ကျွန်ုပ် နှင့် ပါတီနိုင်ငံရေး ကောက်ကြောင်းများ (၅)

(The Mog Nation Wiki, an archive)

ညှိနှိုင်းမှု မအောင်မြင်ခြင်း

ညီလာခံနောက်တစ်နေ့သည် ဥက္ကဌ ၊ အထွေထွေအတွင်း ရေးမှုးရွေးချယ်မည့်နေ့ ဖြစ်ပါသည်။ ရွေးချယ်ပွဲမတိုင်မီ နံနက်ပိုင်းတွင် ALD နှင့် RNDP နှစ်ဘက်ကြား ညှိနှိုင်းပေးနိုင်သူအဖြစ် နှစ်ဘက်ကသတ်မှတ်ခြင်းခံရသူ ယခင်ALD ပါတီဝင်ဟောင်း ယခုRNDP ပါတီခြမ်းမှ ကိုယ်စားလှယ်ဖြစ်လာသူ ဦးစံကျော်လှ သည် CEC (၃၉)ဦးထဲမှ ဥက္ကဌ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုး၊ စာရင်းစစ် စသည့်ပါတီတာဝန်များကို မည်ကဲ့သို့ နှစ်ဘက်ညှိနှိုင်းပြီးသဘောတူထားကြသည်ကို နှုတ်အပြောနှင့်အတူ A4 စာရွက်ဖြူတွင်တာဝန်ခွဲဝေမှု လျာထားသည့်စာရင်း ရေးသားထားချက်အား မိမိတို့ တည်းခိုကြသည့် ပဆင ဧည့်ရိပ်သာသို့ လာရောက် ယူဆောင်ပြသပြီး မိမိ၏ သဘောတူညီမှုကို ရယူပါသည်။ ဦးကျော်ကျော်၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်စောဝေ နှင့် မိမိဒေါက်တာအေးမောင် တို့ရှေ့တွင် ပြသလာခြင်း ဖြစ်ပါသည်။ ညီလာခံက ရွေးချယ်ပေးမည့် A4 စာရွက်ပါ – ANP ပါတီ CEC ၏ တာဝန်နှင့် နေရာချထားမှုမှာ – ဥက္ကဌ ဒေါက်တာအေးမောင်၊ ဒုဥက္ကဌ(၁) ဦးအေးသာအောင်၊ ဒုဥက္ကဌ(၂) ဦးလှစော၊ ဒုဥက္ကဌ(၃) ဒေါ်အေးနုစိန်၊ အထွေထွေအတွင်းရေးမှု းခိုင်ပြည်စိုး၊ အတွင်းရေးမှုးအဖွဲ့ – ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်း ၊ဦးသာထွန်းလှ၊ ဦးခင်မောင်၊ ဘဏ္ဍာရေးမှုး – ဦးစံကျော်လှ၊ ဦးလှမြင့်၊ ဦးအောင်မြကျော် စသည်ဖြင့်အသီးသီးပါဝင်ကြသည်ဟု ထင်မှတ်ပါသည်။ သေသေချာချာဖြင့် မမှတ်မိတော့ပါ။ ညှိနှိုင်းထားသည့် CEC တာဝန်ပေးဖွဲ့စည်းမှုသည် နှစ်ခြမ်းမျှတပြီး ညီလာခံကိုယ်စားလှယ် နှင့် CC;CEC တွင် ပါဝင်မှုအချိုးပိုများသည့် RNDP ကို ဦးဆောင်မှုအခန်းအား မြေပြင်အခြေအနေအရ ပေးထားသည်ဟု ယူဆရပါသည်။ မိမိက နှစ်ဘက် သဘောတူထားကြသည့် ညှိနှိုင်းထားမှုဖြစ်၍ လက်ခံပါကြောင်း၊ သဘောတူပါကြောင်း ပြန်ပြောခဲ့သည်ကိုမူ မှတ်မိပါသည်။

