အာရိယန်လော ပျူလော ရခိုင်လော

(The Mog Nation Wiki, an archive)

written by: မောင်ပြူး (သံတွဲ)

မကြာသေးမီက စစ်တွေမြို့တွင် မောင်ဗသိန်းနှင့်ဆုံကြသည်။ သူကမဂ္ဂဇင်းတစ်အုပ်ပေးသည်။ ““ဒီမဂ္ဂဇင်းကိုဆရာယူသွားပါ။ ဒီမဂ္ဂဇင်းမှာဆောင်းပါးတစ်ပုဒ်ပါတယ်။ အာရိယန်လော၊ ပျူလောတဲ့။ ဆရာအလေးအနက်ထားစေချင်ပါတယ်။ ဆရာ့သဘောထားကိုလည်း ကျွန်တော်သိချင်ပါတယ်””ဟုလည်း ပြောပါသည်။ မဂ္ဂဇင်းမှာ၁၉၉၆ခုနှစ်က ဂွမြို့နယ်မှထုတ်ဝေသော ““ကမ်းသာယာမဂ္ဂဇင်း””ဖြစ်ပါသည်။ စာအုပ်ကိုယူခဲ့၍ အိမ်တွင်ဖတ်ပါသည်။ ““လူချစ်ဖေ””ဟူသောအမည်ဖြင့် ““အာရိယန်လော၊ ပျူလော””ဟူ၍ဆောင်းပါးကိုဖတ်ရပါသည်။

လူချစ်ဖေက သူ၏ဆောင်းပါးကိုအမျိုးသားရေးအမြင်ဖြင့်မဟုတ်မူဘဲ သမိုင်းအမြင်ဖြင့်ရေးသားကြောင်းဖြင့်နိဒါန်းပျိုးထားပါသည်။

ဆောင်းပါး၏လိုရင်းအချုပ်မှာ သံတွဲခရိုင်အတွင်း တောင်ဘက်ပိုင်းတွင် ယခုရှိနေကြသောလူများသည် ရခိုင်စကားမပြောဘဲ ဗမာစကားပြောနေကြသည်မှာထူးခြားကြောင်း၊ သံတွဲခရိုင်အတွင်း တောင်ဘက်ခြမ်းမှရရှိသော ပျူကျောက်စာတစ်ချပ်ကိုထောက်ထား၍ ယင်းဒေသမှလူများသည် အစဉ်အဆက်ယူဆလာသကဲ့သို့ အာရိယန်များလော(သို့တည်းမဟုတ်) ပျူလူမျိုးတို့၏အဆက်အနွယ်များလောဟု တွေးဆထားသည်ကိုတွေ့ရပါသည်။

လူချစ်ဖေက သံတွဲခရိုင်တောင်ပိုင်းမှလူများသည် အာရိယန်တို့၏အဆက်အနွယ်များလောဟု ယူဆစရာအဖြစ် ဆရာကြီးဦးအောင်သာဦး၏ ““ရခိုင်ရှေးဦးလူများကို အင်ဒိုအာရိယန် လူမျိုးဟူ၍လည်းကောင်း၊ အာရိယိုဒြာဗီဒီယံ လူမျိုးဟူ၍လည်းကောင်း အတွေးအမြင်အယူအဆမည်သို့ပင်ကွဲပြားနေစေကာမူ ရှေးခေတ်ရခိုင်ယဉ်ကျေးမှုကို အာရိယန်ယဉ်ကျေးမှုမဟုတ်ဟူ၍ မဆိုနိုင်ချေ””ဟူသောစာပိုဒ်ကို ကောက်နုတ်ပြထားပါသည်။ ယင်းနောက်
““ဆရာကြီး၏ အဆိုသည် သံတွဲခရိုင်မြောက်ပိုင်းမှသည် ရခိုင်ပြည်မြောက်ဖျားအထိတွင် နေထိုင်ကြသောရခိုင်လူမျိုးများအတွက် မှန်နိုင်ဖွယ်ရှိသော်လည်း သံတွဲခရိုင်တောင်ပိုင်းသားတို့အတွက်မူ မှန်ကောင်းမှမှန်ပေမည်””ဟုမှတ်ချက်ချထားပါသည်။ယင်းနောက်
ဦးစိန်မောင်ဦး၏ သရေခေတ္တရာမြို့ဟောင်း ဆောင်းပါးမှ-““သရေခေတ္တရာနှင့် ရခိုင်တို့အဆက်အသွယ်မကင်ခဲ့ကြောင်းကို သရေခေတ္တရာ၌ တွေ့ရသောအချို့အက္ခရာများသည် ရခိုင်တိုင်းဝေသာလီမြို့ဟောင်းက အက္ခရာများနှင့်ဆင်တူသောအချက်ကလည်းကောင်း၊ သရေခေတ္တရာဒင်္ဂါးများသည် ခရစ်နှစ်(၄)ရာစုကဟုခန့်မှန်းရသောဝေသာလီပြည် စနြ်္ဒမင်းဆက်ဒင်္ဂါးအချို့နှင့် အခြေခံပုံစံတွင် ဆင်တူသည်ဟူသောအချက်ကလည်းကောင်း ကောင်းစွာထောက်ခံပါသည်။ သရေခေတ္တရာအနီးရှိပန်းတောင်း၊ တောင်ကုတ်လမ်းသည် ယခုအခါ ရခိုင်တိုင်းသို့ကူးရာ တောင်ကြားလမ်းဖြစ်သကဲ့သို့ ကုန်းေ ဘာင်ခေတ်တွင်လည်း အလားတူပင်ဖြစ်ပါသည်””ဟူသော စာပိုဒ်ကိုကောက်နုတ်ပြထားပါသည်။

တစ်ဖန် ဦးဘရှင်၏ ““ဗိဿနိုးမြို့ဟောင်းစာတမ်းမှ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ဆလုံမလေးနွယ်တို့ မကြီးစိုးမီကာလကသော် အိန်္ဒိယသားတို့သည် ဧရာဝတီမြစ်ကြောင်းအတိုင်း(ထိုစဉ်က ဧရာဝတီမြစ်ဝကျွန်းပေါ်သည်ဤမျှ လောက်တောင်ဘက်သို့ရောက်ဦးမည်မဟုတ်ပေ) ဆန်တက်လာက ဖြစ်နိုင်သည်။ သို့မဟုတ် ရခိုင်ဘက်မှယခု ပတိမ်း-ငဖဲလမ်းအတိုင်း၊ မင်းဘူးလောက်မှတစ်ဆင့်လည်း ဝင်ရောက်နိုင်ကြသည်။ တွေ့ရှိရသောအထောက်အထားတို့သည် အိန္ဒိယတောင်ပိုင်းယဉ်ကျေးမှုတို့နှင့်ဆက်စပ်နေသဖြင့် မြောက်ဘက်တကောင်းမှတစ်ဆင့် ဝင်ရောက်လာသူများ(သို့မဟုတ်)အနောက်မြောက်ဘက်ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုနိုင်ရန်အကြောင်းကိုကောက်နုတ်တင်ပြထားပါသည်။

ယင်းနောက် လူချစ်ဖေက သံတွဲမြို့တောင်ဘက်မိုင်(၃၀)အကွာရှိ ပုစွန်ဖြေချောင်းခေါ် စလူချောင်းကမ်းပေါ်မှတွေ့ရသောတုံးတောပျူကျောက်စာအကြောင်း ဖော်ပြကာ ထိုကျောက်စာသည် ရှေးဦးပျူလူမျိုးများရေးထိုးထားခဲ့သည့်ကျောက်စာဖြစ်ကြောင်း၊ သရေခေတ္တရာ၊ ဗိဿနိုးဘက်မှ ပျူလူမျိုးတစ်စုသည် ရေကြည်ရာမျက်နုရာရှာဖွေရင်း ဤပုစွန်ဖြေချောင်းများသို့ ရောက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ ထို့ကြောင့်သံတွဲခရိုင်တောင်ပိုင်းသားတို့ကို အာရိယန်လား၊ ပျူလားဆိုသည်ကို သုတေသနပြုလုပ်ဖွယ်ကောင်းလှကြောင်း ရေးသားထားပါသည်။ ဆောင်းပါးတစ်ခုလုံးကိုခြုံကြည့်လျှင် လူချစ်ဖေသည် သံတွဲခရိုင်အတွင်း တောင်ပိုင်းတွင်နေထိုင်ကြသူများကို ပျူလူမျိုး၏အဆက်အနွယ်များဖြစ်သည်ဟူသောအယူအဆဘက်သို့ အလေးသာနေသည်ကိုတွေ့ရပါသည်။

