ကျွန်ုပ် နှင့် ပါတီနိုင်ငံရေး ကောက်ကြောင်းများ (၄)

(The Mog Nation Wiki, an archive)

နှစ်ပါတီ နောက်ခံသမိုင်း

ALD သည်ရခိုင်လူထု ထောက်ခံမှုရခဲ့သည့် ၁၉၉၀ စစ်အစိုးရ ကျင်းပခဲ့သော ရွေးကောက်ပွဲ နှင့် “၈၈”လူထု လှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အခြေခံမှ ဒီမိုကရေစီ နှင့် ဖက်ဒရယ် အိပ်မက်ကို မက်သည်။ RNDP သည် ရခိုင်တို့၏ လက်တွေ့ဘဝ ကို အခြေခံပြီးမှ လက်တွေ့ အကောင်အထည်ဖေါ် နိုင်မည့် မူ ကိုချမှတ်သည်။ ၂၀၀၈ ဖြင့် ဒီမိုကရေစီ တာထွက်သည်နှင့် ဖွံ့ဖြိုးရေး၊ တန်းတူရေး၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ကြွေးကြော်လျက်ချီတက်သည်။ လက်တွေ့ဘဝကို အခြေခံပြီးမှ ပါဝါနိုင်ငံရေးကို ရှေ့တိုးနောက်ဆုတ် ချိန်ဆကစားသည်။ နှစ်ပါတီသည်အခြေခံ နိုင်ငံရေးအယူအဆ နှင့် ရပ်တည်ချက် တူညီကောင်း တူညီနိုင်သော်လည်း မဟာဗျုဟာမြောက်တွေးခေါ်ပုံ နှင့် ရှုမြင်ပုံ ချဉ်းကပ်ပုံ ကွဲပြားကြသည်ဟု မြင်ပါသည်။

မျိုးဆက်သစ်တို့၏တပ်လှန့်သံ ၂၀၁၁ တွင် မှတ်ပုံတင်သော NLD က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် နိုင်ပြီးမှ ၂၀၀၈ တစ္ဆေခြောက်ခံနေရသော ALD သည် အိပ်မက်ရှည်က နိုးထလာပုံရသည်။ ALD ကမန်းကတမ်း မှတ်ပုံ တင်ပြီး ပါတီဝင် အင်အား၁၀၀၀ စုဆောင်းရသည့်ကာလသည်လည်း ၂၀၁၂ ရခိုင်-ဘင်္ဂလီ ပဋိပက္ခနှင့် တိုက်ဆိုင်နေပြန်သည်။ ရခိုင်လူငယ်ထုက လွန်ခဲ့သည့်အနှစ် ၂၀ ကျော် သူတို့မမွေးမှီက ALDတို့၏ “၉၀”အောင်ပွဲ နှင့် လက်တွေ့ ပဋိပက္ခ ကြားက RNDP ကို နှိုင်းယှဉ်ရင်း နိုင်ငံရေး လက်တွေ့ ပိုဆန်သည့် RNDP ကို ပိုအာရုံရောက် ချဉ်းကပ်လာပုံ ရကြပါသည်။ ရခိုင်လူငယ်ထုသည် လွှတ်တော်နိုင်ငံရေး၊ တိုက်ပွဲခေါ်သံ ပါဝါပျော့အားပြိုင်မှု ပဋိပက္ခများကြားမှ အဖရခိုင်မြေ၏ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက်တည်ရှိမှု တို့ကို ချိန်ဆတွက်ချက်လျက် အနာဂါတ်နိုင်ငံရေး ကို ပုံပေါ် အောင် ကြိုးစားတည်ဆောက်လာကြသည်ကို တွေ့လာရပါသည်။

လူငယ်ထုသည် အမှန်က ကျွန်တော်တို့ထက် အနာဂါတ် ကို အဝေးအနီး ပုံဖေါ်နိုင်စွမ်းကြီးကြသည်။ ဥာဏ်ရည်ဥာဏ်သွေး နှင့် ခေတ်အမြင် နည်းပညာ ကျယ်ပြန့်သည်။ ကမ္ဘာနှင့်ချီ တောင်ပံ ဖြန့်ကြက်ကြသည်။ နှစ်ပါတီ ညီ ညွတ်မှုကို တောင်းဆိုသည်။ ညီညွန်ရေး တပ်လှန့်သံသည်အရှိန် အဟုန် ပြင်းစွာဖြင့် အစဉ်အလာ နိုင်ငံရေး ဝါရင့်များကို ရိုက်ခတ်မိ စေသည်။