စာရွက်စုတ်ဖြစ်သွားသည့် ညှိနှိုင်းရေးမူ နှင့် ဥက္ကဌ၊ အတွင်းရေးမှူး ရွေးပွဲကစသည့် ပါတီပြိုကွဲမှု ခြေလှမ်း

CEC တာဝန်ပေးအပ်ပွဲ နှင့် ပွဲဆူစေသည့် ရွေးကောက်ပွဲမူ

ညီလာခံနောက်ဆုံးနေ့၌ CEC တာဝန် ပေးအပ်ပွဲကို တိတ်ဆိတ်စွာ စတင်ကျင်းပပါသည်။ အခမ်းအနားသဘာပတိအဖြစ် ဗဟိုတရားရုံးချုပ်ရှေ့နေကြီး ဦးတင်ညိုကို ရွေးချယ်တင်မြှောက်ကြပါသည်။ သဘာပတိက ရွေးကောက်တင်မြှောက်ပွဲမူကို ရှင်းပြပါသည်။ ယင်းနောက် ညီလာခံကျင်းပရေးဦးစီးကော်မတီက ချမှတ်ထားသည့်ရွေးချယ်ရေးမူအတိုင်း ဥက္ကဌ တာဝန်ထမ်းထမ်းဆောင်လိုသူ မတ်တပ်ရပ်ရန် သဘာပတိမှ ပထမအကြိမ် ဖိတ်ခေါ်ပါသည်။ မတ်တပ်ရပ်မည့်သူမရှိ။ တုတ်တုတ်မျှ မလှုပ်ကြ။ ဒုတိယအကြိမ်ဖိတ်ခေါ်ပါသည်။ မလှုပ် ကြပါ။ တတိယ အကြိမ်မြောက်ဖိတ်ခေါ်သည့်အခါ မိမိနှင့်ကပ်လျက်ထိုင်နေသော ဦးဇော်အေးမောင်က ”ဥက္ကဌထထ”ဟု သတိပေးပြီးလက်တို့ကာ အတင်းရပ်ခိုင်းပါသည်။ မိမိလည်းဘေးဝဲယာကိုကြည့်ပြီး၊ ဦးတင်ညိုကိုလည်းအားနာ၊ ဦးဇော်အေးမောင်၏တိုက်တွန်းသတိပေးမှုသည် RNDP ခြမ်းကိုယ်စား RNDP ဥက္ကဌဖြစ်ခဲ့သည့် မိမိက ဝင်ပြိုင်မှဖြစ်မည်ဟု သတိရလာစေသည်ကတစ်ကြောင်း၊ ဦးစံကျော်လှ၏ ပူပူနွေးနွေး ညှိနှိုင်းကမ်းလှမ်းမှုအရ၊ ညှိနှိုင်းထားမူကိုလေးစားသောအားဖြင့် မတ်တပ်ရပ်မှဖြစ်မည်ဟု ခံယူဖြစ်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော် တည်ငြိမ်စွာမတ်တပ်ရပ်လိုက်ပါသည်။ ယှဉ်ပြိုင် အရွေးခံမည့်ပုဂ္ဂိုလ်အား စောင့်မျှော်လျှက်ယုံကြည်မှုအပြည့်ဖြင့် မတ်တပ်ရပ်ခြင်းလည် းဖြစ်ပါသည်။ အချိန်အတော်ကြာသည်အထိ မတ်တပ်ပြိုင်ရပ်မည့်သူမရှိမှ မဲခွဲစရာမလိုဘဲ သဘာပတိမှ ANP ပါတီဥက္ကဌအဖြစ် ကြေငြာသည်ကို ကြားရပါသည်။ ယင်းနောက်ဒုဥက္ကဌ(၁)အဖြစ် သဘာပတိမှ ဖိတ်ခေါ် သော်လည်း မတ်တပ်ရပ်မည့်သူမရှိ၊ ညှိနှိုင်းစာရွက်ပါအတိုင်း ဦးအေးသာအောင်မှ မတ်တပ်မရပ်။သဘာပတိက အကြိမ်ကြိမ်ဖိတ်ခေါ်သော်လည်း ရပ်မည့်သူမရှိ။ ယင်းနောက် ကျင်းပရေးမူကို CEC မျာ းပြင်ပေးရန်အတွက် အဆိုတင်ကြ၊ငြင်းကြ၊ ခုန်ကြ အချိန်အတော်ကြာပါသည်။ ဥက္ကဌသစ် ဒေါက်တာအေးမောင် နှင့်တွဲလျက် ANP ကိုဦးဆောင်မည့် ဒုဥက္ကဌ တစ်ဦးမျှမရှိလျှင် ညီလာခံပြိုပျက်တော့မည် ဖြစ်ပါသည်။ ၄င်းနောက် ညှိနှိုင်းသဘောတူညီမှုများအရ ဒုဥက္ကဌ(၁)နေရာကိုချန်လှပ်ပြီး၊ သဘာပတိက ညီလာခံမူ (အယင်မူအတိုင်း) ဒုဥက္ကဌ(၂)နေရာကို ဖိတ်ခေါ်ရာ၊ ဦးလှစော ကိုမတ်တပ်ရပ်ရန် သူ့ရဲဘော် များကတိုက်တွန်းနေသည်ကို မြင်တွေ့ရပါသည်။ ဦးလှစော ကားတုတ်တုတ်မျှမလှုပ်၊ တိုက်တွန်းကြသည်ကိုပင် သဘောတွေ့ပုံမရ၊ အချိန်အတော် ကြာလာသဖြင့် နာရီဝက်ခန့် အခမ်းအနားရပ်ပေးရန် ကျိုးကြောင်းဖေါ်ပြအဆိုပြုသူများက ပြုကြသဖြင့် သဘာပတိက မိနစ်(၂၀) ရပ်ပေးပါသည်။