သည်တော့မှမောင်ဗသိန်းက ဤဆောင်းပါးကို အဘယ်ကြောင့် အလေးအနက်ထား၍ဖတ်စေသည်ကို သဘောပေါက်မိသည့်အပြင် စာရေးသူအားတာဝန်တစ်ရပ်အပ်နှင်းသည်ဟုလည်းခံစားရပါသည်။ သို့သော်စာရေးသူသည် လူချစ်ဖေကဲ့သို့ သမိုင်းဘာသာဖြင့် ပညာသင်ခဲ့သူမဟုတ်ဘဲ ဒဿနိကဗေဒဖြင့်သာ ပညာသင်ခဲ့သူဖြစ်၍သမိုင်းရေးရာတွင် လူချစ်ဖေကဲ့သို့နှံ့စပ်ကောင်းမှ နှံ့စပ်မည်ဖြစ်သော်လည်း လက်လှမ်းမီသမျှ စာအုပ်စာတမ်းများကိုလေ့လာ၍ ခေတ်ဦးရခိုင်သမိုင်းဆိုင်ရာ သုတေသနဆောင်းပါးများရေးသားနေသူဖြစ်သဖြင့် လူချစ်ဖေ၏အာရိယန်လော၊ ပျူလောဟူသည့် ပြဿနာကိုတွေးတောရာမှ ဤဆောင်းပါးကိုရေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ရခိုင်ပြည်နယ်တွင် ကျောက်ခေတ်လူသားတို့၏အထောက်အထားများကိုတွေ့ရှိရပြီးဖြစ်ပါသည်။ ရခိုင်ပြည်နယ်၌ ကျောက်ခေတ်သစ်ယဉ်ကျေးမှုထွန်းကားချိန်ကိုဒေါက်တာဘာနာဂျီက ဘီစီ ၂ဝဝဝပတ်ဝန်းကျင်ဟုလည်းကောင်း၊ ဒေါက်တာကနန်ဂိုက ဘီစီ၁ဝဝဝမတိုင်မီအချိန်ကဟုလည်းကောင်း ယူဆကြပါသည်။

ရခိုင်ပြည်နယ်နိမိတ်အတွင်း၌တွေ့ရှိရသောကျောက်ခေတ်ယဉ်ကျေးမှုအထောက်အထားများမှာစစ်တကောင်း၊ အာသံ၊မဏိပူရတို့တွင် တွေ့ရှိရသောအထောက်အထားများနှင့်တူညီသည်။ ဤဒေသများသည်တစ်မြေတည်းဆက်စပ်နေ၍ တစ်ချိန်တည်းတွင် ထွန်းကားခဲ့သည်ဟုလည်းဆိုကြပါသည်။ မြန်မာနိုင်ငံတွင်ကျောက်ခေတ်ယဉ်ကျေးမှုအထောက်အထားများကို မြောက်ဘက်ကချင်တောင်တန်းမှ တောင်ဘက်မြိတ်အထိလည်းကောင်း၊ အရှေ့ဘက်ရှမ်းပြည်နယ်မှအနောက်ဘက်သံတွဲထိလည်းကောင်း တွေ့ရှိထားရပါသည်။

သမိုင်းပညာရှင်များတညီတညွတ်တည်းပြောဆိုကြသည်မှာ သမိုင်းမတင်မီခေတ်က ရခိုင်ဒေသ၏ကျောက်ခေတ်သစ်တွင် သြစတြစ်မျိုးရိုးမှ သြစတြေးနီးရှင်းများနေထိုင်သွားကြသည်ဟူ၍ ဖြစ်ပါသည်။ ဘီစီ ၁၅ဝဝခန့်က ဟန်လူမျိုးများ၏တိုက်ခိုက်မှုကြောင့် မွန်ဂိုလွိုုက်တို့သည် အာရှတောင်ပိုင်းသို့ ဆုတ်ခွာခဲ့ကြရပါသည်။တရုတ်ပြည်မြစ်ဝါမြစ်၏မြစ်ဖျားခံရာတွင် နေထိုင်ခဲ့ကြပါသည်။ ဘီစီ ၁ဝဝဝခန့်ချင် မင်းဆက်လက်ထက်၌တရုတ်တို့လာရောက်တိုက်ခိုက်ကြပြန်သဖြင့် တောင်ဘက်သို့ရွှေ့ပြောင်းခဲ့ကြပြန်သည်။ ဤသို့ဖြင့်ခရစ်နှစ်မဆန်းမီကာလတွင်ပင် မွန်ဂိုလွိုက်တို့သည် တိဘက်အရှေ့ပိုင်းသံလွင်နှင့်မဲခေါင်မြစ်ဖျားဒေသ (အရှေ့လောင်ဂျီကျူ၉၅ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၃၂ဒီဂရီဆုံရာဝန်းကျင်)သို့ရောက်ရှိလာပါသည်။ သမိုင်းမှတ်တမ်းမှတ်ရာများနှင့်သုတေသီတို့ရေးသားချက်များကို ဩခံငုံသုံးသပ်ကြည့်သောအခါ ထိုဒေသတွင် မွန်ဂိုလွိုက်တို့ကြာကြာမနေခဲ့ကြဟု တွေ့ရပါသည်။ မွန်ဂိုလွိုုက်တို့သည် ဘီစီ၅ရာစုမတိုင်မီကပင် ထိုနေရာမှ လူမျိုးအလိုက်အုပ်စုကွဲသွားဟန်ရှိပါသည်။ ဒေါက်တာသန်းထွန်းက““ယခုစစ်တွေတစ်ဝိက်၌ သက္ကတဘာသာကျောက်စာရေးထိုးသူ တစ်စုသည်အေဒီ(၅)ရာစုကျော်က ရောက်ရှိနေကြောင်းကိုပြောပါသည်။ အကယ်၍ထိုသူများသည် တိဘက်မြန်မာအနွယ်ဝင်များဖြစ်ကြလျှင် မြန်မာထက်မြန်မာနိုင်ငံအတွင်းသို့စော၍လာသည်။ နီပေါဘက်မှစစ်တကောင်းကိုဖြတ်၍လာသည်ဟု တွေးဆဖွယ်ရှိနေပါသည်””ဟုရေးပါသည်။ ဒေါက်တာသန်းထွန်းအလိုအားဖြင့် အေဒီ(၅) ရာစုမတိုင်မီက မွန်ဂိုလွိုက်တို့ ရခိုင်ပြည်သို့ ရောက်ရှိနေပြီဟု ယူဆရပါသည်။