“ANP ပထမ အကြိမ်ညီလာခံ နှင့် ညီလာခံကျင်းပနိုင်ရေး အလှူရန်ပုံငွေ”

ANP သည် နှစ်ဘက် ALD ခြမ်းနှင့် RNDP ခြမ်းမှခေါင်းဆောင်များ အချိုးညီပါဝင်သည့် ညီလာခံ ကျင်းပရေးဦးစီးကော်မတီကိုဖွဲ့စည်းကြပါသည်။ တဘက်လျင် (၁၅)ဦးပါသည်ဟု ထင်မှတ်ပါသည်။ RNDP ခြမ်းမှ ဦးလှစော ကဥက္ကဌ တာဝန်ယူပြီး ALD ခြမ်းမှ ဦးကျော်မြင့် အတွင်းရေးမှူး တာဝန်ယူသည်ဟုလည်း ထင်မှတ်ပါသည်။

တစ်နေ့ နေ ပြည်တော်၌လွှတ်တော် တက်နေသော မိမိကို ဧဒင်ဦးချစ်ခိုင်မှ ပါတီညီလာခံ အတွက် ငွေလှူမည်ဟု ပြော၍ ရန်ကုန်ဆင်း၊ ဦးဇော်အေးမောင်ကို ခေါ်ကာ ဦးချစ်ခိုင်ပိုင် Fuji Restaurant သို့ချိန်းဆိုသည့်နေ့တွင် သွားပါသည်။ ဗိုလ်မှူးကြီးစံရွှေအောင်နှင့်အတူ ဦးချစ်ခိုင်ကို တွေ့ရပါသည်။ မိမိတို့နှင့်အတူ ရန်ကုန်ပါတီမှ ပုဂ္ဂိုလ်တချို့တို့ ပါကြသည် ထင်ပါသည်။ သိန်း (၁၀၀)ဟု ရေးသားထားသည့် ချက်လက်မှတ်တစ်စောင်ကို မိမိထံပေးလှူပါသည်။ မိမိက ဦးဇော်အေးမောင် ထံအများရှေ့တွင် ထပ်ဆင့်ပေးအပ်ပါသည်။ ဦးဇော်အေးမောင်ကဘဏ္ဍာရေးကော်မတီတွင် ပါသူ ဖြစ်ပါသည်။ ဤကဲ့သို့ နှစ်ပါတီပေါင်းစည်းရေးအတွက် စိတ်ကောင်းစေတနာဖြင့် လှူဒါန်းသူများစွာညီလာခံမ ကျင်းပမီ ရှိခဲ့ပါသည်။ ညီလာခံကျင်းပရေး ဘဏ္ဍာရေးကော်မတီသို့ (ပြည်တွင်း/ပြည်ပ) အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းကြငွေ မည်မျှရှိခဲ့သည်ကိုမူ မိမိမသိရှိခဲ့ပါ။

ညီလာခံကျင်းပရေးဦးစီးကော်မတီ အထက်မှာညွှန်းဆိုခဲ့သည့်အတိုင်း အဆိုပါကော်မတီတွင် RNDP ခြမ်းမှဦးလှစော၊ ဦးဇော်အေးမောင်၊ ဦးဘရှိန်၊ ဦးစံကျော်လှ၊ ခိုင်ပြည်စိုး၊ ဦးအောင်ကျော်ဇံ နှင့် ဦးသာထွန်းလှ စသည့် ခေါင်းဆောင်များ၊ ALD ခြမ်းမှ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း စသည့် ခေါင်းဆောင်များ ပါကြသည်ဟု ထင်မှတ်ပါသည်။ မည်သူ ဒုဥက္ကဌ မည်သူ အတွင်းရေးမှူးအဖြစ် တာဝန်ယူကြသည်ကိုဖြင့် သေသေချာချ ာမမှတ်မိတော့ပါ။ ဦးလှစော မှ ဥက္ကဌ နှင့် ဦးကျော်မြင့် က အတွင်းရေးမှူး တာဝန်ယူခဲ့ကြ သည်ဟု ဦးခင်မောင်လတ်က ပြောပါသည်။ ဦးစီးကော်မတီအပြင် ညီလာခံလုပ်ငန်းကော်မတီ အသီးသီး ဖွဲ့စည်းခဲ့ကြ ပါသည်။

ညီလာခံကျင်းပရာ သံတွဲငပလီသို့ ALD နှင့်အတူ စကော်လာအဖွဲ့ (Scholar institute) ကိုပါ ခေါ်လာပါသည်။ ကွန်ပျုတာဖြင့်ဆန္ဒမဲရေတွက်ကြရန်ဟုသိရပါသည်။နည်းတူ ရခိုင့်အသံဂျာနယ် မှ ဒေါ်မြတ်နိုးသာ လည်းအတူ ပါလာပါ သည်။

