ဂရမ်ချီ နှင့် ယဉ်ကျေးမှု လွှမ်းခြုံစိုးမိုးမှု (cultural hegemony)

ဂရမ်ချီ နှင့် ယဉ်ကျေးမှု လွှမ်းခြုံစိုးမိုးမှု (cultural hegemony)

တစ်။
မကြာသေးမီ ရက်များအတွင်းက တာလီဘန်များလက်ထဲသို့ အာဖဂန်တစ်နိုင်ငံလုံးရောက်သွားလေရာ အီတလီလူမျိုး မာ့လ်စ်ဝါဒီ အန်တိုနီယို ဂရမ်ချီ (Antonio Gramsci) (၁၈၉၁-၁၉၃၇) ၏ လွှမ်းခြုံ-စိုးမိုးခြင်း (hegemony) သဘောတရား အထူးသဖြင့် ယင်း၏ ဆင့်ပွားအယူအဆဖြစ်သည့် ယဉ်ကျေးမှုလွှမ်းခြုံစိုးမိုးခြင်း အယူအဆနှင့် နှိုင်းယဉ်ကာ စဉ်းစားမိလေသည်။ အမေရိကန်တို့၏ အနှစ်(၂၀) ကြာ အာဖဂန်နစ္စတန်နိုင်ငံတွင် စိုးမိုးခဲ့မှုသည် ထိန်းချုပ်စိုးမိုးမှု (domination) သက်သက်ဖြစ်ပြီး အုပ်ချုပ်ခံများဘက်မှ အလိုတူပါဝင်မှုရှိသည့် လွှမ်းခြုံစိုးမိုးမှု (hegemony) မဖြစ်ခဲ့ချေ။ တာလီဘန်တို့ကား စိမ့်ဝင်လွှမ်းခြုံစိုးမိုးမှု (hegemony) ဖြစ်ရုံသာမက ထိုဒေသ၏ နှစ်ပေါင်းထောင်ကျော် ရှည်ကြာ ယဉ်ကျေးမှုနှင့် တစ်ထပ်တည်းဖြစ်လျက် ယဉ်ကျေးမှုပိုင်းဆိုင်ရာ လွှမ်းခြုံစိုးမိုးမှု (cultural hegemony) ကိုပါ ရရှိထားသူဖြစ်သည်။ ထို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သည်လည်း ဘာသာတရား သက်သက် (theology) မဟုတ်ဘဲ ဘာသာတရားကို အခြေခံ၍ လူ့အဖွဲ့အစည်းကို အုပ်ချုပ်ခြင်း (theocracy) ဖြစ်လေရာ အကြမ်းပတမ်းနည်းလမ်းများကိုပူးတွဲ သုံးစွဲလျက် ဆန့်ကျင်ဘက် ယဉ်ကျေးမှုများကို ပြင်းပြင်းထန်ထန် တွန်းတိုက်ဖယ်ရှားနိုင်စွမ်းရှိလေသည်။ ဤသည်ကား မကြာသေးမီရက်ပိုင်းက တာလီဘန်တို့ အပြီးသတ် အောင်ပွဲရရှိခဲ့ခြင်းကို အန်တိုနီယို ဂရမ်ချီ (Antonio Gramsci) ၏ သဘောတရားရေးရာပေတံဖြင့် ဆန်းစစ်သုံးသပ်ချက်တစ်ရပ် ဖြစ်လေသည်။

နှစ်။
လက်နင် (Lenin) ၏ အဆိုအရ ယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံရေးရည်မှန်းချက်များ ရရှိရေးအတွက် အထောက်အကူ ပြုရုံမျှသာဟု ကိုင်စွဲယူဆသည်။ သို့ရာတွင် အီတလီလူမျိုး ကွန်မြူနစ် အန်တိုတီယို ဂရမ်ချီ၏ အယူအဆအရ မူ ယဉ်ကျေးမှုအပိုင်းသည် သာမန်ထက်အရေးကြီးပြီး အာဏာရရှိရေးတွင် အခြေခံပင်မကဏ္ဍဖြစ်သည်၊ အာဏာရရှိရေးအတွက် ယဉ်ကျေးမှုပိုင်းဆိုင်ရာ လွှမ်းခြုံစိုးမိုးမှု (cultural hegemony) ကနဦး ဖန်တီးနိုင်ရမည် ဟု ဆိုသည်။

