ကျွန်ုပ် နှင့် ပါတီနိုင်ငံရေး ကောက်ကြောင်းများ (၃)

(The Mog Nation Wiki, an archive)

အတော်ကြာမှ ဗလာစာအုပ်ငယ် (၂)အုပ်ဖြင့် ပြုစုထားသည့် (ရက်စွဲအလိုက် အလှူရှင်အမည် နှင့် ရငွေများ၊ အသုံးစရိတ်များ) သုံးစွဲထားသည်များကို စနစ်တကျ ပြုစုထားသည့် စာရင်းစာအုပ်အား ဦးထွန်းနိုင် က မိမိထံပေးအပ်ခဲ့ပါသည်။ အလှူငွေ မည်ကဲ့သို့ ကောက်ခံရရှိခဲ့သည်ကို မိမိမသိ၊ မိမိအားရှင်းပြမှု လည်းမရှိခဲ့ပါ။ သိရှိအောင်လည်း မိမိမကြိုးစားဖြစ်ခဲ့ပါ။ အလှူငွေလက်ခံခဲ့သူများကို code ဖြင့် T;M;Z ဟု ညွှန်းဆိုထားသည်ကိုမူ တွေ့ရပါသည်။ RNDP သည် ကာလတခုထိ ရန်ကုန် ခြမ်း(ဗဟိုခွဲရုံး) နှင့် ရခိုင်ခြမ်း(ဗဟိုဌာနချုပ်-စစ်တွေရုံး) သီးခြား ငွေစာရင်း (ရ/သုံး)နှင့် သွားခဲ့ပါသည်။ ဗဟိုဌာနချုပ် စစ်တွေ၏ ရန်ပုံငွေကို ဦးခင်မောင်ကြီး အကူအညီဖြင့် စစ်တွေမြို့အတွင်း မိတ်ဆွေများ၊ လုပ်ငန်းရှင်များထံမှ သွားရောက်အလှူခံခဲ့ကြရာ ရုံးလည်ပတ်အောင် အလှူငွေ ကောက်ခံ ရရှိခဲ့ပါသည်။ ၄င်းငွေဖြင့် ပါတီ ဥက္ကဌသည် ပါတီဌာနချုပ်ရုံးအား ကာလတခုထိ လည်ပတ်နိုင်ခဲ့ပါသည်။

ငွေစာရင်း(ရ/သုံး) (၁-၆-၂၀၁၀ မှ ၃၀-၁-၂၀၁၁)ထိအား ၅-၅-၂၀၁၁ နေ့ တွင် ပါတီသို့ တင်ပြအစီရင်ခံခဲ့ပါသည်။ အစီရင်ခံစာအား (ဒေါက်တာအေးမောင်၊ ဦးဖိုးမင်း နှင့် ဦးသာလှအောင်) တို့မှ လက်မှတ်ရေးထိုးလျက် ရှင်းလင်းချက်ပြည့်စုံစွာ တင်ပြအစီရင်ခံခဲ့ခြင်း ဖြစ်ပါသည်။ ကာလအတော်ကြာမှ CEC အစည်းအဝေးများတွင် ဌာနဆိုင်ရာငွေစာရင်းထားသိုမှုအတိုင်း ဝင်ပေါက် တပေါက်တည်း၊ ထွက်ပေါက်တပေါက်တည်းရှိရန် ဦးဖိုးမင်း၊ ဦးအောင်ကျော်ဇံ တို့ ကြိုးစားညှိနှိုင်းနိုင်ခဲ့ကြသဖြင့် ပါတီဌာနချုပ်စစ်တွေရုံးမှ (ရ/သုံး)စာရင်း လချုပ်၊ နှစ်ချုပ်တို့အား ပြုစုစေခဲ့ပါသည်။