ဘီစီ(၆)ရာစုနှင့်ယင်းမတိုင်မီကပင် မွန်ဂိုလွိုက်အုပ်စုကြီးမှခွဲထွက်သွားသောသူများမှာ တိဘက်။ ဟိမဝန္တ၊မိရှမိခေါ်မြောက်အာသံ၊ ချင်း၊ သက်။ မြန်မာအနွယ်မှဓနု၊ ရခိုင်၊ ထားဝယ်၊ တောင်ရိုးနှင့်မြိုလူမျိုးစုတို့ဖြစ်သည်ဟု ယူဆကြပါသည်။ ထိုနေရာတွင် ကျန်နေခဲ့သူများမှာ နဂါး၊ ကချင်။ လောင်းဝေါးလရှ်၊ အတ်မီ၊ ဗမာ၊မွန်နှင့်လိုလိုအစုဝင်လူမျိုးများဖြစ်သည်ဟု ဒေါက်တာသန်းထွန်းကရေးသည်။ အေဒီရ၁၃ခုတွင် သံလွင်နှင့်မဲခေါင်မြစ်များအကြားဒေသကို နန်ကျောင်မင်းရှန်လောဖိတိုက်ခိုက်သည့်အခါ ထိုနေရာတွင် ရခိုင်နှင့် အတူခွဲထွက်ခဲ့သည့်လူမျိုးများမရှိတော့ပါ၊ (၈)ရာစုအတွင်းကော်လောဖန် မြန်မာနိုင်ငံမြောက်ဖျားဒေသကို စစ်ပွဲအကြိမ်ကြိမ်ဆင်နွဲသောအခါ မြန်မာအနွယ်မှ ကျန်နေခဲ့သော လူမျိုးစုများနှင့်လိုလိုစုမှ လူမျိုးစုများသည် သံလွင်နှင့်မဲခေါင်မြစ်အတိုင်းအရှေ့တောင်ဘက်ယူနန်နယ်ယုန်ဂ်ချန်ပတ်ဝန်းကျင်ဒေသသို့ဆင်းခဲ့ကြပါသည်။ မွန်ဂိုလွိုက်အုပ်စုကြီးမှ ဘီစီ(၆)ရာစုဝန်းကျင်က ခွဲထွက်ခဲ့သော၊ ကူကိချင်းနှင့်မြိုလူမျိုးအုပ်စုကြီးမှာ ဟူးကောင်းချိုင့်ဝှမ်းမှမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး၊ နာဂတောင်တန်းတစ်လျှောက် နေထိုင်ခဲ့ကြကာ၊ ယင်းတို့နောက်မှအလုံးအရင်းနှင့်ဝင်ရောက်လာသောသက်လူမျိုးများ၏ အန်္တရာယ်ကြောင့်အထူးသဖြင့် ချင်းများမှာ ချင်းတောင်တန်းနှင့်ရခိုင်ရိုးမကို စုန်၍တောင်ပိုင်းထိဆင်းလာခဲ့ကြပါသည်။ သက်တို့မှာ မြန်မာပြည်အလယ်ပိုင်းထိဆင်း၍ နေရာယူခဲ့ကြပါသည်။ မြန်မာလူမျိုးနွယ်မှမူလကပင် ခွဲထွက်လာသူများအနက်၊ ဓနုနှင့်တောင်ရိုးတို့မှာ မြန်မာနိုင်ငံမြောက်ဖျားမှဝင်ရောက်ခဲ့ကြပါသည်။ ရခိုင်တို့သည် ဗြဟ်္မပုတ္တရမြ်စကြောင်းအတိုင်း အိန်္ဒိယအရှေ့ဖျားဒေသသို့ဆင်းခဲ့ပြီး ခရစ်နှစ်ဆန်းစတွင် အိန်္ဒိယအရှေ့ပိုင်း၊ ဘီဟာနှင့် ဘင်္ဂလားနယ်တွင် နှစ်ပေါင်းများစွာအခြေချနေထိုင်ခဲ့ကြပါသည်။

အေဒီရ၉၄တွင်ယိမိုယှုန်က မြန်မာများကို ဖိနှိပ်သည့်အခါ ယုန်ဂ်ချိန်ဒေသရှိ မြန်မာလူမျိုးနွယ်အုပ်စုများ၊မြန်မာနိုင်ငံတွင်းသို့ ရှမ်းပြည်မြောက်ပိုင်းမှဝင်ခဲ့ကြပါသည်။ အေဒီ၉ရာစုအစပိုင်းတွင် နန်ကျောင်တို့ပျူမြို့တော်နှင့်မိချဲန်(ပဲခူးဟုဒေါက်တာလုစ်က ယူဆသည်) ကိုတိုက်ခိုက်သည့်အခါလည်း မြန်မာတို့နန်ကျောင်တပ်ဦးတွင်ပါဝင်သည်ဟု ပညာရှင်များယူဆကြပါသည်။ မြန်မာတို့ဝင်ရောက်လာသောအခါ မြန်မာပြည်အလယ်ပိုင်းမှသက်လူမျိုးတို့တောင်ဘက်နှင့်အနောက်ဘက်ရခိုင်မြောက်ဖျားသို့ ပျံ့နှံ့သွားကြပါသည်။ဘင်္ဂလားနှင့် ဘီယာနယ်တွင် ရောက်ရှိခဲ့ကြသော မွန်ဂိုလွိုက်အုပ်စုမှရခိုင်အနွယ်ဝင်တို့သည်အာရိယန်တို့နှင့်နှစ်ပေါင်းများစွာ သွေးနှောခဲ့ကြပြီး အေဒီ(၆)ရာစုခန့်မှ (၁၀)ရာစုအတွင်းရခိုင်ပြည်သို့တစ်သုတ်ပြီးတစ်သုတ်ဝင်ရောက်ခဲ့ကြပါသည်။ အာရိယန်တို့သည် ရခိုင်တို့မရောက်မီကပင် ရခိုင်ပြည်အတွင်းသို့ စောစီးစွာကပင် ဝင်ရောက်နေခဲ့ကြသည်ဟုလည်း အချို့ပညာရှင်များက ဝေသာလီခေတ်ရုပ်ဝတ္ထုအထောက်အထားဖြင့်ဆိုပါသည်။

ဒေါက်တာသန်းထွန်းက ခရစ်နှစ်ဆန်းစတွင် မွန်တို့သည် မုတ္တမကွေ့မြစ်ဝကျွန်းပေါ်ဒေသနှင့်ကျောက်ဆည်နယ်ထိနေရာယူသည်ဟုဆိုပါသည်။ ဒေါက်တာက နန်ဂိုကမူ မွန်ုတို့သည်ရခိုင်ပြည်။ မြန်မာပြည်တို့တွင် အစောဆုံးနေထိုင်သူများတွင် ပါဝင်သည်ဟုဆိုသည်။ ဆက်၍မွန်တို့သည် ခမာတို့၏ရန်ကြောင့်် မြန်မာနိုင်ငံအနောက်တောင်ဘက်ပင်လယ်ကမ်းခြေထိပျံ့နှံ့နေထိုင်ခဲ့ကြောင်းလည်း ဆိုပါသည်။ဤအယူအဆနှစ်ရပ်ကိုသုံးသပ်လျှင် မွန်တို့သည် မော်တင်စွန်းဒေသမှ ရခိုင်ပြည်တောင်ဘက်ဒေသအတွင်းပိုင်းထိ နေထိုင်ခဲ့ကြမည်ဟုခန့်မှန်းရပါသည်။ အေဒီ(၃)ရာစုမှ (၅)ရာစုအတွင်း ပျူတို့သည် မြန်မာနိုုင်ငံအလယ်ပိုင်းသို့ဝင်ရောက်၍ မြို့ပြနိုင်ငံများထူထောင်ကြပါသည်။ ဘင်္ဂလား၊ ဘီဟာနယ်တွင်နေထိုင်ကြသောမွန်ဂိုလွိုက် ရခိုင်တို့သည် အာရိယန်ယဉ်ကျေးမှု၊ ပဂုတ္တအက္ခရာ၊ သက္ကတစာပေအရေးအသားတို့ကိုယူဆောင်ပြီး စစ်တကောင်းဒေသကိုဖြတ်၍ ရခိုင်ပြည်တွင်းသို့ဝင်ရောက်လာကာ အေဒီ(၄)ရာစုတွင် ဝေသာလီမြို့တော်ကိုတည်ဆောက်ကြပါသည်။ ပျူများမြန်မာနိုင်ငံမြေပြန့်သို့ဆင်းလာသည့်အခါ ကျောက်ဆည်နယ်နှင့်မြစ်ဝကျွန်းပေါ်မှမွန်များသည် မုတ္တမကွေ့ဘက်သို့ပြောင်းရွှေ့သွားကြပါသည်။ ရခိုင်တို့ရခိုင်ပြည်တောင်ပိုင်းသို့ဆငိးလာသည့်အခါ ရခိုင်ပြည်တောင်ဘက်အဖျားနှင့် မော်တင်စွန်းဒေသများမှ မွန်တို့မြစ်ဝကျွန်းပေါ်ဒေသဘက်သို့ပြောင်းရွှေ့သွားကြသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် မွန်တို့ကိုနေရာကျဲကျဲတွေ့လာရခြင်းဖြစ်ပါသည်။

