ဟင်နရီဒေးဗစ် သရိုး အစပျိုးသည့် အကြမ်းမဖက်-မလိုက်နာရေး (civil disobedience) သဘောတရား

#ဟင်နရီဒေးဗစ် သရိုး အစပျိုးသည့် အကြမ်းမဖက်-မလိုက်နာရေး (civil disobedience) သဘောတရား

● ကမ္ဘာအရပ်ရပ်မှာသာမက ယနေ့ မြန်မာပြည်တွင် နာမည်ကြီးသော အကြမ်းမဖက် မလိုက်နာရေး (civil disobedience) သဘောတရားမှာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် ကွန်ကော့ဒ်မြို့သား ဟင်နရီ ဒေးဗစ် သရိုး (Henry David Thoreau) က အစပျိုးဖော်ထုတ်ခဲ့သည်။ ယင်းလှုပ်ရှားမှု သဘောတရားကို နောက်နောင်တွင် အိန္ဒိယလွတ်လပ်ရေး တိုက်ပွဲဝင်သူ မဟတ္တနဂန္ဒီ နှင့် အမေရိကန်လူမည်း အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်သူ မာတင်လူသာကင်း တို့က ဆက်ခံကြခြင်းဖြစ်သည်။

● လွတ်လပ်ရေးရပြီး အနှစ် (၇၀) ကျော်ခန့်အကြာ အမေရိကန်နိုင်ငံအဖို့ ဇာတိနယ်သား ရက်အင်ဒီးယန်းများကို မျိုးတုံးစေခြင်း၊ ကျွန်စနစ်ကို ထားရှိခြင်း၊ မက္ကဆီကို-အမေရိကန် စစ်ပွဲဆင်နွှဲခြင်း အစရှိသည့် အခြင်းအရာများကို မနှစ်မြို့ရကား – ဟင်နရီ ဒေးဗစ် သရိုး (၁၈၁၇-၁၈၆၂) သည် သူထမ်းဆောင်ရမည့် လူခွန်ကို မဆောင်နိုင်ကြောင်းငြင်းဆိုသည်။ ထိုကဲ့သို့ ငြင်းဆိုရုံမျှမက ထိုကဲ့သို့ငြင်းဆိုကြောင်းကိုလည်း အာဘောင်အာရင်းသန်သန်ဖြင့် ထုတ်ဖော်ပြောနေသည့်အတွက် သူ့အားဖမ်းဆီးချုပ်နှောင်ထားလေရာ သူ့ဆွေမျိုးတစ်ဦးက သူမသိအောင် အခွန်သွားဆောင်လေမှ ပြန်လွတ်လာလေသည်။ ထိုဖြစ်ရပ်ဖြစ်ပျက်ပြီးနောက် ၁၈၄၈-ခုနှစ် ကွန်ကော့ဒ်မြို့ အသိပညာဆွေးနွေးပွဲ တစ်ခုတွင် “The rights and Duties of the individual in Relation to Government” (အစိုးရနှင့် စပ်လျဉ်း၍ လူပုဂ္ဂိုလ်၏ အခွင့်အရေးများ နှင့် တာဝန်များ) ဟူသော ခေါင်းစဉ်ဖြင့် သရိုး ဟောပြောလေသည်။ ယင်း ဟောပြောချက် သည်ပင်လျှင် နောက်တစ်နှစ်အကြာတွင် ထုတ်ဝေသည့် စာတမ်းစာအုပ် တစ်အုပ်တွင် “Resistance to Civil Government” (အစိုးရအား ခုခံခြင်း) ဟု အမည်ပေးထားသည့် အက်ဆေး၏ အခြေခံပင်ဖြစ်လေသည်။ သရိုး သေလွန်ပြီးနောက် သူ၏စာများအား ပြန်လည် ထုတ်ဝေ ကြရာတွင် အဆိုပါ အက်ဆေးအား “Civil Disobedience” (အစိုးရအား မနာခံခြင်း) ဟူသော အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မှတ်သားဖွယ်ရာအချက်တစ်ချက်ကား – သရိုး ၏ မူရင်းသဘောတရားတွင် “civil” ဟူသော စကားလုံးကို အရပ်သားများကို အုပ်ချုပ်သော အစိုးရအား ရည်ညွှန်းရန် သုံးခြင်းဖြစ်သော်လည်း ယနေ့ခေတ် “civil disobedience” သဘောတရားပါ “civil” ဟူသော စကားလုံးကိုကား civility ယဉ်ကျေးသိမ်မွေ့ခြင်း အကြမ်းမဖက်ခြင်း ဟူသော အဓိပ္ပါယ်ဖြင့် သုံးစွဲကြခြင်းဖြစ်လေသည်။