ညီလာခံပြန်အစတွင် သဘာပတိက ဒုဥက္ကဌ(၂)အဖြစ် တာဝန်ထမ်းဆောင်လိုသူ မတ်တပ်ရပ်ပြီးအဆိုပြုပါရန်ဖိတ်ခေါ်သည်နှင့်ဦးဖိုးမင်းသည် ”ဝေး သာထွန်းလှ မင်းရို့ ညီလာခံကို ဖျက်နီ ကတ်လာ”ဟု သူ၏ညီအရင်းကိုအစ်ကိုတဦး၏ဆိုဆုံးမ၊ပြစ်တင်မှု အသံမာဖြင့်ပြောလျက် ဒုဥက္ကဌ(၂)အတွက်ကိုယ်တိုင်မတ်တပ်ရပ် အဆိုပြုပါသည်။အားလုံး သဘောတူထောက်ခံကြပါသည်။ ဒုဥက္ကဌ(၃)အတွက်သဘာပတိမှ ဖိတ်ခေါ်ရာ ဒေါ်အေးနုစိန်မှ ချက်ခြင်းမတ်တပ်ရပ် အဆိုပြုရာ CEC များက ထောက်ခံ သဘောတူကြသဖြင့် ဥက္ကဌအဖွဲ့တွင် ဒုဥက္ကဌ(၁)နေရာမှလွဲ၍ ရွေးချယ်မှုပြီးစီးပါသည်။ ဥက္ကဌ အဖွဲ့တခုလုံးသည် RNDP ခြမ်းမှချည်း ဖြစ်နေသည်ကိုမူ အားလုံး သတိထားမိကြပါသည်။

အတွင်းရေးမှူးများရွေးချယ်ခြင်း

၄င်းနောက် အတွင်းရေးမှူး(၅)ဦး ကိုရွေးရန်သဘာပတိမှအဆိုပြုပါသည်။ ဦးစွာ ဦးသာထွန်းလှမှကိုယ်တိုင်မတ်တပ်ရပ်အဆိုပြုပါသည်။CEC များက ထောက်ခံကြပါသည်။ ယင်းနောက် ဦးလှစော၊ ခိုင်ပြည်စိုးတို့ကို ဦးဇော်အေးမောင် နှင့်သူ့ရဲဘော်များက တိုက်တွန်းကြသည်ကိုမြင်ရပါသည်။ သူတို့ငြိမ်နေကြပါသည်။ အတွင်းရေးမှူးနောက်ထပ် အဆိုပြုမည့်သူမရှိဖြစ်နေရာ ၊ CECတစ်ဦးက ရွေးကောက်ပွဲစနစ်၏ “ကိုယ်တိုင်အဆိုပြုရသည့်မူ” ကိုဆက်ပြီးမကျင့်သုံးဖို့ ပြန်ပြင်ပြီး၊ “ပုဂ္ဂိုလ်တစ်ဦးကိုတခြားသူတစ်ဦးက အဆိုတင်ခြင်း၊ ထောက်ခံ၊ကန့်ကွက်ခြင်း၊ နည်းလမ်း၊ နည်းစနစ်” ကျင့်သုံးဖို့ဆွေးနွေးပါသည်။ ရွေးချယ်ခံထားပြီးသူတစ်ဦးမှ ”မိမိတို့သည် ညီလာခံမူအတိုင်း မရှက်မကြောက် ကိုယ်တိုင်အဆိုပြုရမည်ဆို၍အဆိုပြုခဲ့ကြပါကြောင်း၊ ယခုမှ ယခင်စနစ်ကို ပယ်ရမည်ဆိုပါလျှင် မိမိတို့ ငပေါဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ချမှတ်ထားသည့်ရွေးကောက်ပွဲမူအတိုင်းသာ ဆက်လက်ကျင်းပရန်လိုကြောင်း” ဆွေးနွေးပြန်ရာ ထောက်ခံကြ၊ ကန့်ကွက်ကြနှင့်နောက်ဆုံးသဘာပတိ၏ဆုံးဖြတ်ချက်ကို ရကြရပါသည်။ သဘာပတိ က ယခင်အတိုင်း ကိုယ်တိုင် မတ်တပ်ရပ်အဆိုပြုရသည့် စနစ်ကို ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ချက်ပေးသဖြင့် CEC များကလည်းထပ်ဆင့်ထောက်ခံအတည်ပြုပေးကြပါသည်။ ယင်းနောက်ပွဲပျက်မည်စိုး၍ ဦးကျော်ဇောဦးမှ မတ်တပ် ရပ်အဆိုပြုပါသည်။ထောက်ခံကြပါသည်။ ၄င်းနောက်တွင်တော့ ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်၊ ဦးအောင်ဝင်းတို့ အသီးသီးအဆိုပြုကြ၊ ထောက်ခံကြ နှင့် RNDP ခြမ်းမှ ချည်း ဝင်ရောက်အရွေးချယ်ခံခဲ့ကြပါသည်။ နောက်ပိုင်း အတွင်းရေးမှူး (၅)ဦးက မိမိတို့အချင်းချင်း အထွေထွေအတွင်းရေးမှူးကို ရွေးချယ်ကြရာ တညီတညွတ်တည်း ဦးထွန်းအောင်ကျော်ကိုရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။

ALD ခြမ်းရပ်တည်မှု

ALDခြမ်းမှ တုတ်တုတ်မျှ မလှုပ်ပါ။ သူတို့တွင်လည်း CEC တွင်း ရာထူးနှင့် တာဝန်ကို မယူဖြစ်သည့်အကြောင်းရင်း၊ ရပ်တည်ချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ ခိုင်ခိုင်မာမာရှိပုံရပါသည်။ ဦးစံကျော်လှ ၏ အခြေအနေ နှစ်ဘက်ညှိနှိုင်းထားသည့်မူ A4 စာရွက်ဖြူဖြင့် အဆိုပြုလာသူ ဦးစံကျော်လှ ကိုကြည့်မိတော့ မျက်စေ့သူငယ်နှင့်အတော်စိတ်မကောင်းဖြစ်နေသည်ကိုလည် းတွေ့ရပါသည်။ နှစ်ခြမ်းပြေလည်စေလိုသည့်ဆန္ဒဖြင့် ဦးစံကျော်လှတို့ ကြိုးစားထားခဲ့ကြသည့် ညှိနှိုင်းထားချက်များ စက္ကူစုတ်ဖြစ်သွားသည့် အတွက်လည်း မိမိအထူးစိတ်မကောင်းဖြစ်ရပါသည်။ နှမြောတသလည်းဖြစ်ရပါသည်။ ညီလာခံသည် သဘာပတိ၏ဦးဆောင်မှုဖြင့် ဘဏ္ဍာရေးမှူးနှင့်အဖွဲ့ဝင်များ၊စာရင်းစစ် နှင့်အဖွဲ့ဝင်များ စသည်ဖြင့် ဆက်လက်ရွေးချယ်ခြင်း၊ အတည်ပြုခြင်းတို့ကို ယခင်အတိုင်းဆက်လက်ဆောင်ရွက်ကြပါသည်။ ဖြစ်ပျက်မှုတို့ကား အလွန်လျင်မြန်ပါသည်။

ရွေးချယ်ပွဲအပေါ်သုံးသပ်ချက်

အကယ်၍ ညီလာခံ၌ CEC၏ ပါတီတာဝန်ပေးအပ်မှုတွင် ယခုကဲ့သို့ RNDP ခြမ်းမှ အချိန်မှီ ဝင်ရောက် နေရာမယူနှိုင် ဖြစ်ခဲ့ပါလျှင် ဥက္ကဌ အဖြစ် ”မူအရ” မိမိကိုယ် ကို ကိုယ်တိုင် အဆိုပြုပြီးမှ ဥက္ကဌ ဖြစ်လာသည့် မိမိသည်မှတ်တမ်းအရ အတူလက်တွဲလုပ်ကိုင်လိုသည့် ပုဂ္ဂိုလ်မရှိသူအဖြစ် သမိုင်းမှတ်တမ်း တွင်ကျန်ရစ်တော့မည် ဖြစ်ပါသည်။မိမိ၏မိတ်ဆွေ လုပ်ဖေါ်ကိုင်ဖက်များက ညီလာခံ ၏ ဦးတည်ချက် တိုက်ကွက်ကို အချိန်မှီရိပ်မိကြသည်ဖြစ်၍ နေရာဝင်ယူကာ ညီလာခံ၏အိန္ဒြေ နှင့်မိမိ၏ဂုဏ်သိက္ခာ အား ကမန်းကတမ်းဝင်ထိန်း၊အချိန်မှီ ကာကွယ် လိုက်ကြခြင်းဖြစ်သည်ဟုလည်း နောက်ပိုင်းမိမိအားလာရောက်ရှင်းပြကြပါသည်။ မိမိအား အပေါ်မြှောက်တင်ပြီးမှ ဖြိုလှဲသည့်အစီအစဉ်များလား ??၊ A4 စာရွက်ဖြူ၊ ညှိနှိုင်းထားသည့်စာရင်းစာရွက်ဖြင့် ဦးစံကျော်လှ ကိုစေလွှတ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိလား?? ဟု သံသယ စဝင်မိဖြစ်ပါသည်။

