
ခေတ်သစ် အစ္စလမ်မစ် အခြေခံဝါဒီတို့၏ ဖခင်ကြီး ဆေယစ်ကူးတာ့ဘ် (Sayyid Qutb)
● ကွန်မြူနစ်တို့အားလုံး၏ မြစ်ဖျားခံရာ အတွေးအခေါ်ဖခင်ကြီးမှာ ကားလ်မတ်ခ်စ် ဖြစ်ပေသည့်နည်းတူ – ခေတ်သစ် အစ္စလမ်မစ်အခြေခံဝါဒီ တို့၏ အတွေးအခေါ် မြစ်ဖျားခံရာမှာ ဆေယစ် ကူးတာ့ဘ် (၁၉၀၆-၁၉၆၆) ဖြစ်ပေသည်။ လက်နင်၊ စတာလင်၊ မော်စီတုံး နှင့် အားလုံးသော ကွန်မြူနစ်တို့၏ ပရောဖက်မှာ ကားလ်မာ့ခ်စ် ဖြစ်ပေသည့်နည်းတူ အိုစမာလင်လာဒင်၊ အယ်ဇဝါဟိရီ၊ အယ်ကိုင်းဒါးအဖွဲ့ နှင့် ISIS အဖွဲ့တို့၏ အတွေးအခေါ် ရင်းမြစ်မှာ ဆေယစ် ကူးတာ့ဘ် ဖြစ်ပေသည်။ အယုတ်စွဆုံး ပြီးခဲ့သည့် သုံးရက် (၂၆-၀၈-၂၀၂၁) ရက်နေ့က ကဘူးလ်လေဆိပ်တွင် အသေခံဗုံးဖောက်ခွဲပြီး လူတစ်ရာရှစ်ဆယ်ကျော် သေဆုံးစေခဲ့သော ISIS-K (ခေါ်) ISIL-KP အဖွဲ့၏ အတွေးအခေါ် ရင်းမြစ်မှာ ဆေယစ် ကူးတာ့ဘ် ပင်လျှင် ဖြစ်သည် ဟု ဆိုနိုင်ပေသည်။ ဆေယစ် ကူးတာ့ဘ် သည်ကား ဆာလာဖစ်ဂျီဟတ်ဝါဒီ တို့၏ ဖခင်ကြီးပင်တည်း။
● အီဂျစ်နိုင်ငံ ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသော ကူးတာ့ဘ် အား ပညာရေးစနစ်ဆိုင်ရာ အဆင့်မြင့်လေ့လာမှုများပြုလုပ်ရန် အလို့ငှာ အမေရိကန်နိုင်ငံ ကောလိုရာဒိုပြည်နယ်ရှိ ပညယရေးကောလိပ်သို့ စေလွှတ်ကာ ၁၉၄၈ မှ ၁၉၅၀ အထိ ပညာသင်ယူစေခဲ့ဖူးသည်။ အမေရိကန်တွင် ပညာဝင်ကြားနေသည့် နှစ်နှစ်ခန့်ကာလအတွင်း ကူးတာ့ဘ်မှာ အမေရိကန်တို့၏ ဘဝနေပုံနည်းလမ်း နှင့် မနီးစပ်လာရုံမျှမက ကိုယ်ကျင့်တရားပျက်ပြားနေသည် ယဉ်ကျေးမှုမရှိသည့် လောကအဖြစ် အနောက်ကမ္ဘာအပေါ် ကူးတာ့ဘ်၏ အထင်သေး စက်ဆုပ်ရွံရှာမှုသည် ယခင်ကထက် အမြစ်တွယ်ခိုင်မာလာခဲ့သည်။ အီဂျစ်သို့ပြန်လာပြီးနောက် ၁၉၅၃-ခုနှစ်တွင် မူဆလင်ညီအစ်ကိုတော်များအဖွဲ့ (Muslim Brotherhood) သို့ ဝင်ရောက်သည်။ သဘောတရားရေးရာ စာပေများကို ဆက်လက်ရေးသားရင်း မူဆလင်ညီအစ်ကိုတော်များအဖွဲ့၏ အဓိက သဘောတရားရေးဆရာကြီးဖြစ်လာသည်။