ရန်ကုန်ခြမ်း၏အလှူရှင်များစာရင်းတွင် Egress စာရင်းမပါသလို ဂျပန်ကလှူသည်ဟု ARG ဦးဘအေး ပြောသည့် စာရင်းမပါ ပါ။ ဦးဘအေးက သူတို့ဂျပန်က အမှန်လှူခဲ့သည်၊ ယခု အမတ်များလည်း လစာရကြ၍ ရခိုင်မြောက်ပိုင်းARG လုပ်ငန်းများသို့ ပါတီကပြန်လှူစေလိုသည်။ ဂျပန်က လှူခဲ့သည့် အဖွဲ့အစည်းအမည်/အလှူရှင်အမည် နှင့် မည်သူမှတဆင့် မည်မျှလှူခဲ့သည်ကိုမူ မပြော၊ မိမိက ရန်ကုန်ခြမ်းဗလာစာအုပ်ပါ အလှူရှင်များစာရင်းတွင် ဂျပန်စာရင်းမပါ၍ ပြန်လည်ပေးဆပ်ရန် မတတ်နိုင်ခဲ့၊ မည်သူ့ထံ လှူခဲ့သည်ကိုသာ စုံစမ်းပြီး ပြန်ပြောပါရန် ARG ဦးဘအေးကို အကြံပြုနိုင်ခဲ့ပါသည်။ ဦးထွန်းနိုင် နှင့် ဦးမြင့်ကျော် တို့ နှစ်ဦး သည် ငွေစာရင်းအသေးစိတ်ကိုရွေးကောက်ပွဲပြီးသည်ထိ စေတနာပြည့်ဖြင့် ပြုစုပေးကြသူများဖြစ်ရာ Egress နှင့် ဂျပန်ကိစ္စ အသေးစိတ်ကို သိရှိကောင်း သိရှိနိုင်ပါသည်။

ရငွေ နှင့် အသုံးစရိတ် ရငွေ – အလှူရှင်များထံမှလှူဒါန်းငွေ၊ ပါတီပိုင်စီးပွါးရေးလုပ်ငန်းမှ ရငွေ (RNDPတွင်မရှိခဲ့)၊ ပါတီဝင်များမှ လစဉ်ကြေးရငွေ စသည်ဖြင့်ရှိရာ၊ ရငွေကို ပုဂ္ဂိုလ်အနည်းဆုံး(၂)ဦးဖြင့်ဘဏ်၌ စာရင်းရှင်အပ်နှံပြီး၊ ရငွေစာရင်းစာအုပ်ဖြင့် ကြီးကြပ်ထိမ်းသိမ်းရန် လိုပါသည်။ နည်းတူ အလှူငွေကို အဖွဲ့ ဖြင့် လက်ခံရန်လိုပါသည်။

အသုံးစရိတ် –

(က) ပုံမှန်အသုံးစရိတ် – ရုံးခန်းငှါးရမ်းခ၊ ရုံးသုံးပစ္စည်း (စာရေးကိရိယာဝယ်ယူသုံးစွဲ)၊ ချီးမြှင့်ငွေ (ရုံးအုပ်၊ စာရေး၊ ရုံးကူ၊ညစောင့်)၊ အခမ်းအနားများသုံးငွေ (ရုံးဖွင့်ပွဲ၊ CECပုံမှန်၊ အခြား)၊ခရီးစရိတ်တို့သည် ပုံမှန်လစဉ်(ရ/သုံး) ဖြစ်ပြီး၊ (ခ) ထူးခြားအသုံးစရိတ် – CC အစည်းအဝေး၊ ပါတီညီလာခံ၊ ရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေးလှုပ်ရှားမှု၊ အခြားCampaign များ၊ ရေ လေ စစ် ဘေးဒုက္ခသည်များ အရေးပေါ်ကူညီရေး တို့သည် ထူးခြားအသုံးစရိတ်များဖြစ်၍ သီးခြားကော်မတီဖွဲ့ပြီး လုပ်ငန်းဆောင်ရွက်ကြရပါသည်။ ကော်မတီမှ ဆောင်ရွက်ပြီးစီးမှု သီးခြားအစီရင်ခံစာ CECသို့ တင်ပြအတည်ပြုကြရပါသည်။ အသုံးစရိတ်တရပ်ကို သုံးစွဲရန်ခွင့်ပြုသူ၊ ငွေထုတ်ပေးသူ၊ ကိုယ်တိုင်သုံးစွဲသူတို့၏ စာရင်းအချက်အလက်ကို CashBook ၌ စာရင်းသွင်းခြင်း၊ ဘောက်ချာဖိုင်တွဲခြင်း၊ မှတ်တမ်းဖိုင်တွဲခြင်း၊အဆင့်ဆင့်သည် ငွေစာရင်းလချုပ်(ရ/သုံး)အတွက် အရေးပါ ပါသည်။