● မဟတ္တမဂန္ဒီ ဦးဆောင်သော ဆားခွန်မဆောင်ရေး ချီတက်ပွဲ၊ အခွင့်မရသော်လည်း အတင်းဝင်ရောက် မဲပေးကြသည့် မဲပေးခွင့် ရရှိရေးလှုပ်ရှားမှု၊ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးအတွက် လူဖြူများအတွက်သာ ဆိုသည့် စားသောက်နေရာများတွင် ဝင်ထိုင်သည့် လှုပ်ရှားမှု စသည်တို့အား ပုံစံကွဲ အကြမ်းမဖက် မလိုက်နာရေး (civil disobedience) လှုပ်ရှားမှုများအဖြစ် ဆိုကြသည်။ အမေရိကန် လွတ်လပ်ရေးတိုက်ပွဲများ၏အစ ဖြစ်သော ဘော်စတွန်တီးပါတီ လှုပ်ရှားမှုအား civil disobedience အမျိုးအစားတွင် ထည့်သွင်းကြ သော်လည်း ပစ္စည်းဥစ္စာဖျက်ဆီးခြင်းများ ပါဝင်နေသည့်အတွက် civil disobedience အဖြစ် မသတ်မှတ် လိုကြသည်လည်း ရှိသည်။

● မူမှန် civil disobedience အဖြစ် သတ်မှတ်နိုင်ကြဖို့ရာ – အစိုးရအာဏာကို ဖီဆန်ရေးလှုပ်ရှားမှုတွေမှာ အောက်ပါ ကြံအင်လက္ခဏာသုံးရပ် ရှိဖို့လိုသည် ဟု ဆိုကြသည်။ (တစ်) ဥပဒေ (သို့) အမိန့်ကို ချိုးဖောက်သည့် အပြုအမူပါရှိခြင်း (Lawbreaking) (နှစ်) ရာဇဝတ်မှုမဆန်ဘဲ ခိုင်ခိုင်မာမာမူကိုင်စွဲ လုပ်ဆောင်ခြင်း (principledness) (သုံး) အသိတရားဖြင့် သိသိကြီးလုပ်ဆောင်ခြင်း (Conscientiousness) တို့ ဖြစ်ကြသည်။

● သတင်းစကားပြောကြားခြင်း (delivering message) သည်လည်း civil disobedience ၏ သွင်ပြင်တစ်ရပ်ဖြစ်လေသည်။ မမျှတသည့် အခြင်းအရာတစ်ရပ် ဥပမာအားဖြင့် ကျွန်စနစ်သော်လည်းကောင်း၊ လူဖြူလူမဲခွဲခြားခြင်း ကိုသော်လည်းကောင်း ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကြောင်း အစိုးရ သို့မဟုတ် လူအများတို့အား သိကြားစေခြင်း သဘောသွင်ပြင်ပါရှိသည်။ ငါတို့ ဘယ်မတရားမှုကို မကြိုက်ဘူး၊ ငါတို့ ဘာကို ဘယ်လိုဖြစ်စေချင်တယ် ဆိုတာ သတ်သတ်မှတ်မှတ် ဖော်ထုတ်ပြောကြားခြင်း ပါရှိကြရမည် ဟု ဆိုလိုသည်။

● အများမြင်သာခြင်း (publicity-as-visivility) သည်လည်း civil disobedience ၏ သွင်ပြင်တစ်ရပ် ဖြစ်လေသည်။ မိမိ၏ နိုင်ငံရေးလုပ်ရပ်ကို အများရှေ့သို့ ရောက်စေခြင်း နှင့်တကွ ထိုလုပ်ရပ်ကို မိမိလုပ်ကြောင်း တာဝန်ခံမှု ပါရှိစေရမည် ဟု ဆိုလေသည်။ ဥပမာအားဖြင့် အမေရိကန် လုံခြုံရေး အေဂျင်စီ၏ လုပ်ရပ်များကို မကြိုက်သည့် စနိုဒင်သည် အေဂျင်စီ၏ လျှို့ဝှက် စာရွက်စာတမ်းများကို ပြင်ပသို့ရောက်စေခဲ့သည်သာမက ထိုလုပ်ရပ်ကို မိမိလုပ်ပါသည် ဟု တာဝန်ယူခြင်းမျိုးကို ဆိုလိုသည်။