● အမေရိကန်အပါအဝင် အနောက်ကမ္ဘာအား ကူးတာ့ဘ် က တမန်တော်မိုဟာမက် မတိုင်မီကာလ အာရေဗီးယားကျွန်းဆွယ်တွင် ဘုရားမရှိ တရားမရှိ အရိုင်းအစိုင်းကာလ နှင့် ထပ်တူထားကာ ရှုမြင်သည်။ ကကကကက ခေါ် ထိုယိုယွင်းပျက်စီးနေသောလောကအား တမန်တော်မိုဟာမက် နည်းတူ တရားတစ်ဖက် ဓါးတစ်လက်ဖြင့် ချေမှုန်းလျက် ကမ္ဘာကြီးကို ကယ်တင်ရမည် ဟု သူကမြင်သည်။ ထိုအရိုင်းအစိုင်း အနောက်ကမ္ဘာသားတို့သာမက ထိုအနောက်ကမ္ဘာသားတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော မူဆလင်များမှာလည်း မူဆလင် အစစ်အမှန်များမဟုတ် ဟု ရှုမြင်ကာ ရန်သူ့ဘက်သားများ အဖြစ်ဆက်ဆံရမည် ဟု သူက ဆိုသည်။ မိုဟာမက်၏ အမွေကို ဆက်ခံလျက် ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ်နိုင်ငံတော် (Caliphate) အောင်မြင်စွာ ဖြစ်တည်လာသည့်အခါ ကမ္ဘာကြီး ငြိ်မ်းချမ်းသွားလိမ့်မည် ဟု ဆိုသည်။ တစ်နည်းအားဖြင့် ကူးတာ့ဘ် ၏ အယူအဆမှာ ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ်နိုင်ငံတော် ၀ါဒ ဖြစ်ပြီး တစ်နိုင်ငံချင်း အရေးကို ဦးစားပေးလုပ်ဆောင်ကြသည့် အမျိုးသားရေးသမားများနှင့် မတူပေ။ ဤအယူအဆကို ဘင်လာဒင်တို့၏ အယ်ကိုင်းဒါး နှင့် ISIS အဖွဲ့တို့က ဆက်ခံထားသည်။
● ဗိုလ်မှူးကြီး နာဆာ (Gamal Abdel Nasser) က ၁၉၅၂-ခုနှစ်တွင် အီဂျစ်ဘုရင်ထံမှ အာဏာသိမ်းပြီး အီဂျစ်အစိုးရခေါင်းဆောင် ဖြစ်မလာသေးမီကာလ ကူးတာ့ဘ် တို့နှင့် အသွားအလာ အဆက်အဆံရှိခဲ့ဖူးသည်။ ပူးပေါင်းဆောင်ရွက်ကြသည့်အပိုင်း ရှိသလို သီးခြားဆောင်ရွက်ကြသည့် အပိုင်းများ ရှိသည်။ နာဆာတို့၏ အယူအဆမှာ ကူးတာ့ဘ် တို့နှင့်မတူ၊ Pan-Arabism ခေါ် အီဂျစ်အပါအဝင် အာရပ်များအားလုံးကို စုရုံးလိုသည့် အာရပ်လောကအမျိုးသားဝါဒ ဖြစ်သည်။ ကူးတာ့ဘ်ကား အစ္စလမ်မစ်ဝါဒီဖြစ်သည်။ အစ္စလမ်ဘာသာအား နိုင်ငံရေးလှုပ်ရှားမှုတစ်ခုအဖြစ် အရှိန်မြှင့်ယူပြီး ရှေးခတ်ကိုရန် မူများကို အခြေခံလျက် လူ့ဘောင်တည်ဆောက်ရေးဝါဒီ ဖြစ်သည်။ နာဆာတို့ အာဏာရခါစက ကူးတာ့ဘ်အား ပညာရေးဝန်ကြီးခန့်မည် ဟု