ထောမတ်စ်ပိန်း ၏ လွတ်လပ်ရေးတိုက်ပွဲခေါ်သံ “Common Sense” စာလွှာ

ထောမတ်စ်ပိန်း ၏ လွတ်လပ်ရေးတိုက်ပွဲခေါ်သံ “Common Sense” စာလွှာ

တစ်။
အမေရိကန် ပြည်နယ် (၁၃) ပြည်နယ်တို့အနေဖြင့် ဗြိတိန်၏ လက်အောက်မှ ရုန်းထွက်ပြီး သီးခြား ဒီမိုကရေစီနိုင်ငံ ထူထောင်ကြဖို့အရေး တိုက်တွန်းနှိုးဆော်သည့် Common Sense (သာမာန်ဆင်ခြင်ဉာဏ်) စာလွှာကို ဗြိိိတိန်နိုင်ငံမှ အမေရိကသို့ ပြောင်းရွေ့အခြေစိုက်သူတစ်ဦးဖြစ်သည့် သတင်းစာဆရာ ထောမတ်စ်ပိန်း (Thomas Paine) က ၁၇၇၆-ခုနှစ် ဇွန်နဝါရီလတွင် ရေးသားထုတ်ဝေခဲ့ရာ အမေရိကန် ပြည်နယ်များအားလုံးတွင် နေရာအနှံ့ အကြီးအကျယ် ရိုက်ခတ်သက်ရောက်မှုရှိခဲ့သည်။ ပြည်နယ်များအားလုံးပေါင်း လူဦးရေ နှစ်သန်းခွဲမျှသာ ရှိခဲ့သည့်အချိန်တွင် ခန့်မှန်းအုပ်ရေ ခုနစ်သောင်းခွဲမှ တစ်သိန်းခွဲအကြား ရိုက်နှိပ်ခဲ့ရသည်ဖြစ်ရာ အမေရိကန်သမိုင်းတစ်ခုလုံးတွင် လူဦးရေအချိုးအစားအရ ဖတ်ရှုသူ အများဆုံးစာအုပ်ဖြစ်ပေသည်။ ထို့ပြင်တမူ အများပြည်သူများစုဝေးကာ သင့်လျော်ရာနေရာများတွင် တစ်ယောက်ယောက်က ဖတ်ပြကာ စုဝေးနားထောင်ခြင်းများ များစွာပြုလုပ်ခဲ့ကြသည် ဖြစ်ရကား ဤစာအုပ်၏ ပျံ့နှံ့သက်ရောက်မှုမှာ စာအုပ်အရေအတွက်ထက် ထပ်ဆင့်ပိုမိုသက်ရောက်မှုများစွာ ရှိခဲ့ပေသည်။

စာမျက်နှာ (၄၇) မျက်နှာပါရှိသော အဆိုပါစာလွှာ၏ အဓိက သတင်းစကားမှာ အနှစ်ချုပ်ဆိုရလျှင် – (၁)။ ဗြိတိန်မှ လက်အောက်မှ လွတ်မြောက်ရေးကို လုပ်ဆောင်ဖို့ နှင့် (၂)။ လွတ်မြောက်ပြီး အမေရိကကို ဒီမိုကရေစီနိုင်ငံအဖြစ်ထူထောင်ဖို့ တို့ ဖြစ်ကြပေသည်။

နှစ်။ နောက်ခံ နှင့် စာလွှာနိဒါန်း
ဤစာလွှာကို ထုတ်ဝေသော ၁၇၇၆ ဇွန်နဝါရီလတွင် အမေရိကန်ကိုလိုနီများ (အထူးသဖြင့် ပြည်နယ် ၁၃-ခု) တို့မှာ မိခင်တိုင်းပြည် ဗြိတိန်နှင့် ရန်ပွဲများစနေပြီးလေပြီ။ အမေရိကန်စစ်သည်များက တီကွန်ဒါရိုဒါ ခံတပ်ကို သိမ်းပိုက်ပြီးပြီ။ ဘော်စတွန်မြို့ကို ၀ိုင်းရံပိတ်ဆို့ထားပြီ။ နယူးယောက်မြို့ကို ခံကတုတ်လုပ် ခံထားပြီ။ ဗြိတိသျှ လက်အောက်ခံ ကနေဒါကို သွားရောက်တိုက်ခိုက်မှုများ လုပ်နေကြပြီ။ သို့ရာတွင် ထိုအချိန်က အမေရိကန်များစိတ်ထဲတွင်မူ ဖိနှိပ်လွန်းအားကြီးသော ဗြိတိန်အား မိမိကိုယ်ကို ခုခံကာကွယ်မှုအရ တိုက်ခိုက်နေကြခြင်းဖြစ်သည် ဟု ခံယူထားကြဆဲဖြစ်လေသည်။ ဗြိိတိန်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲတွင် စကားပြောနိုင်ဖို့တိုက်ခိုက်နေကြခြင်း သဘောမျှသာ ဖြစ်နေလေသည်။ မိခင်တိုင်းပြည် ဗြိတိန်အား သံယောဇဉ်မပြတ်နိုင်ကြ။ ဘုရင်စနစ်အခြေခံ ဗြိတိန်လက်အောက်မှ လုံးဝရုန်းထွက်ကာ သီးခြား ဒီမိုကရေစီနိုင်ငံတည်ထောင်ခြင်းသည် လူသာမန်အသိဉာဏ်ဖြင့် စဉ်းစားလျှင်ပင် မှန်ကန်ကြောင်း သိသာနိုင်သည့် မှန်ကန်သော လမ်းကြောင်း ဖြစ်ပါကြောင်း ထောမတ်စ်ပိန်းက တင်ပြလိုက်သည်။