ALDခြမ်းကို ဦးအေးသာအောင်ဦးဆောင်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်၏ ”မီမင်တိုဟိုတယ်” (MEMENTO RESORT)တွင် တည်းခိုကြပါသည်။ RNDP ခြမ်းမှ လွှတ်တော်ကိုယ်စားလှယ်များကို မိမိဦးဆောင်လျက် နေပြည်တော်မှ ရန်ကုန်သို့ ကားဖြင့်၊ ရန်ကုန် မှငပလီ လေယဉ်စသည်ဖြင့် တိုက်ရိုက်လာကြပါသည်။ ပဆင-ငပလီဧည့်ရိပ်သာတွင် တည်းခိုကြပါသည်။ တည်းခိုနိုင်ရန် ဦးကျော်ကျော်မိုး၊ ဒေါ်မိမိခိုင်တို့ဇနီးမောင်နှံက စီစဉ်ကူညီခဲ့ကြပါသည်။ ပင်မဆောင်တွင်မိမိဒေါက်တာအေးမောင် တစ်ခန်း၊ ဒေါ်ခင်စောဝေ နှင့် ဒေါ်ခင်လှရီ တို့က တစ်ခန်း တည်းကြပြီး၊ ကပ်လျက်ကမ်းခြေဆောင်တွင် ဦးဘရှိန်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦးကျော်ကျော်တို့ သူ့အခန်းနှင့်သူ တည်းခိုကြပါသည်။ အနောက်ဖက်ဆောင်တွင်ဦးဇော်အေးမောင်၊ ”၈၈”အဖွဲ့မှ ဦးသန်းနိုင်တို့ တည်းကြပါသည်။ ဦးလှစော နှင့် ခိုင်ပြည်စိုးတို့နှစ်ဦး ငပလီလေယဉ်ကွင်းအနီး ကန်ထရိုက်ဆောက်လက်စ ခြံဝင်းအိမ်တွင် တည်းကြသည်ဟု ကြားသိရပါသည်။ ကျန်သူများ အခြားတည်းခိုခန်းတွင် တည်းသူ၊ ခရစ်ယန်ကျောင်း တည်းခိုဆောင်တွင် တည်းသူ၊ ဘုန်းကြီးကျောင်းများတွင် တည်းခိုသူများနှင့် ငပလီတမြို့လုံး ညီလာခံကိုယ်စားလှယ်များဖြင့် ပြည့်နေသည်ဟု ပြော၍ရပါသည်။

ညီလာခံကိုယ်စားလှယ် ၂၀၀ ကျော် လာရောက်ကြပါသည်။စက်တင်ဘာ ၂၃-၂၄တွင် ငပလီသို့ စရောက်ကြပါသည်။ ညီလာခံကို စက်တင်္ဘာ ၂၅-၂၉ ထိ(၅)ရက်တိုင်တိုင် ကျင်းပခဲ့ကြပါသည်။ ညီလာခံမပြီး၍ တရက်ထပ်တိုးကာ(၃၀)ရက်တွင်မှ ညီလာခံပြီးစီးပါသည်။ညီလာခံရွေးချယ်တင်မြှောက်ပွဲမူကို ရှင်းပြခြင်း ညီလာခံမကျင်းပမီညီလာခံကျင်းပရေးဦးဆောင်ကော်မတီသည် ပါတီ (ပ)ခေါင်းဆောင် နှင့် (ဒု)ခေါင်းဆောင်တို့ကို “မီမင်တို”ဟိုတယ်သို့ ဖိတ်ကြားပြီး ညီလာခံအစီအစဉ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ရွေးချယ်တင်မြှောက်ပွဲ မူများကို ရှင်းပြပါသည်။