သတင်းထွက်ခဲ့သေးသည်။ သို့ရာတွင် သူ့အား ပညာရေးဝန်ကြီး မခန့်သည်သာမက အာဏာရ နာဆာအစိုးရ နှင့် ကူးတာ့ဘ်တို့၏ Muslim Brotherhood တို့ကြား အခြေအနေမှာ ဆိုးရွားလာသည်။ Muslim Brotherhood အဖွဲ့ဝင်များစွာ အဖမ်းဆီးခံရသည်။ ထွက်ပြေးကြရသည်။ ကူးတာ့လ်ကိုယ်တိုင် အဖမ်းခံရသည်။ ထောင်ဒဏ် နှစ်ကာလရှည် အခါခါကျသည်။ နောက်ဆုံးသေဒဏ်ကျသည်။ သူ၏ အယူအဆများကို စွန့်လွှတ်ပါက လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည် ဟု ကမ်းလှမ်းခြင်းခံခဲ့ရသေးသည် ဟု ဆိုသည်။ သိုသော် ကူးတာ့ဘ်က လက်မခံဘဲ ငြင်းပယ်ကာ ကြိုးစင်တက်လျက် အသေခံသည်။ ခရစ်တော်ကဲ့သို့ ကားစင်တင်ခံ အသေခံခြင်းအားအားဖြင့် သူ၏ အယူအဆများကို ပိုမိုခိုင်မာ ကျန်ရစ်စေခဲ့သည် ဟုပင် ဆိုနိုင်သည်။
● Muslim Brotherhood ခေါင်းဆောင်များအား နာဆာ စတင်ဖိနှိပ်သည့်ကာလတွင် ပြည်ပသို့ အချိန်မီ ထွက်ပြေးရန် အခွင့်အလမ်းများ ကမ်းလှမ်းမှုများ ရှိခဲ့သော်လည်း တိမ်းရှောင်ခြင်းမပြုဘဲ အီဂျစ်ထဲတွင် ကျန်နေရစ်ခဲ့သူဖြစ်သည်။ သူ၏ ညီအရင်းတစ်ယောက်က ဆော်ဒီအာရေဗီးယားသို့ ထွက်ပြေးပြီး ဆော်ဒီတက္ကသိုလ်တစ်ခုတွင် ဆရာဖြစ်လာသည်။ သူ့ညီ၏ ကျောင်းသားများအနက် တစ်ဦးမှာ အိုစမာ ဘင်လာဒင်ဖြစ်သည်။ ကူးတာ့ဘ်၏ နာမည် နှင့် သူ၏စာပေတို့မှာ မူဆလင်လောကတွင် အလွန် သြဇာကြီးသော်ငြားလည်း ပြင်ပကမ္ဘာတွင် လူသိနည်းခဲ့သည်။ ၂၀၀၁-ခုနှစ် 9/11 တိုက်ခိုက်မှုအလွန် အယ်ကိုင်ဒါး ခေါင်းဆောင်များ၏ သဘောတရားရေးဆရာအဖြစ် သိလာသည့်အခါကျမှ ကူးတာ့ဘ်ကို ကျယ်ကျယ်ပြန့်ပြန့် ကမ္ဘာက စတင်သိလာသည်။
● ကူးတာ့ဘ်၏ သဘောတရားရေးရာစာပေများအနက် ထောင်ထဲတွင် ရေးခဲ့သော “Milestones” (သမိုင်းမှတ်တိုင်များ) စာအုပ်ကို အဓိက ရည်ညွှန်းကြလေ့ရှိသည်။ သို့ရာတွင် အကြမ်းဖက် တိုက်ခိုက်ရေး သမားများအပေါ် ထိုစာအုပ်ထက် သြဇာကြီးသည့် သဘောတရားရေးရာ စာအုပ်မှာ ကူးတာ့ဘ်၏ “In the Shade of Qur’an” (ကိုရန်၏ အရိပ်အောက်မှာ) ဆိုသည့် စာအုပ်တွဲ ဖြစ်လေသည်။ ထိုစာအုပ်တွဲအား ၁၉၇၀ ပြည့်လွန် နှစ်များတွင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီး World Assemnbly of Muslim Youth ဆိုသည့်အဖွဲ့က အုပ်တွဲများအနက် တစ်အုပ်ကို ထုတ်ဝေ ဖြန့်ချိသည်။ ထိုအဖွဲ့၏ ၀ါရှင်တန်ရုံးခန်းကို ဦးစီးသူမှာ အိုစမာဘင်လာဒင်၏ ညီတစ်ဦးဖြစ်သည်။ ထို စာအုပ်ထူကြီး (၁၈) အုပ်တွဲရှိ “In the Shade of Qur’an” မှာ ကိုရန်ကျမ်းချက်များ၊ မိုဟာမက်လက်ထက် အဖြစ်အပျက်များကို ရှုထောင့်ပေါင်းစုံမှ ကူးတာ့ဘ်၏ စေ့စေ့ငုငု သိသမျှသော အမြင်တို့တွင် တစိမ့်စိမ့် ဋီကာဖွင့်ဆိုရှင်းပြခြင်း ထိုဆူရာကျမ်းပိုဒ်တို့၏ အသိပညာ နှင့် ကြီးမြတ်မှုတို့အား မှတ်ချက်ပြု သင်ကြားခြင်း ဖြစ်လေသည်။ ထိုစာမျက်နှာများ တောက်လျှောက် တအိအိ စီးမျောရင်း မျက်မှောက်ခေတ်၏ ဆိုးယုတ်မှုတို့အား သိမြင်နိုင်သော အမြင်တို့ကို ကူးတာ့ဘ်က တည်ဆောက်ပေးလေသည်။
● အစ္စလမ်ဝါဒ အစစ်အမှန်ဟူသည်တွင် ဘာသာရေးနှင့် နိုင်ငံတော်ကို တစ်ထပ်တည်းထားရမည် ဟု သူက ဆိုသည်။ ဥရောပတိုက်သား ခရစ်ယန်တို့မှာမူကား သမိုင်းအရှိန်ရလာသည် နှင့် တဖြည်းဖြည်းဆိုသလို ဘာသာရေးကို တစ်ဘက်ခြမ်းမှာထားကာ “နိုင်ငံတော်” ကို အခြားတစ်ဘက်ခြမ်းမှာ ထားလျက် ဘာသာရေး နှင့် နိုင်ငံတော် သီးခြားဝါဒ (Secularism) ကို ဖန်တီးလာကြသည်။ ထိုအခြင်းအရာကို အတုယူလျက် အချိ်ု့ မှုဆလင်တိုင်းပြည်တို့က အတန်အသင့် ပုံတူကူးချကြလေရာ အစ္စလမ်အယူဝါဒ၏ အနှစ်သာရတို့ ပျက်ယွင်းကုန်သည် ဟု ကူးတာ့ဘ် ကဝေဖန်သည်။ အစ္စလမ် အစစ်အမှန်ကို တစိတ်တပိုင်း အစ္စလမ်က အစားထိုးသွားလိမ့်မည်အား သူကစိုးရိမ်သည်။ “half-Islam and half-jihiliyya ဟူသည်မှာ မရှိ။ တစိတ်တပိုင်း အစ္စလမ် ဆိုသည်မှာ မရှိ (တနည်း အစ္စလမ် မဟုတ်) သူက ဆိုသည်။ တဖန် သူဆိုလိုသည့် “နိုင်ငံတော်” သည်ကား de-territorized နယ်မြေအပိုင်းအခြားတို့ကို ကျော်လွန်သော၊ deracinated ပထဝီအပိုင်းအခြား ယဉ်ကျေးမှုအပိုင်းအခြားတို့ကို လွန်မြောက်သော၊ de-tribalized လူမျိုးအနွယ်သတ်မှတ်ချက်တို့ကို လွန်မြောက်သော ကမ္ဘာ့ အစ္စလမ်မစ်နိုင်ငံတော်ကြီးကို ဆိုလိုသည်။