ဤနည်းဖြင့် ဘဏ္ဍာရေးမှူး၊ စာရင်းစစ် နှင့် ငွေထုတ်ရန်ခွင့်ပြုသူ/တာဝန်ရှိသူ ဥက္ကဌ (ဝါ) ဥက္ကဌအဖွဲ့ဝင်၊ အထွေထွေအတွင်းရေးမှူးတို့၏ လက်မှတ်ဖြင့် (ရ/သုံး)ငွေစာရင်း ကို လချုပ်၊နှစ်ချုပ် ပြုစုကြရပါသည်။ သက်ဆိုင်ရာဘဏ်၏ ဘဏ်ရှင်းတမ်း (Bank Statement) ပူးတွဲပါရှိရန်လည်း လိုပါသည်။

RNDP ကာလ ပါတီတွင်းငွေစာရင်းရှင်းလင်းခြင်း နှင့် အတည်ပြုခြင်း

စုပေါင်းခေါင်းဆောင်မှု – RNDP ၏ အသုံးများသည့်ဝေါဟာရမှာ စုပေါင်းခေါင်းဆောင်မှု (Collective Leadership) ဖြစ်ပါသည်။ ဥက္ကဌတဦးတည်းတွင် အာဏာမသက်ရောက်ဘဲ ဖြန့်ခွဲအုပ်ချုပ် စုပေါင်းတာဝန်ယူသည့်စနစ် ဖြစ်ပါသည်။ ဤသို့ဖြင့် ပါတီဖွဲ့စည်းပုံတွင် မည်သို့ပြဌာန်းထားပါစေ၊ အသုံးစရိတ်တရပ်ကို ဥက္ကဌခွင့်ပြုမှ သုံးစွဲရခြင်း၊ ငွေထုတ်ယူရခြင်း မျိုးမဟုတ်တော့ဘဲ၊ လက်တွေ့တွင် ဥက္ကဌ ကိုယ်စားဥက္ကဌအဖွဲ့မှ ဆောင်ရွက်ကြပါသည်။ လစဉ် (ဝါ) အခါအားလျော်စွာ CEC အစည်းအဝေးမလုပ်မီ ဘဏ္ဍာရေးမှူးမှ စာရင်းစစ် နှင့် ညှိနှိုင်းစိစစ်ထားပြီးသည့် – (ရ/သုံး)ငွေစာရင်းကို ဥက္ကဌ/ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊စာရင်းစစ်(၃)ဦးအား လက်မှတ်ရေးထိုးစေပြီး CEC အစည်းအဝေးတွင်ရှင်းတမ်းအဖြစ် ဖြန့်ဝေ၊ အတည်ပြုခြင်းနည်းလမ်းကို RNDP ၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါသည်။

