(The Mog Nation Wiki, an archive)
ရခိုင်ကမ်းမြှောင်ဒေသတွင် အကြီးမားဆုံးသော ရေတံခွန် ဖြစ်သည်။ စိုင်းတင်ချောင်း တွင်ရှိ၍ စိုင်းဒင်ရေတံခွန် ဟု အမည်တွင်သည်။ ပေ ရဝခန့်မြင့်ပြီး အကျယ်ပေ ရဝဝခန့်ရှိသည်။ ပေ ၅ဝဝကျော် မြင့်သော တောင်တန်းကြီး နှစ်ခုအကြား ကျောက်လွှာပြတ်မှ ရေလုံးကျဆင်းခြင်းဖြစ်သည်။ ရေဖမ်းနယ်မှာ မြောက်ဘက် ဘင်္ဂလားဒေ့ခ်ျနယ်စပ်အထိရှည်လျားပြီး အလျားမိုင်၃၀၊ အနံ၁၅မိုင်မျှကျယ်ဝန်းသည်။ ရေတံခွန်တစ်ဝိုက်တွင် သဘာဝဝါးတော ကြီးများ ရှိသည်။ သဘာဝရေအား လျှပ်စစ်နှင့် စက္ကူထုတ်လုပ်ရန် အရင်းအမြစ်များ ရှိကြသဖြင့် အင်္ဂလိပ်ခေတ် ကပင် ထုတ်ယူသုံးစွဲရန် ကြိုးပမ်းခဲ့ကြသည်။ရေတံခွန်သည် မယူမြစ်ဝမှ မိုင် ၅၀၊ စစ်တွေမြို့ မှ အဖြောင့်မိုင် ၆၀ ဝေးသည်။ စိုင်းတင်ရေတံခွန်ဟုလည်း ရေးကြသည်။
စိုင်းဒင်ရေတံခွန်၌ အဆင့်ခုနစ်ဆင့်ရှိသည်။ ပွင့်လင်းရာသီချိန်၌ စိုင်းဒင်ရေတံခွန်သို့ အပျော်ခရီးထွက်ကြသူများက ဝါးဖောင်များစီး၍ ကျယ်ပြန့်သော ရေပြင်ရှိသည့် အဆင့်များသို့တက်၍ ရေကစားကြသည်။ စိုင်းဒင် ရေတံခွန်သို့ လာရောက်လည်ပတ်မည်ဆိုလျှင် ဘူးသီးတောင်မြို့မှ စက်တပ်လှေများဖြင့် သွားရောက်နိုင်သလို ဘူးသီးတောင် – ရသေ့တောင်- ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းမှ တစ်ဆင့်လည်း ဘူးသီးတောင်မြို့မှ ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ပါသည်။ စိုင်းဒင်ရေတံခွန်သည် မေယုမြစ်ထဲသို့ စီးဆင်းသည့် စိုင်းဒင်မြစ်ရဲ့ အထက်ဘက်၌တည်ရှိပြီး စက်တပ်လှေဖြင့် နှစ်နာရီခန့် ကား၊ ဆိုင်ကယ်တို့ဖြင့် တစ်နာရီခွဲနီးပါးသွားရသည်။
စိုင်းဒင်ရေတံခွန် ရှိနေသောနေရာ၌ ရှေးရခိုင်ဘုရင်များလက်ထက် စိုင်းဒင်မြို့ဟု အမည်ရသော မြို့တစ်မြို့ တည်ရှိခဲ့ဖူး၍ စိုင်းဒင်ရေတံခွန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ရှေးရခိုင်ဘုရင်များ ကိုးကွယ်ခဲ့သော ရှေးဟောင်းဘုရား ဒုံးသိမ်ပုထိုးတော်ကြီးရှိနေသည်။ ဒုံးသိမ်ပုထိုးတော်ကြီးအား အရံစေတီတော်ငယ် ၁၂ ဆူ ဝန်းရံထားပြီး မြောက်ဦးမြို့ရှိ ထုက္ကန်သိမ်နှင့် ပုံသဏ္ဌာန်ဆင်တူသည်။ စိုင်းဒင်ရေတံခွန် အနီးအနား၌ အင်္ဂလိပ်လက်ထက်က ရခိုင်လူမျိုး သူဌေးဦးကျော်ခိုင် တည်ထားကိုးကွယ်ခဲ့သည့် မေယုဒေသ၌ ထင်ပေါ်ကျော်ကြားသော သုံးဆယ့်တစ်ဘုံ စေတီတော်ကြီးလည်း တည်ရှိနေသည်။
ကိုးကား
- ၁။ စိုင်းဒင်ရေတံခွန် | Wikipedia
- ၂။ “ရခိုင့်သဘာဝအလှ စိုင်းဒင်ရေတံခွန်” ၊ by အောင်ကြည်မိုး(စစ်တွေ)
End Notes/External Links
- Last updated on 21st January 2022

စိုင်းဒင်ရေတံခွန်
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter