ကျွန်ုပ် နှင့် ပါတီနိုင်ငံရေး ကောက်ကြောင်းများ (၁)

ANP ၏ GS ဦးထွန်းအောင်ကျော်သည် သူ့FB ကနေ ANP ငွေစာရင်းရှင်းတမ်းကို ပါတီဖွဲ့စည်းပုံအရ ယခင် ဥက္ကဌ ဦးအေးမောင် တွင်တာဝန်ရှိသည် တာဝန်ခံရမည်ဟု အထူးသဖြင့် ANP အစပြုရာနှစ်ပါတီပေါင်းစည်းသည့် သံတွဲညီလာခံကို ညွှန်းပြီး တောင်းဆိုလာပါသည်။ UEC က ညီလာခံ (ရ/သုံး ) ငွေစာရင်းအား စိစစ်မည်ကို အထူးစိုးရိမ်လာပုံ ရပါသည်။  UECသည် စိစစ်ရပါမည်။ မည်သည့်ပါတီတွင်မဆို ညီလာခံ(ရ/သုံး)ရှင်းတမ်း ရှိရပါမည်။ ရှင်းတမ်းသည် အလှူရှင်များအပေါ် သုံးစွဲသူတို့၏ (တနည်း)သုံးစွဲသည့်အဖွဲ့အစည်း၏ ရိုးသားမှူကို ပြညွှန်းသည်ဖြစ်ရာ အဆိုပါအဖွဲ့အစည်း၏ဆောင်ရွက် ထုတ် ပြန်ပေးရမည့် ကျင့်ဝတ်နှင့်တာဝန်ဖြစ်ပါသည်။

ဦးထွန်းအောင်ကျော် သည် သံတွဲညီလာခံ၏ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ဘဏ္ဍာရေးကော်မတီ နှင့်တာဝန်များ စသည့် ဇာတ်ကောင်အမည်များကိုမူ မဖေါ်ပြပါ။ ဖေါ်ပြရမည်ကိုစိုးရိမ်ကြောက်ရွှံ့နေပုံရပါသည်။ ဥပမာ-“ANPပါတီ (၃) လသာခံမည်” ၊ ”အကိုတို့ကို စောင့်ကြည့်မယ်၊ လွဲရင် တော့ ကျွန်တော်တို့နှင့်တွေ့မယ်” စသည်ဖြင့် ညီလာခံမှ CECသစ် ကြေငြာအပြီး မည်သူက သူ့ကို ခြိမ်းခြောက်ခဲ့သနည်း။ ခြိမ်းခြောက်ခဲ့သူကိုကျနော်ကသိသည်။ စာသားပါအသုံးအနှုံးအရ မည်သူပြောသည် ပြောနိုင်သည်ကို သိပါသည်။ သို့သော် အများနားရှင်းအောင် မည်သူတွေကပြောခဲ့သည်၊ ညီလာခံ၌ အဆိုပါပုဂ္ဂိုလ်များ ယူထားသည့်တာဝန်များကိုပါ ရေးပြသင့်ပါသည်။ သူသိသည့် ညီလာခံဖြစ်ပျက်မှု အမှန်ကို သမိုင်းသင်ခန်းစာယူနိုင်ရန် ALDခြမ်းမှဘယ်နှစ်ဦး၊ RNDPခြမ်းမှဘယ်နှစ်ဦးဖြင့် ညီလာခံကျင်းပရေး ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည် ဥက္ကဌတာဝန်ကို မည်သူယူသည်၊ ဘဏ္ဍာရေးကော်မတီတွင် မည်သူတွေ ပါသည်၊ ဥက္ကဌက မည်သူ၊ ကျင်းပရေးကော်မတီများ၊ ဧည့်ခံကျွေးမွေးနေရာချ၊ ညီလာခံအစီအစဉ်ရေးဆွဲ၊ ဦးဆောင်ခဲ့ကြသူများ၊ ငွေကြေးသုံးစွဲကြပုံ၊ ဖြစ်ပျက်ခဲ့ပုံ (ညီလာခံပြိုပျက်အောင်ဖျက်ခဲ့ကြပုံ) များကို နှောင်းလူငယ်များသင် ခန်းစာယူနှိင်ရန် ပြန်လည်ဖြည့်စွက် ရေးသားသင့်ပါသည်။ သူ့စာသားတွင် ကျနော့်ကို တုံ့ပြန်ရှင်းလင်းစေလိုသည့် စေတနာဆန္ဒကိုလည်း တွေ့ရပါသည်။