● အစ္စလမ်ဘာသာကို အပြင်ဘက်မှ ခရစ်ယန် ခရုဆိတ်ဝါဒီများ၊ ဇိုင်ယွန်ဒါဒီများ၊ ကွန်မြူနစများက တိုက်ခိုက်နေကြသလို အစ္စဘာသာထဲမှ အတွင်းလူများ (အမည်ခံ မူဆလင်များ) ကလည်း ပျက်စီးစေရန် ကြိုးပမ်းနေကြလျက်ရှိရာ ထိုအန္တရာယ်များကို သိမြင်လျက် တော်လှန်သော လုပ်ငန်းစဉ်များအားဖြင့် လူ့ဘောင်ကို ကယ်တင်ရန် လိုသည် ဟု သူကမြင်သည်။ မိုဟာမက် လက်ထက်က ထူထောင်ခဲ့သည့် လုပ်ငန်းများအတိုင်း ထပ်ချပ်မကွာ လိုက်လံလုပ်ဆောင်လျက် လူ့ဘောင်အားတည်ဆောက်ရန် လက်ရွေးစင်များဖြင့် “တပ်ဦး” vangard တစ်ခုကို တည်ဆောက်လျက် တိုက်ပွဲဝင်ကြရမည် ဟု ဆိုလေသည်။ ထိုတပ်ဦးသည် လူ့ဘောင်လောကတွင် ရှာရီယာဥပဒေ အသက်ဝင်အုပ်ချုပ်နိုင်စေရန် လုပ်ဆောင်ကြရမည် ဟု ဆိုလေသည်။ (ငယ်စဉ်က ကွန်မြူနစ်/ဆိုရှယ်လစ် အယူအဆများနှင့် အနည်းငယ် နီးစပ်ခဲ့ဖူးသည့်အတွက် လက်နင်ထံမှ vanguard အယူအဆကို ရခြင်း ဖြစ်ကောင်းဖြစ်မည်။)
● ကူးတာ့ဘ် က မိတ်ဆက်သော နောက်ထပ် စကားလုံးတစ်လုံးမှာ – jahiliyya ဂျာဟီလီယာ ဆိုသော စကားလုံးဖြစ်သည်။ ယင်း၏ မူရင်းအဓိပ္ပါယ်မှာ မိုဟာမက်မပေါ်ထွန်းမီ အာရေဗီးယားကျွန်းဆွယ်ရှိ ဘုရားမသိ တရားမသိ အခြေအနေကို ဆိုလိုချက်ဖြစ်သော်လည်း ခေတ်သစ်ကာလကို ရှေးဟောင်းခေတ်ပျက်နှင့် နှိုင်းယှဉ် အမည်ပေးထားခြင်း ဖြစ်လေသည်။ ထိုဖြိုခွင်းပစ်ရမည့် ခေတ်သစ် ဂျာဟီလီယာ၏ ရှေ့ဆုံးမျက်နှာစာတွင် အမေရိကန် ရှိလေသည်။ ထို ဂျာဟီလီယာ၏ အခြားတစ်ဖက်တွင် hakimiyya ခေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ရှိလေသည်။ ယနေ့တစ်ကမ္ဘာလုံးလိုလိုသည် ကူးတာ့ဘ်အလိုအရ ဂျာဟီလီယာ တည်း အမှောင်ခြမ်းတွင် ကျရောက်နေသည် ဖြစ်ရကား ဟာကီမီယာ ခေါ် အလင်းဘက်ခြမ်းသို့ ဆောင်ယူရန် လိုအပ်နေသည် ဟူ၏။
