မူဂျာဟစ် ထကြွမှု (၁၉၄၈-၁၉၆၁) အကျဉ်း

မူဂျာဟစ် ထကြွမှု (၁၉၄၈-၁၉၆၁) အကျဉ်း

(တစ်) လွန်ခဲ့သော နှစ်ပေါင်း (၆၈) နှစ်ခန့် ၁၉၅၃-ခုနှစ်ထုတ် ရခိုင့်တန်ဆောင် မဂ္ဂဇင်း တွင် ထိုခေတ် မူဂျာဟစ် ကုလားဆိုးများ သောင်းကျန်းမှုကြောင့် ဘူးသီးတောင် နှင့် မောင်တောနယ်မှ ရခိုင်တိုင်းရင်းသားများ ခံစားနေကြရပုံကို တစ်ကွက်ကာတွန်းဖြင့် ဖော်ကျူးထားခဲ့သည်အား တွေ့နိုင်ပေသည်။

ရခိုင့်သမီးပျိုလေးအား လက်ထဲတွင် ဆုပ်ကိုင် လှိုက်ခါရယ်မောနေသည့် မူဂျာဟစ်လက်နက်ကိုင်၏ ခြေရင်းတွင် ရခိုင်တိုင်းရင်းသားများက သေဆုံးနေသည်။ တိုင်းရင်းသား မိသားစုဝင်များက ရပ်ရွာများကို စွန့်ခွာ ထွက်ပြေးနေကြရသည်။ နောက်ခံတွင် တိုင်းရင်းသားကျေးရွာများက မီးလောင်နေသည်။

ထိုကဲ့သို့ဖြစ်ပျက်နေချိန်တွင် သံဃာယနာတင်ဆောင်သူ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု က စိတ်ပုတီးတစ်ကုံး ကိုင်လျက် တရားမှတ်နေသည်။ လုံခြုံရေးတပ်ဖွဲ့များက သေနတ်ကို ပုခုံးပေါ်တင်ကာ ဘာမှမလုပ်ပဲ မတ်တပ်ရပ်နေသည်။ ထိုကာတွန်းရုပ်ပုံသည် ၁၉၅၀-ဝန်းကျင်ကာလ ဘင်္ဂါလီမူဆလင်တို့၏ မူဂျာဟစ် သောင်းကျန်းမှု အတောအတွင်း အဖြစ်အပျက်များကို ခြုံငုံမိလေသည်။

