အမျိုးသားနိုင်ငံတော် (nation state) နှင့် နိုင်ငံပြည်ထောင် (state nation)

အမျိုးသားနိုင်ငံတော် (nation state) နှင့် နိုင်ငံပြည်ထောင် (state nation)

● Nation ဆိုသည်အား အမျိုးသားအစုအဝေး (ethno-cultural community) အဖြစ် အကြမ်းဖျင်း ယူဆနိုင်သည်။ မနုဿဗေဒ လူမျိုးနွယ်အရ ယဉ်ကျေးမှှုအရ ဘာသာစကားအရ နောက်ခံသမိုင်းကြောင်းအရ ဘာသာစကားအရ ကိုုးကွယ်သည့်သာသာအရ အစရှိသည့် လက္ခဏာများ အနည်းနှင့်အများဆိုသလို တူညီကြသည့် မျှဝေခံစားကြသည့် လူဦးရေစု လူ့အသိုက်အဝန်းကို ဆိုလိုသည်။ ထိုလူဦးရေစု ထိုလူ့အသိုက်အဝန်းသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ချင်မှ ဖြစ်မည်။ မဖြစ်ချင်လည်း မဖြစ်။ နယ်မြေသတ်မှတ်မှု ဆိုသည်ထက် အချုပ်အခြာပိုင်ဆိုင်မှု ဆိုသည်ထက် လူဦးရေ လူ့အသိုက်အဝန်းတစ်ခုကို အလေးပေး ရည်ညွှန်းဆိုလိုခြင်း ဖြစ်သည်။ (သီးခြားဆန်သည့် ဥပမာ တစ်ရပ်မှာ – ဇူးလူးလူမျိုးတို့ကို တစ်ခါတရံ Zulu Nation ဟု ခေါ်ကြသော်လည်း ၎င်းတို့တွင် ဘုရင် ပင်ရှိသော်လည်း Zulu Nation ဟူသည်ကား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု မဟုတ်ပါ။ ဇူးလူးလူမျိုးအသိုက်အဝန်းကို ရံဖန်ရံခါ ခေါ်ဝေါ် သုံးစွဲသော စကားမျှသာ ဖြစ်ပေသည်။)

● State နိုင်ငံတော် ဆိုသည်ကား တရားဥပဒေစိုးမိုးမှုကို ဗဟိုချက်တစ်နေရာမှ (လိုအပ်ပါက လိုအပ်သလို အင်အားသုံး) အုပ်ချုပ် ဆောင်ရွက်နေသည့် အာဏာပိုင်ဆိုင်မှုဖြစ်သည်။ ယင်းတွင် အာဏာလွှမ်းမိုး သည့်/ရမည့် နယ်မြေ သတ်သတ်မှတ်မှတ်ရှိသည်။ နိုင်ငံတော်အတွင်းရှိ လူဦးရေအစုအဖွဲ့တို့မှာ လူမျိုး ဘာသာစကား ယဉ်ကျေးမှုနောက်ခံ တူချင်တူမည်၊ မတူချင်လည်း တူမည်မဟုတ်ပေ။

● Nation State အမျိုးသားနိုင်ငံတော် တို့မည်သည်ကား နောက်ခံသမိုင်းကြောင်းများရာစု တူညီကြသော လူ့အစုအဝေးများက နိုင်ငံဖြစ်လာကြခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် – ခေတ်ရွေ့လျားမှုအလိုက် ဥရောပတိုက်၌ အမျိုးသားနိုင်ငံများ အစီအရီပေါ်ထွန်းလာကြသည်။ ပြင်သစ်ဘာသာစကား ပြင်သစ်ယဉ်ကျေးမှုနောက်ခံရှိသော လူအုပ်စုများအားဖြင့် ပြင်သစ်နိုင်ငံဖြစ်လာသည်။ ဂျာမန်စကားပြောလူအုပ်စုများ ရှိသည့်နယ်မြေများ စုပေါင်းလျက် ဂျာမနီနိုင်ငံထူထောင်ကြသည်။ ဤဖြစ်စဉ်များတွင် Nation များကို အခြေခံလျက် State များကို ထူထောင်ကြခြင်းဖြစ်သည်။ နောက်ဥပမာ တစ်ခုပြရလျှင် ဂျပန်နိုင်ငံသည်လည်း Nation State အမျိုးသားနိုင်ငံတစ်ရပ်ဖြစ်သည်။

