ရခိုင်ရာမယဏအား ခြေရာခံကြည့်ခြင်း

(The Mog Nation Wiki, an archive)


ရေးသူ- မောင်ပြူး သံတွဲ

အလောင်းတော်ရာမဟုဆိုသည်နှင့် ၅၅၀ နိပါတ်ထွက် ဒသရဌဝတ္ထုကို သတိရကြပါမည်။ အကြောင်းမှာ ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ နိပါတ်ထွက် ဒသရဌဝတ္ထုမှ ရာမသည် ဂေါတမဗုဒ္ဓလောင်းလျာ ဘုရားလောင်းဖြစ်သောကြောင် ဖြစ်ပါသည်။ အလောင်းတော်ရာမသာခြင်းဟု အမည်ပေးထားသော်လည်း ဆရာထွန်း၏ရာမသာခြင်းသည် နိပါတ်ထွက်ရာမကို ဖွဲ့ဆိုထားသည်မဟုတ်။ ဗုဒ္ဓဘာသာအလောင်းတော်ရာမ နှင့်မပတ်သက်ပဲ ဘီစီ ၆ ရာစုနှင့် ဘီစီ ၃ ရာစုကြားကာလက အိန္ဒိယပြည်တွင် သက္ကတဘာသာဖြင့် ရေးဖွဲ့ခဲ့သော ဝါလမိကိရသေ့၏ ရာမာယဏဇာတ်လမ်းကို ရေးဖွဲ့ထားခြင်းသာဖြစ်ပါသည်။

သက္ကတရာမနှင့် နိပါတ်ထွက်ရာမကို နှိုင်းယှဉ်ကြည့်လျှင် သက္ကတရာမသည် ဗြဟ္မဏဝါဒကို ကိုယ်စား ပြုပြီး နိပါတ်ထွက်ရာမသည် ဗုဒ္ဓဝါဒကို ကိုယ်စားပြုခြင်း၊ သက္ကတရာမဝတ္ထုသည် ဓမ္မနှင့်အဓမ္မကိုဖော်ပြပြီး နိပါတ်ထွက်ရာမဝတ္ထုသည် အနိစ္စတရားကိုဖော်ပြခြင်းသက္ကတရာမဝတ္ထုတွင် ဘီလူးများ မျောက်များပါဝင်၍ နိပါတ်ထွက်ရာမဝတ္ထုတွင် ဘီလူးများ မျောက်များမပါဝင်ခြင်းသက္ကတရာမဝတ္ထုမှ ဒသရဌမင်းကြီးသည် အယောဈာပြည်ကဖြစ်၍ နိပါတ်ထွက် ဝတ္ထုမှ ဒသရဌမင်းကြီးသည် ဗာရာဏသီပြည်ကဖြစ်ခြင်းသက္ကတဝတ္ထုလာ ရာမမင်းသားသည် ဗိဿနိုးဝင်စားသူ အဝတာရဖြစ်၍ နိပါတ်ထွက်ရာမသည် ဘုရားလောင်းဖြစ်ခြင်းစသည်ဖြင့် တွေ့ရှိရသောကြောင့်လည်းကောင်း၊ တန်းခိုးဆရာထွန်း၏ ရာမသာခြင်းသည် သက္ကတရာမဝတ္ထုဇာတ်လမ်း ဇာတ်ကွက်များအတိုင်း သီကုံးထားခြင်းဖြစ်သောကြောင့်လည်းကောင်း၊ ဆရာထွန်း၏ရာမသာခြင်းပါ ရာမမင်းသားသည် အလောင်းတော်ရာမ မဟုတ်ဟုဆိုရပါမည်။

သို့သော် ဆရာထွန်းက မိမိသာခြင်းနိဒါန်း၌ “ရာမလောင်းတော်၊ လှသီတာနှင့် ညီတော်လက္ခဏ”ဟုလည်းကောင်း“ရာမလောင်းတော်၊ ဖြစ်ကြောင်းရာကို၊ ကဗျာမော်ကွန်း”ဟုလည်းကောင်းသာခြင်း၏နိဂုံးပိုဒ်တွင်“ဤသည်နိပါတ်ရာမဇာတ်ကို”ဟုလည်းကောင်း“အရင့်အနု၊ ရာမဇာတ်တော်၊ နိပါတ်လာကို၊ ထောက်မျှော်ရှုကေ”ဟုလည်းကောင်း၊ “ဤသည်ဝတ္ထု နိပါတ်နုကို” ဟုလည်းကောင်း ရေးသားခဲ့ပြီး၊ ဓမ္မနှင့်အဓမ္မကို ခွဲခြားဖော်ပြရုံမျှမက အနိစ္စဒုက္ခအနတ္တ၏ သဘောလက္ခဏာ များကိုပါ ပေါ်လွင်အောင်ရေးသားသီဖွဲ့ခဲ့သဖြင့် ဟိန္ဒူဗြဟ္မဏရာမကို အခြေခံ၍ အလောင်းတော်ရာမကို ဦးတည်၍ရေးဖွဲ့သောသာခြင်းဖြစ်သည်ဟု ဆိုရပါမည်။ သို့သော် တန်းခိုးဆရာထွန်း၏သာခြင်းကို အလောင်းတော် ရာမသာခြင်းဟု ခေါ်ဆိုသည်ထက်“ရခိုင်ရာမယဏသာခြင်း”ဟု ခေါ်ဆိုခြင်းက ပိုမိုသင့်လျော်မည်ဟု ယူဆပါ သည်။

ရခိုင်တွင် ရခိုင်ဘာသာဖြင့် ရေးဖွဲ့ထားသော ရာမဝတ္ထုအဖြစ် ဆရာထွန်း၏လက်ရာတစ်ခုတည်းကိုသာ တွေ့ ရပါသည်။ ကျောက်တော်မြို့နယ် မဟာမုနိကုန်းတော်ပေါ်တွင် အေဒီ ၆-ရာစု ဂုပ္ပတလက်ရာဟန်ဖြင့် ပန်းနုရောင် သဲကျောက်များဖြင့် ထုလုပ်ထားခဲ့သော ရုပ်ကြွများဟု Pamela Gutman ဖော်ပြခဲ့သော ရုပ်ကြွ များအနက် ဟနုမာန်မျောက်၏ ရုပ်ကြွကိုတွေ့ ရခြင်း၊ မြောက်ဦးမြို့ပြတိုက်အတွင်း၌ မျောက်ဦးခေါင်းနှင့် ငါးခန္ဓာ ကိုယ်ပါသော ပစ္ဆမက္ကဋအရုပ်ကိုတွေ့ ရခြင်း၊ ရှေးရခိုင်မင်းများလက်ထက်ကပင် ရာမဇာတ်တော်ကို နန်းတွင်း၌ကပြလေ့ရှိခဲ့ခြင်း၊ ရခိုင်တို့သည် ရှေးခေတ်ကပင် ရာမဇာတ်တော်ကို လေးစားမြတ်နိုးခဲ့ကြခြင်းတို့ကြောင့် တန်းခိုးဆရာထွန်းမတိုင်မီကပင် ရခိုင်ပြည်တွင် ရာမဇာတ်ဝတ္ထုရှိခဲ့မည်ဟု ယူဆရပါသည်။ သို့သော် ထိုမူကို ယနေ့တိုင်ရှာမတွေ့ နိုင်သေ င်သေးပေ။ ရခိုင်တို့၏ ရှေးဟောင်းအမွေ စာပေတို့ကား ပျက်စီးပျောက်ကွယ်ခဲ့ပါချေပြီ။

မည်သို့ပင်ဖြစ်စေ ရခိုင်ဒေသတွင် ရှေးခေတ်ကပင် ဆင်းသက်လာခဲ့သော ရာမဇာတ်တော်ကို လေးစားမြတ်နိုး ခဲ့ကြခြင်းတို့ကြောင့် တန်းခိုးဆရာထွန်းမတိုင်မီကပင် ရခိုင်ပြည်တွင် ရာမ ဇာတ်ဝတ္ထုရှိခဲ့မည်ဟု ယူဆရပါသည်။ သို့သော် ထိုမူကို ယနေ့တိုင် ရှာမတွေ့ နိုင်သေးပေ။ ရခိုင်တို့၏ ရှေးဟောင်းအမွေစာပေတို့ကား ပျက်စီးပျောက်ကွယ် ခဲ့ပါချေပြီ။ မည်သို့ပင်ဖြစ်စေ ရခိုင်ဒေသတွင် ရှေးခေတ်ကပင် ဆင်းသက်လာခဲ့သော ရာမဝတ္ထုသည် တန်းခိုး ဆရာထွန်း၏ခေတ်သို့ရောက်သောအခါ ရခိုင့်အကြိုက်ရခိုင့်စရိုက်၊ ရခိုင့်ဓလေ့နှင့်လျော်ညီသောသာခြင်းမူ ဇာတ်လမ်းဇာတ်ကွက်အဖြစ် ထွက်ပေါ်လာသည်မှာ မငြင်းသာသောအချက်ဖြစ်ပါသည်။