ပါတီတည်ထောင်စ ဘောက်သီးစုရပ်ကွက် မင်းဘာကြီးလမ်းတွင် ရုံးချုပ်ရှိခဲ့စဉ် မိမိမှ (ရခိုင်ဖက်ခြမ်း)ငွေစာရင်းကို တင်းကျပ်စွာကိုင်တွယ်ဖူးခဲ့ပါသည်။ ထိုစဉ်ကရုံးအုပ်အဖြစ် ကိုထွန်းအောင်စိန် (ယခင် ယဉ်ကျေးမှူပြတိုက် ရုံးအုပ်) မှ ကူညီခဲ့ပါသည်။ အသုံးစရိတ်တိုင်း ခွင့်ပြုသူ၊ ဘောက်ချာတိတိကျကျဖြင့် သုံးစွဲသည်နှင့် Cash Book သွင်းလက်မှတ်ထိုး နေ့စဉ်ပုံမှန်လုပ်ဆောင်ခဲ့ကြပါသည်။ နောင်တွင် တင်းကျပ်သည်ကို မကြိုက်၍ ဥက္ကဌမှ ကိုယ်တိုင် မကြီးကြပ်ရန်စုပေါင်းခေါင်းဆောင်မှုအရ တာဝန်ခွဲဝေပေးရန် တောင်းဆိုမှုများကြောင့် မတင်းကျပ်တော့ဘဲ ဘဏ္ဍာရေးစည်းကမ်း လျော့ရဲလာခဲ့ရပါသည်။ ကိုထွန်းအောင်စိန် ကို မေးကြည့်က သိနိုင်မည် ထင်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့ကြပါသည်။ ပုဂ္ဂိုလ်တဦးကို အောင်နိုင်ရေးဗဟိုဥက္ကဌ ခန့်ပါသည်။ ပါတီအောင်နိုင်ရေးရန်ပုံငွေကိစ္စ (အလှူခံခြင်း၊ သုံးစွဲခြင်း) ဆုံးဖြတ်ပိုင်ခွင့်သည် ပါတီဥက္ကဌထံတွင် မရှိတော့ဘဲ အောင်နိုင်ရေးဥက္ကဌ နှင့်ဘဏ္ဍာရေးမှူးတို့ထံ ရောက်သွားပါသည်။ ပါတီပုံမှန်လည်ပတ်မှူလုပ်ငန်း နှင့် ပါတီ၏သီးခြားလုပ်ငန်း ကွဲပြားသွားပါသည်။ ၂၀၁၀ ရွေးကောက်ပွဲ (ရ/သုံး)စာရင်းကို နောက်ပိုင်းတွင် CEC သို့ အောင်နိုင်ရေးဥက္ကဌက တင်ပြအတည်ပြုခဲ့သည်၊ မပြုခဲ့ မမှတ်မိတော့ပါ။အထွေထွေရွေးကောက်ပွဲပြီးနောက် ပါတီဥက္ကဌသည် အမျိုးသားလွှတ်တော်အမတ် ဖြစ်သွား၍ နေပြည်တော်တွင် တာဝန် နှင့် အလုပ် ပိုများလာပြီး ပါတီရုံးချုပ်ကိစ္စကို ဒုဥက္ကဌ၊ ပြည်နယ်လွှတ်တော်အမတ်များ၊ အတွင်းရေးမှူးအဖွဲ့ တို့က တာဝန်ယူမှု ပိုများလာပါသည်။ အထူးသဖြင့် RNDP ပါတီညီလာခံကျင်းပပြီး ၂၀၁၂ မေလ နောက်ပိုင်းတွင် ဥက္ကဌသည် ပါတီနှင့် ကင်းကွာမှု ပိုများလာပါသည်။ ဒုဥက္ကဌဦးတင်ဝင်း ရုံးချုပ်တွင် လာထိုင်လာရပါသည်။ RNDP ပါတီညီလာခံ (ရ/သုံး)စာရင်း ရှင်းလင်းမှု ရှိခဲ့/မရှိခဲ့ မိမိမမှတ်မိတော့ပါ။ ရှင်းလင်းခဲ့ကြပုံဖြင့်မရပါ။