သူ၏ စာလွှာအမည်ကို common sense (လက်တွေ့ကျ သာမန်ဆင်ခြင်ဉာဏ်) ဟု အဘယ်ကြောင့် အမည်ပေးရသနည်း ဆိုသော်မူကား – လွတ်လပ်ရေးယူဖို့ နှင့် ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အရေးကို ယုတ္တိယုတ္တာဖြင့် သူ၏ တင်ပြချက်များသည်ကား လူတို့၏ သာမန်ဆင်ခြင်ဉာဏ် ကောင်းကောင်းကန်းကန်း ရှိရုံမျှဖြင့် တွေးတောဆင်ခြင် အသိအမှတ်ပြုနိုင်သော အကြောင်းအရာများဖြစ်သည် ဟု သူက ယုံကြည်သောကြောင့် ဖြစ်ပေသည်။ စာလွှာ၏ နိဒါန်းပိုင်းတွင် ထိုအကြောင်းကို တို့ထိဖော်ပြထားသည်။ နိဒါန်းပိုင်း၏ အချုပ်သဘောမှာ အောက်ပါအတိုင်းဖြစ်သည်။

(နိဒါန်းပိုင်း) – ဤစာအုပ်တွင် ကျွနု်ပ်(ထောမတ်စ်ပိန်း) တင်ပြသော စိတ်ကူးစိတ်ကူးစိတ်သန်းများသည် အသစ်အဆန်းဖြစ်နေရကား များစွာသော လူတို့က ငြင်းပယ်ဖွယ်ရာရှိသည်။ စာဖတ်သူများအနေဖြင့် မိမိတို့စိတ်ထဲတွင် ကာလကြာမြင့်စွာကပင် စွဲစွဲမြဲမြဲရှိနေသော အယူအဆဟောင်းများကို ဖယ်ထုတ်လျက် လူသာမန်အသိဉာဏ်ကို အသုံးပြုဆင်ခြင်လျက် အမေရိကန်တို့၏အရေးကို လူသားတစ်ရပ်လုံး၏အရေးအဖြစ် ရှုမြင်သုံးသပ်နိုင်ဖို့ လိုအပ်ပေသည်။ မင်းဆိုးမင်းညစ်စနစ်အား ကျွနု်ပ်တို့ ယခုမည်သို့ တုန့်ပြန်လိုက်သည်ဆိုသည့် အခြင်းအရာသည် နောင်အစဉ်အမြဲ အရေးပါသော အကြောင်းအရာ ဖြစ်လာလိမ့်မည်။ –

သုံး။ (အခန်းတစ်) “Of the Origin and Design of Government in General, With Concise Remarks on the English Constitution” ၏ အနှစ်ချုပ်သဘော။

‘လူအဖွဲ့အစည်း’ နှင့် ‘အစိုးရ’ ဆိုသည့်နှစ်ခုအား ရောထွေး မမြင်အပ်။ ထိုနှစ်ရပ်၏ အရင်းအမြစ်တို့ကား ကွာခြားကြသည်။ လူအဖွဲ့အစည်းဟူသည်ကား လိုအင်ဆန္ဒများက မွေးထုတ်လိုက်ခြင်းဖြစ်ပြီး အစိုးရ ဟူသည်ကား လူတို့၏ ဆိုးညစ်မှုက မွေးထုတ်လိုက်ခြင်း ဖြစ်ပေသည်။ အစိုးရဟူသည်ကား မဟုတ်က မဟုတ်ကလုပ်ရပ်လုပ်သူတို့အား အပြစ်ပေးနိုင်မည့် အင်အားတစ်ရပ်အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပထမအရာက လူတို့၏ ချစ်ခင်ခြင်းများကို စုစည်းပေးပြီး ဒုတိယအရာက လူသားတို့၏ ဆိုးညစ်မှုများကို ထိန်းကွပ်မှု လုပ်ပေသည်။