ယင်းအပြင် ရခိုင်ရာမသာခြင်းဝတ္ထုကြောင်း သီဖွဲ့ရာတွင် အထောက်အကူဖြစ်နိုင်သော ရခိုင်ဘာသာ စကားနှင့် အနီးစပ်ဆုံးဖြစ်သော မြန်မာရာမမူများကို မလွဲမသွေလေ့လာသင့်သည်ဟု ယူဆပါသည်။ မြန်မာပြည် တွင် ပုဂံခေတ်နန်းတွင်း၌ ရာမဇာတ်ကို ကပြလေ့ရှိကြောင်းသက္ကတရာမာယဏဇာတ်တော်ကြီးသည် ပုဂံတွင် ကျယ်ပြန့်စွာ ထွန်းကားခဲ့ကြောင်း၊ ကျန်စစ်သားမင်းကြီးသည် ရာမာယဏဇတ်တော်ကြီးကို အလွန်နှစ်သက် ကြောင်း ကျောက်စာအထောက်အထားများ ရှိပါသည်။ ရာမာယဏဇာတ်တော်ကြီးသည် နှစ်ပေါင်းများစွာ မြန်မာ အကြိုက်မြန်မာစရိုက်၊ မြန်မာဓလေ့ဖြင့် ပြုပြင်ပြောင်းလဲခြင်းခံခဲ့ရရာ အင်းဝဆင်ဖြူရှင်မင်းတရားကြီး နတ်ရွာမစံမီတစ်နှစ်အလို ၁၇၇၅-ခုနှစ်တွင် ရေးသားခဲ့သော ဦးအောင်ဖြိုး၏ ရာမသာခြင်းတွင် မြန်မာဟန်စစ်စစ် ရရှိခဲ့ပါသည်။ ယင်းနောက်ဘိုးတော်ဘုရားလက်ထက် ၁၇၈၄-ခုနှစ်တွင် ဦးတိုးရေးသည့် ရာမရကန်သည် ထင်ရှားပါ သည်။ ၁၇၈၉ ခုနှစ်တွင် မြန်မာရာမပြဇာတ်ဟူ၍ ပေါ်ပေါက်ခဲ့သော်လည်း ထိုမူကို ရှာမတွေ့ရသေးပါ။

ယင်းနောက်ပေါ်ပေါက်ခဲ့သော မြန်မာရာမမူများမှာ ၁၈ဝဝ ပြည့်နှစ်တွင် မြေထဲမင်းကြီး တမီလ်(ဒမိလ)ဘာသာမှ ပြန်ဆိုရေးသားခဲ့သော ကလယ်ရာမဝတ္ထု၊ ၁၉-ရာစုနောက်ပိုင်းက အမည်မသိသူတစ်ဦးရေးသားခဲ့သော မဟာရာမ ဝတ္ထု၁၈၄၉ -ခုနှစ်တွင် နေမျိုးနဋကကျော်ခေါင်ရေးသားခဲ့သော သီရိရာမပြဇာတ်၁၈၈ဝ တွင် ပုံနှိပ်ထုတ်ဝေ ခဲ့သော ဦးကူးရေးသည့် ပုံတော်ရာမပြဇာတ်၊ ၁၉၀၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် ဆရာထွေး၏ရာမ သုံးမျိုးဇာတ်တော်ကြီးဝတ္ထုတို့ကား ဆရာထွန်း မတိုင်မီပေါ်ပေါက်ခဲ့ကြသော မြန်မာရာမမူများဖြစ်ကြပါသည်။ ဆရာထွန်းမတိုင်မီ ပေါ်ပေါက်ခဲ့သော မြန်မာရာမမူများ တွင်လည်း အပြည့်အစုံတွေ့ ရသောမူများမှာ ရာမသာချင်း၊ မဟာရာမဝတ္ထု၊ သီရိရာမပြဇာတ်၊ ပုံတော်ရာမပြဇာတ်နှင့် ရာမသုံးမျိုးဇာတ်တော်ကြီးဝတ္ထုတို့ဖြစ်ကြပါသည်။ ကျန်မူများမှာ ဇာတ်လမ်းအစမှ အဆုံးတိုင်မရေးဖွဲ့ခြင်း(သို့မဟုတ်) မတွေ့ရခြင်းဖြစ်သည်ဟု သိရပါသည်။

ပါမောက္ခအိုးနိုတိုးရုသည် ရခိုင်အလောင်းတော်ရာမသာခြင်းကို မြန်မာရာမမူဟူသော နယ်အတွင်းသို့ ဆွဲသွင်းကာ ရာမသာခြင်းနှင့် မြန်မာရာမမူများကို အသေးစိတ်နှိုင်းယှဉ်မှုမပြုခဲ့သည့်အပြင်ရာမသာခြင်းမှ ထူးခြားသော ဇာတ်ကွက်နှင့် အနုစိပ်ကွဲလွဲမှုများကို ဖော်မပြခဲ့ပေအမှန်ဆိုလျှင် တန်းခိုးဆရာထွန်း၏ ရခိုင် ရာမသာခြင်းလာ ဇာတ်လမ်းဇာတ်ကွက်များသည် ဆရာဇော်ဂျီသုတေသနပြု ရေးသားခဲ့သကဲ့သို့ ရာမသာချင်းနှင့် တူသည့်အခါတူ၍၊ မဟာရာမဝတ္ထုနှင့်တူသည့်အခါတူ၍ ပုံတော်ရာမပြဇာတ်နှင့် တူသည့်အခါတူ၍ရာမသုံးမျိုးဇာတ်တော်ကြီးဝတ္ထုနှင့် တူသည့်အခါ တူသည်ဟုဆိုရပါမည်။ သို့သော် ထိုမူများနှင့်မတူသော ဇာတ်ကွက်များ၊ အနုစိပ်ကွဲလွဲချက်များလည်း ရှိပါသည်။ တစ်ခါတရံမွန်ရာမဇာတ်ကွက်နှင့်တူညီ၍ တစ်ခါတစ်ရံ တွင် ဘင်္ဂလီရာမနှင့်လည်းကောင်း ဟိန္ဒီရာမမူနှင့်လည်းကောင်း တူသည့်အနုစိပ်တူညီချက်များ ရှိသည်ကို တွေ့ ရပါသည်။

ဦးအောင်ဖြိုး၏ရာမသာချင်းတွင် ဗာလကဏ္ဍမှ ယုဒ္ဓကဏ္ဍအထိ (ဒဿဂီရိကျဆုံးသည်အထိ) ၆ ပိုင်း ပါဝင်ပါသည်။ ဆရာထွန်း၏ ရခိုင်သာချင်းတွင် မာလကဏ္ဍမှ ဥတ္တရကဏ္ဍအထိ ၇ ပိုင်းအပြည့်အစုံ တွေ့ရ ပါသည်။ ဦးအောင်ဖြိုး၏ မြန်မာရာမသာချင်း ၆ ကဏ္ဍကို ဆရာထွန်း၏ ရခိုင်ရာမသာခြင်းကို နှိုင်းယှဉ်ကြည့်သော အခါ ပထမဗာလကဏ္ဍတွင် သိယိုကျွန်းရှင် ဘီလူးမင်း ဣရန္တက၏သမီးတော် နိဂုမ္ဘီသည် တောထွက်၍ အနှစ် ရှစ်သောင်း ကမ္မဌါန်းစီးဖြန်းပုံ၊ ဗြဟ္မာမင်းလာ၍ သားဆုပေးပုံ၊ ဗြဟ္မာမင်းက ဒဿဂီရိထံသို့လာ၍ဆုပေးပုံ၊ ဒဿဂီရိသိယုံပြည်ထီးနန်းရရှိပုံ၊ အသူရာ နတ်မင်း၏ သမီးမန္ဒောဒရီနှင့်ရ၍ မေယနာဒ(ဣန္ဒာဇိတ)ကိုဖွားမြင်ပုံ၊ ဒဿဂီရိက နတ်သမီးတစ်ပါးအား မတရားပြုကျင့်၍ ထိုနတ်သမီးသည် မီးပုံထဲခုန်ဆင်းပုံ မိတ္ထီလာပြည့်ရှင် မဟာဇနကမင်းကြီး လယ်ထွန်မင်္ဂလာပြုရာတွင် သီတာလောင်းလျာဖြစ်သော မိန်းကလေးကိုရရှိပုံ၊ အယုဒ္ဓယ (အယောဓာ)ပြည့်ရှင် ဒသရဌမင်းကြီး တောကစားစဉ် ရသေ့ငယ်တစ်ပါးအား မြားဖြင့်ပစ်မိပုံ၊ တြိခူလရသေ့ထံ ရောက်၍ သားဆုပန်ပုံ၊ ရသေ့ပေးလိုက်သော ငှက်ပျောသီးနှစ်လုံးကိုစားရ ၍ မိဖုရာသုံးပါးတို့က ရာမ၊ လက္ခဏာ၊ ဘဒရနှင့်ပရုဏ္ဏညီနောင်လေးဦးကို ဖွားမြင်ပုံ၊ မဟေသရနတ်မင်းက မိတ္ထီလာပြည့်ရှင် ဇနကမင်းကြီး အား လေးတင်ပွဲကျင်းပခိုင်းပုံ၊ ဒဿဂီရိလည်း လေးတင်ပွဲသို့ ရောက်လာပုံ၊ လေးတင်ပွဲတွင် ရာမမင်းသားအနိုင်ရပုံ၊ ပသျှူးရာမနှင့် စစ်တိုက်၍ အောင်မြင်ခဲ့ပုံ၊ ဇာတ်များမှာ မြန်မာရာမသာချင်းနှင့် ရခိုင်ရာမသာချင်းတို့ တူညီကြပါသည်။ ဇာတ်ကွက်၂၃ကွက်ဖြစ်ပါသည်။