ရွေးကောက်ပွဲမူ၌ ဤအချက်သည်လည်း ပါဝင်ပါသည်။ CC,CEC များတွင် ပါဝင်လာမည့်ပုဂ္ဂိုလ်များသည် ညီလာခံကိုယ်စားလှယ်များက ရွေးချယ်ပေးလိုက်ရုံနှင့်မပြီး၊ ကိုယ်တိုင်လည်း အဆိုပါတာဝန်ကို လိုလားစွာတာဝန်ထမ်းဆောင်လိုသည့် ဆန္ဒလည်းရှိရန်လိုသည်။ ယင်းကြောင့် မိမိကိုယ်တိုင် ပါတီ၏အဆိုပြုရာထူးတာဝန်တွင် အမှန်တာ ဝန်ထမ်းဆောင်လိုကြောင်း ကိုယ်တိုင်မတ်တပ်ရပ်၍ ဆန္ဒပြုရမည်။ ဥပမာ – ပါတီဥက္ကဌ နေရာ၌ ရွေးကောက်ခံလိုသူသည် အခမ်းးအနား သဘာပတိ မှ ANP ဥက္ကဌ နေရာ ယှဉ်ပြိုင်လိုသူများ မတ်တပ်ရပ်ပါရန်တောင်းဆိုသည်နှင့် မတ်တပ်ရပ်ရန်၊ တစ်ဦးထက်ပို မတ်တပ်ရပ်သူရှိလျှင် မဲဖြင့် အနိုင်အရှုံးဆုံးဖြတ်ရန်၊ မဲအများဆုံးရသူအား ဥက္ကဌ အဖြစ်ကြေငြာရန် စသည်ဖြင့် ရွေးချယ်ပွဲမူကို အတည်ပြုဆုံးဖြတ်ကြပါသည်။

ညီလာခံဖွင့်ပွဲ ညီလာခံဖွင့်ပွဲ အခမ်းအနားကို သံတွဲမြို့လေးမျက်နှာဓမ္မာရုံတွင် စက်တင်္ဘာလ၂၅ ရက်၌ ရခိုင့်ပိတောက်စည်တော်ကိုတီးခတ် ဦးဆောင်စေကာ လမ်းလျှောက် ချီတက်ကြပြီးနောက် နံနက် ၈ နာရီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ အခမ်းအနားတွင်ဆရာဦးဝေစိန်အောင်၊ ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်တို့ကအမှာစကား အသီးသီး ပြောကြားကြပါသည်။ ပါတီတွင်းစည်းလုံးညီညွတ်မှုမှသည် တစ်မျိုးသားလုံးစည်းရုံးညီညွတ်မှုဆီသို့ ဦးတည်သည့် တပ်လှန်သံများ၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် အပါအဝင် စစ်မှန်သည့် ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များ၊ တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် ပင်လုံကတိကဝတ်များ၊ အတိတ်သမိုင်းတွင်ချည်း နစ်မြုပ်မနေကြဘဲ သမိုင်းသင်ခန်းစာ ရယူထုတ်နှုတ်ပြီး ရခိုင်လူငယ်တွေ အနာဂါတ်သမိုင်းကို ကိုယ်တိုင်ရေးကြစေချင်သည့် ဩဝါဒအမှာများ၊ လက်ခုပ်ဩဘာသံများ၊ ကြည်နူးပြုံးများသည် ညီလာခံ၏ ပုံရိပ်ကောင်းများအဖြစ် သမိုင်းတွင် ကျန်ရစ်စေပါလိမ့်မည်ဟု သုံးသပ်မိပါသည်။

ANP အတွင်းအားပြိုင်မှု (နှစ်ပါတီပေါင်းစည်းပြီးနောက်၊ ညီလာခံမတိုင်မီ) ညီလာခံကိုယ်စားလှယ်များကိုခြေရာကောက်ခြင်း