ညီလာခံပြီးနောက် ရခိုင်-ဘင်္ဂလီ နိုင်ငံရေးတင်းမာမှု ဆက်တိုက်ဖြစ်ပျက်လာပါသည်။ညီလာခံပြီနောက် ပါတီတွင် အင်အားသစ်တည်ဆောက်မှုအဖြစ် နိုင်ငံရေးအစဉ်အလာကြီးသူအချို့ ရွေးကောက်တင်မြှောက်ခြင်း ခံလာရပါသည်။ ဦးဝေစိန်အောင်၊ ဦးခင်မောင်ကြီး၊ဒေါက်တာတင်အောင်၊ ဦးရွှေမောင်၊ ဦးစံကျော်လှ နှင့်ဒေါ်အေးနုစိန် တို့ပါဝင်လာကြပါသည်။ ပါတီရုံးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့၌ RNDP မှ ဝန်ကြီး(၃)ဦး ရသည်ဖြစ်ရာ အုပ်ချုပ်ရေး၊ တည်ဆောက်ရေးကဏ္ဍတွင် အလုပ်ပိုရှုပ်လာကြသည်ဟု ကြားရပါသည်။ နည်းတူ ရခိုင်-ဘင်္ဂလီပဋိပက္ခကိစ္စကြောင့် ဘေးဒုက္ခကယ်ဆယ်ရေး အလှူငွေ လက်ခံခြင်းနှင့် ဒုက္ခသည်ကူညီရေးကဏ္ဍတွင်လည်း ထဲထဲဝင်ဝင် ဆောင်ရွက်ကြသည်ကို တွေ့ရပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်အမတ်များသည်လည်း ညီလာခံပြီးနောက် ချက်ခြင်းလွှတ်တော်တက်ကြရသည်ဖြစ်ရာ နေပြည်တော်၌ အနေပိုများလာကြပါသည်။

လွှတ်တော်သည် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် တစ်ခုတည်းသော ပြည်သူအာရုံစိုက်ရာ နိုင်ငံရေးစင်မြင့် ဖြစ်မှန်းမသိ ဖြစ်လာပါသည်။ နည်းတူ အမတ်များသည်လည်း လူထုအပေါ် နိုင်ငံရေးဩဇာလွှမ်းမိုးမှု ရှိမှန်းမသိ ရှိလာပါသည်။ ရုံးချုပ်တာဝန်ခံများသည်လည်း မိမိတို့ပြည်ထောင်စုလွှတ်တော်အမတ်များထက် ပါတီတွင်းဩဇာ ပိုထက်လာကြပါသည်။ ပြည်နယ်အမတ်များအပေါ်တွင်လည်း ဩဇာလွှမ်းမိုးမှု ပိုရှိလာကြသည်ဟု ကြားရပါသည်။ အထူးသဖြင့် ဘေးဒုက္ခကယ်ဆယ်ရေးအတွက် ပြည်တွင်းပြည်ပချိတ်ဆက်အလှူခံခြင်း၊ ပါတီမှပုဂ္ဂိုလ်များက သွားရောက်ကူညီပံ့ပိုးမှုပိုမိုဆောင်ရွက်လာနိုင်ခြင်း တို့ကြောင့် ပါတီ၏ဘဏ္ဍာရေးအဖွဲ့ Account သို့ ပြည်တွင်း/ပြည်ပအလှူ ထည့်ဝင်ငွေများလာခြင်း၊ ပါတီမှထဲထဲဝင်ဝင် ထိထိရောက်ရောက် ကူညီလာနိုင်ခြင်းတို့သည် လူထုအတွင်းRNDP အပေါ်ယုံကြည်မှုပိုမိုခိုင်မြဲလာစေခြင်း၏အဓိကအကြောင်းရင်းခံများမှတခုဖြစ်မည်ထင်ပါသည်။