(နှစ်) ၁၉၄၂-ခုနှစ် ဆောင်းဦးကာလတွင် အိန္ဒိယဘက်သို့ ဆုတ်ခွာနေဆဲ ဗြိတိသျှတပ်များက စစ်တွေခရိုင် မြောက်ပိုင်း (ဘူးသီးတောင်-မောင်တော) ရှိ ဘင်္ဂါလီမူဆလင်များစွာတို့အား V Force အဖြစ်ဖွဲ့စည်းကာ လေ့ကျင့်ပေးသည်၊ လက်နက်တပ်ဆင်ပေးသည်၊ ယူနီဖောင်းဆင်ပေးသည်။ ဗြိတိသျှတို့က ၎င်းတို့ကို အဖျက်အမှောင့်လုပ်ငန်းများ၊ မြေပြင်ထောက်လှမ်းရေးသတင်းစုဆောင်းမှု၊ ဗြိတိသျှလေတပ်က ပျက်ကျသော လေယဉ်မျး ပိုင်းလော့များကို ရှာဖွေကယ်ဆယ်ခြင်း၊ ကင်းလှည့်ခြင်း၊ ဂျပန်နှင့် ပူးပေါင်းသူများကို ရှာဖွေဖော်ထုတ်ခြင်းတို့အတွက် အသုံးချခြင်းဖြစ်သည်။ ဒေသခံမျိုးရင်း indigenous ရခိုင်အပါအဝင် မူဆလင်မဟုတ်သူများအားလုံးမှာ ဂျပန်နှင့် ပူးပေါင်းသူများအဖြစ် ၎င်းတို့၏ ဖိနှိပ်ခံများ ညှဉ်းပန်းနှိပ်စက်ခံရသတ်ဖြတ်ခံရသူများ ဖြစ်လာကြရသည်။ ဘင်္ဂါလီတို့အား ထို့ကဲ့သို့ လက်နက်တပ်ဆင်လိုက်ခြင်းကြောင့် လက်နက်မဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် လူဦးရေအရ လက်နက်အရ အလွန်ကွာခြားသွားရကား ထိုမူဆလင် V Force တို့၏ လက်ချက်ဖြင့် ရခိုင်နှင့် အခြားတိုင်းရင်းသားများသည် စစ်အတွင်းတွင် သောင်းချီအသတ်ခံရသည်။ စစ်အတွင်း ထိုဘူးသီးတောင်-မောင်တော နယ်အတွင်း မူဆလင်မဟုတ်သူများ လုံးဝကင်းစင်သလောက်ဖြစ်သွားသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ထိုနယ်များတွင် နဂိုနေထိုင်သူ ရခိုင်နှင့် အခြားဗုဒ္ဒဘာသာဝင် တိုင်းရင်းသားများမှာ ဘူးသီးတောင်-မောင်တောသို့ ပြန်လည်အခြေမချနိုင်သလောက်ပင် ဖြစ်သော်ငြားလည်း နတ်မြစ်တစ်ဘက်ကမ်းသို့ ကူးသွားသူ စစ်တကောင်းသား ဘင်္ဂါလီများမှာ ဘူးသီးတောင်-မောင်တော တွင် ပြန်လည်အခြေချကြရာ ၎င်းတို့ဖြင့် ထိုနယ်မြေမှာ ပြည့်နက်သွားသည်။ အသတ်ခံရသူ စွန့်ခွာသွားသူ ဗုဒ္ဓဘာသာဝင် ရခိုင်နှင့် အခြားတိုင်းရင်းသားတို့၏ တရားဝင်ပိုင် မြေများ အိမ်နေရာများ (lawful property of Arakanese absentees) တွင် စစ်တကောင်းသား ဘင်္ဂါလီများမှာ ဝင်ရောက်အပိုင်ရသွားသူများ (de facto occupant) များ ဖြစ်လာကြသည်။

(သုံး) မြန်မာပြည် လွတ်လပ်ရေးအတွက် အရေးဆိုရန် လန်ဒန်သို့အသွား လမ်းခရီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇွန်နဝါရီလတွင် ကရာချိမြို့သို့ဝင်ရောက်ကာ ပါကိစ္စတန် လွတ်လပ်ရေးဖခင် ဂျင်းနားအား ဝင်ရောက်တွေ့ဆုံကာ ဆွေးနွေးကြရာတွင် – ဗိုလ်ချုပ်အောင်ဆန်းက မောင်တောဒေသက မူဆလင်များအနေဖြင့် အရှေ့ဘင်္ဂလားနယ်ထဲအပါအဝင်အဖြစ်ဖြင့် နောင် အရှေ့ပါကိစ္စတန်၏ အစိတ်အပိုင်းဖြစ်လာစေလိုသည့် သဘောရှိနေကြသည့်အရေးကို ထည့်သွင်းဆွေးနွေးရာ – ဂျင်းနားက မူဆလင်အဖွဲ့ချုပ်အနေဖြင့် မြန်မာပြည်ထဲက မောင်တောကို ပါကိစ္စတန်မှာ ထည့်သွင်းတောင်းဆိုဖို့ ရည်ရွယ်ချက် အလျဉ်းမရှိကြောင်း ဖြေကြားအာမခံခဲ့သည်။