သုံး။
ပစ္စည်းမဲ့လူတန်းစားအပါအဝင်ဖြစ်သော အရပ်ရပ်အဖိနှိပ်ခံ လူတန်းစားများ (subalterns) ကို လွှမ်းမိုးအုပ်ချုပ်ထားသည့် အရင်းရှင်နိုင်ငံတော်အား နိုင်ငံရေး လူ့အဖွဲ့အစည်း (political society) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) တို့အဖြစ် ဂရမ်ချီက နှစ်ပိုင်းခွဲခြားနားလည်သည်။ နိုင်ငံရေး လူ့အဖွဲ့အစည်း (political society) ဆိုရာတွင် ရဲ၊ စစ်တပ်၊ တရားရေးစနစ် အစရှိသည့် နိုင်ငံရေးဆိုင်ရ အင်စတီကျူးရှင်းများ နှင့် ဥပဒေပိုင်းအရ ဖွဲ့စည်းပုံအရ ချုပ်ကိုင်ထားသည့် အပိုင်းဖြစ်သည်။ ဂရမ်ချိ၏ အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) တွင် မိသားစု၊ အလုပ်သမားသမဂ္ဂများ၊ ပညာရေးစနစ်၊ အနုပညာ၊ အားကစား၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း အစရှိသည့် နိုင်ငံတော်နှင့်မပတ်သက်သော ပုဂ္ဂလိက ကဏ္ဍရပ်များကို အကြမ်းဖျင်းဆိုလိုသည်။

လေး။ အော်ဂန်းနစ် ပညာတတ်များ (organic intellectuals)
ဂရမ်ချီ က ပညာတတ်များ (intellectuals) ဟု ဆိုရာတွင် အတန်းစာတတ်များကို ဆိုလိုခြင်းမဟုတ်။ လူတိုင်းသည် ပညာတတ် (intellectual) များဖြစ်ကြသည် ဟုသူက သတ်မှတ်သည်။ သို့ရာတွင် အစုအဖွဲ့အတစ်ခုအတွင်းမှ သဘာဝကျကျပေါ်တွက်လာပြီး သက်ဆိုင်ရာ အယူအဆရေးရာများကို ကောင်းစွာ ဖော်ထုတ် ပြောကြားနိုင်သူများကို ဂရမ်ချီက အော်ဂန်းနစ် ပညာတတ်များ (organic intellectuals) ဟု ခေါ် ဝေါ်သည်။ ဥပမာ – တော်လှန်ရေးအယူအဆ များကို ဖြန့်ဖြူးနိုင်သည့် အလုပ်သမားကေဒါများ၊ တာလီဘန် အယူအဆကို ဖြန့်ဖြူးသည့် မူလာဆရာများ၊ NLD လော်ဘီများ စသည်တို့မှာ သက်ဆိုင်ရာ လူတန်းစားအလွှာ လူ့အစုအဖွဲ့အလိုက် အော်ဂန်းနစ် ပညာတတ်များ ဖြစ်ကြသည် ဟု ဆိုနိုင်သည်။

ငါး။ အများသဘော ဆင်ခြင်ဉာဏ် (common sense)
ဂရမ်ချီက ပြောသည့် common sense ဟူသည်ကား အင်္ဂလိပ်ဘာသာ စကားတွင် ပုံမှန် သုံးစွဲနေကြသည့် အဓိပ္ပါယ်ဖြစ်သည့် “လက်တွေ့ကျကျ သာမန်ဆင်ခြင်ဉာဏ်” ဟူသော သဘောဖြင့် သုံးစွဲခြင်းမဟုတ်ချေ။ အများကလက်ခံနေသည့်သဘော သို့မဟုတ် မိမိထံသို့ ပြင်ပက ရိုက်သွင်းခံထားရသည့် ဆ်ခြင်ဉာဏ်သဘောကို ဆိုလိုသည်။ လူတို့သည် အရင်းရှင် လူ့အဖွဲ့အစည်းက ရိုက်သွင်းခံထားရသော အသိဉာဏ်အားဖြင့် ပြဋ္ဌာန်းခံ အသိဉာဏ်အားဖြင့် “အဖိနှိပ်ခံဘဝ” တွင် အရာရာကို ဆုံးဖြတ်လုပ်ကိုင်နေထိုင်ခြင်း ဖြစ်သည်။ အဖိနှိပ်ခံဘဝမှ လွတ်မြောက်အောင် ထိုပြဋ္ဌာန်းခံ အသိဉာဏ် common sense ကို good sense ဖြစ်အောင် ပြောင်းလဲနိုင်ရမည် ဟု ဂရမ်ချီက ဆိုသည်။