မွန်တို့မြန်မာနိုင်ငံသို့ဝင်ရောက်လာပုံနှင့်ပတ်သက်၍ ဒေါက်တာလုစ်က အရှေ့ဘက်မှဝင်လာသည်ဟုလည်းကောင်း၊ ဒေါက်တာချတ္တာဂျီက အနောက်ဘက်အိန်္ဒိယမှဝင်လာသည်ဟုလည်းကောင်းပြောကြသည်။ မွန်၊ခမာဟူ၍ဘာသာစကားနီးစပ်၍ တွဲဆိုနေရသော်လည်း၊ လူမျိုးအရမနီးစပ်ဟု ဒေါက်တာသန်းထွန်းကရေးပါ သည်။မြန်မာနိုင်ငံ၏အရှေ့ဘက်နိုင်ငံများတွင် မွန်တို့ကဲ့သို့အိန်္ဒိယတွင်မုဏ္ဏာနှင့်ခါစီတို့ သြစတြစ်ဘာသာစကားပြောသည်။ မြန်မာနိုင်ငံတွင် ပလောင်။ ရိအန်နှင့်ဝတိုပ်သြစတြစ်ဘာသာစကားပြောကြသည်။ မြန်မာနိုင်ငံ၌တွေ့ရသောရှေးမွန်သားချော့၊တေးသုံးပုဒ်တွင် မွန်တို့ကမိမိတို့၏မူရင်းဒေသကိုအိန်္ဒိယအရှေ့ဘက်ကမ်းရိုးဖြစ် သောကာရာမန်ဒေးလ်ဒေသဖြစ်ကြောင်း ပါရှိရာ ဒေါက်တာချတ္တာဂျီ၏အယူအဆကိုထောက်ခံနေပါသည်။အကယ်၍မွန်တို့သည် အိန်္ဒိယမှဝင်ရောက်ခဲ့ရိုးမှန်လျှင် ရခိုင်ဒေသကိုဖြတ်သန်းခဲ့ကြမည်ဖြစ်ပြီး ပျူ၊ ခမာ၊မြန်မာတို့နှင့်ယဉ်ကျေးမှုရောယှက်သွားသည်ဟု ယူဆရပါသည်။

အေဒီ(၇)ရာစုအစပိုင်းတွင် သံတွဲခရိုင်၌ ဧကဝဏ္ဏဘာသာစကားပြောသောမွန်ဂိုလွိုက်(ရခိုင်)တို့ရှိနေပြီဟူသောအထောက်အထားရှိသည်။ အေဒီ(၇)ရာစုအစပိုင်းတွင် ရေးထိုးခဲ့သည့် ငလုံးမော်ကျောက်စာတွင် “မဲကာ”ဟူသောလူ၏အမည်ကိုတွေ့ရပါသည်။အသံတစ်သံကို စာတစ်လုံးတည်းဖြင့် ရေးသားရန်ကြိုးစားပြီး “မဤကာ”ဟုရေးသားထားပါသည်။ “မဲကာ”ဟူသောအမည်ကို ရခိုင်လူမျုုိးထဲတွင် များစွာတွေ့ရပြီး ရခိုုင်ဘာသာစကားကိုစာဖြင့်ရေးသားရန် ကြိုးစားနေကြပြီဟု ဆရာရွှေမင်းက တင်ပြခဲ့ဖူးသည်။

သံတွဲခရိုင်အတွင်းမြောက်ဘက်ခြမ်းမှ ငလုံးမော်ကျောက်စာ၊ လူမူးချောင်းကျောက်စာ၊ ပြည့်ဝကျောက်စာစသည်ဖြင့် ဝေသာလီခေတ်သုံးဂုပ်္ပတအက္ခရာဖြင့် ပါဠိ၊ သက္ကတကျောက်စာများတွေ့ရသော်လည်း သံတွဲမြို့၏တောင်ဘက်တွင် ပုဇွန်ဖြေချောင်းအနီး တုံးတောရွာတွင် ပျူအက္ခရာ၊ ပျူဘာသာဖြင့် ကျောက်စာတစ်ခုသာတွေ့ရပါသည်။ ဤကျောက်စာကိုမြန်မာနိုင်ငံကမ္မည်းကျောက်စာဌာန ရခိုင်ကျောက်စာများတွင် အမှတ်(၅၁၇)ဖြင့်မှတ်တမ်းတင်ရှိပါသည်။ ဤကျောက်စာကိုအေဒီ(၇)ရာစု ပထမပိုင်းဟုပညာရှင်များက သတ်မှတ်ပါသည်။ကျောက်စာတွင် ဗုဒ္ဓဆင်းတုတော်သွန်းလုပ်လှူဒါန်းကြောင်းရေးထိုးထားသည်ဟုသိရပါသည်။အေဒီ၆ရာစုအချိန်သည် ရခိုင်ပြည်တွင် ဝေသာလီခေတ်ဖြစ်၍ ရိုမတစ်ဖက်တွင် သရေခေတ္တရာခေတ်ဖြစ်ပါသည်။ သရေခေတ္တရာနှင့်ဝေသာလီသည်စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအဆက်အသွယ်များရှိခဲ့ပါသည်။ပျူတို့သည် အိန်္ဒိ.အရှေ့ဘက်ကမ်းခြေဒေသများနှင့်ဆက်သွယ်ရာတွင် ရခိုင်ကမ်းခြေကို ကြားစခန်းအဖြစ်အသုံးပြုခဲ့သည်ဟု ဒေါက်တာလုစ်ကဆိုသည်။ အိန်္ဒိယ၊ အာသံ၊ စစ်တကောင်း၊ ရခိုင်၊သရေခေတ္တရာ ယူနန်ဒေသများတွင်သာသနာပြုများ၊ ကုန်သည်များမပြတ်ကူးသန်းသွားလာနေသည်ဟု ပင်မလာဂတ္တမင်ကဆိုပါသည်။ ဤသို့ဖြင့်ရခိုင်နှင့်ပျူလူမျိုးများနီးကပ်စွာ ဆက်ဆံနေ၍လည်းကောင်း၊ သံတွဲခရိုင်အတွင်း ပျူ၊ ကျောက်စာတစ်ချပ်တွေ့ရုံမျှဖြင့်လည်းကောင်း၊ သရေခေတ္တရာမှ ပျူလူမျိုးစုသည်ရေကြည်ရာမြက်နုရာကို ရှာဖွေရင်းသံတွဲခရိုင်တောင်ပိုင်းခြမ်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု မယူဆနိုင်ပေ။