မိမိကိုယ်မိမိ ပြန်လှန်သုံးသပ် ကြည့်ခြင်း

မိမိသည် ယခင်ဖေါ်ပြပြီးခဲ့သည့်အတိုင်း ပါတီဌာနချုပ် နှင့်ကင်းကွာပါသည်။ အောက်ခြေမြို့နယ်ပါတီများနှင့်လည်း ကင်းကွာပါသည်။ညီလာခံကိုယ်စားလှယ်များကို မြို့နယ်အလိုက် မည်ကဲ့သို့ ရွေးချယ်ခဲ့ကြသည်ကို ထဲထဲဝင်ဝင်မသိပါ။ ညီလာခံ၌ မိမိအား ရွေးကောက်တင်မြှောက်ပေးကြပါရန်လည်း ကိုယ်စားလှယ်များကို စည်းရုံးခြင်းမရှိခဲ့ပါ။ နေပြည်တော်မှလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကားဖြင့် ရန်ကုန်လာ၊ ရန်ကုန်မှငပလီသို့ လေယဉ်စီးကာ ညီလာခံသို့ ကမန်းကတမ်း လာရောက်ကြခြင်းသာဖြစ်ပါသည်။ ဧည့်ရိပ်သာတွင်နေပြီး ဦးကျော်ကျော်မိုး၊ ဒေါ်မိမိခိုင်တို့အကူအညီဖြင့် သံတွဲမြို့ရှိဘုရားစုံဖူးခြင်း၊ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကန်တော့ခြင်း တို့ကိုသာ ပြုလုပ်ခဲ့ပါသည်။ ညီလာခံမှ ာပြဿနာပေါင်းစုံ များစွာရှိနေပြီ၊အချင်းချင်း ရန်ဘက်ဆောင်နေပြီဟု ပြောကာ မမှတ်မိသည့်ရက် ညအတော်မှောင်နေချိန် ကားဖြင့်လာခေါ်ကြသဖြင့် ပါတီဥက္ကဌဦးမောင်မောင်ဖြူအိမ်(သံတွဲ)သို့ ညတွင်းချင်းသွားပြန် သွားရောက်နားထောင်ကာ ဖြစ်ပျက်မှုများအားကြားနာခဲ့ရခြင်းဖြစ်စဉ် တစ်ခုသာရှိပါသည်။ မိမိသည် ညီလာခံနှင့် ကင်းကင်းရှင်းရှင်းနေပါသည်။ ညီလာခံဦးဆောင်ကော်မတီများနှင့်လည်း ရောရောနှောနှော မနေခဲ့ပါ။ အစကတည်းက RNDP ထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်းကလည်း ဟက်ဟက်ပက်ပက် ဆက်ဆံရေးမရှိခဲ့ကြပါ။ မေးထူးခေါ်ပြောအဆင့်တွင်သာရှိကြသည်မှာလည်း နှစ်ပါတီပေါင်းစည်းရန် တိုက်တွန်းကတည်းက ဖြစ်ပါသည်။ ယင်းမတိုင်မှီကလည်း မပြေလည်မှုအချို့ရှိခဲ့ကြပါသည်။ RNDP သို့ ပထမ ခြေလှမ်းအမှန်က မိမိသည် ရန်ကုန်ခြမ်းမှ ဝယ်ယူပိုင်ဆိုင်ပြီး ယာယီမှတ်ပုံတင်ထားသည့်ကားတွင် မောင်းနှင်မည့်သူရှိပါလျက် သူတို့အချင်းချင်း တက်မောင်းမည့်သူကို စိတ်တိုင်းမကျ၊ စိတ်မချ၍ မိမိကိုအတင်း တက်မောင်းခိုင်းသည့် အစမ်းခန့် အငှါးဒရိုင်ဘာနှင့် တူပါသည်။ RNDP ကိုစတင်တည်ထောင်စဉ်က မိမိသည်လူသစ်၊ နိုင်ငံရေးတန်းဝင်ပုဂ္ဂိုလ်မဟုတ်၊ LBVD မှဆေးပင်စင်ယူပြီးစယခင် National Consultant (Livestock)အဖြစ် လုပ်ကိုင်ခဲ့သည့် FAO (Food and Agricultural Organization) တွင် Project တစ်ခုခု၌ လုပ်ကိုင်ရန်ပြင်ဆင်နေစဉ် ဌာနတွင်း မိမိနှင့်ထက်အောက်ဝန်ထမ်းဖြစ်ခဲ့ဖူးသူ ဦးထွန်းနိုင်နှင့် ဖုန်းဖြင့်ဆက်သွယ်မှုက စသည့်၊အဝင်ခက်အထွက်ခက်သည့်၊ နိုင်ငံရေးနယ်ပယ်ကို ဖုန်းတစ်ခါခေါ်၊အမေးနှစ်ခွန်း၊ အဖြေနှစ်ခုနှင့် စတင်ဖြစ်ခဲ့ပါသည်။ “ကိုထွန်းနိုင် ရန်ကုန်မှာ ဘယ်သူတွေ ပါတီထောင်ဖို့ စီစဉ်နေကြသလဲ”၊”ဘယ်သူတွေပါကြသလဲ”၊”ဦးလှစော တို့ပါတယ်”၊”ငါလေးစားတဲ့ခေါင်းဆောင်ဘဲ၊ ကျောင်းတုန်းကမဆုံဖူးဘူး၊ ငါလည်းပါမယ်” ၊ ”ဟုတ်ကဲ့” ၊ မိမိကအတင်းမေးပြောပြော သူကလည်း မိမိအပေါ် နားလည်သည့်သဘောပြန်ဖြေ၊ သူကသက်ဆိုင်သူတွေကို သတင်းပို့အပြီးနောက် တစ်ရက် ဖုန်းပြန်ဆက်၊ ”ဆရာပါချင်လျှင်ပါလို့ရပါတယ်”ဟု ပြန်ပြောပါသည်။ နောက်တစ်နေ့ နံနက်တစ်ဌာနထဲအလုပ်အတူလုပ်ကိုင်ခဲ့သူ ဆရာမောင်စစ်ဟန်က စစ်တွေ၊အိုးတန်းရပ်ကွက်ရှိ မိမိအိမ်အထိလာပြီး ”ဆရာအေးမောင် ဆူပရိမ်းတွင်လုပ်ရန်လိုက်ခဲ့” ဟုဆိုက္ကားဖြင့်လာခေါ်သဖြင့် ဦးဖိုးကျော်သန်း အိမ်ရောက်၊ ဦးဖိုးမင်းတို့နှင့် ဆုံသည်ကစပြီး ရခိုင့်နိုင်ငံရေးရေစီးကြောင်းထဲ အလိုလိုလိုက်ပါမိဖြစ်ခဲ့ပါသည်။ ဤသို့အထွက်ခက်သည့် နိုင်ငံရေးနယ်သို့ ခြေလှမ်းစဝင်ဖြစ်ခဲ့သည်မှာလည်းမင်းဂံရပ်ကွက်ရှိ မိမိ၏မွေးမြူရေးခြံသို့ လာရောက်တိုက်တွန်းအကြံပြုပေးခဲ့ကြသည့် သူငယ်ချင်းကိုစောဘသိန်း နှင့် ကိုကျော်လှတို့နှစ်ဦးကြောင့်သာ ဖြစ်ပါသည်။ RNDP ပါတီကိုစတင်တည်ထောင်နိုင်ရန်၊တည်ထောင်သူ ဖေါင်ဒါများအဖြစ် လက်မှတ်ရေးထိုးရန် (ရခိုင်နှင့်ရန်ကုန်) နှစ်ခြမ်းဆုံဖို့ လိုပြီ ရန်ကုန်လာခဲ့တော့ဟု