 မတူညီသော ဇာတ်ကွက် ၇ ကွက်ကိုလည်း တွေ့ ရပါသည်။ ၎င်းတို့မှာ မြန်မာရာမသာချင်းတွင် သရက်သီး ၃-ခိုင်ကို နိဂုမ္ဘီက ဗြဟ္မာအား လှူဒါန်းခြင်းဖြစ်၍ ရခိုင်ရာမ သာခြင်းတွင် နိဂုမ္ဘီ အိပ်ပျော်သွားစဉ် အိပ်မက်ထဲ၌ ရသေ့အားလှူဒါန်းခြင်း၊ မြန်မာရာမသာချင်းတွင် ဒဿဂီရိသည် အာသာဝတီ နွယ်နီသီးကိုစားရာမှ အကျင့်ဖောက်ပြားရမ်းကားလာသည်ဟုဆို၍၊ ရခိုင်ရာမသာချင်း တွင် မန္ဒောဒရီက အသူရာ ပြည်က အရက်မျိုးကိုစားရာမှ အကျင့်ဖောက်ပြားရမ်းကားလာသည် ဟုဆို၍ ရခိုင်ရာမသာခြင်းတွင် မန္ဒောဒရီက အသူရာပြည်က အရက်မျိုးကိုချက်၍တိုက်ရာမှ အရက်စွဲသွားကာ အကျင့်ဖောက်ပြားလာသည်ဟုဆိုခြင်း၊ မြန်မာရာမသာချင်းတွင် နတ်သမီးခုန်ချသော မီးပုံထဲမှ လူသားမိန်းကလေး မွေးလာသည်ဆိုခြင်း၊ ရခိုင်ရာမသာခြင်းတွင် မီးပုံပြာပုံမှပေါ်လာသောကြာဖူး၌ သန္ဓေတည်၍ မိန်းကလေးမွေးလာ သည်ဆိုခြင်းမြန်မာရာမ သာချင်းတွင် လက္ခဏမင်းသားသည် ဘဒရ(ဘာရတ)မင်းသားနှင့် မိဖုရားကေကေယီမှ မွေးဖွားသော ညီအစ်ကိုအရင်းဖြစ်၍ ရခိုင်ရာမသာခြင်းတွင် လက္ခဏမင်းသားသည်ပရုဏ္ဏ(သတ္တရုဃန) မင်းသားနှင့် သုမိတ္တာမိဖုရားမှ မွေးဖွားလာသော ညီအစ်ကိုအရင်းဟုဖေါ်ပြခြင်းမြန်မာရာမသာချင်းတွင် ကာက ဝဏ္ဏကျီးကို နှိမ်နင်းရန် ရာမမင်းသားတစ်ဦးတည်း ရသေ့နှင့်လိုက်ပါသွားသည်ဆို၍ ရခိုင်ရာမသာချင်းတွင် ညီတော်လက္ခဏမင်းသားလည်း လိုက်ပါခဲ့ရသည်ဟုဆိုခြင်း မြန်မာရာမသာချင်းတွင် လေးတင်ပွဲသို့ ဆရာရသေ့ နှင့်အတူ ရာမမင်းသားတစ်ဦးသာ ပါလာသည်ဟု ဖော်ပြပြီး ရခိုင်ရာမသာချင်းတွင် ဆရာရသေ့နောင်တော်ရာမတို့နှင့် ညီတော် လက္ခဏလည်း ပါသည်ဟုဆိုခြင်း၊ မြန်မာရာမသာချင်းတွင် လေးတင်ပွဲအပြီးတွင် ဒဿဂီရိသည် ကြောက်လန့်၍ ကမန်းကတန်းထွက်ပြေးသွားပြီး ရခိုင်ရာမသာခြင်းတွင် ရာမနှင့်မိမိသည် တစ်နေ့နေ့တွင် တွေ့ကြဦးမည်ဟု ကြိမ်းဝါးကာ အေးအေးဆေးခေ ားဆေးထွက်သွားခြင်း ဇာတ်ကွက်များမှာ ကွဲလွဲသော ဇာတ်ကွက်များပင် ဖြစ်ပါသည်။

ဤကဏ္ဍ၌ အခြားထူးခြားချက်တစ်ခုမှာ မြန်မာရာမသာချင်းတွင် လေးတင်ပွဲအပြီး၌ ရာမမင်းသားက မြားတွင် စာရွက်တပ်၍ အယုဒ္ဓယပြည်သို့ပစ်လိုက်ရာ ညီတော်သုံးပါး ထိုမြားမှစာကိုရရှိပြီးမိတ္ထီလာသို့လိုက်လာကြကြောင်း ရာမမင်း၏ညီတော်သုံးပါးကိုလည်း ဇနကမင်း၏ညီတော် သုံးပါး၏ သမီးတော်သုံးပါးနှင့် အသီးသီးလက်ထပ် ကြကြောင်း ဆိုထားပါသည်။ ရခိုင်သာခြင်းဆရာ ဆရာထွန်းကမူ ယင်းဇာတ်ကွက်သည် “ရာမဝတ္ထုနိပါတ်နုကိုစပ်ပြုစီရင်၊ ပညာရှင်တို့ပြစ်တင်စကားတချို့ သူလေ၊ လူဗိုလ်များတို့ပြောဆိုလိမ္မည်၊ သို့ဖြစ်ပေ၍”သာလျှင် ဤဇာတ်ကွက် ဖော်ပြရခြင်းဖြစ်ကြောင်း ညီနောင် လေးပါးနှင့် မင်းသမီးလေးပါး တပြိုင်တည်းလက်ထပ်ခြင်းမှာ အစဉ်အလာအရသာ ဖော်ပြရခြင်းဖြစ်ကြောင်း ဤသို့တပြိုင်တည်း လက်ထပ်ကြသည်ဟု “နိပါတ်ရာဇဝင်၊ ရှိပါကျင်လည်း၊ဆင်ခြင်တုံမြောက်ကျွန်ုပ်ဆရာ၊ အဖြာဖြာကိုစာနာထောက်ကရှေ့နောက်စကား၊ ကွေ့ကောက်ငြားလို့”ဟု ဇာတ်လမ်းရှေ့နောက်မညီ ကြောင့် ချန်ထားခဲ့ကြောင်းကို သာခြင်းပိုဒ်ရေ ၆၉ တွင် ဖော်ပြခဲ့ပါသည်။ သော

ဒုတိယပိုင်းဖြစ်သော အယုဒ္ဓယကဏ္ဍတွင် မိဖုရားကေကေယီ၏ တောင်းဆိုမှုကြောင့် ရာမသီတာဒေဝီ နှင့် လက္ခဏတို့တောသို့ အနှင်ခံရသည်မှစ၍ ဘာရတမင်းသားတို့ ရာမမင်းအားလာ၍ ပြန်ခေါ်ပုံ၊ ရာမမင်းက ခြေနင်းစင်္ကြာကိုပေးလိုက်ပုံအထိ ဇာတ်ကွက်များအားလုံးမှာ မြန်မာသာချင်းနှင့် ရခိုင်သာခြင်းတို့တွင် အတူတူပင် ဖြစ်ပါသည်။ ရခိုင်ရာမသာခြင်းတွင် ထူးခြားသည်မှာ မှူးမတ်များမယ်တော်များနှင့်အတူ ပြန်သည့်အခါသေလာ ဂီရိတောင်ခြေသို့ ရောက်သောအခါ ဘာရတနှင့် ဝရုဏ္ဏမင်းသားတို့ ရသေ့ပြု၍ ကျန်နေခဲ့ကြသည်ဟု ဖော်ပြခြင်း ပင်ဖြစ်ပါသည်။