အေဒီ(၆)ရာစု(၇)ရာစုအချိန်သည် သရေခေတ္တရာပျူတို့ ကြွယ်ဝချိန်အထွတ်အထိပ်သို့ရောက်ချိန်ဖြစ်ပါသည်။ သရေခေတ္တရာပတ်ဝန်းကျင်ဒေသသည် ပျူတို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊စသည်ဖြင့် အဖက်ဖက်မှပြည့်စုံလုံလောက်သောနယ်မြေဖြစ်ပါသည်။ ရိုးမတောင်တန်းနှင့် ပင်လယ်ကမ်းကြားရှိကျဉ်းမြောင်းသော သံတွဲခရိုင်တောင်ပိုင်းနှင့်ယှဉ်ကြည့်ပါလျှင် သရေခေတ္တရာဝန်းကျင်က ပို၍ရေကြည်သည်။ပို၍မြက်နုသည်ဟုဆိုရပါမည်။ တောင်ကုတ်လမ်းကိုအကြောင်းပြု၍ ပျူတို့သည်အိန်္ဒိယအရှေ့ဘက်ကမ်းဒေသနှင့်ဆက်သွယ်ရာတွင် သံတွဲနယ်မြေကိုကြားစခန်းအဖြစ် အသုံးပြုခဲ့မည်ဖြစ်သော်လည်း လူမျိုးစုတစ်စုဆင်းသက်ပြန့်ပွားလာစေနိုင်လောက်အောင်ပျူတို့သည် ရေကြည်ရာ၊ မြက်နုရာရှာဖွေရင်း အစုလိုက်အပြုံလိုက်ပြောင်းရွှေ့လာကြမည်ဆိုခြင်းမှာ မတွေးဆအပ်သောကိစ်္စသာဖြစ်ပါသည်။

တုံးတောပျူကျောက်စာသည် ပျူရဟန်းများခေတ္တတည်းခိုစဉ် ဆင်းတုတော်လှူဒါန်းရေးထိုးခဲ့သောကျောက်စာသာဖြစ်တန်ရာပါသည်။ ဗုဒ္ဓဂါယာမဟာဗောဓိတွင် ဘုရင်မင်းထီးရခိုင်ကျောက်စာရေးထိုးခဲ့ရုံမျှဖြင့်ရခိုင်တို့ယင်းဒေသသို့အစုလိုက်အပြုံလိုက်ပြောင်းရွှေ့ကာ ရခိုင်အဆက်အနွယ်များဆင်းသက်လာခဲ့သည်ဟု မဆိုနိုင်သကဲ့သိုု့ဖြစ်ပါသည်။

ပျူအက္ခရာ၊ ပါဠိဘာသာဖြင့် ရေးထိုးထားသောကျောက်စာတစ်ချပ်ကိုလည်း ရခိုင်ပြည်မြောက်ပိုင်းတွင်တွေ့ရှိထားပါသည်။ သရေခေတ္တရာမှပါဠိဘာသာကျောက်စာနှင့် တစ်ထေရာတည်းတူညီပါသည်။ သီဟနာဒသုတ်တော်မှအစိတ်အပိုင်းအချို့ကိုရေးထိုုးထားသည်ဟု သိရပါသည်။ ပျူနှင့် ရခိုင်တို့သည် အလွန်ရင်းနှီးစွာဆက်ဆံခဲ့ကြရာ ပျူစာတတ်ကျွမ်းသော ရခိုင်များရှိသကဲ့သို့ ရခိုင်စာအရေးအသားတတ်ကျွမ်းသောပျူများရှိပါမည်။

အထောက်အထားများအရမူ ဧကဝဏ္ဏဘာသာစကားပြော၍၊ အာရိယန်ယဉ်ကျေးမှုလွှမ်းမိုးခံခဲ့ရသော ရခိုင်တို့သည် အေဒီ(၇)ရာစုတွင် သံတွဲခရိုင်ထိပျံ့နှံ့နေပါပြီ။ ရခိုင်တို့သည် သံတွဲခရိုင်ထိဆင်းသက်၍ ယင်းအချိန်ကပင် နေခဲ့ကြသည်ကို သုတေသီတို့မငြင်းဆိုကြသကဲ့သို့ ပျူလူမျိုးများရခိုင်ပြည်သို့ အစုလိုက်အပြုံလိုက်ဝင်ရောက်နေထိုင်ခဲ့ဖူးသည်လည်း သုတေသီတို့မဆိုခဲ့ကြပါ။ မြန်မာနိုင်ငံ၏အနောက်တောင်ပင်လယ်အငူဒေသဖြစ်သည့် ရခိုင်ပြည်တောင်ဘက်စွန်းတွင် နေထိုင်ခဲ့ကြသည်ဟု ယူဆရသောမွန်တို့မှာ မြောက်ပိုင်းမှရခိုင်တို့ဆင်းလာသည့်အခါ မြစ်ဝကျွန်းပေါ်ဒေသသို့ ပြန့်ကြဲသွားဟန်ရှိပါသည်။ ဤအချက်ကို တွေးဆရာတွင်လည်း နောင်အခါတွင် မြစ်ဝကျွန်းပေါ်ဒေသ၌မွန်တို့ကိုနေရာကျဲကျဲတွေ့ရှိရခြင်းနှင့်သမိုင်းသုတေသီတို့၏အဆိုအမိန့်များကိုစုစည်း၍ယူဆခြင်းဖြစ်ပါသည်။ အခြားတစ်ဖက်မှဆိုလျှင် အချို့ကဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည်ခေါင်းလောင်းပုံရှိသောကြောင့် ယခုတွေ့ရသည့်ကုန်းမြေနမရှိသေးဟုဆိုကြသော်လည်း ဘူမိဗေဒပညာရှင်များကဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ယနေ့မှစ၍ရေတွက်သော် အနည်းဆုံးနှစ်ပေါင်းသုံးသိန်းကျော်ရှိပြီဆိုသဖြင့်ရခိုင်ပြည်တောင်ဘက်စွန်းဒေသသို့မွန်တို့ရောက်ရှိဖူးခဲ့မည်မှာ သေချာသကဲ့သို့ ယင်းဒေသမှမွန်များ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့ဘက်သို့ပြောင်းရွှေ့ခဲ့ကြသည်ုဆိုခြင်းမှာ မှန်ကန်ပေသည်။

ရာဇဝင်အရ ပျူ၊ မွန်၊ဗမာတို့သည် “ရခိုင်ပြည်ကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။ သို့သော်ပျူလူမျိုးများအစုလိုက်အပြုံလိုက်ကျန်နေခဲ့ကြသည့်အထောက်အထားမရှိပါ။ ပျူတို့သည် အေဒီ(၈)ရာစုတွင် ကရင်တို့၏ရန်ကြောင့် နိုင်ငံရေးစတင်ဆုတ်ယုတ်လာပါသည်။ အေဒီ(၈၃၂)တွင် နန်ကျောင်တို့ ပျူမြို့တော်ကိုဖျက်ဆီး၍ပျူအများအပြားကို သုံ့ပန်းအဖြစ်ဖမ်းဆီးသွား၍လည်းကောင်း။ အေဒီ(၁၀)ရာစုတွင် ဗမာများဝင်ရောက်လာပြီး ဗမာများလွှမ်းမိုးသွား၍လည်းကောင်း ပျူလူမျိုးများတစ်စတစ်စ တိမ်ကောခဲ့ရပါသည်။ ကျန်စစ်သားမင်း၏နန်းတော်ကျောက်စာ အေဒီ-၁၁၁၂က မြစေတီကျောက်စာ၊ တရုတ်တို့ပုဂံကိုတိုက်ခိုက်သော မှတ်တမ်းများတွင်ပျူစာများပါရှိပါသည်။ ပျူလူမျိုးတိမ်ကောလာမှုကို ဆန်းစစ်လျှင် အေဒီ(၁၄၄၂)ခု စစ်ကိုင်းထူပါရုံကျောက်စာ၊အေဒီ(၁၅၁၀)ခုက၊ ရွှေနန်းကြော့ရှင် နရပတိ၏ နန်းတည်ကျောက်စာတို့တွင် ပျူဟူသောအမည်ပါရှိနေသေးသဖြင့် အေဒီ(၁၆)ရာစုတိုင် ပျူလူမျိုးများရှိနေသေးကြောင်း သိရသည်။အေဒီ (၁၄၄၂)ခုနှစ်က နရပတိ၏စစ်ကိုင်းထူပါရုံကျောက်စာတွင် အင်းဝဘုရင်နရပတိမင်း၏ ဘိသိက်ခံပွဲအခမ်းအနားသို့ သက်၊ မြို့၊ ချင်းတို့ကိုအုပ်စိုးရသော ရခိုင်မင်းလည်း တက်ရောက်ကြောင်းပါရှိသည်။