ရခိုင့်နိုင်ငံရေးဝါရင့်များကညီညွတ်မှု သံယောင်ပြုလာကြသော်လည်း နှစ်ပါတီပေါင်းစည်းပြီး ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နယ်အခြေခံ ANP ပါတီအဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းကြရာတွင်မူ နှစ်ပါတီယှဉ်ပြိုင်မှု၊အားပြိုင်မှု ပြင်းထန်သည်ဟု ကြားရပါသည်။ မပေါင်းစည်းမီကပင် RNDP ၏ ပါတီဝင်အင်အား နှင့် ALD ၏ပါတီဝင်အင်အား သည် နှိုင်းယှဉ်၍မရအောင် ကွာခြားနေခြင်းသည်ပင်လျှင် သံတွဲပါတီညီလာခံသို့ မြို့နယ်များမှ ကိုယ်စားလှယ်ရွေးချယ်ရာ၌ RNDP ခြမ်းကိုအင်အားပိုစေခဲ့သည်ဟု သုံးသပ်၍ရပါသည်။ သံတွဲရောက်ညီလာခံကိုယ်စားလှယ်များသည် ဒီမိုကရေစီနည်းကျ မဲပေး ရွေးချယ်မှုအရ မြို့နယ်အသီးသီးကို ကိုယ်စားပြုသူများ ဖြစ်ကြပါသည်။ ပါတီဌာနချုပ်မှ တာဝန်ပေးစေလွှတ်သည့် ပုဂ္ဂိုလ်များကိုယ်တိုင် မြို့နယ်အသီးသီးသို့သွားရောက်ကာ ကြီးကြပ်ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲများမှ ရွေးချယ်ခြင်းခံရသူများလည်း ဖြစ်ကြပါသည်။ ကိုယ်စားလှယ်များ၏ ရင်ထဲတွင်လည်း သံတွဲ ညီလာခံသည်ဂုဏ်သိက္ခာရှိရှိ၊ အဆင့်မီမီ၊ ခန်းနားကြီးကျယ်စွာ၊ ဒီမိုကရေစီနည်းကျ၊ ရိုးရှင်းသည့် မဲပေးရွေးချယ်မှု စနစ်ဖြင့် ANP ပါတီကို ညီညီညွတ်ညွတ် အောင်မြင်ပေါက်မြောက် အောင် ဦးဆောင်ကြမည့် ခေါင်းဆောင်များအား ရွေးချယ်ပေးနိုင်ကြမည်ဟု မျှော်လင့်လျက်၊ ယုံကြည်ချက်အပြည့်ဖြင့်လာရောက်ကြသူများ ဖြစ်ကြမည်မှာ မလွဲဟု ထင်မှတ် ယုံကြည်မိပါသည်။ ကျနော်တို့ နေပြည်တော်နေ ပြည်ထောင်စုလွှတ်တော်အမတ်များသည်လည်း ပါတီဌာနချုပ်နှင့် ကာလတစ်ခုထိ ကင်းကွာနေကြသည်ဖြစ်ရာ ရိုးရှင်းသည့် သမိုင်းတွင်မည့်၊ ရခိုင်တို့၏ညီညွတ်မှုကိုဖေါ်ညွှန်းမည့်၊တိုင်းရင်းသားပါတီများ၊ ပြည်မပါတီများကို လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား ရခိုင်တို့မည်သို့ ညီညွတ်စွာကျော်ဖြတ်ကြရန် တစ်ခုတည်းသောပါတီအဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ပါတီကို ဦးဆောင်ကြမည့် ပုဂ္ဂိုလ်များသည်လည်း ညီညွတ်စွာဖြင့် ဦးဆောင်မှုအခန်းကဏ္ဍကို ကျရာတာဝန်မှ တာဝန်ခံယူထမ်းဆောင်ကြသည်ကိုပြသနိုင်မည့်ပွဲဟု အားခဲထားခဲ့ကြမည်မှာ မလွဲပါ။ ကျနော်တို့အားလုံးသည် ညီလာခံကျင်းပရာ သံတွဲငပလီကမ်းခြေသို့ မျှော်လင့်ချက်မျိုးစုံဖြင့် ပီတိဝေစွာ လာခဲ့ကြခြင်းဖြစ်သည်ဟု မှတ်ယူဖြစ်ခဲ့ပါသည်။

ညီလာခံကျင်းပခြင်း ညီလာခံ၏အစောပိုင်းရက်များတွင် မြို့နယ်အသီးသီး၏ အစီရင်ခံစာများကို ဖတ်ကြားခြင်း၊ ရွေးကောက်ပွဲမူများကို ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြပါသည်။ ညီလာခံကိုယ်စားလှယ် ၂၀၀ ကျော်လာရောက်ကြသည်ဖြစ်ရာသံတွဲမြို့ငပလီကမ်းခြေသည်လည်းကောင်း၊ တည်းခိုကြသည့်ဘုန်းတော် ကြီးကျောင်းများသည်လည်းကောင်း၊ ရခိုင်ပြည်အနှံ့မှ မတူကွဲပြားသည့် ဒေသိယစကားသံများဖြင့် သံစုံတီးဝိုင်းသဖွယ် တစ်မျိုးဆန်းသစ်နေပါတော့သည်။ နည်းတူ ညီလာခံ ရွေးကောက်ပွဲမတိုင်မှီ ခေါင်းဆောင်ပုဂ္ဂိုလ်တချို့၏ ထုံးစံအတိုင်းမဲဆွယ်စည်းရုံးမှုကြောင့်ရုံးရင်းဆန်ခပ် ဖြစ်သည့် အခြေအနေမျိုးစုံ၊ ရန်ပွဲဆန်ဆန် ထိမ်းမနိုင်သိမ်းမရဖြစ်စဉ်မျိုးစုံတို့ကိုလည်း ကြားနေရပါသည်။ အဆိုပါ ဖြစ်စဉ် ဖြစ်ရပ် ပြဿနာမျိုး RNDPညီလာခံ (စစ်တွေ)၌ ကျင်းပစဉ်ကလည်းကြားခဲ့ရပါသေးသည်။