(လေး) ၁၉၄၈-ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် မောင်တောနယ်ခြားဒေသမှာ အစိုးရအုပ်ချုပ်ရေး လုံးဝမရှိသည့်နေရာ ဖြစ်နေကြောင်း ၁၉၄၈ ဇွန်လကတည်းက press သတင်းများတွင် ပေါ်လွင်လာခဲ့သည်။ နိုင်ငံခြားသားများ နတ်မြစ်ကို အတားအဆီးမရှိ ဝင်ကြသည် ထွက်ကြသည်။ နတ်မြစ်ကို ဖြတ်သန်းလျက် ကုန်မှောင်ခိုခြင်းများအား ကြီးကြီးမားမား လုပ်ကိုင်ကြသည်။ ဘင်္ဂါလီမူဆလင်များ၏ အပြိုင် အုပ်ချုပ်ရေး ယန္တရားများ ပေါ်ပေါက်လာသည်။ ၁၉၄၈ ဧပြီလတွင် လူစုလူဝေးတစ်ခုကို ဖြိုခွင်းရန်ကြိုးစားသော ရဲများပစ်သတ်ခံရသည်။ ဤသည်ကား မူဂျာဟစ်တို့၏ ပုန်ကန်ထကြွမှု ပေါ်ပေါ်ထင်ထင် စတင် ပေါ်ပေါက်ခြင်းဖြစ်သည် ဟု ဆိုနိုင်သည်။ မူဂျာဟစ်တို့၏ ပုန်ကန်ထကြွမှုသည် မြန်မာပြည် ရောင်စုံ သောင်းကျန်းမှုသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုမှုနှင့် တချိန်တည်းနီးကပါး မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်သည်။

(ငါး) ထ်ို ဘူးသီးတောင်-မောင်တောဒေသ ဘင်္ဂါလီမူဆလင်သူပုန်များကို မူဂျာဟစ်များ (ဂျီဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲသူများ) ဟု ခေါ်ဝေါ်ကြသည်။ ၎င်းတို့၏ ထုတ်ဖော်ထားသော ရည်ရွယ်ချက်မှာ ဘူးသီးတောင်နှင့် မောင်တောကို သီးခြားမူဆလင်ပြည်နယ်အဖြစ် ဖော်ထုတ်နိုင်ရန်ဖြစ်သည်။ ထိုပြည်နယ်ကို ပါကိစ္စတန်နှင့်တွဲဖက်စေမည်လား မြန်မာနိုင်ငံနှင့်တွဲဖက်စေမည်လား ပေါ်ပေါ်လွင်လွင် ထုတ်ပြောခြင်းမရှိသော်လည်း ပါကိစ္စတန်နှင့် ပေါင်းစည်းရန် လိုလားမှုမှာ သိသာပြီး ဖြစ်လေသည်။ နိုင်ငံရေး မဟုတ်သော ဆောင်ရွက်မှုများတွင် ကြီးကြီးမားမား ပါဝင်ဆာင်ရွက်မှုတစ်ရပ်မှာ – မှောင်ခိုလုပ်ငန်း ဖြစ်လေသည်။ ဆန်စက်လှေတစ်စီးကို (၁၅) ရူပီးကျစီ အခွန်ပေးဆောင်ရသည် ဟုဆိုသည်။ ဓါးပြမှုများကိုလည်း အခါအားလျော်စွာ ကျူးလွန်သည်။

(ခြောက်) မဖွယ်မရာနည်းလမ်းပေါင်းစုံတို့မှ ရရှိသောဝင်ငွေများဖြင့် မူဂျာဟစ်ခေါင်းဆောင် နှစ်ဦးဖြစ်သူ ဆူလတန်အာမက် (Sultan Ahmed) နှင့် ဂျဖားဟူစိန် (Jaffar Hussein) တို့မှာ စစ်တကောင်းတွင် အိမ်တစ်ဆောင် မီးတပြောင်နှင့် နေထိုင်ကြသည် ဟုဆိုသည်။ ထိုမူလ ခေါင်းဆောင်နှစ်ဦးတို့အပြင် ထိုသူတို့နှင့်ဘက်ကွဲလျက် ၁၉၅၁ လောက်တွင် နောက်ထပ် ရှေ့တန်းရောက်လာသူ မူဂျာဟစ် ခေါင်းဆောင်နှစ်ဦးတို့မှာ ‘ဗိုလ်ချုပ်’ အဗ္ဗဒူကာဆိန်း (Abdul Kassim) နှင့် ရာရှစ် (Raschid) ဆိုသူတစ်ဦးတို့ ဖြစ်ကြသည်။ နောက်ထပ် တစ်ခါတလေ ဖော်ပြခြင်းခံရသူ ခေါင်းဆောင်နောက်တစ်ဦးမှာ – အိုမာမီး (Omar Meah) ဆိုသူ ကျောင်းဆရာဟောင်းတစ်ဦး ဖြစ်ပြီး ၁၉၄၂-ခုနှစ် မောင်တောဒေသ “ငြိမ်းချမ်းရေးကော်မတီ” အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ အဆိုပါ အမည်ခံ “ငြိမ်းချမ်းရေးကော်မတီ” မှာ ၁၉၄၂ လူမျိုးတုံးသတ်ဖြတ်မှုကာလ မောင်တောအုပ်ချုပ်ရေးကို de facto ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။