ခြောက်။ စိမ့်ဝင်လွှမ်းခြုံ စိုးမိုးမှု (hegemony)
လူ့အဖွဲ့အစည်း၏ စီးပွားရေးအလုံးအထည်ကို လူ့အဖွဲ့အစည်း၏ အခြေ (base) အဖြစ် ဂရမ်ချီက သတ်မှတ်သည်။ ယင်း၏ အပေါ်ဘက်တွင် အပေါ်ဘက်အဖွဲ့အစည်း (superstructure) ရှိသည် ဟုဆိုသည်။ ထို superstructure အား နိုင်ငံရေးအဖွဲ့အစည်း နှင့် အရပ်ဘက်အဖွဲ့အစည်း ဟူ၍ နှစ်မျိုးခွဲခြားသည်။
အရင်းရှင်လူ့အဖွဲ့အစည်းသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား စိုးမိုးချုပ်ကိုင်ရန်အတွက် အပေါ်ဘက်အဖွဲ့အစည်း (superstructure) ကို – အထူးသဖြင့် superstructure ထဲမှ အရပ်ဘက် အဖွဲ့အစည်းကို စိုးမိုးနိုင်ရန် စဉ်ဆက်မပြတ်အားထုတ်လုပ်ကိုင်နေသည်။ ထိုကဲ့သို့လွှမ်းမိုးနိုင်ရန်အတွက် တစ်ဘက်တွင် အင်အား force (သို့မဟုတ်) ခြိမ်းခြောက်ဖိအားပေးခြင်း coercion ကို အသုံးပြုပြီး ကျန်တစ်ဘက်တွင် ကိုယ်တိုင်လိုလား သဘောတူခြင်း consent ကို ဖြစ်စေသည်။ force/coercion အဖြစ် ရဲ၊ စစ်တပ်၊ ထောင်၊ တရားရေးစနစ် စသည့် နိုင်ငံရေးအဖွဲ့အစည်း (political society) ဘက်ခြမ်းကို အသုံးပြုနိုင်ပြီး “ကိုယ်တိုင်လိုလား သဘောတူခြင်း” များဖြစ်လာအောင် ပညာရေးစနစ်၊ မီဒီယာ၊ ၀ါဒဖြန့်ချိရေး၊ သာသာရေး၊ သာသာစကား စသည့် အရပ်ဘက်အဖွဲ့အစည်း (civil society) ဘက်ခြမ်းကို သုံးသည်။ ထိုနည်းအားဖြင့် အရင်းရှင်စနစ်ထဲမှ အဖိနှိပ်ခံအလွှာပေါင်းစုံတို့သည် စီးပွားရေးအရ အဖိနှိပ်ခံ ဖြစ်နေသည်သာမက အပျော့ထည် ယဉ်ကျေးမှုပိုင်းအရလည်း ထူးခတ်ခြင်းခံရကာ အဖိနှိပ်ခံဘဝမှ မလွတ်မြောက်နိုင် ဖြစ်နေခြင်းကို hegemony လွှမ်းမိုး-စိုးမိုးခံရခြင်း ဟု ဂရမ်ချီက ခေါ်ဝေါ်ခြင်းဖြစ်လေသည်။ (ဂျော့ချ်အော်ဝဲလ် ရေးသားသော “1984” ကွန်မြူနစ်သရော်စာဝတ္တုတွင် အာဏာရှင်ကျင့်သုံးသည့် Oceania နိုင်ငံအတွင်း၌ အင်္ဂလိပ်စကားမပြောရ၊ နိုင်ငံသားတို့ပြောရန် အတွက်ငှာ Newspeak ခေါ် သီးခြားတီထွင်ထားသော ဘာသာစကားတစ်ခုကို သာလျှင် အသုံးပြုခွင့်ရသည် ဟု ဆိုလေသည်။ ဘာသာစကားအားဖြင့် အသိဉာဏ်ကျယ်ပြန့်မှု မရှိရလေအောင် ကန့်သတ်သည့် သဘော ဖြစ်လေသည်။ ထို့အပြင် ထို Oceania နိုင်ငံ၏ ပေါ်လစီတစ်ခါ ပြောင်းသွားတိုင်း နိုင်ငံ၏ သမိုင်းကို တစ်ခါစီ အသစ်ပြန်ရေးရသည် ဟု ဆိုလေသည်။)