အထူးသဖြင့် RNDP ပါတီမှ ဦးဆောင်သည်ဆိုသည့် ရခိုင့်သယံဇာတလက်မှတ်ထိုးလှုပ်ရှားမှု Campaign ၏ ငွေကြေး (ရရှိ/သုံးစွဲမှု) ရှင်းတမ်းရှိ/မရှိ တို့သည် ပါတီ၏ သီးခြားပိုဆန်လာသည့် လုပ်ငန်းများ ဖြစ်လာပါသည်။ အဆိုပါသယံဇာတလက်မှတ်ထိုးလှုပ်ရှားမှုသည် ဥက္ကဌ ဖြစ်သော မိမိထံမဆောင်ရွက်မီ တိုင်ပင်ခြင်း၊ ဆောင်ရွက်သည့်အခါ တင်ပြခြင်း မပြုခဲ့သည့် လုပ်ငန်းများထဲမှ ထင်ရှားသည့်လှုပ်ရှားမှုတခုဖြစ်ရာဌာနချုပ်နေပုဂ္ဂိုလ်များ၏ ပါတီကိစ္စ အတည်ပြု၊ ဆုံးဖြတ်၊ သုံးစွဲမှုများသည် နေပြည်တော်နေဥက္ကဌဖြစ်သော မိမိနှင့် ပိုမိုကင်းကွာလာစေပါသည်။ အဆိုပါ သယံဇာတCampaign ကိစ္စ ငွေကြေးရှင်းတမ်း ထွက်/မထွက် ရှိ/မရှိ မသိမစိစစ်နိုင်သလို ရခိုင်-ဘင်္ဂလီဒုက္ခသည်ကူညီရေး (ရ/သုံး)ရှင်းတမ်း ရှိ/မရှိ မသိမစိစစ်နိုင်ခဲ့ကြပါ။

မိမိတို့ လွှတ်တော်နိုင်ငံရေးစင်မြင့်သည်လည်း ပိုမိုအရေးပါလာသဖြင့်ဌာနချုပ်နှင့် ကင်းကွာမှု ပိုပိုလာခဲ့ပါသည်။ နဂိုကနည်းသည့် ပါတီတွင်းဩဇာသည် ပိုမိုကျဆင်းလာကာ အမည်ခံသက်သက်၊ သဘာပတိထိုင်ခုံတွင်ရှင်းတမ်း အတည်ပြုကြသည်ကို ကြည့်ရုံဖြစ်လာပါသည်။ ပါတီတွင်း ညီညွတ်ရေး နှင့် စုပေါင်းခေါင်းဆောင်မှု သည် ထင်သလောက် ခရီးပေါက်ပုံမရချေ။ နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် CECများသည်လည်း သီးခြားပိုဆန်လာကြပါသည်။ အမတ်မလုပ်သူများ၏ ပါတီတွင်းဩဇာပိုမို ခိုင်မြဲကာ ပြည်နယ်ဝန်ကြီးများအပေါ် လွှမ်းမိုးမှု ပိုမိုရှိလာကြသည်ဟု ကြားလာရပါသည်။ နိုင်ငံရေးအာဏာ၊ လုပ်ပိုင်ခွင့်ပါဝါ နှင့် တည်ဆောက်ရေးကန်ထရိုက်လုပ်ငန်းများ အားပြိုင်ကြသည့်ကာလ ဟုလည်းပြောစမှတ်ပြု ကြပါသည်။

(၂)ပါတီ ပေါင်းစည်းရေး ခြေလှမ်းအစ

RNDP အမ်းမြို့ဗဟိုကော်မတီအစည်းအဝေးက RNDP ၏ပါတီညီလာခံပြီးနောက် အမ်းမြို့တွင် ပထမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပချိန်သည် ALD ပါတီမှတ်ပုံတင်ပြီး ပါတီဝင်ရရှိရေး ခက်ခဲစွာ စည်းရုံးရေးဆင်းနေရဆဲကာလနှင့် အပြိုင်ဖြစ်ပါသည်။ရဟန်းရှင်လူများက တစ်ပါတီတည်းဖြစ်ရန် တွန်းအားပေး တောင်းဆိုနေသည့် ကာလလည်း ဖြစ်ပါသည်။ နှစ်ပါတီပေါင်းစည်းရေး RNDP ဗဟိုကော်မတီ အစည်းအဝေးက ညှိနှိုင်းရေးကော်မတီတရပ် ဖွဲ့စည်းပေးရန် မိမိမှ တောင်းဆိုခဲ့ပါသည်။ ပေါင်းစည်းရေးမဆောင်ရွက်လျှင် (၆)လအတွင်း ဥက္ကဌတာဝန်မှနှတ်ထွက်မည်ဟု ပြင်းထန်စွာ ထပ်မံဖိအားပေးခဲ့ပါသည်။ ညှိနှိင်းကြပြီးနောက် ဗဟိုကော်မတီသည် မိမိပါဝင်သည့် ALD နှင့် ဆွေးနွေးညှိနှိင်းရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါသည်။