ညီလာခံမှသည် ညီညွတ်မှု၊ ညီလာခံမှသည် ပြိုကွဲမှု၊ မတူညီသည့် မူဝါဒ၊ မတူညီသည့် စရိုက်လက္ခဏာများ၊ ထိုက်တိုက်တွေ့ကာ အားပြိုင်မှု ကြီးသည်ထက်ကြီးလာလျှင် ဖြစ်ထွန်းလာမည့် နိုင်ငံရေးပေါက်ကွဲမှုအပေါ် စိုးရိမ်စိတ်သည် ဦးဆောင် သူများ၌ ရှိမရှိမသိနိုင်ပါ။ နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်များသည် ထင်သလောက်နိုင်ငံရေးရည်မျှော်ချက် ကြီးမားပုံမရ အချင်းချင်း အတ္တမာနပြိုင်ခြင်းတွင်သာ အသီးသီး တဝဲလည်လည် ဖြစ်နေကြပုံရပါသည်။ အနာဂါတ်ရည်မျှော်ချက်သည်လည်း ရှေ့မတိုးဘဲ ဆုံလည်နွားပမာ တဝဲလည်လည် ဖြစ်မြဲဖြစ်နေဆဲဟု သုံးသပ်၍ရပါသည်။ ဒေါက်တာအေးမောင်သည် ညီလာခံ၏ ပစ်မှတ်လား ဒေါက်တာအေးမောင် ကို ညီလာခံမှဖြုတ်ချရေး ပါတီနှစ်ခြမ်းလုံးမှ စည်းရုံးနေကြသည်ဟုလည်းကြားရပါသည်။ ALD ခြမ်းမှ ဒေါက်တာအေးမောင်ကို လုံးဝမဲမပေးရန် မူချထားပုံရသည်ဟု သတင်းလာပြောသူလည်း ရှိပါသည်။ RNDP ခြမ်းမှလည်း ခေါင်းဆောင်အချို့က ဒေါက်တာအေးမောင်ကို မဲမပေးရန် လိုက်လံစည်းရုံးမှုရှိခဲ့သည်ဟုလည်း ကြားရပြန်ပါသည်။ မှန်မမှန်အတည်မပြုနိုင်ပါ။ ကောလာဟလများသာ ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုပါစေ ဗဟိုကော်မတီဝင်များအား ရွေးချယ်ရမည့်နေ့မတိုင်မီ တည်းခိုဆောင်များ၌ မဲဆွယ် စည်းရုံးမှု ကျယ်ပြန့်စွာ ရှိခဲ့ကြောင်း ကြားသိနေရပါသည်။ ရှိလည်းရှိခဲ့ပါသည်။

မဲရေတွက်ရန် တာဝန်ပေးခြင်း

မူလကမဲရေတွက်မှုကို စကော်လာအုပ်စုမှကွန်ပျုတာဖြင့်ရေတွက်ရန် ALD ခြမ်းမှညှိကြပါသေးသည်။ မဲဆွယ်စည်းရုံးမှု ရိုက်ခတ်သံများကြားရပြီးနောက် ကွန်ပျုတာအပေါ်သံသယဝင်ကြပြီး၊ ”၈၈”မျိုးဆက် ဦးသန်းနိုင်နှင့်အဖွဲ့ ကို မဲရေတွက်ရန်တာဝန်ပေးခဲ့ကြသည်ဟု မှတ်မိပါသည်။