ခုနစ်။
ထိုကဲ့သို့ အရင်းရှင်စနစ်စနစ်ကို တော်လှန်ရုန်းထွက်နိုင်ရန်အတွက် ဦးစွာပထမ အရင်းရှင်နိုင်ငံတော်စနစ်က ဖန်တီးထားသော hegemony အောက်မှ ရုန်းထွက်နိုင်ဖို့လိုသည်။ ထိုသို့ရုန်းထွက်နိုင်ရန်အတွက် မိမိတို့ဘက်မှ တန်ပြန် counter hegemony ဖန်တီးနိုင်ရမည် ဟု ဆိုလေသည်။ ထိုကဲ့သို့ ဖန်တီးရန်အတွက် တော်လှန်သည့် မိမိတို့အယူအဆ လွှမ်းမိုးသည့် လွှမ်းမိုးမှုနယ်ပယ်ကို ဖန်တီးရာ၌ အလားတူပင် အင်အား/ဖိအား (force/coercion) ကတစ်ဘက် အလိုတူမှု (consent) ကတစ်ဖက် ဖန်တီးနိုင်ရမည် ဟု ဆိုလေသည်။ ထိုကဲ့သို့ ဖန်တီးရာတွင် နီကိုလို မက်ခီယာဗယ်လီ ၏ မင်းသားကျမ်း (The Prince) ပါ သဘောတရားအတိုင်း မိမိတို့၏ တော်လှန်ပါတီသည် modern prince ခေတ်သစ် အရှင်မင်းသား အဖြစ် ကျင့်ကြံပီပြင်စေရမည် ဟု ဆိုလေသည်။ သို့ရာတွင် ဂရမ်ချီ အများဆုံးသုံးစွဲသော hegemony ၏ အဓိပ္ပါယ်သတ်မှတ်ချက်သည်ကား အလိုတူမှု consent တစ်ခုတည်းဖြင့် (အင်အား/ဖိအား force/coercion မပါဘဲ) လွှမ်းမိုးစိုးမိုးမှု ကို ဆိုလိုသည်။ (မက်ခီယာဗယ်လီ ၏ မင်းသားကျမ်း အကြောင်းကို ဤလင့်ခ်တွင် ဖတ်ပါ။)