(ခုနစ်) ၁၉၅၂ ဒီဇင်ဘာ (၃၁) ရက်စွဲပါ ဗြိတိသျှသံရုံး အစီရင်ခံစာတစ်ခုအရ သိရသည်မှာ – ၁၉၅၁-ခုနှစ်တွင် မူဂျာဟစ်များ ကြီးစိုးထိန်းချုပ်ရာနယ်မြေများအတွင်းရှိ ကျေးရွာများအားလုံး ပါကိစ္စတန်အလံ လွင့်ထူထားကြရန် အမိန့်များထုတ်ခဲ့သည် ဟု ဆိုသည်။ ဆက်ကြေးများကောက်ခံခြင်း လူသစ်များစုဆောင်းခြင်းတို့ ပြုလုပ်သောဖြစ်စဉ်များတွင် ကာဆိန်း ကပြောသည်မှာ – ကတ်ရှမီးယားဒေသတိုက်ပွဲများအတွက် ပြည်သူ့ထောက်ခံမှုကို ယခုလိုရယူစုစည်းနေရခြင်းဖြစ်ကြောင်း နှင့် ဤဘူးသီးတောင်-မောင်တောဒေသသည် မူဆလင်ပြည်နယ်ဖြစ်လာသောအခါ ပါကိစ္စတန်နှင့် လက်တွဲလျက် အိန္ဒိယအားတိုက်ကြမည် ဖြစ်ကြောင်း ပြောပြစည်းရုံးသည် ဟု ဆိုသည်။ (Thus in 1951 they gave orders that the Pakistan flag must be flown in all villages under their control, and in the course of collecting money and recruits Kassim informed the people that their support was needed on account of the Kashmir crisis: the area of northern Akyab must, he said, become a Muslim State so that its people could fight alongside Pakistan against India.)

(ရှစ်) ၁၉၄၈ တွင် မူဂျာဟစ်များသည် ဘူးသီးတောင်နှင့် မောင်တော နှစ်မြို့နယ်စလုံးကို လုံးဝစိုးမိုးထိန်းချုပ်ထားခဲ့သည်။ တိုက်ပွဲတစ်ခုတွင် မြန်မာတပ်ရင်းတစ်ခုလုံးချေမှုန်းခံရပြီး၊ ရိုင်ဖယ် (၇၅)လက်၊ စက်သေနတ် နှစ်လက်၊ ကျည်နှစ်သေတ္တာတို့ ဆုံးရှုံးသွားခဲ့သည်။ မြန်မာတပ်များက အခြေအနေကို ပြန်လည် ထိန်းချုပ်လာနိုင်ချိန် ၁၉၄၉ ဖေဖော်ဝါရီတွင် ကရင် KNDO တို့ထကြွမှု စတင်ဖြစ်ပွားပြီးနောက် အမှတ် (၅) ဗမာ့သေနတ်ကိုင်တပ်ရင်းအား ပြန်လည်ရုပ်သိမ်းရွှေ့ပြောင်းသွားမှုနှင့်အတူ အခြေအနေများ ပြန်လည် ဆိုးရွားလာသည်။ မူဂျာဟစ်တို့အင်အားမှာ တစ်ထောင်ထက်မပိုနိုင်ဟု ခန့်မှန်းနို်င်သော်လည်း လက်နက်ကိုင်အင်အားကို မပို့နိုင်သောကြောင့် ထိန်းချုပ်မရနိုင်ခြင်းဖြစ်လေသည်။ (အချို့က အင်အား နှစ်ထောင်မှ ငါးထောင်ကြားရှိခဲ့သည် ဟု ဆိုကြသည်။) ၁၉၅၁ ဇူလိုင်တွင် အမှတ် (၃) ဗမာ့လက်နက်ကိုင်တပ်ရင်းကို မောင်တောသို့ ပို့ဆောင်တိုက်ပွဲဝင်စေသည်။ ထိုကာလဝန်းကျင်တွင် မူဂျာဟစ်များသည် ပထန်လူမျိုး ကျွမ်းကျင်သူလေးဦးနှင့်တကွ လက်နက်အလုပ်ရုံတစ်ခုကို လည်ပတ်စေပြီး လက်နက်ပြင်ဆင်မှုလုပ်ငန်းသာမက (.၃၀၃) ရိုင်ဖယ်များကိုပါ ထုတ်လုပ်သည် ဟု ဆိုကြလေသည်။ အမှတ် (၂) အရေးပေါ်ချင်းတပ်သည်လည်း အစိုးရဘက်က ဦးစီးတိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည် ဟု မှတ်တမ်းများက ဆိုသည်။

