“မဟာမိတ်ပြုရေးမှ တဆင့် တပ်ပေါင်းစုဖွဲ့ရေး၊ အန္တိမရည်မှန်းချက်အဖြစ်
ရခိုင်ပြည်နယ်အတွင်း ခိုင်မာကျစ်လစ်သော နိုင်ငံရေးအဖွဲ့ အစည်း
ပါတီတစ်ခုတည်းဖြစ်ရေးကို တာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်ရန်
သံဓိဌာန်ချထားသည်”ဟု ပါရှိ သည်။ ထိုကြောင့်ရဒဖသည် အခြားရခိုင်ပါတီများနှင့်
ညှိနှိုင်းခဲ့ရာ ရခိုင်တိုင်းရင်းသား(၄)ပါတီကို စုစည်းနိုင်ခဲ့သည်။
ရခိုင်ပြည်သူဒီမိုကရေစီတပ်ပေါင်းစုကို ၁၉၈၈ ခု၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင်
ဖွဲ့စည်းနိုင်ခဲ့သည်။

တပ်ပေါင်းစုဖြစ်သည်နှင့်အညီ (၄)ပါတီမှ ပုဂ္ဂိုလ်များကို
အဆင့်လေးဆင့်ထား၍ အညီအမျှပါဝင်စေခဲ့သည်။ ၎င်းမူလရခိုင်တပ်ပေါင်းစုတွင်
ပါဝင်ခဲ့သော ရခိုင်တိုင်းရင်းသားပါတီ(၄)ခုမှာ- (၁)ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
(၂)ရခိုင် ပြည်သူ့ညီညွတ်ရေးအဖွဲ့၊ (၃)ရခိုင်ပြည်ညီညွတ်ရေးနှင့်
ဒီမိုကရေစီပါတီ၊ (၄)မြို(ခေါ်)ခမီအမျိုးသားညီညွတ်ရေး အဖွဲ့တို့ဖြစ်သည်။

ပါတီတစ်ခုစီမှ ညီတူညီမျှပါဝင်ခဲ့သောပုဂ္ဂိုလ်များမှာ- (က)
နိုင်ငံရေးဦးသျှောင်အဖွဲ့တွင် ဦးကြာလှအောင်၊ ဦးသာကျော်(ဘုံပေါက်)၊
ဦးကျော်ဇံရွှီ၊ ဦးမောင်သာဇံ၊ ဦးကြာအောင်၊ ( ခ) ဥက္ကဌအဖွဲ့တွင် ဦးဘအုန်း၊
ဦးအောင်စိန်သာ၊ ဒေါက်တာကျော်သာ၊ ဦးမောင်ထွီး၊

(ဂ)အတွင်းရေးမှူးအဖွဲ့တွင် ဦးဦးလှစော၊ ဦးအောင်ဘန်းသာ၊ ဦးထွန်းစံ၊ဦးစိန်ထွန်း

(ဃ) ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဦးစံကျော်လှ၊ ဒေါက်တာမောင်အေးခင် တို့ပါဝင် သည်။

ရတညအဖွဲ့၊ လူ/ငြိမ်းပါတီနှင့် ရခိုင်လူမျိုးစုများညီညွတ်ရေး
ဒီမိုကရက်တစ်ပါတီတို့မှာ ဤမူလတပ်ပေါင်းစု တွင် မပါဝင်ခဲ့ကြချေ။

ဦးဝေစိန်အောင်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s