CC;CEC ရွေးကြခြင်း

ညီလာခံကျင်းပရေးကော်မတီ၏ ညှိနှိုင်းထားသည့်ရွေးချယ်ရေးမူအချို့မှာ မှတ်မိသလောက် ရခိုင်မှမြို့နယ် ၁၇ခု၊ ပလက်ဝ၊ ရန်ကုန်၊ ဧရာဝတီ တို့ကို တမြို့နယ်စီ သတ် မှတ်ပြီး စုစုပေါင်းမြို့နယ်(၂၀)မှ ဗဟိုကော်မတီဝင် (CC)၂၀ ဦးကို အချင်းချင်း မြို့နယ်အလိုက် (၁)ဦးကျစီရွေးချယ်စေပါသည်။ ရခိုင်ရှိ ခရိုင်(၅)ခရိုင် နှင့် ရန်ကုန်၊ ဧရာဝတီ ကို(၂)ခရိုင် သတ်မှတ်ကာ ခရိုင်(၇)ခုမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) (၇)ဦးကို တင်ကြိုရွေးချယ်ပြီးမှ သတ်မှတ် (CC)(CEC) အရေအတွက်ပြည့်အောင် မဲပေးရွေးချယ်ရန် ဖြစ်ပါသည်။ မှတ်မိသလောက် ဦးမောင်ဖြူကြီးသည် စစ်တွေမြို့နယ်မှ အချင်းချင်းရွေချယ်ခံရသည့်(CC)ဝင် ဖြစ်ပါသည်။ CC(၂၀)ဦးကို အချင်းချင်းရွေးချယ်ပေးကြပါသည်။ နည်းတူ CEC အဖြစ် ခရိုင်အလိုက် အချင်းချင်း တင်ကြိုရွေးချယ်ခံရသူ(၇)ဦးမှာ – (ရန်ကုန်) ဦးလှမြင့်၊(ဧရာဝတီ) ဦးစိုးဝင်း၊ (မောင်တော) ခိုင်ကျော်မိုး၊( စစ်တွေ) ဦးခင်မောင်၊ (မြောက်ဦး) ဦးကျော်ကျော်၊ (ကျောက်ဖြူ) ဦးသန်းနိုင်မြင့်၊ (သံတွဲ)ဦးဖေကြွယ် တို့ဖြစ်ကြပါသည်။ ၄င်းနောက်ညီလာခံသည် သတ်မှတ်ဗဟိုကော်မတီဝင်ဦးရေ (၁၁၁)ဦးပြည့်ရေးအတွက် ကျန်ရှိသည့်ဦးရေကို မဲပေးရွေးချယ်ကြပါသည်။ ခိုင်ပြည်စိုးသည် မဲအများဆုံးရပါသည်။သူ၏နောက်တွင် ဒေါက်တာအေးမောင်အပါအဝင် အခြားခေါင်းဆောင်များ မဲ အများအနည်းအလိုက်ရကြသည့်ဇယားထွက်လာပါသည်။ ညီလာခံမှ CC;CEC ရွေးချယ်ပုံစနစ်သည် ရှုပ်ထွေးပြီး၊ ဒေသကို အခြေခံပါသည်။ သို့ရာတွင် CEC ရွေးချယ်ရာ၌ တိုက်ရိုက်ခွဲတမ်းရယူခြင် းစနစ်မူအသစ်ကြောင့် အောက်ခြေတွင်မကြေလည်မှုများ အသံစထွက်ကြသည်ဟု ကြားရပါသည်။ ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်မှုအရ ညီလာခံကိုယ်စားလှယ်ဖြစ်လာသူများသည် ညီလာခံကျင်းပသူများက မူသစ်ချကာ မဲပေးမရွေးချယ်စေဘဲ တိုက်ရိုက်CEC တွင်ခွဲတမ်းရယူ ခန့်အပ်မည်ဆိုသည့် အာ ဏာရှင်ဆန်ဆန်အယူအဆ ကို ဆန့်ကျင်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။ ညီလာခံ ဦးစီးကော်မတီ၏စိုးရိမ်စိတ် ကိုလည်း ထည့်တွက်ရမည်ဖြစ်ပါသည်။ညီလာခံကိုယ်စားလှယ်ဦးရေတွင်RNDP ခြမ်းမှ ၈၀ ရာခိုင်နှုန်းကျော်ခန့်ရှိပါသည်။ CC ဦးရေတွင်လည်း ၄င်းအချိုးနီးနီး ပါရှိလာပါသည်။ CEC တွင် နှစ်ဖက်ခေါင်းဆောင်များ မျှတစွာပါစေလိုသည်။ RNDP ခြမ်းမှတဘက်စောင်းနင်း ဖြစ်သွားမည်ကို စိုးရိမ်ပုံရပါသည်။ CEC ရွေးချယ်မှု မူသစ်ကိုချပြကြပါသည်။ ဒီမိုကရေစီအရ သဘောကွဲကြပါသည်။ ၄င်းနောက် အရှည်မျှော်တွေး၍ မူအားလက်ခံသဘောတူကြပါသည်။တိုက်ရိုက်ခန့်အပ်သည့်မူကို ကျနော်လည်းကန့်ကွက်ခဲ့ပါသည်။