ညီလာခံဟူသည့် ဝေါဟာရ၏နောက်၌ သတ်မှတ်နေရာတခုတွင် လူအများလာရောက်စုဝေးကြသည်၊ ဘုံအကျိုးစီးပွါးတခု (ဝါ) တခုထက်ပိုသည်ကို ဆွေးနွေး၊ တိုင်ပင်အဖြေထုတ်ကြသည်။ ယင်းအတွက် သတ်မှတ်ကာလတခုပါမည်။ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းကော်မတီများပါမည်။ အဆိုပါ လုပ်ငန်းကော်မတီများ လုပ်ငန်းဆောင်ရွက်နိုင်ရန် ငွေကြေးများလိုအပ်မည်၊ သုံးစွဲသည့် အသုံးစရိတ်များ ရှိမည်။ အဆိုပါ အသုံးစရိတ်များကို သုံးစွဲရန် ခွင့်ပြုနိုင်သော ညီလာခံကျင်းပရေး တာဝန်ယူရသည့် ဦးစီးကော်မတီ ဥက္ကဌ ဆိုသည့် ပုဂ္ဂိုလ်ရှိရမည်။ ငွေထုတ်ပေးမည့် ငွေကိုင်သည့်ပုဂ္ဂိုလ်တစ်ဦး ဘဏ္ဍာရေးမှူးလည်း ရှိရမည်။ အဆိုပါ ဥက္ကဌ ဦးဆောင်သည့် ညီလာခံတခုလုံး (စ၊ လယ်၊ ဆုံး) လုပ်ငန်းကော်မတီအသီးသီး၏ အမှန်အသုံးစရိတ်များနှင့် ညီလာခံကျင်းပနိုင်ရေးရရှိငွေ (အလှူရှင်များ၏ ပါဝင်လှူဒါန်းငွေ) တို့ကို အများနားလည်အောင် ရှင်းပြထားသည့် (အရ/အသုံး) ငွေစာရင်းရှင်းလင်းချက် တစ်ခုသည် (တနည်း ) ညီလာခံတခုလုံး၏ အရ/အသုံး ရှင်းလင်းချက် တစ်ခုသည် ညီလာခံ ကျင်းပပြီးနောက် မည်သည့်ရက်အတွင်း ရှင်းလင်းချက်အပြည့်အစုံနှင့် တင်ပြပေးရမည် ဟူသည့် တာဝန်စည်းကမ်း သတ်မှတ်ချက် တစ်ခုသည်လည်း ပါရှိရမည် ဖြစ်သည်။ ပါရှိရစမြဲဖြစ်ပါသည်။ ဥပမာ – ပါတီတခု၊ အဖွဲ့အစည်းတခုသည် ညီလာခံ (ဝါ) ရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေးကိစ္စ -ညီလာခံ ကျင်းပရေး/ပါတီအောင်နိုင်ရေး ဦးစီးကော်မတီတရပ်ကို ဖွဲ့စည်းပေးလိုက်သည်နှင့် အဆိုပါကော်မတီနှင့် ကော်မတီဥက္ကဌတွင် ငွေကြေးသုံးစွဲပိုင်ခွင့်နှင့်အတူ ဖွဲ့စည်းပေးသည့် အထက်အဖွဲ့အစည်းထံ (ရ/သုံး)ရှင်းတမ်းကို သတ်မှတ်ကာလအတွင်း ကျင်းပပြီးနောက် (ဝါ) လုပ်ငန်း ဆောင်ရွက်ပြီး နောက် ၊ (ဥပမာ-(၁)လအတွင်း (ဝါ) (၂)လအတွင်း) ၊ ငွေကြေးသုံးစွဲခဲ့သည့်ရှင်းတမ်း (ရ/သုံး)ကို သုံးစွဲခဲ့သည့်ပြေစာ၊ ဘောက်ချာများနှင့်အတူ သက်ဆိုင်ရာ ပါတီ၊အဖွဲ့အစည်းသို့ တင်ပြရှင်းလင်း အစီရင်ခံရမည့်တာဝန်ရှိပြီးသား ဟု မှတ်ယူရမည် ဖြစ်ပါသည်။