(ကိုး) ၁၉၅၂-ခုနှစ်တွင် မြန်မာပြည်၏ အခြေအနေအရပ်ရပ် တည်ငြိမ်တိုးတက်လာမှု နှင့်အတူ မေယုဒေသတွင် အစိုးရက စစ်ရေးအရ ကောင်းစွာဖိအားပေးလာနိုင်သည်။ ၁၉၅၄-ခုနှစ်အထိ စစ်ဆင်ရေးများကို ဖိဖိစီးစီး လုပ်ခဲ့သည်။ ဖိအားအလွန်များလာချိန်တွင် မူဂျာဟစ်ခေါင်းဆောင်များ ရန်ဖြစ်ကြပြီး၊ ရာရှစ် ခေါင်းဆောင်သည့်အဖွဲ့က လက်နက်ချသည်။ လူ (၁၅၀) အင်အားဖြင့် ကျန်ရစ်သူ ကာဆိန်းသည် နောက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ဘက်စွန်းသို့ တရွေ့ရွေ့ရောက်သွားပြီး ယင်းမှတဆင့် နယ်စပ်ကျော်ဖြတ်သွားသည် ဟု ဆိုကြသည်။ ၁၉၆၁-ခုနှစ်တွင် မူဂျာဟစ်ထကြွမှု အဆုံးသတ်သည် ဟု မှတ်တမ်းပြုကြသည်။

(တစ်ဆယ်) ဘူးသီးတောင်-မောင်တော ရှိ မူဆလင်ဘင်္ဂါလီများမှာ မူဂျာဟစ်တိုက်ပွဲများ ဒဏ်ကို ခံစားကြရသည်မှန်သော်လည်း ၎င်းတို့ထက် အများကြီးပိုမိုလျက် မူဂျာဟစ်များ၏ဒဏ်ကို ခံစားရသူများမှာ မူဆလင်မဟုတ်သည့် ရခိုင်၊ မြို၊ ခမီး၊ ဒိုင်းနက်၊ သက် အစရှိသည့် ဒေသခံတိုင်းရင်းသားများ ဖြစ်ကြသည်။ ဆက်ကြေးကောက်၊ လုယက်၊ မီးရှို့၊ မုဒိမ်းကျင့်၊ သတ်ဖြတ် စသည်တို့ကို မခံနိုင်လျှင် နယ်မြေစွန့်ခွာ ထွက်ပြေး ကြရသည်သာ ဖြစ်လေသည်။