CEC အဖြစ် တိုက်ရိုက်ခန့်အပ်ခံရသူများ

CEC အဖြစ် တိုက်ရိုက်ခန့်အပ်ခံကြမည့်ပုဂ္ဂိုလ်များစာရင်း နှစ်ဖက်မှအဆိုပြုကြရာ RNDP ခြမ်းမှဦးလှစော၊ ဦးဘရှိန်၊ ဦးစံကျော်လှ၊ ဦးဖိုးမင်း နှင့် ဒေါ်အေးနုစိန် တို့ပါပြီး၊ ALD ခြမ်းမှ ဦးအေးသာအောင်၊ ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း တို့တဖက်(၅)ဦးစီပါကြသည်ဟု ထင်ပါသည်။ မိမိအပါအဝင် ကျန် CEC (၂၂)ဦးကိုမူ ဗဟိုကော်မတီဝင် CC များထဲမှ မဲဖြင့် ရွေးချယ်ပေးခဲ့ကြပါသည်။ ယင်းနောက် CEC (၃၉)ဦး၏ အမည်စာရင်းကို ညီလာခံမှကြေငြာခြင်း၊မှတ်တမ်းတင်ခြင်း ပြုပါသည်။ တိုက်ရိုက် ခန့်(၁၀)ဦးကိစ္စသည်လည်း တည်းခိုဆောင်များတွင် မြို့နယ်အလိုက်ပေါက်ကွဲကြသည်ဟုကြားသိရပါသည်။ မည်သို့ဆိုပါစေ ညီလာခံသည် ပါတီဗဟိုကော်မတီဝင် CC (၁၁၁)ဦးထဲမှ CEC (၃၉)ဦးကို အောင်မြင်စွာရွေးကောက်တင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ညီလာခံနှင့်သုံးသပ်ချက်အမြင်အချို့

ANP သည် ယင်း၏ ပထမအကြိမ်ပါတီညီလာခံနှင့်အတူ ပိုမိုညီညွတ်သော၊ ကျစ်လစ်ခိုင်မာသော နှစ်ပါတီ ပေါင်းစည်းအင်အားကို မတည်ဆောက်နိုင်ခဲ့ဘဲ ပြိုကွဲမှု အက်ကြောင်းကိုသာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ခြေလှမ်းစလှမ်းမိလျက်သားဖြစ်နေသည်။ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍအား ရယူရန် သူ့ဖက်ကိုယ်ဖက်အားပြိုင်ကြခြင်းမှ အစပြုသည်ဟု ညီလာခံအတွင်း ဝေဖန်သုံးသပ် ထောက်ပြကြခြင်းများသည် မှန်ကန်သည်ဟု တဖြည်းဖြည်း ယူဆလာရပါသည်။ ANP ပါတီတွင် မည်သူက ဥက္ကဌ၊ မည်သူက အထွေထွေအတွင်းရေးမှုး တာဝန်ယူပြီး၊ ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကို မည်ကဲ့သို့ ဖြတ်ကျော်ကြမည်၊ ရခိုင် တစ်မျိုးသားလုံးနှင့်ဆိုင်သောအမှီခိုကင်းသည့် ပါတီမူဝါဒများကို မည်ကဲ့သို့ချမှတ်ကြမည်၊ မည်သည့် တိုင်းရင်းသားပါတီအစုအဖွဲ့များနှင့် မဟာမိတ်ချိတ်ဆက်မည်၊၂၀၀၈ ခုနှစ်ခြေ/ဥ အောက်က ရခိုင်တို့၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနှိင် ရန်မည်ကဲ့သို့ ဦးဆောင်ကြမည် စသည့်အားပြိုင်ပွဲသည် ယခုမှစသည်ဟု သုံးသပ်သူများစွာ ရှိပါသည်။ ညီလာခံနှင့်အတူ ညီလာခံ ကိုယ်စားလှယ်တိုင်း၏ ခြေလှမ်း စအရွေ့သည် လေးလံနှေးကွေးကာ မြင်ကွင်းပီပြင်ရှင်းလင်းမှုမရှိဘဲ လျှောက်သောလမ်းမှာ စမ်းတဝါးဝါးအားမာန်မပါ ဖြစ်နေသည်ဟု ထင်မြင်သူ များကြပါသည်။ ANP ပါတီ၏ အနာဂါတ် Vision & Mission သည် မပီပြင် အချင်းချင်း မကြေနပ်မှုများသည် အချိန်မရွေး မီးတောက်ကြီး ဖြစ်လာနိုင်သည်ဟုကိုယ်စာလှယ်များ သုံးသပ်ကြပုံလည်း ရပါသည်။

ဆက်လက်၍အပိုင်း(၅)ကိုရေးသားပါဦးမည်။

ဒေါက်တာအေးမောင်

2021 October 19

=====

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s