တတိယပိုင်းဖြစ်သော အရညကဏ္ဍတွင် တောတွင်း၌ ရာမနှင့်လက္ခဏာတို့ ဒုသနှင့်ခရဘီလူးရန်ကို နှိမ်နင်းရ ပုံဂမ္ဘီဘီလူးမ သမင်ယောင်ဆောင်၍ ဖျားယောင်းပုံဒဿဂီရိက ရသေ့ဟန်ဆောင်၍ သီတာကိုခိုးယူပုံရာမနှင့် လက္ခဏာတို့ သီတာကိုလိုက်ရှာကြပုံတို့ကို ရေးဖွဲ့ထားသောအကြောင်းအရာများတွင် ဦးအောင်ဖြိုးနှင့် ဆရာထွန်းတို့ ကွဲလွဲမှုမရှိပါ။

စတုတ္ထပိုင်းဖြစ်သော ကိဿကိန္နာကဏ္ဍတွင် ရာမနှင့်လက္ခဏာတို့ သုဂြိပ်မျောက်နှင့်တွေ့ကြပုံဗာလီမျောက်ကို နှိမ်နင်းပုံမျောက်စစ်သည်များနှင့် သမုဒ္ဒရာကမ်းခြေသို့ ချီတက်ကြပုံဟနူမာန်ကိုရှာပြီး ရာမမင်းက ကျောပြင်ကိုလက်ဖြင့် သုံးကြိမ်သုံးသပ်မှ ဟနုမာန်နဂိုရ်အတိုင်း ပြန်ဖြစ်ပုံရာမမင်းက မိမိ၏ နဝရတ် လက်စွပ်ကိုပေး၍ ဟနူမာန်အား သိယိုပြည်သို့ ခုန်ကူး၍ သီတာကို ရှာဖွေခိုင်းပုံတို့တွင် မြန်မာရာမ သာချင်းနှင့် ရခိုင်ရာမသာခြင်းတို့ ဇာတ်လမ်းတူညီကြပါသည်။

သို့သော် ဤကဏ္ဍတွင် မြန်မာသာချင်း၌ ဟနူမာန်သည် နေကို ကင်းပုံသီးထင်မှတ်၍ ခုန်ဆွတ်မိခြင်းဟု ရေးဖွဲကပြီး ရခိုင်သားခြင်းတွင်မူ ဟနုမာန်သည် နေနှင့်လကို ဘောလုံးကဲ့သို့ ပုတ်ခတ်ကစားခြင်းဖြစ်သည်ဟုဆိုခြင်း၊ မြန်မာသာချင်း၌ ဟနူမာန်သည် သီယိုကျွန်းသို့ ခုန်ကူး သည့်အခါ လမ်းတွင် မေခလာနတ်သမီးနှင့် တွေ့ ခဲ့ရသည်ဆို သည့်အချက်များမှာ မြန်မာသာချင်းနှင့် ရခိုင်သာခြင်းတို့၏ ကွဲလွဲချက်ဖြစ်ပါသည်။

ပဉ္စမပိုင်းဖြစ်သော သုန္ဒရကဏ္ဍတွင် ဟနူမာန်သည် ညဉ့်အချိန်၌ သီတာဒေဝီကို ရှာဖွေပုံ၊ မတွေ့ရသဖြင့် အိပ်ပုံမိုးသောက်သောအခါ လိုက်ရှာ၍ သီတာကိုတွေ့ရပုံ၊ သော်ကဥယျာဉ်ကို ဟနူမာန်ဖျက်ဆီးပုံပရိယာယ်ဖြင့် ဟနူမာန်အဖမ်းခံပုံ၊ သိယိုပြည်ကို မီးလောင်အောင်ဖန်တီးပုံတို့မှာ မြန်မာသာချင်းနှင့် ရခိုင်သာခြင်းတို့ ဇာတ်လမ်းအတူ တူပင်ဖြစ်ပါသည်။ သို့သော် ဤကဏ္ဍတွင် မြန်မာမူ၌ ဟနူမာန်သည် သီတာဒေဝီကို စမြင်သော အခါ ဒဿဂီရိနှင့် မန္ဒောဒဂီတို့ သီတာဒေဝီကို ဖျားယောင်းသွေးဆောင်၍ မရသောအခါ ဂုမ္ဘီဘီလူးကို အစောင့်ထားခဲ့၍ ပြန်ကြသည်ဟု တွေ့ ရသော်လည်း ရခိုင်ရာမသာခြင်းတွင် သီတာဒေဝီကို ဟနူမာန်မြင်သော အခါ သုစိတ္တဘီလူးက သီတာဒေဝီအား ဒဿဂီရိ၏အချစ်ကို လက်ခံရန် တိုက်တွန်းနေသည်ဟု လာရှိပါသည်။ ယင်းအပြင် ဒဿဂီရိ၏ ရှေ့၌ ဟနူမာန်၏လှုပ် ရှားမှုကို မြန်မာသာချင်းဆရာက မည်သို့မျှ ဖော်မပြသော်လည်း တန်းခိုးဆရာထွန်းကမူ ဟန္နမာန်သည် ဒဿဂီရိရှေ့တွင် မိမိအမြီးကိုရစ်ခွေပြီး ထပ်လိုက်သောအခါ ဒဿဂီရိ ပလ္လင်ထက် တစ်တောင်ခန့်ပို၍ မြင့်သွားပြီး၊ ယင်းအပေါ်တက်ထိုင်ကာ ရာမမင်း၏စေတမန်ဖြစ်ကြောင်း ပြောသည်ဟု ရေးဖွဲ့ပါသည်။ အခြားကွာခြားချက်များမှာ မြန်မာသာချင်း၌ ဟနူမာန်သည် ရာမထံသို့အပြန်ခရီးတွင် သီတာဒေဝီထံမှ ဆံပင်၇ ပင်ကို ယူ၍ သပြေပန်းပန်လျှက် ပြန်ခဲ့သည်ဟု ဆိုသော်လည်း ရခိုင်ရာမသာခြင်း၌မူ ဆံပင် ၁ဝ ချောင်းကို ယူ၍သာပြန်ခဲ့ပြီး သပြေပန်းပန်လျှက်လာသည်ဟု မတွေ့ ရပါ။