ရှစ်။
၂၀၀၉-ခုနှစ်ဝန်းကျင် အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာဒေသတွင် အမေရိကန်ကုမ္ပဏီတစ်ခု၏ အင်ဂျင်နီယာအဖြစ် လုပ်လုပ်နေစဉ်ကာလ – ဆူပါဗိုက်ဆာအဆင့် လက်အောက်ဝန်ထမ်း တာဂျစ်လူမျိုး ခေတ်ပညာတတ်လူရည်သန့် တစ်ဦးနှင့် အလုပ်လေးဘာလေး နားနားနေနေရှိစဉ် တစ်ခါက ၎င်း ရည်ရွှန်းဖတ်ရွှန်း ပြောသည့်စကားကို သတိရမိသည်။ သူ့မှာ အလုပ်သဘောအရ အာဖဂန်ရုံးဌာနများသို့ ဝင်ထွက်သွားလာဖို့လိုအပ်သူ ဖြစ်လေရာ – သူ့မုတ်ဆိတ်ကို မတိုလွန်း မရှည်လွန်း ဖြစ်အောင် အစဉ်အမြဲ သတိထားနေရသည် ဟု ဆိုလေသည်။ မုတ်ဆိတ်တိုလွန်းလျှင် ဒီကောင်ဘာသာရေးကို အလေးမထားဘူး ဟု သံသယအမြင်ဖြင့် အကြည့်ခံရရာကနေ ပြဿနာတွေကြီးလာမှာကို စိုးရိမ်ရသလို မုတ်ဆိတ်ရှည်လွန်းလျှင်လည်း အမေရိကန်အသိုင်းအဝိုင်းက ဒီကောင်တာလီဘန်များလား ဒါမှမဟုတ် အခုတလော ဒီလူမုတ်ဆိတ်ရှည်လာတာ တာလီဘန်မှိုင်းမိပြီး နှစ်ဘက်ချွန်ဖြစ်သွားလို့လေလား စသည်ဖြင့် အထင်ခံရမည်ကိုလည်း စိုးရသည် ဟု သူက ဆိုလေသည်။ ဒါ့တင်မက လူတချို့မှာ တာလီဘန်အားလျော့သွားလျှင် မုတ်ဆိတ်ကို အတိုထားလျက် တာလီဘန်အားကောင်းလာလျှင် မုတ်ဆိတ်ပြန်ရှည်အောင် မွေးကြပြန်သည် ဟု ရယ်ကာမောကာ ပြောပြဖူးလေသည်။ ဤသည်ကား ဆန့်ကျင်ဘက်ဖြစ်သည့် လွှမ်းခြုံစိုးမိုးခြင်း (hegemony) နယ်ပယ်နှစ်ခုကို ကူးသန်းနေရသူ၏ ပြဿနာ ဖြစ်လေသည်။

ကိုး။ ရိုးရာပုံပြင်များ
လူတို့၏ အများလက်ခံ အသိဉာဏ် common sense တို့အကြောင်းကို ဆွေးနွေးရာတွင် – Folklores (ရိုးရာပုံပြင်များ) များသည် လူမျိုးစုတို့၏ လောကအမြင်များကို သိိုမှီးရာ လက်ဆင့်ကမ်းပေးရာ ဖြစ်သည် ဂရမ်ချီ က ဆိုသည်။ ကျွန်တော်တို့ ငယ်စဉ်ကနားထောင်ကြရသော ငပျင်းယေဝထုများ (ငပျင်းယေပုံပြင်များ) များ၏ သက်ရောက်မှုမှာ ကျွန်တော်တို့ လူကြီးဘဝအထိ အထိုက်အလျောက်သက်ရောက်မှုများ ရှိနေနိုင်သည်။ ထိုနည်းတူစွာ ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်ဖို့သွားသည့် ပုံပြင်ကို ပြောတတ်ကြသည့် လူအုပ်စုတို့၏ သဘောသဘာဝတွင် ရွှေယုန်၏ လူလည်ကျမှုကို လူကြီးဘဝအထိ မှတ်သားမှုရှိနိုင်သည်။ အကျင့်ပျက်ခြစားမှုကြီးမားလှသည့် အာဖဂန်လူ့အဖွဲ့အစည်း ထံမှ ကျွန်တော်ကြားဖူးသော ပုံပြင် တစ်ပုဒ်၏ ဇာတ်လမ်း အကြမ်းဖျင်းမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ ရိုးရာပုံပြင် ဟုတ်မဟုတ်ကိုတော့ မသိပေ။