● ကူးတာ့ဘ်၏ အယူအဆများကို ဆက်ခံသူများသည် မူဆလင်အယူဝါဒကို ညစ်ထေးစေသည် ဟု ယူဆသည့် မူဆလင်များကိုလည်း ဦးတည်တိုက်ခိုက်တတ်ကြပေသည်။ ဥပမာ ပြရလျှင်- ဆော်ဒီဘုရင်များ အပေါ် အယ်ကိုင်းဒါး၏ ရန်လိုမုန်းထား တိုက်ခိုက်ရန် လုပ်ကြံရန်အားထုတ်ခြင်း၊ ကဘူးလ်လေဆိပ်မှ တဆင့်နိုင်ငံရပ်ခြားထွက်ပြေးရန် ကြိုးစားနေသူများကို တမြန်နေ့က ဗုံးခွဲသတ်ဖြတ်ခြင်း တို့ ဖြစ်သည်။
● ကူးတာ့ဘ်၏ အယူအဆများကို ဆက်ခံသူများသည် ခေတ်သစ်နိုင်ငံထူထောင်သည့် အယူအဆအား အထင်အမြင်သေးသည်၊ ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ် ခါလီဖိတ် နိုင်ငံတော် (Caliphate) နိုင်ငံတော်ကို တည်ထောင်နိုင်ရန်ကိုသာ အားထုတ်ရမည် ဟု သူတို့က ဆိုသည်။ ထို့ကြောင့် စော်ဘွားနိုင်ငံ (Emirate) အဆင့်မျှဖြင့် ခေတ်သစ်ပုံစံနိုင်ငံအနေအထားကို ယူသော၊ ထိုခေတ်သစ်နိုင်ငံတည်တံ့နိုင်ရေးအလို့ငှာ ရည်ရွယ်လျက် “မိမိတို့ နယ်မြေကို အသုံးပြုလျက် အခြားနိုင်ငံများအား တိုက်ခိုက်ခြင်းကို ခွင့်ပြုမည် မဟုတ်” ဟု တရုတ် နှင့် ရုရှားတို့အား ကတိပေးသော တာလီဘန်များ နှင့် ISIS-K တို့ ယနေ့ထက်ထိ တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။
● စစ်အေးတိုက်ပွဲအပြီး ကမ္ဘာပေါ်တွင် ဒီမိုကရေစီဘက်ခြမ်းက အနိုင်ရသွားပြီ၊ အယူအဆရေးရာတိုက်ပွဲများ မရှိတော့ပြီ ဟု ဖူကူးယားမား၏ အယူအဆတို့ဖြင့် မိန့်မောလျက်ရှိနေကြစဉ် ၂၀၀၁-ခုနှစ် 9/11 တိုက်ခိုက်မှုဖြစ်ရပ် နောက်ပိုင်း ယင်းတိုက်ခိုက်မှုများနောက်ကွယ်မှ အယူအဆရေးရာ နှင့် ယဉ်ကျေးမှုရေးရာ အထုအထည်များကို အနောက်နိုင်ငံများက အလန့်တကြားလိုက်ရှာကြလေသည်။ မိမိတို့ နိုင်ငံများတွင် မဒရာဆာကျောင်း အရေအတွက် မည်မျှရှိနေပြီနည်း ဆိုသည်ကို အနောက်နိုင်ငံများက လေ့လာကြလေသည်။ မဒရာဆာများ၏ သက်ရောက်မှုရှိ/မရှိကို စတင်လေ့လာကြသည်။
KZO
(၂၉-၀၈-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၆)]
Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ

Arakan-related Books and Documents / ရခိုင်ရေးရာ စာအုပ်စာတမ်းများ