ဆဌမပိုင်းဖြစ်သော ယုဒ္ဓကဏ္ဍတွင် ကျောက်တန်းဆည်ပြီး သိင်္ဃသို့ စစ်ချီကြပုံငအောင်ကွတ်မျောက်ကို သံတမန်စေလွှတ်ပုံ၊ ဘီလူးများက ရာမကို စစ်ထိုးရန် ဒဿဂီရိအား လျှောက်ထားပုံ၊ ဗီဘိသနက သီတာကို ရာမအား ပြန်ပေးရန် တိုက်တွန်းသဖြင့် ဒဿဂီရိက ဗီဘိသနအား ခြေဖြင့်ကျောက်ကန်၍ဘိနပ်ဖြင့် ရိုက်သဖြင့် ဗီဘိသနသည် ရာမဘက်သို့ခိုဝင်ပုံဒဿဂီရိ၏သားတော် ဣန္ဒဇိတစစ်ထွက်တိုက်ပုံဣန္ဒာဇိတပစ်သော လက်နက်မှန်၍ ရာမမင်းမေ့ လူးပုံဟနူမာန်ဆေးပင်ရှာ၍ ကုသ၍ ရာမမင်းသက်သာလာပုံမိန်းမမျက်နှာကို ၁၂ နှစ်မမြင်ဖူးသူမှ ဣန္ဒာဇိတကို မြင်နိုင်ပုံလက္ခဏာညွှန်ပြရာသို့ ရာမကများဖြင့်ပစ်၍ ဣဒ္ဓိဇိတကျဆုံးရပုံ၊ ဒဿဂီရိ၏ညီတော် ဂုမ္ဘီကဏ္ဍကျဆုံးပုံဒဿဂီရိယာဇ်ပူဇော်ပွဲပြုလုပ်၍ ယာဇ်ပူဇော်ပွဲကိုဖျက်ဆီးပုံဒဿဂီရိ၏လက်နက်ထိမှန်၍ ရာမမူးမေ့ပုံဆေးမြစ်ဖြင့် ကုသ၍ ရာမမင်း ပြန်လည်သတိရပုံမှ ဒဿဂီရိ ကျဆုံးပုံအထိ တူညီသည်ကိုတွေ့ရသည်။ ဦးအောင်ဖြိုးသည် ဒဿဂီရိ ကျဆုံးသည်အထိ ရေးဖွဲ့ကာ သာချင်းကို အဆုံးသတ်ခဲ့လေသည်။ ဥတ္တရကဏ္ဍကို ရေးဖွဲ့ခြင်းမပြုခဲ့ချေ။ ဤယုဒ္ဓကဏ္ဍတွင် ကွဲလွဲချက်များမှာ မြန်မာသာချင်းတွင် ငအောင်ကွတ်သည် ဒဿဂီရိရှေ့တွင် မိမိအမြီးကို ရစ်ခွေ၍ တပ်လိုက်ပြီး ဒဿဂီရိပလ္လင်ထက် တစ်ထွာခန့်ပိုပြီးသောအခါမှ ယင်းအပေါ်တက်ထိုင်ပြီး ရာဇသံကိုဖတ်ကြားပါသည်။ ရခိုင်ရာမ သာခြင်းတွင် ယင်းသို့မိမိအမြီးခွေပေါ်တွင် ထိုင်သည်မှာ ဟန္နမာန်ကို ပထမအကြိမ်စေတမန်စေလွှတ်ကတည်းကပင် ဟနုမာန်၏ လှုပ်ရှားမှုအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းသို့မိမိအမြီးကို ပလ္လင်ပြု၍ ငအောင်ကွတ် ယင်းသို့တိုင်သည်ကို ဦးအောင်ဖြိုးသည် ဘင်္ဂလီရာမာယဏမှ ရယူခဲ့ခြင်းဖြစ်၍ ဟန္နမာန်က ယင်းသို့တိုင်သည်ဆိုသည်ကို တန်းခိုး ဆရာထွန်းသည် လိက်သိင်ရာမ်မွန်ရာမယဏမှ ယူသည်ဟု ယူဆရပါသည်မြန်မာရာမသာချင်းတွင် ဣန္ဒာဇိတ သည် ကိုယ်ရောင် ဖျောက်တတ်သည်ဆိုသော်လည်း ဆရာထွန်း၏ ရခိုင်ရာမသာခြင်းတွင် ဣန္ဒာဇိတသည်ကိုယ်ရောင်ပျောက်သည်ဟူ၍ တစ်လုံးတစ်ပါဒမျှ မရေးသားခဲ့ပဲကောင်းကင်တွင် မိုးတိမ်ကြား၌ ပုန်းကွယ်နေသည် ဟုသာ တွေ့ ရပါသည်။ မြန်မာရာမတွင် ဒဿဂီရိ၏ယာဇ်ပူဇော်ပွဲကို ဝင်ရောက်ဖျက်ဆီးသူမှာ ငအောင်ကွတ်ဖြစ်သော်လည်း ရခိုင်ရာမသာခြင်းတွင် ဟနူမာန်ဟုတွေ့ရပါသည်။

ဤကဏ္ဍ၌ ဦးအောင်ဖြိုးနှင့် ဆရာထွန်းတို့၏ အကြီးမားဆုံးကွဲပြားချက်မှာ မြန်မာရာမသာချင်း၌ ရာမမင်းက အဌစန္ဒာလက်နက်ဖြင့် ပြစ်မည်ပြုရာ ဒဿဂီရိသည် ကြောက်လန့်ပြီး ကောင်းကင်မှ ရထားပျံဖြင့်ဆင်းလာပြီး အသက်ချမ်းသာပေးပါရန် ရာမအားတောင်းပန်ပါသည်။ ရာမမင်းက မကောင်းသူပယ်ကောင်းသူ ကယ်ရန် ဆိုရိုးစကားရှိသည်ကို ပြောသောအခါ ဒဿဂီရိသည် ကြောက်လန့်၍ ရထားပေါ်ပြေးတက်သွားစဉ် မြားမှန်၍ သေဆုံးသွားသည်ဟု ရေးဖွဲ့ခဲ့ပါသည်။ ဤမျှဖြင့် ဦးအောင်ဖြိုးသည် မိမိ၏ရာမသာချင်းကို နိဂုံးချုပ်ခဲ့ပါသည်။ ဥတ္တရကဏ္ဍကိုဆက်၍ မရေးဖွဲ့ခဲ့တော့ချေ။ ရခိုင်ရာမသာချင်းတွင်မူ ညီတော်လက္ခဏ ညွှန်ပြရာ သို့ ရာမမင်းသည် ဟနူမာန်၏ကျောပေါ်သို့တက်၍ အဋ္ဌစန္ဒာလက်နက်ဖြင့်ပစ်ရာ ဒဿဂီရိကို ထိမှန်လေသည်။ ဒဿဂီရိ၏ ဦးခေါင်းသည် ထန်းသီးကြွေသကဲ့သို့ ကြွေကျလေရာ ညီတော် ဗိဘီသနက အဝတ်ဖြူဖြင့်ခံယူလေ သည်။ ဒဿဂီရိ၏ခန္ဓာကိုယ်မြေသို့ကျလာသောအခါ ဗိဘီသနက နောင်တော် ဒဿဂီရိကို သင်္ဂြိုဟ်ခွင့်ပြုပါရန် ရာမမင်းထံ ခွင့်တောင်းပါသည်။ ရာမမင်းက ခွင့်ပြုသည်။ ယင်းနောက် သိယိုပြည်တွင် ဗိဘီသနအား ထီးနန်း တင်ခဲ့ပြီး ရာမသီတာ၊ လက္ခဏာနှင့် မျောက်စစ်သည်များ ပြန်ခဲ့ကြလေသည်။ သီတာမင်းသမီးသည် မိမိသည် သစ္စာရှင်တစ်ဦးဖြစ်ကြောင်း မီးပုံတွင်းသို့ခုန်ဆင်း၍ သက်သေပြခဲ့ လေသည်။

ဤသို့ဖြင့် စာရေးသူ၏ နှိုင်းယှဉ်ချက်အရ မြန်မာရာမသာချင်းနှင့် ရခိုင်ရာမသာခြင်းတို့တွင် ဗာလကဏ္ဍမှ ယုဒ္ဓကဏ္ဍအထိ ဇာတ်ကွက်ပေါင်း ၇၆ ကွက်အနက် တူညီသောဇာတ်ကွက်ပေါင်း ၅၆ ကွက်တွေ့ ရ၍ ဇာတ်ကွက် ၂ဝ မှာ ကွဲပြားသည်ကို တွေ့ ရပါသည်။