အေဒီ(၁၄၄၂)ကာလသည် ရခိုင်ပြည်တွင် နရနု(၁၄၃၃-၁၄၅၉)အုပ်စိုးချိန်ဖြစ်ပါသည်။ နရနုသည် မြောက်ဦးတွင်နန်းမစံမီက သံတွဲတွင်နန်းစံခဲ့ဖူးပါသည်။ ရခိုင်ပြည်သည် မော်တင်စွန်းအထိကျယ်ဝန်းခဲ့သည်၊ မော်တင်စွန်းအထိရခိုင်မင်းအုပ်ချုပ်သည်။ နရနုသည်မြောက်ဦးတွင် နန်းစံစဉ်အေဒီ (၁၄၃၇)တွင် သံတွဲကို တိုက်ခိုက်ရပြန်သည်။အကယ်၍ သံတွဲခရိုင်တောင်ဘက်ခြမ်းဒေသတွင် ပျူလူမျိုးများသာ ထိုစဉ်ကရှိနေခဲ့မည်ဆိုပါလျှင် ထူပါရုံကျောက်စာ၌ ရခိုင်မင်းအုပ်စိုးရသော လူမျိုးများကို ဖော်ပြရာတွင် သက်၊မြို၊ ချင်းတို့နှင့် ပျူလူမျိုးတို့၏အမည်များကိုလည်း ရေးထိုးခဲ့ပါမည်။ ကျောက်စာအရ ရခိုင်မင်းအုပ်ချုပ်မှုအောက်တွင် ပျူလူမျိုးဟုမပါရှိသဖြင့် ထိုစဉ်ကပင်သံတွဲခရိုင်အပါအဝင် ရခိုင်ပြည်တွင် ပျူလူမျိုးများမရှိကြောင်းထင်ရှားပါသည်။

အေဒီ(၇၆၃)တွင် ကော်လော်ပန်သည် မြန်မာနိုင်ငံမြောက်ဖျားဒေသသို့ စစ်ပွဲဆင်နွဲသောအခါ ဧရာဝတီမြစ်ညှာပိုင်းမှ လူမျိုးစုတစ်စုသည် ရခိုင်သို့ကူးခဲ့သည်ဟု ဦးရည်စိန်ကသေသေချာချာရေးဖူးသည်။ သူတို့မှာ ယင်းဒေသတွင်း ကြွင်းကျန်နေခဲ့သည့် သက်လူမျိုးများဖြစ်စရာရှိသည်။ မြိုလူမျိုးများနှင့် တောင်ပိုင်းချင်းတို့မှာ ရခိုင်ရိုးမကိုစုန်၍ဆင်းသက်နေချိန်ဖြစ်ပါသည်။ မြိုလူမျိုးများသည် ရှေးကျသောရခိုင်ဘာသာစကားကိုပြောကြားသည်ဟု ရောဘတ်ရှက်ဖာက ရေးဖူးသည်။ သက်၊ မြို၊ ချင်း၊ ရခိုင်တို့သည် ရခိုင်ပြည်သို့မရှေးမနှောင်းဆင့်၍ ဝင်ရောက်ခဲကြကြောင်း ပင်မလာဂတ္တမင်က ရေးသားခဲ့သည်။

ရခိုင်ပြည်တောင်ပိုင်းနယ်မြေသည် (အထူးသဖြင့် သံတွဲခရိုင်တောင်ပိုင်း) ရိုးမတောင်တန်းနှင့် ပင်လယ်ပြင်အကြား၌ကျဉ်းမြောင်း၍မြေပြန့်လွင်ြ့ပင်အလွန်နည်းပါးပါသည်။ ထို့ကြောင့် ရခိုင်ပြည်တောင်ပိုင်းသို့ ဆင်းသက်လာသောရခိုင်များနှင့် ချင်းလူမျိုးများသည် အလွန်နီးကပ်စွာ ဆက်ဆံခဲ့ရကား၊ ကာလကြာရှည်သွေးနှောခဲ့ဟန်ရှိပါသည်။ ချင်းလူမျိုးများကို နေရာလိုက်၍ သုံးမျိုးခွဲပါသည်။ မြောက်ပိုင်းချင်းများတွင် သဒေါ၊ စိယိန်၊သောက်ကတဲ၊ ကမ်တောင်နှင့် ဟိုးအမျိုးတို့ ပါဝင်ပြီးအထက်ချင်းတွင်းအရပ်တွင် နေကြပါသည်။ အလယ်ပိုင်းချင်းသည် တီးတိန်၊ဖလမ်း၊ ကန်ပက်လက်နယ်များတွင်နေကြပြီး၊ လဲနှင့် လူရှေအမျိုးပါဝင်ကြပါသည်။ တောင်ပိုင်းချင်းကား ရခိုင်ပြည်အနှံ့နေ၍ကျော်၊ အနုနှင့် တောင်းဆိုးအမျိုးတို့ပါဝင်သည်။ ချင်းနှင့်ရခိုင်တို့သည် သံတွဲခရိုင်အတွင်းသို့ မရောက်မီကပင် သွေးနှောနိုင်ပါသည်။ ရခိုင်တို့နှင့် သွေးနှောခဲ့သည့်ချင်းများမှာ တောင်ပိုင်းချင်းများဖြစ်ကြပြီး ဤသို့သွေးနှောမှုသည် အေဒီ(၁၀)ရာစုခန့်မှစ၍ စတင်ခဲ့မည်ဟုယူဆရပါသည်။

ဗမာများ မြန်မာနိုင်ငံအလယ်ပိုင်းကိုဆင်း၍ အင်အားတောင့်တင်းသောလက်နက်နိုင်ငံထူထောင်ပြီး၊ ပျူ၊မွန်အပါအဝင် မြန်မာအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းကိုအပြီးအပိုင် သိမ်းယူသည်မှာ အေဒီ(၁၂၂၈)ခုတွင်မှဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသသည် အေဒီ(၁၁)ရာစု အနုရုဒ္ဓါမင်းလက်ထက်ကပင် ဗမာလက်အောက်သို့ကျသည်။ မြစ်ဝကျွန်းပေါ်ရှိ မွန်၊ကရင်တို့အရှေ့ဘက်သို့ရှောင်သွားကြသည်။ ကျန်နေသောမွန်နှင့်ကရင် တို့ဗမာနှင့်သွေးနှောပါသည်။ အနုရုဒ္ဓါသည် မွန်တို့ကိုစစ်ရေးအရ နိုင်သည်။ သို့သော်မွန်ယဉ်ကျေးမှုက ဗမာတို့ကိုလွှမ်းမိုးသည်။ ပျူတို့ကား အပြိုပြိုအကွဲကွဲဖြစ်ကာ ဗမာများနှင့် သွေးနှောပြီး တစ်စတစ်စတိမ်ကောလာခဲ့ရာ ၁၅၁ဝခုနှစ်နောက်ပိုင်းတွင် ပျူဟူသောအမည်ကို မည်သည့်နေရာတွင်မှ ရှာ၍မရလိုက်တော့ပါ။
သံတွဲခရိုင်တောင်ပိုင်း၌ ရိုးမတောင်တန်းသည် နိမ့်သည်။ ကျဉ်းသည်။ရိုးမအရှေ့ဘက်နှင့်ဆက်သွယ်ရန်တောင်ကြားလမ်းများပေါများသည်။ ရိုးမအရှေ့ဘက်သို့ဆက်သွယ်ရန် တစ်နေ့တာခရီးသာသာရှိသည်။ ဗမာတို့(၁၁)ရာစုကပင် သိမ်းယူအခြေချနေခဲ့သော မြစ်ဝကျွန်းပေါ်ဒေသနှင့် သံတွဲခရိုင်တောင်ပိုင်းဒေသသည် ယင်းကာလကပင် ဆက်သွယ်မှုရှိခဲ့သည်။ အေဒီ(၇)ရာစုမတိုင်မီကပင် ရခိုင်တောင်ပိုင်းသို့ ရောက်ရှိနေသော ရခိုင်တို့သည် အေဒီ(၁၀)ရာစုခန်ပကပင် ဗမာယဉ်ကျေးမှုနှင့် ဆက်ဆံခဲ့ရပါသည်။ သံတွဲခရိုင်သည် ရခိုင်ပြည်မြောက်ပိုင်းနှင့် နှိုင်းစာသော် ရိုးမဘက်မှ ဗမာယဉ်ကျေးမှုနှင့် ဆက်ဆံရာတွင် ပို၍လွယ်ကူပါသည်။ တွင်ကျယ်ပါသည်။သံတွဲခရိုင်သားတို့သည် ရခိုင်မြောက်ပိုင်းထက် ရိုးမတစ်ဘက်နှင့် ဆက်ဆံကူးသန်းမှုပိုမိုရှိလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