ရခိုင်လူထုသည် ၂၀၁၄ ခုနှစ်အတွင်း ညီလာခံဝေါဟာရကို နားရည်ဝခဲ့ကြမည် ထင်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ရခိုင် ညီလာခံ ရှေ့ဆင့် နောက်ဆင့် (၂)ခု အမှန်ရှိခဲ့ပါသည်။ ညီလာခံများ၏ (ရ/သုံး)ကိုဖြင့် လူထုသိအောင်ရှင်းလင်းပြပုံ မတွေ့ရသေးပါ။ ကျနော် ထောင်တွင်း(၃)နှစ်(၁)လခန့်ကြာခဲ့တော့ ဒီကြားထဲ ရှင်းလင်းခဲ့မည် ထင်ခဲ့ပါသည်။ ယခု ဦးထွန်းအောင်ကျော် Post ကိုဖတ်ရမှ ရခိုင်အမျိုးသားပါတီ ညီလာခံ(သံတွဲ)၊ (၂၀၁၄-စက်တင်္ဘာ၂၅-၃၀)ကိုဖြင့် မ ရှင်းရသေး။ ရခိုင်အမျိုးသား ညီလာခံ(ကျောက်ဖြူ)၊ (၂၀၁၄-ဧပြီ ၂၇-မေ ၁)၊ ကိုများ ရှင်းလင်းခဲ့ကြပြီလား သိချင်လာမိသည်။ ရပ်နီးရပ်ဝေးက ရခိုင်တို့၏လှူဒါန်းငွေ နည်းများပါရှိမည်ဖြစ်ရာ ရှင်းလင်းပေးကြရမည့်တာဝန် သည် (အလှူရှင် နှင့် အလှူခံ) နှစ်ဘက်လေးစားမှူအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ၊ တာဝန်ခံတာဝန်ယူမှူအရ ဖြစ် စေ၊ ကျင်းပသူများက (အလှူခံသူများက) ရှင်းပြပေးရမည့် တာဝန် အမှန်ရှိပါသည်။

ရခိုင်အမျိုးသားညီလာခံ-ကျောက်ဖြူ (၂၀၁၄) ရခိုင်အမျိုးသားညီလာခံ-ကျောက်ဖြူကို အမှန်တော့ ALD
နှင့် RNDP မှ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့က ပါဝင်ဦးဆောင်ခဲ့ကြသည်ဆိုပါက မှားမည်မထင်ပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်တို့၏စုပေါင်း ဆန္ဒကိုရယူနှိင်စေရန် ရခိုင်အမျိုးသားညီလာခံသည် သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးအစိတ်အပိုင်း ဖြစ်ပုံရပါသည်။ ချင်းအမျိုးသားညီလာခံကိုလည်း ကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။ ထိုင်းနယ်စပ် ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၁)သောင်း (US$10000), အစိုးရ ငြိမ်းချမ်းရေးစင်တာ MPC၏ မတည် ငွေ (?); ပြည်တွင်း/ပြည်ပအလှူရှင်များ၏ အလှူငွေ
(ဖါးကန့်၊ ဓညဝတီကျောင်းအလှူခံဌာန-ရန်ကုန်၊ တစ်ဦးချင်း) စသည့် စုစုပေါင်းအလှူငွေ မည်မျှရရှိခဲ့သည်၊ ညီလာခံတလျှောက် သုံးစွဲငွေမည်မျှ (ကော်မတီတစ်ခုချင်းအလိုက် သုံးစွဲငွေမည်မျှ) ရှိခဲ့သည်၊ လက်ကျန်ငွေ မည်မျှ ကျန်ရှိသည်၊ ညီလာခံသုံး ပစ္စည်းလက်ကျန်များကို အဖွဲ့ဖြင့် ပြန်လည်ရောင်းချရငွေ မည်မျှရသည်၊ စုစုပေါင်း လက်ကျန်ငွေမည်မျှကို မည်ကဲ့သို့အပ်နှံထားသည်၊ မည်ကဲ့သို့ဆက်လက် သုံးစွဲမည် (ဝါ) လှူဒါန်းမည်။ ညီလာခံမကျင်းပမီ အလှူငွေကောက်ခံကြစဉ် ကြားခဲ့ရသည့် တာဝန်ရှိသူတစ်ဦး၏ စကားမှာ -“ညီလာခံလက်ကျန်ငွေဖြင့် ရန်ကုန်ရောက် ရခိုင်တွေအမြဲ ဆုံတွေ့နိုင်စေရန် ဆုံရပ်တစ်ခုအဖြစ် တိုက်ခန်း(၁)ခန်း ဝယ်မည်(ဝါ)ရန်ကုန်တိုင်းအစိုရထံမှမြေကွက်လျှောက် ပြီး အဆောက်အဦးဆောက်မည်” စသည်ဖြင့် ကြားခဲ့ရပါသည်။ ညီလာခံပြီးနောက် ပစ္စည်းအချို့ (လက်တော့ပ်၊ မိတ္တူကူးစက်၊ ပရိုဂျက်တာ)တို့ ရန်ကုန်ပါတီရုံး ရောက်လာသည်ကိုမူ တွေ့ခဲ့ရပါသည်။ ညီလာခံမှလှူသည်ဆိုလျှင်လည်း ညီလာခံ၏ တရားဝင်ကော်မတီမှ ပါတီကိုလှူမှ ပါတီပိုင်ပစ္စည်းစာရင်းတွင် ထည့်သွင်း၍ ရပါမည်။ နို့မဟုတ်ပါက ပုဂ္ဂလိကပိုင်
ဖြစ်သွားနိုင်ပါသည်။