ဆက်လက်၍ တန်ခိုးဆရာထွန်း၏ ရခိုင်ရာမသာခြင်းမူကို မြန်မာမဟာရာမဝတ္ထုနှင့် နှိုင်းယှဉ်လေ့လာရန် လိုအပ်ပါသည်။ မြန်မာမဟာရာမဝတ္ထုကို လေ့လာလျှင် ရခိုင်ရာမသာခြင်းတွင်ကဲ့သို့ ဗာလကဏ္ဍမှ ဥတ္တရကဏ္ဍတိ ကဏ္ဍ ၇ ခုလုံးပါဝင်သည်ကို တွေ့ ရပါသည်။ မဟာရာမဝတ္ထုတွင် ပထမ ၆ ကဏ္ဍတွင်ပါဝင်သော ဇာတ်လမ်း ဇာတ်ကွက်များမှာ ဦးအောင်ဖြိုး၏ မြန်မာ့ရာမသားချင်ပါ ဇာတ်လမ်းဇာတ်ကွက်အတိုင်းပင် ဖြစ်ပါသည်။ အချို့သော အမည်နာမများအချို့သောအနုစိပ်ကိစ္စများတွင် ပွတ်ကာသီကာလွဲပါသည်ထို့ကြောင့် မဟာရာမ ဝတ္ထု၏ ရှေ့ပိုင်း၆ကဏ္ဍပါ ဇာတ်ကွက်များနှင့် ရခိုင်ရာမသာခြင်းနှင့် တူညီကွဲလွဲမှုသည် ဦးအောင်ဖြိုး၏ရာမ သာချင်းနှင့် တူညီကွဲလွဲမှုအတိုင်းပင် ဖြစ်သည်။ သို့သော် မဟာရာမဝတ္ထု၏ ရှေ့ပိုင်း ၆ကဏ္ဍအတွင်း ပါဝင်သော သီတာဒေဝီသည် ကြာဖူးမှမွေးဖွားလာခြင်းဟနုမာန်သည် သပြေပန်းမပန်ပဲ ပြန်လာခြင်းစသည့် ဇာတ်ကွက် များမှာ ဦးအောင်ဖြိုး၏ရာမသာချင်းနှင့် ကွဲလွဲ၍ ရခိုင်ရာမသာခြင်းမူနှင့်တူပါသည်သို့သော် မဟာရာမဝတ္ထုတွင် ပါဝင်သောရာမနှင့် ဒဿဂီရိတို့စစ်ပွဲမှ သူရာဂုမ္ဘာန် ဘီလူးနှင့်တိုက်ပွဲမှန်ပြဘီလူးနှင့်တိုက်ပွဲယက္ခနီဘီလူးနှင့်တိုက်ပွဲဂုမ္ဘဒီပဘီလူးနှင့်တိုက်ပွဲတို့မှာ မြန်မာသာချင်းနှင့် ရခိုင်သာခြင်းတို့တွင် မပါရှိချေ။ ဥတ္တရရာမကဏ္ဍတွင် သီတာဒေဝီမီးပုံအတွင်း ခုန်ဆင်းပုံသီတာဒေဝီ၌ ပဋိသန္ဓေရှိလာပုံ၊ ရာမမင်းက သီတာဒေဝီအား အထင်မှား၍ ပြည်မှနှင်ပုံသီတာဒေဝီ ဗာလမိဂ (ဝါလမိဂ္ဂီ) ရသေ့ကျောင်းသို့ ရောက်ပုံတိုးမှာမဟာရာမဝတ္ထုတွင် သီတာဒေဝီသည် သက္ကတရာမာယဏမှာကဲ့သို့ အမွှာညီနောင်မွေးသည်ဟုဆိုပါသည်။ ရခိုင်ရာမသာခြင်းတွင်မူ တစ်ဦးကိုမွေး၍ တစ်ဦးကို ရသေ့ကမန္တာန်ဖြင့် စီရင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ သီတာဒေဝီ၏ သားတော်တစ်ပါးကို ရသေ့မန္တာန်ဖြင့် မန်းမှုတ်၍ စီရင်သည်ဟုဆိုခြင်းကို မြန်မာရာမ မူများအနက် ရာမသုံးမျိုးဇာတ် တော်ကြီး ဝတ္ထုတစ်ခုတွင်သာ တွေ့ ရပါသည်။ အခြားမြန်မာမူများတွင် မတွေ့ရပါ။ ဝါလမီကီ၏ မူလသက္ကတရာမမူတွင် သီတာဒေဝီသည် အမွှာညီနောင်ကို မွေး၍ဤကဲ့သို့ တစ်ဦးမွေးပြီး တစ်ဦးကိုရသေ့မန္တာန်ဖြင့် စီရင်သည်ဟုစတင် ရေးသားသည်မှာ ကသ္မီရမှ “အတ္တိကာဗျ”မူမှ စတင်ခဲ့ပြီး ဂျားဗားမှ ကာကဝင်ရာမာယဏ၊ ယိုးဒယားရာမကီယင်၊ မွန်ဘာသာလိက်သ္မိင်ရာမ် မူများသို့ ပျံ့နှံ့သွားပြီး မြန်မာရာမ သုံးမျိုးဇာတ်တော်ကြီးဝတ္ထုနှင့် ရခိုင်ရာမသာခြင်းမှုများသို့ ဝင်ရောက်ခဲ့ပါသည်။

ယင်းအပြင် ရာမမင်းက အတိုင်းတိုင်းအပြည်ပြည်သို့ ရာဇသံဖြင့် စေလွှတ်သောမြင်းဖြူကို သီတာဒေဝီ၏ သားနှစ်ဦးဖမ်းဆီးကြပုံ ယင်းညီနောင်နှစ်ဦးနှင့် ရာမလက္ခဏာတို့ တိုက်ခိုက်ကြပုံတို့သည် တူညီကြပါသည်။ ယင်းနောက်ပိုင်းတွင် မဟာရာမဝတ္ထုတွင် ပြဆိုသော အမွှာညီနောင်လက်ချက်ဖြင့် လက္ခဏမူးမေ့ပုံ၊ ဟနူမာန်သည် အမွှာညီနောင်၏အဖမ်းကိုခံရပြီး သူတို့ခေါ်ရာကိုလိုက်သွားရာ သီတာနှင့်တွေ့ ပုံ၊ ဘိုးတော်ရသေ့ရေစင်ဖျန်း၍ လက္ခဏသတိရရလာပုံတို့ မှာ ရခိုင်ရာမသာခြင်းနှင့်မတူညီပါ။ ရခိုင်ရာမသာခြင်းတွင် ညီနောင်နှစ်ဦးနှင့် ရာမ၊ လက္ခဏတို့တိုက်ပွဲ၌ လက္ခဏမူး မေ့ခန်းမပါဝင်ပါ။ သီတာက မွေးဖွားသောသူငယ်က ပစ်လိုက်သော လက်နက် သည် ရာမမင်းထံ ပန်းမန်ပေါက်ပေါက် ဖြစ်သွား၍၊ ရာမမင်းက ပစ်လိုက်သောလက်နက်သည် ထိုသူငယ် ရှေ့တွင် စားစရာမုန့်များဖြစ်သွားပါသည်။ သို့သော် မန္တာန်ဖြင့် ဖန်ဆင်းသော သားပစ်သောလက်နက်သည် ရာမကိုထိမှန်၍ ရာမမင်းဒဏ်ရာဖြင့် မူးမေ့လေသည်။ ကုသရန် ဆေးမြစ်မှာ တိုင်းပြည်မှအနှင်ခံရသော မရီးတော် သီတာဒေဝီထံ၌ ပါသွားသည်ကို လက္ခဏကသိသည်။ ထိုသူငယ်နှစ်ဦး၏ ဇာတိမျိုးနွယ်ကို ထုတ်ဖော်ကြိမ်းဝါးမှုကြောင့် လက္ခဏ သည် နောင်တော်ရာမမင်း၏ သားတော်များဖြစ်ကြောင်း သိသောအခါ ထိုသူငယ်တို့အား အကြောင်းစုံကို ပြောပြလေသည်။ လက္ခဏသည် သူငယ်နှစ်ဦးခေါ်ရာသို့ လိုက်သွားသောအခါ မရီးတော်သီတာဒေဝီနှင့် တွေ့ပြီးဆေးမြစ်ကို တောင်းလေသည်။ ဆေးမြစ်ဖြင့်ကုသရာ ရာမမင်းပြန်လည် ကျန်းမာလာသော်လည်း စိတ်နာနေသော သီတာကို ခေါ်၍မရတော့ချေ။ နောက်ဆုံးတွင် ရသေ့က ရာမနှင့် သီတာတို့ အား ဆုံးမစကား ပြောဆို၍ ပြန်လည်ပေါင်းသင်းပေးလိုက်လေသည်။ ဤသို့ဖြင့် မဟာရာမဝတ္ထုနှင့် ရခိုင်ရာမသာခြင်းတို့ကို နှိုင်းယှဉ်လေ့လာသောအခါ (မာလကဏ္ဍမှ ဥတ္တရကဏ္ဍအထိ)ဇာတ်ကွက်ပေါင်း ၈၇ ကွက်တွင် တူညီသောဇာတ် ကွက် ၆၂ ကွက်တွေ့ ရှိရပြီး ကွဲလွဲသောဇာတ်ကွက် ၂၅ ကွက်ပါဝင်သည်ကို တွေ့ ရပါသည်။