တောင်ငူဘုရင်တပင်ရွှေထီးသည် ရခိုင်ပြည်ကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့၏။ တောင်ပိုင်းမှစစ်ချီလာပြီး သံတွဲတွင် စခန်းချလေ့ရှိပါသည်။ သို့သော်တပင်ရွှေထီးသည် မင်းဗာကြီး၏မြောက်ဦးမြို့ကို မသိမ်းနိုင်ခဲ့ပါ။
ဘုရင့်နောင်လည်း လာရောက်တိုက်ခိုက်ဖူးပါသည်။တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့တိုက်ခိုက်စဉ် အကြောင်းအရာတစ်ခုကိုဖော်ချမ္မာရေးခဲ့ဖူးသည်။ (၁၅)ရာစုအတွင်းက မွန်စစ်သည်တို့ ရခိုင်ပြည်ကိုဂွမြို့မှလောင်းကြက်မြို့ထိတိုက်ခိုက်ခဲ့ဖူးသည်။ သံတွဲ၏အရှေ့တောင်ဘက်တွင် “မြို့ချောင်း”ဟူသောနေရာတစ်ခုရှိသည်။ ယင်းပတ်ဝန်းကျင်တွင် မြိုလူမျိုးတို့နေထိုင်ခဲ့ဖူးသည်။မွန်တို့တိုက်ခိုက်သည့်အခါ ယင်းတို့မှာမြောက်ဘက်သို့ ရှောင်တိမ်းသွားခဲ့သည်။ ““မြို့ချောင်း””ဟူသောရွာတစ်ရွာရှိပါသေးသည်။ သံတွဲမြို့မြောက်ဘက်(၁၅)မိုင်ခန့်အကွာတွင် “တလိုင်းတဲ”ဟူ၍ ရွာတရွာရှိပါသည်။ စာရေးသူသည်လွန်ခဲ့သည့်နှစ်(၂၀)ခန့်ကပင် ထိုပတ်ဝန်းကျင်၌ နေထိုင်ခဲ့စဉ်က သက်ကြီးဝါကြီးများကို မေးမြန်းကြည့် ရာ၊မွန်တို့ ရခိုင်ပြည်ကိုတိုက်ခိုက်စဉ်က မွန်စစ်သည်များ စခန်းချတည်းခိုနေထိုင်ခဲ့သည်နေရာဖြစ်သည်ဟု ကောက်ချက်ချ၍ရပါသည်။ ထိုရွာနှင့်ပတ်ဝန်းကျင်ရွာ(၁၀)ရွာခန့်သည် လေသံဝဲဝဲဖြင့် ဗမာစကားပြောကြပါသည်။ သို့သော်တစ်ရွာနှင့်တစ်ရွာလေသံဝဲပုံချင်း မတူညီပါ။

မြောက်ဦးခေတ်မင်းရာဇာကြီးလက်ထက်တွင် ရခိုင်ဘုရင်၏ပိုင်နက်သည် ယခုဘင်္ဂလားဒေ့ရှိနိုင်ငံ၊ ဒက္ကားမှမော်လမြိုင်ပင်လယ်ကမ်းရိုးတန်းအထိ ဖြစ်ပါသည်။ သံတွဲခရိုင်တောင်ပိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကူးသန်းဆက်ဆံမှုပို၍ တွင်ကျယ်ခဲ့ပြီး ဗမာယဉ်ကျေးမှုလွှမ်းမိုးခဲ့ပါသည်။ ဘိုးတော်ဘုရားရခိုင်ပြည်ကိုသိမ်းယူပြီးနောက်ပိုင်းတွင် ဆက်ဆံရေးပိုမိုတွင်ကျယ်လာကာ အထူးသဖြင့် ဗမာစကားပြောအလေ့အထ လွှမ်းမိုးလာပါသည်။ ဘိုးတော်ဘုရား ရခိုင်ပြည်ကိုသိမ်းယူပြီးနောက် ဗမာစစ်တပ်မှကျန်ရစ်သူများလည်း ရှိပါသည်။၁၈၄ရမှ ၁၉၂၄ထိ အင်္ဂလိပ်တို့မသိမ်းမီ ဗမာတို့က ရခိုင်ပြည်ကို နယ်ကြီး(၄)ခုခွဲ၍ အုပ်ချုပ်ပါသည်။ သံတွဲနယ်လည်းတစ်ခုအပါအဝင်ဖြစ်ပြီး ဗမာနှင့် အများဆုံးဆက်ဆံရသောနယ်ဖြစ်ပါသည်။ တောင်ကုတ်မြို့၊ ဥတေနတောင်ကုန်းပေါ်ရှိ ဥက္ကာသိမ်တော်ကြီး(ယခုသိမ်တောင်သိမ်)၊ လမူးချောင်းမှမော်ရွာသိမ်တော်ကြီး။ ပန်းတင်းကျွန်းမှ မကျည်းတောသိမ်တော်ကြီး၊ သံတွဲမြို့သိမ်ကုန်းသိမ်တော်ကြီးတို့မှာ ဗမာရဟန်းများသမုတ်ခဲ့သောသိမ်များဖြစ်ကြပါသည်။ ဗမာဘုရင်သိမ်းပိုက်ပြီး သံတွဲနယ်မြေကို ၀ါဆီဗိုလ်ကျော်ထုင် သီဟ၊ဦးရွှေပန်း၊ တိုင်တားဝန်၊ မောင်ရဲဟူ၍ မြို့ဝန်များအုပ်ချုပ်ခဲ့သည့်ကာလတွင် သံတွဲခရိုင်သည် ရိုးမတစ်ဘက်နှင့် အနီးကပ်ဆက်ဆံခဲ့ရပါသည်။
၁၈၂၃ မှ ၁၈၅၂ခုအတွင်း ဗမာဘုရင်ပိုင်နက်အတွင်း မငြိမ်သက်မှုများကြောင့် ဗမာများသံတွဲခရိုင်အတွင်းသို့ အမြောက်အမြားဝင်ရောက်ခဲ့ကြပါသည်။ သူတို့သည် ၁၈၅၃မှ ၁၈၆၄အတွင်း တဖြည်းဖြည်းပြန်လည်ပြောင်းရွှေ့သွားကြသည်ဟု တွေ့ရပါသည်။ ၁၈၆၄ခုနှစ်နောက်ပိုင်းတွင် ဝင်ရောက်လာသူဦးရေမှာ ထွက်ခွါသွားသူဦးရေထက် ပိုများသည်ဟုဆိုပါသည်။ နောင်နှစ်များတွင် ဝင်ရောက်လာမှုမရှိဘဲ ဗမာတို့သည် ပုသိမ်ခရိုင်နှင့်ဟင်္သာတခရိုင်များသို့ပြန်လည်ပြောင်းရွှေ့သွားကြပါသည်။ အချို့ရခိုင်များလည်း လိုက်ပါသွားကြသည်ဟု သံတွဲခရိုင် ဂေဇက်တီးယားတွင် တွေ့ရပါသည်။ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်တို့သည် သံတွဲခရိုင်နှင့်ဆက်စပ်နေပါသည်။ သံတွဲခရိုင်တောင်ပိုင်းသို့ ရှေးယခင်ကပင် ဗမာများဝင်ရောက်နေထိုင်ခဲ့ဖူးသည်မဟုတ်။ရခိုင်တို့သည်လည်း ရခိုင်ပြည်မှအကြောင်းအမျိုးမျိုးကြောင့် မြစ်ဝကျွန်းပေါ်သို့ပြောင်းရွှေ့သွားကြသည်လည်းရှိပါသည်။ ၁၉၉၂ခုနှစ်စာရင်းအရ ဧရာဝတီတိုင်းတွင် ရခိုင်လူမျိုး(၆၀၀၀၀)ခြောက်သောင်းကျော်ရှိပါသည်။ဗမာများအများဆုံးနေထိုင်ခဲ့သည်မှာ သံတွဲခရိုင်တောင်ဘက်ခြမ်းဖြစ်ပြီး ဗမာများ ပုသိမ်၊ ဟင်္သာတဘက်သို့ပြန်သွားသည့်အခါ သံတွဲခရိုင်တောင်ဘက်ခြမ်းတစ်ခွင်၌ ဗမာယဉ်ကျေးမှုလွှမ်းမိုးနေရစ်ခဲ့ပါသည်။