ရခိုင်အမျိုးသားညီလာခံတွင် ညီလာခံဦးဆောင်ကော်မတီ၏ ဥက္ကဌသည် ဆရာဦးသာဘန်း ဟုထင်မှတ်ခဲ့ပါသည်။ သို့ သော်မေလ(၁)ရက်ပိတ်ပွဲ ညီလာခံမှတ်တမ်းအရ ဆရာဦးသာဘန်းသည် မိမိကဲ့သို့ ဦးဆောင်ကော်မတီဝင်အဖြစ်သာ ကျေးဇူးတင်စကားပြောခွင့်ရခဲ့ပါသဖြင့် မည်သူသည် အမှန်ဥက္ကဌဖြစ်သည်ကို မမှတ်မိတော့ပါ။ ရခိုင်အမျိုးသားညီလာခံတွင် ဘဏ္ဍာရေးကော်မတီ၊ ကျင်းပရေးကော်မတီ နှင့် လုပ်ငန်းကော်မတီ များစွာ စနစ်တကျ ဖွဲ့စည်းထားခဲ့ကြသည်ဖြစ်ရာ ရခိုင်အမျိုးသားညီလာခံ၏ (ရ/သုံး) ငွေစာရင်းသည် ရှင်းလင်းချက် ပြည့်စုံစွာဖြင့် စနစ်တကျ ထွက်ရှိသင့်ပါသည်။ စာရင်းရှင်းတမ်းအား
ရခိုင်သားတိုင်း သိသင့်ပါသည်။ မျက်မှောက်ခေတ်၌ ပြည်တွင်းပြည်ပမှ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် ၁၅၀၀ ကျော် တက်ရောက်ခဲ့သည့် ရခိုင်တမျိုးသားလုံး ကျယ်ပြန့်စွာ ပါဝင်ခဲ့သော အကြီးကျယ်ဆုံးညီလာခံ ဖြစ်ရာ ညီလာခံရှင်းတမ်းသည် သမိုင်းဝင်မှတ်တမ်း အဖြစ် အမှန်ထွက်ရှိသင့်ပါသည်။ ညီလာခံသို့ ပြည်တွင်းပြည်ပမှ ရခိုင်လူမျိုး ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များစွာ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးအောင်မင်း နှင့် ဝန်ကြီးများ၊ MPCမှ လူကြီးများ၊ ရခိုင်ဝန်ကြီးချုပ် ဦးလှမောင်တင် နှင့် ဝန်ကြီးများ၊ ULA/AA မှ ဗိုလ်မှူးချုပ်ညိုထွန်းအောင် နှင့်အဖွဲ့ဝင်များ၊ ALP/ALA မှ ခိုင်သုခ နှင့်အဖွဲ့ဝင်များ၊ ထိုင်းနယ်စပ်မှ အမေရိကန်နိုင်ငံသူ အငြိမ်းစားစစ်အရာရှိကြီးတစ်ဦး၊ ကူညီသူ အမေရိကန်နိုင်သား ဦးညီညီလွင် တို့ကိုလည်း တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

ဆရာဦးသာဘန်းကို မေတ္တာရှိကြပါလျှင် ငွေကြေးသုံးစွဲပိုင်ခွင့် (ဆုံးဖြတ်ပိုင်ခွင့်) အာဏာရယူခဲ့ကြသည့် ပုဂ္ဂိုလ်များမှ နှောင်းလူငယ်များအတွက် တွေ့ဆုံဆွေးနွေးညှိနှိင်းကာ စာရင်းရှင်းလင်းခြင်းသည် မှန်ကန်သည့် နည်းလမ်းဟု မှတ်ယူပါသည်။

ဆက်လက်၍ အပိုင်း(၂)ကိုရေးသားပါမည်။

ဒေါက်တာအေးမောင်

2021 September 24

=====

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s