ဆရာကူး၏ပုံတော်ရာမပြဇာတ်သည် ပြဇာတ်ဖြစ်သည့်အားလျော်စွာ ရာမနှင့်ညီတော်များကို မွေးဖွားခန်းမှ စ၍ကေကေယီမိဖုရားက သားတော်ဘာရတမင်းအား ထီးနန်းလွှဲအပ်ပေးရန် တောင်းဆိုသော အခန်းအထိကို ပြည်တည် ထောင်သည့်အမတ်များက အပြန်အလှန် စကားပြောဟန်ဖြင့် ရေးသားထားကာရာမမင်းသားအား မှော်ရုံတောသို့ နှင်သည့်ညီလာခံကျင်းပပုံမှစ၍ ဇာတ်ကွက်ကိုစတင်ပြီး၊ သီတာဒေဝီကို ရထားပျံဖြင့် ဒဿဂီရိ ခိုးယူသယ်ဆောင်သွားသည့်အခန်းအထိ ရေးဖွဲ့ထားပါသည်။ ထို့ကြောင့် ပုံတော်ရာမ ပြဇာတ်လာ ဇာတ်ကွက် ၇ ကွက်မျှကိုသာ ရခိုင်ရာမ သာခြင်းနှင့် နှိုင်းယှဉ်ရပါသည်။ ရာမ၊ သီတာလက္ခဏတို့တောထွက်ခန်းဒသရဌမင်းကြီးနတ်ရွာစံ၍ ဘာရတမင်းသား က မှော်ရုံတောသို့ လိုက်၍ခေါ်ခန်းရာမတို့နှင့် ဒုသခရဘီလူးညီနောင် စစ်ထိုးခန်းဂမ္ဘီဘီလူးမက အစ်ကိုဒဿဂီရိအား တိုင်ကြားခန်းဂမ္ဘီရွှေသမင် ယောင်ဆောင်ခန်းဒဿဂီရိရသေ့ယောင်ဆောင်၍ သီတာဒေဝီကို ခိုးပြေးခန်းတို့မှာ ဦးအောင်ဖြိုး၏သာချင်း အစဉ်အလာကိုလိုက်၍ ရခိုင်ရာမသာခြင်းနှင့် တူညီပါသည်။ သို့သော် ပုံတော်ရာမပြဇာတ်တွင် လာသော ရာမသီတာ၊ လက္ခဏတို့ မှော်ရုံတောသို့ ထွက်သည့်အခါ သံပထဗျာပြည့်ရှင် ပသျှူးရာမက ထီးနန်းအပ်သည့်အခန်း ကိုကား ရခိုင်ရာမသာခြင်းတွင် မတွေ့ရပါ။ ရခိုင်ရာမသာခြင်းတွင် လေးတင်ပွဲပြီး၍ သီတာ မင်းသမီးကိုခေါ်ကာ အယုဒ္ဓယသို့ ပြန်သည့်အခါကပင်၊ သံပထဗျာပြည်မှ ပသျှူးရာမက သီတာကိုလိုချင်၍ ထွက်တိုက် ပါသည်။ ပသျှူးရာမ စစ်ရှုံးသောအခါမှ ထီးနန်းကိုအပ်ပါသည်သို့သော် ရာမက လက်မခံခဲ့ချေ။ ပုံတော်ရာမပြဇာတ် လာဇာတ်ကွက် ၇ ကွက်တွင် ဤတစ်ကွက်သာလျှင် ရခိုင်ရာမသာခြင်း၌ မပါရှိချေမြန်မာမူများအနက် သံပထဗျာ ဟူသော အမည်ကို ပုံတော်ရာမပြဇာတ်၌သာ တွေ့ရပြီး ဤပြဇာတ်သည် ရခိုင်ရာမသာခြင်းမူထက် ၂၅ နှစ် ရှေးကျသဖြင့် ဆရာထွန်းသည် သံပတဗျာဟူသောအမည်ကို ဤပြဇာတ်မှ ရယူခဲ့ခြင်းဖြစ်ပေမည်။ ယင်းအပြင် ကေကေယီမိဖုရားက ဒသရဌမင်းကြီး၏လက်မှ ခူနာကို အာခံတွင်း၌ငုံ၍ ကုသခဲ့သည်ဟူသော ဇာတ်ကွက်မှာ လည်းဆရာထွန်းသည် ဆရာကူး၏ပြဇာတ်မှ ရယူခဲ့ခြင်းဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ပြဇာတ်လာ မှူးမတ်တို့ စကားပြောခန်း၌ ယင်းဇာတ်ကွက်ကို တွေ့ ရသောကြောင့်ဖြစ်ပါသည်။

ဆရာထွေး၏ရာမသုံးမျိုးဇာတ်တော်ကြီး စကားပြေဝတ္ထုတွင် ရခိုင်ရာမသာခြင်းမှာကဲ့သို့ ဗာလကဏ္ဍမှ ၇ရကဏ္ဍထိ ၇ ကဏ္ဍပါဝင်ပါသည်နိဂုံးချုပ်ပုံမှာ မဟာဝတ္ထုနှင့်တူပါသည်။ ဆရာထွန်း၏ ရခိုင်ရာမ သာခြင်းတွင် သက္ကတမူအခြားမြန်မာမူများနှင့် အမည်နာမကွဲပြားမှုကို တွေ့ ရသော်လည်း၊ ဆရာထွေး၏ ဝတ္ထုလာအခြားမြန်မာမူများနှင့်မတူညီသော အမည်နာမများကို ရခိုင်ရာမသာခြင်းတွင်လည်း မတွေ့ရပေ။ ဆရာထွေး၏ဝတ္ထုတွင် အယုဒ္ဓယကို အယုတ္တမကောသလ္လာမိဖုရားကို ပဒုမသင်္ခါမိဖုရားကေကေယီမိဖုရားကို ကက္ကရုဝတီမိဖုရားဇနကမင်းကြီးကို မဟာဇနပဒမင်း ဘရတမင်းသားကို ဥဒရဘရဂုမ္ဘီဒီပကို ဘုမ္မလေခ၊ စသည်ဖြင့် အမည်မျာကို ရခိုင်ရာမသာခြင်းတွင် မတွေ့ ရသည့်အပြင်၊ သုမိတ္တာမိဖုရားနှင့် သားတော်ဝရုဏ္ဏ (သတ္တရုဃန)လုံးဝမပါဝင်ခြင်းသုရိပ်က အစ်ကိုဖြစ်၍ ဗာလီကညီဖြစ်နေခြင်းဒဿဂီရိ၏သားတော် ဣန္ဒဇိဇာ မပါရှိခြင်းတို့မှာ ရာမသုံးမျိုးဇာတ်တော်ကြီး ဝတ္ထု၏ထူးခြား သော ကွဲလွဲချက်များပင် ဖြစ်ပါသည်။

ဆရာထွေး၏ ရာမဝတ္ထုနှင့် ဆရာထွန်း၏ ရခိုင်ရာမသာခြင်းလာ ဇာတ်ကွက်များကို နှိုင်းယှဉ်လျှင်လက္ခဏ ညွှန်ပြရာသို့ ရာမက လေးဖြင့်ပစ်၍ ဒဿဂီရိကျဆုံးပုံသီတာတွင် သားတစ်ဦးမွေး၍ တစ်ဦးကို ရသေ့ကမန္တာန်ဖြင့် စီရင်ပုံ၊ ရာမနှင့်သူငယ်နှစ်ဦးတို့ စစ်ခင်းကြပုံဟနူမာန်ဆေးမြစ်ကို ရှာဖွေရပုံ ဇာတ်ကွက် အနည်းငယ်မျှသာ တူညီသည်ကို တွေ့ရပါသည်။

ဆရာထွေး၏ ဝတ္ထုတွင် ရခိုင်ရာမသာခြင်းအပါအဝင် အခြားရာမမူများနှင့် မတူပဲ ထူးခြားသော ဇာတ်ကွက်များမှာ မဟာဇနပဒမင်းကြီး ကြာပွင့်ချပ်ကို ခွာသောအခါမှ သီတာကိုတွေ့ ရှိခြင်း၊ လေးတင်ပွဲဖိတ်စာကို ရသေ့ယူလာ၍ ရာမအားပေးရာရာမက အမှတ်တမဲ့ချထားမိရာမှ လေပြင်းမုန်တိုင်းဖြင့် လွင့်သွားကာ ဒဿဂီရိထံ ရောက်သွားခြင်းမက္ကဋကိန္နရီက ဟနူမာန်ကိုချောက်ထဲသို့ မွေးချလိုက်ခြင်းငအောင်ကွတ် မျောက်အခန်းမပါဝင်ခြင်းဟနူမာန်နှင့် ကဏ္ဍမတို့ပေါင်းဖော်ရာမှ မစ္ဆမက္ကဋကို မွေးဖွားခြင်းကျောက်တန်းဆည်ပြီးမှ ဟနူမာန်သည် သိယိုပြည်သို့ ခုန်ကူး၍ မီးရှို့ပြီးနောက် သီတာဒေဝီကို တပါတည်းခေါ်ဆောင်ခဲ့ခြင်းရာမမင်း တိုင်းပြည်သို့ ပြန်ရောက်သောအခါ ညီတော်ဥဒရဘရက ထီးနန်းအပ်၍ တောထွက်သွားခြင်းသိတာဒေဝီ ပြည်နှင်ခံရသောအခါ မတ်တော်မောင်ရသေ့ ဥဒရဘရု၏ ကျောင်းသင်္ခမ်းသို့ ရောက်သွားခြင်းသီတာဒေဝီ မီးပုံတွင်းသို့ ဆင်းပြခန်းမပါခြင်းဣနွရိဋ္ဌဖမ်းသွားသော ရာမမင်းကိုကယ်ရန် ဟနူမာန်သည် ရေခပ်သူ၏ အိုးတွင်း၌ ဖားလောင်းငယ်အသွင်ဖြင့် လိုက်သွားပြီး သိယိုမြို့တွင်းသို့ဝင်ခြင်းဒဿဂိရိသည် ဝေပုလ္လတောင်မှနေ၍ ရာမမင်းထံ ဘွဲ့ဖြူလက်နက်လွှတ်ခြင်း စသည့်ဇာတ်ကွက်များ ဖြစ်ပါသည်။ ဆရာထွေး၏ ဝတ္ထုမူနှင့်တူညီသော ရခိုင်ရာမသာခြင်းလာ ဇာတ်ကွက်များမှ အခြားအထက်ဖော်ပြခဲ့သော ရာမသာချင်းမဟာရာမဝတ္ထုပုံတော်ရာမပြဇာတ်တို့နှင့်လည်း တူညီသော ဇာတ်ကွက်များကို ပယ်လိုက်လျှင်ရခိုင်ရာမသာခြင်းတွင် ရာမသုံးမျိုး ဇာတ်တော်ကြီးဝတ္ထုနှင့်တူသော ဇာတ်ကွက်မှာ ဇာတ်ကွက်ပေါင်း ၇၆ ကွက်အနက် ၅ ကွက်မျှသာ တူညီသည် ဟု ဆိုရမည်ဖြစ်ပါသည်။