စာရေးသူသည် သံတွဲခရိုင်တောင်ပိုင်းတစ်ခွင် လှည့်လည်သွားလာဖူးပါသည်။ ရခိုင်စကားသီးသန့်ပြောဆိုသောရွာမတွေ့ဖူးပါ။ သို့သော်ဗမာစကားပြောရာတွင် စကားပြောဟန်၊ လေသံမတူညီကြပါ။ အချို့ရွာများကားဗမာပီပီသသပြောဆိုကြပါသည်။ အချို့ရွာများက ချင်းသံဝဲ၍ပြောကာ၊ အချို့ရွာများက ရမ်းဗြဲဒေသိယရခိုင်လေသံဖြင့် ဗမာစကားပြောကြပါသည်။ တောင်ကုတ်၊ သံတွဲ၊ ဂွသုံးမြို့နယ်အတွင်း အရှေ့ဘက်ရခိုင်ရိုးမတောင်စွယ်။ တောင်စောင်း၊ တောင်ဖျားများ၌ တောင်ယာစိုက်ပျိုး၍ အသက်မွေးနေကြသည့် ချင်းလူမျိုးများနေထိုင်သောရွာငယ်များရှိကြပါသည်။ အချို့သောရွာများသို့ စာရေးသူကိုယ်တိုင်ရောက်ဖူးပါသည်။ ရခိုင်များနှင့်စာလျှင်လူဦးရေအလွန်နည်းပါသည်။ သူတို့သည်ရခိုင်များနှင့် စီးပွားရေးအရဆက်ဆံကြပါသည်။ ဗုဒ္ခဘာသာနှင့်နတ်ကိုးကွယ်မှုများရှိပါသည်။ သူတို့ကိုဆောင်းဥတုတွင် တောင်ကုတ်၊ သံတွဲ၊ ဂွမြို့များ၏စျေးအတွင်းစျေးဝယ်နေကြသည်ကိုတွေ့ရတတ်ပါသည်။ ရခိုင်ဘာသာစကားတတ်သူရှိသကဲ့သို့၊ မတတ်သူများလည်းရှိပါသည်။သူတို့သည် သံတွဲခရိုင်အတွင်းသို့နောက်ဆုံးဆင်းသက်ခဲ့ကြသည့် ချင်းအုပ်စုမှဖြစ်ဟန်ရှိပါသည်။ ဗမာစကားပြောသူများကိုလည်း တွေ့ဖူးပါသည်။

အချုပ်အားဖြင့်ဆိုရပါမူ၊ ရခိုင်ပြည်နယ် သံတွဲခရိုင်တောင်ဘက်ခြမ်း၌နေသူများသည် ပျူလူမျိုးတို့၏အဆက် အနွယ်များမဟုတ်ကြပါ။ မူလအားဖြင့် ရခိုင်သားများသာဖြစ်ကြပါသည်။ သူတို့သည် သမိုင်းဦးကပင်ချင်းလူမျိုးများနှင့် ရောနှောဆက်ဆံခဲ့ကြပြီး၊ နောက်ပိုင်းကာလများတွင် ရိုးမတစ်ဖက်မှဗမာများနှင့် နှစ်ပေါင်းများစွာရောနှောဆက်ဆံလာခဲ့ကြခြင်းကြောင့် ဗမာယဉ်ကျေးမှုက တစ်စတစ်စလွှမ်းမိုးလာပြီး ဗမာစကားပြောဆိုလာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့်သံတွဲခရိုင်တောင်ဘက်ခြမ်းတွင်ယခုအခါ ချင်းလူမျိုးများနှင့်သွေးနှောခဲ့ပြီးဗမာယဉ်ကျေးမှုကိုကျင့်သုံးလျက် “ရခိုင်”လူမျိုးများဟု လေ့လာချက်များအရ တွေ့ရှိရပါသည်။ လူမျိုးတမျိုးနှင့်တမျိုးကာလရှည်ကြာပေါင်းသင်းဆက်ဆံလာသောအခါ တစ်မျိုး၏ဘာသာစကား၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှုတို့သည် အခြားလူမျိုးတစ်မျိုးသို့ ပျံ့နှံ့ကူးစက်တတ်သည်မှာ လူ့သမိုင်းတွင် ဓမ္မတာပင်ဖြစ်ပါသည်။

စာရေးသူသည် သံတွဲမြို့နယ်၊ ကင်းမော်ရွာဇာတိဖြစ်ပါသည်။ ဤဆောင်းပါးကို သမိုင်းအမြင်ဖြင့်ရေးသားခြင်းဖြစ်ပါသည်။

မောင်ပြူး (သံတွဲ)

(၁) ရှင်စန္ဒမာလာ ရခိုင်ရာဇဝင်သစ်ကျမ်း(ဒု-အုပ်)
(၂) ဦးဖိုးဝါ၊ ဦးသက်စု ဒွါရဝတီနှင့်ရွှေဆံတော်သမိုင်းသစ်
(၃) ရွှေမင်း၊ ဝေသာလီနှင့် ဧကဝဏ္ဏ (ရခိုင်သဟာယစာစောင်-၁။ ၁၉၈၆)
(၄) လေ့လာသူတစ်ဦး အဝေးရောက်ရခိုင်များ၊ (ရခိုင်သဟာယစာစောင်အမှတ်၄)
(၅) ထွန်းရွှေခိုင် ရခိုင်ရှေးဟောင်းမြို့တော်များ
(၆) မောင်ပြူး အမြင်သစ်ရခိုင်နိဒါန်း၊ရခိုင်တန်ဆောင်မဂ္ဂဇင်း(၁၉၉၆)
(၇) သန်းထွန်း ခေတ်ဟောင်းမြန်မာရာဇဝင်
(😎 S.B. Qanungo A History of chita gang (Vol.1)
(9) P.Gutman Ancient Arakan
(10) Forchanmar Arakan.
(11) G.H.Luce The Ancient Pyus
(12) Mr. Smart Burma Gazalteer, Sanda way Distmet



မောင်ပြူး(သံတွဲ)

ရခိုင်နိဒါန်း


The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s