(၂ )ပါတီညှိနှိုင်းကြခြင်း

ALD နှင့် RNDP သည် ပြည်လမ်း ခုနစ်မိုင်ခွဲရှိ 47 Caffe တွင် တစ်ကြိမ်၊ ကန်တော်ကြီးဝင်းရှိ စားသောက်ဆိုင်တစ်ခုတွင် တစ်ကြိမ် နှစ်ဖက် ညှိခဲ့ကြပါသည်။ ALD မှ ဦးအေးသာအောင်၊ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးဆွေ၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်းတို့ နှစ်ကြိမ်လုံး ပါကြပါသည်။ RNDP ဖက်မှ ဒေါက်တာအေးမောင်၊ ဦးဇော်အေးမောင်၊ ဦးဘရှိန်၊ ဦးထွန်းအောင်ကျော်၊ ဦးအောင်ကျော်ဇံ၊ ဦးဖေသန်း၊ ဦးသာထွန်းလှ တို့ ပါကြပါသည်။ အချိန်တိုအတွင်း နှစ်ဖက်သဘောတူညီမှု ရရှိကြသည်က ထူးခြားပါသည်။ ကန်တော်ကြီး၌ တွေ့ဆုံပွဲကို ရခိုင်သဟာယအသင်းမှ ဦးသာမြကျော်၊ ဦးထွန်းနိုင်၊ ဦးမြင့်ကျော်တို ဦးဆောင်ကြ သည်ကိုလည်း တွေ့ရပါသည်။

ယင်းနောက် (၂)ဖက်ညှိနှိုင်းထားသည့်သတ်မှတ်ရက်တွင် ဧဒင်ဦးချစ်ခိုင်၏ Signature Cafe ၌ ဗိုလ်မှူးကြီစံရွှေအောင်၏ စီစဉ်မှု၊ ကုန်ကျခံကျွေးမွေးဧည့်ခံမှုဖြင့် သမိုင်းဝင် (၂)ပါတီပေါင်းစည်းရေး သဘောတူညီချက်များကို (၂)ဖက်ခေါင်းဆောင်များ ရန်ကုန် မြို့ရှိ ရခိုင်လူကြီးများ၊ ရခိုင်သဟာယအသင်းမှ ပုဂ္ဂိုလ်များ၊ ရခိုင်အမျိုးသမီးအသင်းမှ ပုဂ္ဂိုလ်များ၊ ရခိုင်စာပေ နှင့် ယဉ်ကျေးမှုအသင်းမှ ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ရခိုင်သဟာယရုံး တာမွေတွင်သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး (၂)ပါတီပေါင်းစည်းကြောင်း နှင့် ရခိုင်အမျိုးသားပါတီ(ANP) အမည်သစ်ကို ကြေငြာပါသည်။ ပထမအကြိမ် ပါတီညီလာခံ ကျင်းပသည်အထိ (ပ-ဒု)ခေါင်းဆောင်များ နှင့်သွားမည်။ (၆)လပြည့်လျှင် ညီလာခံကျင်းပမည်။ ညီလာခံမှသာ ပါတီကို ဦးဆောင်မည့် ဥက္ကဌ၊ အတွင်းရေးမှူးပါသည့် CECကို ဖွဲ့စည်းမည်ဟုထုတ်ဖေါ်ကြေငြာပါသည်။ (၂)ဖက်ခေါင်းဆောင်များ မေးမြန်းသည်ကိုဖြေကြားကြပါသည်။ စုပေါင်းဓါတ်ပုံရိုက်ကြပြီး ပေါင်းစည်းပြုံး ပြုံးကြပါသည်။

အပိုင်း(၄)အားဆက်လက်ရေးသားပါမည်။

ဒေါက်တာအေးမောင်

2021 October 09

=====

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s