● State Nation နိုင်ငံပြည်ထောင် အမျိုးအစားဖြစ်သည့် နိုင်ငံများတွင်ကား အချူပ်အခြာအာဏာပိုင် နိုင်ငံတည်ထောင်ခြင်းကို အကြောင်းပြုလျက် သီးခြားကွဲပြားသော အုပ်စု အသီးသီးတို့အနေဖြင့် စုပေါင်းမျှဝေသော ဘုံအမျိုးသားလက္ခဏာတစ်ရပ်ကို တစတစခံယူလာကြခြင်းမျိုး ဖြစ်သည်။ နိုင်ငံတော်ကြောင့် ပြည်ထောင်သားလက္ခဏာကို ခံယူကြခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ ထူထောင်လိုက်သည့်အတွက် နိုင်ငံတွင်းရှိ ပန်ချာပီများ၊ ဟိန္ဒူများ၊ ဂူဂျာရတီများ၊ မာရသီများ၊ ဘင်္ဂါလီများ၊ တမီးလ်များ စသည်အားဖြင့် ယဉ်ကျေးမှု ဘာသာစကား ကိုးကွယ်သည့်ဘာသာကွဲပြားကြသည့် လူ့အသိုက်အဝန်းများကိုယ်စီတို့တွင် ငါတို့အားလုံးဟာ Indian အန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပါကလားဟု ဘုံအမှတ်သရုပ်လက္ခဏာအား ခံယူလာကြစေခြင်း ဖြစ်လေသည်။ နောက်ထပ် ဥပမာတစ်ခုမှာ အာဖဂန်နစ္စတန်ဖြစ်လေသည်။ ယင်းနိုင်ငံအတွင်းရှိ မတူညီသော ပထန်၊ တာဂျစ်၊ ဥဇဘက် အစရှိသော လူမျိုးကွဲများအားလုံးသည် နိုင်ငံကို အကြောင်းပြုလျက် အာဖဂန်ဟု ခံယူကြရလေသည်။

● State-building နိုင်ငံတော်တည်ဆောက်ခြင်း ဟူသည်ကား – ကောင်းစွာလည်ပတ်နေသော တိုင်းပြည်တစ်ခု ဖြစ်လာစေရန် စစ်ရေး အုပ်ချုပ်ရေးတို့အပါအဝင်ဖြစ်သော နိုင်ငံယန္တရားများများ ပုံပေါ်လည်ပတ်နိုင်အောင် တည်ဆောက်ခြင်းဖြစ်လေသည်။ ထိုသို့တည်ဆောက်ရာတွင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများ အကြား လူမှုပဋိညာဉ် ပုံပေါ်ခိုင်မာလာစေလျက် အုပ်ချုပ်သူများ၏ တရားဝင်မှုကို တည်ဆောက်ခြင်း၊ တရားဥပဒေစိုးမိုးမှုကို ထွန်းကားစေအောင်ပြုလုပ်ရာ၌ (နိုင်ငံတကာ အစိုးရများ၏ အချုပ်အခြာ သဘောသဘာဝအတိုင်း) အကြမ်းပတမ်းအင်အားကို မူပိုင်အသုံးပြုခွင့်ရှိသည့် အာဏာပိုင်အဖွဲ့အစည်း အဖြစ် တည်ဆောက်ခြင်း၊ အုပ်ချုပ်ရေးနှင့်တကွ ကျန်းမာရေး ပညာရေး အစရှိသည့် အများပြည်သူ ဝန်ဆောင်မှုအရပ်ရပ်တို့အား ဖြည့်ဆည်းလည်ပတ်ပေးစေ နိုင်ရေး တည်ဆောက်ခြင်း တို့လည်း အပါအဝင် ဖြစ်ပေသည်။