ခြုံငုံ၍လေ့လာလျှင် မဟာရာမဝတ္ထုနှင့်ပုံတော်ရာမပြဇာတ်တို့သည် ဦးအောင်ဖြိုး၏ ရာမသာချင်းကို အခြေခံ ၍ ရေးသားခဲ့သည်ဟုဆိုနိုင်သော်လည်း ရာမသုံးမျိုးဇာတ်တော်ကြီးဝတ္ထုသည် အထက်ဖေါ်ပြပါ မူတစ်ခုခုကို အခြေခံ၍ ရေးသားခဲ့သည့်အသွင် မတွေ့ရပေသို့သော် ရခိုင်ရာမသာခြင်း ဆရာတန်းခိုး ဆရာထွန်း သည် ရာမသာချင်းမဟာ ရာမဝတ္ထု၊ ပုံတော်ရာမဝတ္ထုတို့ကို အဓိကအခြေခံ၍ ရာမသုံးမျိုး ဇာတ်တော်ကြီးဝတ္ထုမှ ဇာတ်ကွက်အနည်းငယ်သာ ရယူခဲ့သည်ကို တွေ့ရပေသည်။

သို့သော် မြန်မာရခိုင် ရာမမူများတွင်တွေ့ ရသော ဒသရဌမင်းကြီး ငှက်ပျောသီးနှစ်လုံး ရခဲ့ခြင်းဇာတ်ကွက် သည် မူလအားဖြင့် ဘင်္ဂလီရာမမူမှ စတင်ခဲ့ခြင်း၊ ပုံတော်ရာမနှင့် ရခိုင်ရာမသာခြင်းတို့တွင် တွေ့ရသော ပသျှူးရာမ မင်းက ရာမမင်းအား ထီးနန်းလွှဲအပ်သော ဇာတ်ကွက်သည် ဘင်္ဂလီမူဟိန္ဒီမူတို့တွင် သိန်ဂဗေရပြည့်ရှင်၊ ဂုဟမင်းက ရာမမင်းအား ထီးနန်းလွှဲအပ်သောဇာတ်ကွက်မှ စတင်ခဲ့ခြင်းဦးတိုး၏ ရာမရကန်နှင့် ရခိုင်သာခြင်း တို့တွင် လေးတင်ပွဲသို့ လက္ခဏမင်းသားလည်း ရောက်ရှိလာခဲ့သည်ဆိုခြင်းမှာ မူလသက္ကတရာမဇာတ်တော် နှင့်တူညီနေခြင်းသုရိပ်သည် အစ်ကိုဖြစ်၍ ဗာလီသည် ညီဖြစ်သည်ဟု ရာမသုံးမျိုးဇာတ်ဝတ္ထုနှင့် ရခိုင်သာခြင်း တို့တွင် တွေ့ရခြင်းမူလသက္ကတရာမ ဇာတ်တော်မှ အင်္ဂဒမျောက်ကို ငအောင်ကွတ်ဟု စတင်ခေါ်ဝေါ်ခဲ့သည်မှာကမ္ဘောဒီးယားရာမမူနှင့် ယိုးဒယား ရာမကီယင်မူတို့ဖြစ်ခြင်းဒဿဂီရိနန်းတော်၌ ဟနူမာန်က မန္ဒာဒရီ နတ်သမီးကို သီတာဒေဝီဟု ရုတ်တရက် အထင်မှားပုံ ဘင်္ဂလီရာမမူမှ စတင်ခြင်းဒဿဂီရိရုပ်ပုံကို ရေးဆွဲမိ၍ သီတာဒေဝီ ပြည်နှင်ခံရသောဇာတ်ကွက်သည် ၁၀ ရာစု ကသ္မီရမူမှစတင်၍ ဘင်္ဂလီရာမမူသို့ ဝင်ရောက်ခဲ့ခြင်းစသည့်အကြောင်းများကြောင့် တန်းခိုးဆရာထွန်း၏ ရခိုင်ရာမသာခြင်းလာ ဇာတ်ကွက်များကို ခြေရာခံ၌ဦးအောင်ဖြိုး၏ ရာမသာချင်းမဟာရာမဝတ္ထု၊ ပုံတော်ရာမ ပြဇာတ်နှင့် ရာမသုံးမျိုးဇာတ်တော်ကြီးဝတ္ထုများအပြင် ဦးတိုး၏ ရာမရကန်၊ နေမျိုးနာဋကကျော်ခေါင်၏ သီရိရာမပြဇာတ် စသော မြန်မာမူများနှင့် နှိုင်းယှဉ်လေ့လာမှ သာလျှင် ပိုမိုပြည့်စုံနိုင်မည်ဖြစ်သည့်အပြင် အချို့သော ဇာတ်ကွက်တူများအနုစိပ်တူညီချက်များ ပါရှိသော၊ ဝါလမိကီ၏မူလ သက္ကတရာမမူအပါအဝင် ၁၀ ရာစုအတွင်းရေးသော ကသ္မီရမူဖြစ်သော “ရာမယဏမဉ္စရီ”မူ၁၆၈

ဟိန္ဒီရာမမူ၊ ဘင်္ဂလီရာမမူတို့ကိုလည်း အမှန်ပင်လေ့လာ ညှိနှိုင်းရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

မောင်ပြူး(သံတွဲ)

ကိုးကားစာအုပ်စာတမ်းများ

) ရခိုင်သားကြီးစာပေရန်ကုန်

(၁) တန်းခိုးဆရာထွန်း ရခိုင်သာခြင်းများ (၂ဝဝ၁

(၂) ဆရာဇော်ဂျီ စာပေါင်းချုပ်၊ အတွဲ(၁)(၁၉၉၃)စာပေနှင့်စာနယ်ဇင်းအဖွဲ့၊

(၃) မောင်ခင်မင်(ဓနုဖြူ) ရာမာယဏကိုခြေရာခံ

ခြင်း(၂၀၀၀)၊ ဇူလိုင်၊ ဩဂုတ်စက်တင်ဘာ၊

အောက်တိုဘာလထုတ် ကလျာမဂ္ဂဇင်းများ။

(၄) အိုးနိုတိုးရု လိက်သိင်ရာမ်(မွန်ရာမာယဏ)လူထုဦးလှ၊ နှစ် ၉ဝ ပြည့်။

(၅) မြန်မာစာဌာန မဟာရာမဝတ္ထု ဒုနှစ်မြန်မာစာအထူးပြုပို့ချချက်။(၁၉၉၃)

(၆) ဦးဖိုးစိန် ရာမသုံးမျိုးဇာတ်ဝတ္ထု(၁၉၃၅)ရန်ကုန်။

(၇) ငြိမ်းကျော် ငွေတောင် (၁၉၇၀)ရန်ကုန်၊

(၈) မြန်စာဂုဏ်ကျော်မြင့် စာပေရိပ်မွန် (၁၉၆၉)ရန်ကုန်။ (၉) .. ကိုယ်ပိုင်ရေးကူးထားသောမှတ်စုများ

(၁ဝ) ရွှေသာခိုင် ရွှေလေးရှင်၏ သေနာပတိ( )ရခိုင်မဂ္ဂဇင်း(၂၆)



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s