တစ်ခါက ဘုရင်ထံသို့ သူ၏ နွမ်းပါးလှသော ငယ်သူငယ်ချင်းတစ်ဦး အဖူးမျှော်ရောက်လာလေသည်။ သူငယ်ချင်း ငါတော့ ရှင်ဘုရင်ဖြစ်နေပြီ၊ မင်းလိုချင်တာ တစ်ခုခု တောင်းကွာ ဟု ဆိုလေရာ – အဘယ်ပြည်နယ်ဘက်မှာ ကျွန်တော့ကို မြေတစ်ကွက်လောက် ပေးပါ ဟု တောင်းသည့်အတွက် နန်းတော်မှ ဘုရင့်အမိန့်တော်ဖြင့် မြေတစ်ကွက်ပေးလိုက်ကြောင်း အမိန့်စာ ထုတ်ပေးလိုက်သည်။ သူငယ်ချင်းလည်း ထိုပြည်နယ်သို့သွားပြီး ထိုမြေကွက်တွင် အိမ်ယာဆောက်လုပ်နေထိုင်ရန် ပြင်ဆင်လေသည်။ မြေကို တရားဝင်အမည်ပေါက်ဖြစ်ရန်အတွက် သက်ဆိုင်ရာမြို့စားထံတွင် ရုံးလုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လုပ်ရာ “ထုံးစံအတိုင်း” မပြီးပြတ်နိုင်ဘဲ ကြံ့ကြာနေလေသည်။ နောက်တစ်နှစ်ကြာသော အခါ သူငယ်ချင်းဖြစ်သူလည်း ရှင်ဘုရင်ဖြစ်သူထံ အဖူးမျှော်သွားပြီး မြေကိစ္စ မပြီးပြတ်သေးကြောင်း လျှောက်တင်ရာ ရှင်ဘုရင်က ငါစာတစ်စောင် ရေးပေးလိုက်မယ် ဟု ဆိုကာ စာရေးပေးလိုက်လေသည်။ နောက်တစ်နှစ်လည်း ထိုကိစ္စမှာ “ထုံးစံအတိုင်း” မပြီးပြတ်နိုင်ဘဲ ကြံ့ကြာနေပြန်သည်။ နောက်တစ်ကြိမ် ရှင်ဘုရင်က မြေကိစ္စမပြီးပြတ်သေးကြောင်း လျှောက်တင်ပြန်ရာ – ရှင်ဘုရင်က သူ့သူငယ်ချင်းကို မေးလေသည်။ မြို့စားကို လက်ဆောင်တို့ လဘ်ငွေတို့ဘာတို့ ပေးထားလား ဟု ရှင်ဘုရင်က မေးရာ – ဘာမှ မပေးထားကြောင်း သူ၏ သူငယ်ချင်းက လျှောက်တင်လေသည်။ ထိုအခါ ရှင်ဘုရင်က – သူ့ကို နည်းနည်းပါးပါး ပေးလိုက်ပါကွာ၊ ဒါမှ မင်းကိစ္စ ပြတ်သွားမှာပေါ့ ဟု ဆိုလေသည်။ ရှင်ဘုရင် အကြံပြုသည့်အတိုင်း နည်းနည်းပါးပါးပေးလိုက်သည့် အခါမှ ကိစ္စပြတ်သွားသည် ဟု ဆိုလေသည်။

မကြာသေးခင်ရက်များက ရုတ်ချဉ်းပြိုကျသွားခဲ့သော အာဖဂန်အစိုးရဟောင်း၏ အဆင့်ဆင့် အကျင့်ပျက်ခြစားမှုများမှာလည်း သတင်းကြီးလှသည်။

တစ်ဆယ်။
ဂရမ်ချီ ထောင်ကျနေစဉ်အတွင်း လျှို့လျှို့ဝှက်ဝှက် ရေးသားခဲ့သည့် ထောင်တွင်းမှတ်စုများ (The Prison Notebooks) ပါ ဤ လွှမ်းခြုံစိုးမိုးမှု (hegemony) သဘောတရားသည် နဂိုသဘောအားဖြင့် လူတန်းစားများအကြား ရည်ညွှန်းခြင်းဖြစ်သော်လည်း နောင်အခါတွင် ယင်းအား လူမျိုးများအကြား လူအုပ်စုများအကြား ကျား/မ အုပ်စုများအကြား နှိုင်းယှဉ်စဉ်းစားရန်လည်း အသုံးပြုလာကြသည်။

KZO
(၁၉-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၃)]


Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ


Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s