ဆင့်ခေါ်သဖြင့် ရခိုင်ခြမ်းပုဂ္ဂိုလ်များနှင့်အတူ အမ်းလမ်းမှ ရိုးမကျော်ပြီး ရန်ကုန်ကျောက်မြောင်းရောက်၊ ဖေါင်ဒါအဖြစ်လက်မှတ်ရေးထိုးကြ၊ အုပ်စု(၃)စု (ALD,တပ်ပေါင်းစု နှင့်ရက္ခိုင်ကျောင်းသားလူငယ်များ)အကြား လူသစ်၊ကြားလူ၊ မိမိကိုမျက်စေ့ကျနေသည်ကိုမသိ၊ လိုအပ်ချက်အရ ပါတီ (ပ)(ဒု) ခေါင်းဆောင်ကို မဲပေး ရွေးကြတော့ မိမိ မဲအများဆုံးရပါသည်။(ဒု)ကဦးလှစော ၊ မိမိက ဦးလှစောကို(ပ)ခေါင်းဆောင် အဖြစ်လုပ်ပါရန်တိုက်တွန်း (ဒု)အဖြစ် မိမိလုပ်ပါမည်ဟု ငြင်းဆိုတော့ အများစုကလက်မခံကြဘဲ၊ မိမိအား (ပ)ခေါင်းအဖြစ် လုပ်ပါရန် အတင်းတိုက်တွန်းကြပြန်၊ နောက်ဆုံးမငြင်းသာ၍ လက်ခံဖြစ်ခဲ့ပါသည်။ အမှန်က RNDP တွင် (ပ)နှင့်(ဒု)ခေါင်းဆောင်လုပ်မည့်သူများ ရှိပြီးဖြစ်ပါသည်။ ဒါကြောင့် ရုတ်တရက် မိမိအား(ပ)ခေါင်းဆောင်အဖြစ် မဲဖြင့်ရွေးချယ်တင်မြှောက်ကြသည်ကို အချို့ကြေနပ်ကြမည်မထင်ပါ။ ရုတ်တရက် မိမိသည် ရန်ကုန်ခြမ်းမှ ဝယ်ယူပိုင်ဆိုင်ထားပြီး ယာယီ မှတ်ပုံတင်ထားပြီဖြစ်သည့် ကားကို နေပြည် တော် UEC တွင် တရားဝင်မှတ်ပုံတင်နိုင်ရန် ဒရိုင်ဘာထိုင်ခုံ၌ မရည်ရွယ်ဘဲ ထိုင်မိဖြစ်ခဲ့၊မောင်းမိဖြစ်ခဲ့ပါသည်။ ဘဝ ကံကြမ္မာ ဟုယူဆသော် ရမည်ထင်ပါသည်။ ကနဦး ပိုင်ရှင်များကလည်း သူတို့၏ကားကို ဒေါက်တာအေးမောင် က မောင်းနှင်ဖြစ်သွားသည် ကို Logically အရ မကြိုက်နိုင်သည်ကို မိမိ သတိမပြုဖြစ်ခဲ့မိပါ။ ယခု ANP ပါတီညီလာခံ ဖြစ်စဉ်တွင်မူ သတိပြန်ပြုမိလာစေသည်အထိ ရှေ့၊နောက်ဖြစ်စဉ် အားလုံးကို သတိတရ ပြန်တွေး ၊သုံးသပ် ၊ဆင်ခြင်၊ ထပ်ထပ်ခါခါ စိစစ်၊ နေမိပါသည်။ သံဝေဂ ရမိသလိုလို ၊ကျားအမြီးကိုဖြင့်ဆွဲမိ လျက်သားဖြစ်နေပြီ၊ ဆက်ဆွဲရုံဘဲ ရှိတော့သည် ဟုလည်း ကိုယ့်ကိုကိုယ်ပြန် အားခဲ၊အားတင်းမိပြန်ပါသည်။

ဆက်လက်၍ အပိုင်း (၆) ကိုရေးသားပါဦးမည်။

ဒေါက်တာအေးမောင်

2021 October 19

=====

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s