● အကြမ်းမဖက်ခြင်း (non-violence) အား civil disobedience လုပ်ရပ်များ၏ အရေးကြီးသော ကြံအင် လက္ခဏာတစ်ရပ်အဖြစ် အများလက်ခံထားကြသည်။ အကြမ်းမဖက်သော ဆန္ဒပြကန့်ကွက်မှုများအဖို့ အများ၏အမြင်တွင် အကောင်းဖက်က ရှုမြင်ခံရနိုင်ခြေများပြီး အကြမ်းဖက်မှုရောစွက်သော ဆန္ဒပြကန့်ကွက်မှုများမှာမူ အများပြည်သူတို့၏ ဖယ်ကြဉ်မှုကို ခံရနိုင်ခြေများသည့်အပြင် အကြမ်းဖက် နှိမ်နှင်းမှုနှင့်လည်း တန်ပြန်ရင်ဆိုင်ရမည် ဖြစ်သည်။

● ပစ္စည်းဥစ္စာများအား ပျက်စီးစေခြင်း (property damage) အား အကြမ်းဖက်မှုသဘော အဖြစ်မှတ်ယူကြသည်ဖြစ်ရာ civil disobedience လှုပ်ရှားမှုတွင် ယင်းအား ပတ်သက်စေခြင်း မရှိစေရ ဟု အများ သတ်မှတ်ကြသည်။ ပုဂ္ဂလိကပိုင်ပစ္စည်းများဟူသည်ကား လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ တိုးချဲ့လက်တံများအဖြစ် လစ်ဘရယ်သဘောတရားအရ ယူဆကြသည့်အပြင် ပစ္စည်းများကို ထိခိုက်ဖျက်ဆီးခြင်းသည် လူပုဂ္ဂိုလ်များကို အကြမ်းဖက်ခြင်းသို့ ဦးတည် သွားစေနိုင်သည် ဟု ယူဆကြသောကြောင့် civil disobedience တွင် ပစ္စည်းဥစ္စာဖျက်ဆီးခြင်းအား မလုပ်ဆောင်စေရန် သတ်မှတ်ကြသည်။

● မိမိကိုယ်တိုင်ကို အကြမ်းဖက်ရာရောက်သည့် အပြုအမူများ (self-violence)။ အစာငတ်ခံဆန္ဒပြခြင်းအား civil disobedience လှုပ်ရှားမှု ပုံစံတစ်ရပ်အဖြစ် လက်ခံကြသော်လည်း မိမိကိုယ်ကို မီးရှို့ခြင်းအစရှိသည့် မိမိကိုယ်ကို အကြမ်းဖက်ခြင်းများကို civil disobedience လုပ်ရပ်များ အဖြစ်မသတ်မှတ်ကြချေ။ သို့သော် ထိုလုပ်ရပ်များကို အကြောင်းပြုလျက် အဖြေကောင်းများ ထွက်လာနိုင်သည်ကိုကား ငြင်းဖွယ်ရာ မရှိပေ။

● မတိမ်းရှောင်ခြင်း (non-evasion)။ ပြဋ္ဌာန်းထားသော ဥပဒေ/အမိန့် စသည်တို့ကို မလိုက်နာခြင်းအားဖြင့် civil disobedience လုပ်ရပ်ကို လုပ်ဆောင်သူများမှာ ထိုလုပ်ရပ်အတွက် တည်ဆဲဥပဒေအရ ပြစ်ဒဏ်ခံရမည်ကို ရှောင်လွဲခြင်း ထွက်ပြေးခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်းသည် civil disobedience လုပ်ဆောင်ရာတွင် ပြုမူလေ့ရှိကြသည့် စံအပြုအမူတစ်ရပ်ဖြစ်သည်။ ထိုသို့ ဖမ်းဆီးအပြစ်ပေးခံရခြင်းအတွက် ရှက်ကြောက်နေစရာ အကြောင်းယုတ္တိမရှိ ဟု ခံယူကြသည်။