၁၉၅၂-ခုနှစ် မတ်လတွင် ရတည ရခိုင်အမတ်များစုပေါင်းလျက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ဘူးသီးတောင်-မောင်တော ဒေသတွင် မူဂျာဟစ်အရေးအား ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများ လိုအပ်နေကြောင်း ထုတ်ဖော် ပြောဆိုကြသည်။ နိုင်ငံခြားသား ပါကိစ္စတန်နိုင်ငံသားများ နယ်စပ်ကို ကျော်ဖြတ်လျက် ဒလဟောဝင်ရောက်နေမှုများ ဖြစ်နေလျက်ရှိဆဲဖြစ်ကြောင်း တင်ပြခဲ့ကြသည်။ မူဂျာဟစ်ထကြွမှုသည် ရှမ်းပြည်နယ်တွင် ကူမင်တန်တပ်များ ကျူးကျော်ဝင်ရောက်မှုထက်ပင် နိုင်ငံ့အချုပ်အခြာအား အန္တရာယ်ဖြစ်နေစေသောကိစ္စဖြစ်ကြောင်း အသေအချာမကိုင်တွယ်လျှင် ဘူသီးတောင်-မောင်တောကို နိုင်ငံအနေဖြင့် လက်လွတ်သွားရနိုင်ကြောင်း၊ မူဂျာဟစ်များမှာ ဒေသအတွင်းရှိ မူဆလင်များ၏ ထောက်ခံမှုကို ရရှိထားကြောင်း တင်ပြခဲ့ကြသည်။

(ဆယ့်တစ်) ၁၉၄၉ ဝန်းကျင် ရခိုင်ပြည်နယ်ဘက်တွင် အခိုင်အမာ ယုံကြည်နေကြသည်မှာ – မူဂျာဟစ်များကို ကော့ဘဇားခရိုင် မြို့ပြအုပ်ချုပ်ရေးအရာရှိများက လက်နက်ခဲယမ်းမီးကျောက် စားရေရိက္ခာများ အကူအညီပေးနေကြခြင်း ဖြစ်သည် ဟု ယုံကြည်ကြသည်။ တိုက်ပွဲတွင် ဒဏ်ရာရသော မူဂျာဟစ်သူပုန်များကို ကော့ဘဇား၊ ပင်းဝါ (ရာမူး) နှင့် တက်ကနပ်ဖ် ရှိ အစိုးရဆေးရုံများတွင် ကုသကြသည်။ ပုန်ကန်မှုအစောပိုင်းကာလတွင် ပါကိစ္စတန်ဘက်ခြမ်းက ထောက်ပို့ (logistics) အကူအညီများရထားသော မူဂျာဟစ်တို့မှာ အစိုးရတပ်များနှင့် ယှဉ်လျှင် ထောက်ပို့ပိုင်းအရ အပြတ်အသတ်သာလွန်ခဲ့သည်။ ၁၉၄၉ ဖြစ်ရပ်တစ်ခုတွင် သူပုန်အလံထောင်ထားကာ ယူနီဖောင်းဝတ် မူဂျာဟစ်များ တင်ဆောင်ထားသည့် စက်လှေတစ်စီး နတ်မြစ်ကို ဖြတ်ကူးနေစဉ် ပါကိစ္စတန် ရေတပ်သင်္ဘောတစ်စီးက နတ်မြစ်ဝတွင် အခန့်သား ရပ်နားလျက်ရှိသည် ဟု ဆိုသည်။

ထိုကာလ အရှေ့ပါကိစ္စတန် (ယခု ဘင်္ဂလာဒေ့ရှ်) ဘက်ခြမ်း၏ လိုအပ်ချက်အရ ဆန်ကို မှောင်ခိုတင်သွင်းရန် ပါကိစ္စတန်ဘက်က အားပေးအားမြှောက်လုပ်သည်။ ၁၉၅၀ ဖြစ်ရပ်တစ်ခုတွင် မြန်မာ နယ်ခြားရဲအချို့က မှောင်ခိုစက်လှေအား လိုက်ဖမ်းနေစဉ် ပါကိစ္စတန်တပ်များက (မြန်မာရေပိုင်နက်ထဲ) ဝင်ရောက်တိုက်ခိုက်ကာ မှောင်ခိုစက်လှေအား အကာအကွယ်ပေး ပစ်ခတ်တိုက်ခိုက်သဖြင့် မြန်မာရဲတစ်ဦး ဒဏ်ရာရကာ အကျဉ်းသားအဖြစ် ပါကိစ္စတန်ရဲများထံ အဖမ်းခံရသည်။

KZO
(၁၅-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၂)]


Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ


Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s