● Nation-building ပြည်ထောင်တည်ဆောက်ခြင်း ဟူသည်မှာကား – အကြမ်းဖျင်းဆိုရလျှင် မိမိတို့ နိုင်ငံတည်ဆောက်မည့် နယ်မြေအပိုင်းအခြားအတွင်းရှိ လူဦးရေထုတို့အနေဖြင့် ဘာသာစကား ယဉ်ကျေးမှုနောက်ခံ လူမျိုး ကိုးကွယ်သည့်ဘာသာ နောက်ခံယဉ်ကျေးမှု အစရှိသည်အားဖြင့် တူညီကြသည်ဖြစ်စေ အနည်းအများဆိုသလို ကွဲပြားနေကြသည်ဖြစ်စေ တစ်ခုတည်းသော ဘုံလက္ခဏာတစ်ရပ်ကို လက်ခံကြလျက် အမျိုးသားအမှတ်လက္ခဏာအား ခံယူမှုတို့ အားကောင်းကျယ်ပြန့်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပေသည်။

● Arakan အာရကန်ဟူသည်ကား လက်ရှိသုံးစွဲနေကြသည့် ရခိုင်ပြည်နယ် ဆိုသည့်စကားလုံးထက် ဧရိယာပိုမို ကျယ်ပြန့်သော အစဉ်အလာနယ်မြေတစ်ရပ်ကို ဆိုလိုကြောင်း သတိမူမိရန် လိုသည်။ Arakan အာရကန်တွင် လူဦးရေအများဆုံးအုပ်စုမှာ ရခိုင်လူမျိုးများ ဖြစ်ကြေသော်လည်း လူမျိုး ဘာသာစကား ကိုးကွယ်သည့်ဘာသာ ကွဲပြားသော အခြားလူဦးရေအုပ်စုများ ပါဝင်နေကြောင်း သတိမူမိရန် လိုသည်။ Nation ဟူသော စကားလုံးနှင့် ယှဉ်တွဲစဉ်းစားမည် ဆိုလျှင်ကား – Mog Nation ဟု ဆိုလျှင် ရခိုင်ဒေသမှ ရခိုင်များသာမက ဘင်္ဂလာဘက်မှ ရခိုင်စကားပြော ရခိုင်လူမျိုးများ၊ ဗိုလ်မင်းထောင်၊ ဖလံထောင်သားများ၊ မရမာလူမျိုးများ နှင့်တကွ အန္ဒိယနိုင်ငံ ထရိပူနယ်ထဲမှ မော့ဂ် (mog) လူမျိုးများ အားလုံးကို လွှမ်းခြုံခေါ်ဝေါ်သော (စိတ်ကူးပြုထားသည့်) လူ့အသိုက်အဝန်း တစ်ရပ် အဖြစ် စဉ်းစားနိုင်မည် ဟု ထင်ပါသည်။ အစဉ်အလာအားဖြင့် ဘင်္ဂါလီများက ရခိုင်ပြည်တွင်းရှိ ရခိုင်တို့အား မော့ဂ် ဟု ခေါ်သည်သာမက ၁၉၈၀ ဝန်းကျင်မတိုင်ခင်အထိ ဘင်္ဂလာထဲရှိ ရခိုင်စကားပြော လူဦးရေအားလုံးကို မော့ဂ် ဟုခေါ်ခဲ့ကြသည်။ ၁၉၈၀ ဝန်းကျင်တွင် စစ်တကောင်းတောင်တန်းနယ်ပေါ်က ရခိုင်သားများကို မရမာလူမျိုးအဖြစ် သီးခြားသတ်မှတ်ပြီး တောင်ပေါ်သားများအဖြစ် သီးခြား အထူးအခွင့်အရေးများ ပိုပေးသည်။ ထိုအချိန်မှစ၍ ဘင်္ဂလာထဲတွင် ရခိုင်တို့ကို မော့ဂ် ဟု မခေါ်တော့ဘဲ ရခိုင်တစ်မျိုး နှင့် မရမာတစ်မျိုးအဖြစ် တိုင်းရင်းသားလူမျိုး နှစ်မျိုးခွဲခြားသတ်မှတ်လိုက်သည်။ ထရိပူရထဲမှ ရခိုင်စကားပြောလူမျိုးမှာမူ ရှေးယခင်အစဉ်အဆက်ကအတိုင်း ယနေ့ထက်ထိ မော့ဂ်လူမျိုးအဖြစ် ခံယူထားသည်။

KZO
(၂၁-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ(၁၄)]


Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ


Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s