● တည်ငြိမ်စွာ ရင်ဆိုင်ခြင်း (decorum)။ ဂန္ဒီ နှင့် မာတင်လူသာကင်းတို့၏ civil disobedience လှုပ်ရှားမှုအမျိုးအစားတွင် အာဏာပိုင်များ၏ ဖမ်းဆီးရက်စက်မှုများကို ခံရသောအခါ တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်တတ်ကြလေ့ရှိသည်။

● တည်ဆဲ ဥပဒေစနစ် လက်ခံခြင်း (fidelity to law)။ တော်လှန်ရေးသမားများက စနစ်တစ်ရပ်လုံးကို လက်မခံဘဲ ဖြိုဖျက်ရန် အားထုတ်လေ့ရှိကြပြီး၊ civil disobedience လှုပ်ရှားသူအများစုကမှု မတရားသဖြင့် ဖြစ်ပျက်နေသည့် အစိတ်အပိုင်းကိုသာ ပြုပြင်ဖာထေးနိုင်ရန် အလို့ငှာ – ဥပဒေအချို့အားဖောက်ဖျက်ကြသော်လည်း လက်ရှိတည်ဆဲ ဥပဒေစနစ် အုပ်ချုပ်ရေးစနစ်ကို လက်သင့်ခံသည့် စိတ်ထားဖြင့် လှုပ်ရှားဆောင်ရွက်ကြသည်။

● အသိစိတ်ဖြင့် ကန့်ကွက်ခြင်း(Conscientious objection) အားလည်း civil disobedience ပုံစံတစ်မျိုးအဖြစ် သတ်မှတ်ကြလေသည်။ ဥပမာအားဖြင့် ၁၉၆၇-ခုနှစ်တွင် ဗီယက်နမ်စစ်ပွဲကို ကန့်ကွက်သောအားဖြင့် စစ်မှုမထမ်းမနေရဥပဒေအားဖြင့် တာဝန်ထမ်းဆောင်ရန် ငြင်းပယ်သူ မိုဟာမက်အလီ သည် ထောင်ဒဏ်ငါးနှစ် နှင့် ဒဏ်ငွေတစ်သောင်း ချမှတ်ခြင်းခံရသည်။ လက်ဝှေ့ကစားခွင့် ငါးနှစ်ပိတ်ပင်ခြင်းခံရသည်။

● အရေးအကြီးဆုံးအချက် တစ်ရပ်မှာ – civil disobedience လုပ်ရပ်များသည်ကား လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများတွင် ရှိနေဆဲ တရားမမျှတမှုများအား ပြုပြင်ပေးကြရန် တောင်းဆိုကြသည့် ပုံစံတစ်ရပ်သာ ဖြစ်ကြောင်း မှတ်ယူကြရန် ဖြစ်လေသည်။ civil disobedience အား တာလီဘန်အုပ်ချုပ်သော အာဖဂန်နစ္စတန်၊ ဆော်ဒီအာရေဗီးယား၊ မြောက်ကိုးရီးယား တို့ကဲ့သို့သော နိုင်ငံများတွင် လုပ်ဆောင်နိုင်ရန် အခြေအနေ နှင့် အကျိုးထင်နိုင်ခြေ တို့ နည်းပါးပေသည်။

● ပူးတွဲပါ ဓါတ်ပုံမှာ – CDM ဆရာတစ်ဦးဖြစ်သည့် ဦးဆွေဝင်းအား ဖမ်းဆီးထားသူများက ဒူးထောက်ဝန်ခံခိုင်းနေပုံ ဖြစ်သည် ဟု ဆိုပါသည်။ ရွှေဘိုမြို့နယ် တအုံကျေးရွာ အထက်တန်းကျောင်းကနေ ကျောင်းမတက် CDM လုပ်နေသော အထက်တန်းပြဆရာ ဦးဆွေဝင်း (၄၆-နှစ်) အား ၂၀၂၁-ခုနှစ် သြဂုတ်လ (၂၅) ရက် နံနက်ပိုင်းအချိန် ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာ ဓမ္မစကူးလ် ဘုန်းတော်ကြီး​ကျောင်းဝင်း၌ ယခုကဲ့သို့ ဒူးထောက်ခိုင်းထားခဲ့သည် ဟု ဆိုပါသည်။

KZO
(၂၈-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၅)]


Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ


Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s