လူအဖွဲ့အစည်းဟုသည်ကား မည်သည့်အခါမဆို ကောင်းချီးမင်္ဂလာဖြစ်ပေသော်လည်း အစိုးရဟူသည်ကား အကောင်းဆုံးရှာကြံပြောရမည်ဆိုပါက မဖြစ်မနေလိုအပ်သဖြင့် ထားရသည့် မကောင်းဆိုးရွား (necessary evil) သာ ဖြစ်ပေသည်။ လူတို့မှာ အပြစ်အနာအဆာ မကင်းကြသဖြင့် အစိုးရဆိုသည်အား လိုအပ်နေရသည်။ လူသားတို့သာ ကောင်းကောင်းမွန်မွန်ဆိုလျှင် အစိုးရအား လိုနေစရာ အကြောင်းမရှိ။ လူ့အဖွဲ့အစည်း၏ ကောင်းခြင်းကို ရယူနိုင်ရန်အတွက်သာလျှင် အစိုးရအား လိုအပ်ခြင်းဖြစ်ပေရာ – လူထု၏ အကျိုးစီးပွားကို အကြီးမားဆုံး ဖြစ်ထွန်းစေလျက် ထိခိုက်စေမှု အနည်းဆုံးဖြစ်စေသော ထိုရယူပေးခြင်းမျိုး ကို လုပ်ဆောင်ပေးသည့် အစိုးရပုံစံကိုသာ ပိုမို အလိုရှိအပ်ပေသည်။

ပိန်းက တင်ပြသည်မှာ – တောကြီးမြက်မည်း၏ အစပ်တွင် အခြေချနေကြသော လူအစုငယ်တို့အဖို့မူရာကား ‘လူ့အဖွဲ့အစည်း’ အပိုင်းနှင့်သာ ကနဦးပတ်သက်ကြပေလိမ့်မည်။ ဤသေးငယ်သော လူ့အဖွဲ့အစည်းဝင်များက တစ်ဦးနှင့်တဦး တရားမျှတစွာ ပြုမူကျင့်ကြံနေကြသမျှကာလပတ်လုံး ‘အစိုးရ’ ဆိုသည်ကို မလိုအပ်ဘဲ ရှိနေလိမ့်မည်။ သို့ရာတွင် မလွဲမသွေပင် လူဦးရေကြီးထွားလာသည့်အလျောက် အပြန်အလှန်စည်းနှောင်မှု နှင့် ဝတ္တရားစောင့်စည်းမှုတို့ အားနည်းယိုယွင်းလာသည် ဖြစ်ရကား “ကိုယ်ကျင့်တရားတို့ အားနည်းမှုကို ဖြည့်ဆည်းပေးရန် အလို့ငှာ” အစိုးရ ဆိုသည်ကို လိုအပ်လာလိမ့်မည်။ ဤလိုအပ်မှု၏ ပထမပိုင်းတွင် လူ့အဖွဲ့အစည်းအား စိတ်ပိုင်းလျက် တစ်စိတ်တပိုင်းစီအတွက် ကိုယ်စားလှယ်များ ရွေးကောက်ပေးခြင်းပုံစံဖြင့် စတင်လိမ့်မည် ဖြစ်သည်။ “ရွေးကောက်ခံများ” အား “ရွေးကောက်သူများ” နှင့် မကြာခဏနှီးနှောစေခြင်းသည် အားကောင်းသော အစိုးရတစ်ရပ်၏ အခြေခံပင်ဖြစ်ပြီး “အုပ်ချုပ်ခံ” များ၏ ပျော်ရွှင်မှုပင်လည်း ဖြစ်ပေသည်။

သို့ပေသော်ကား အစိုးရ ဖြစ်တည်လာမှု၏ အစမူလမည်သည် လောကကိုအုပ်ချုပ်ရန် ကိုယ်ကျင့်စွမ်းရည်မရှိကြခြင်း ဖြစ်ပေ၏။ အစိုးရ၏ အဆုံးနိဂုံးမည်သည် “လွတ်လပ်ခြင်း နှင့် လုံခြုံမှုရှိခြင်း” တို့ဖြစ်ပေ၏။ ပိန်းက ဆက်ပြောသည်မှာ – သဘောဝတရား၏ အလိုအရ တစ်စုံတစ်ခုသည် ပို၍ ရှင်းရှင်းလင်းလင်းနှင့် ရှုပ်ထွေးမှုကင်းလေလေ ဝရုန်သုန်းကားဖြစ်နိုင်ခြေ နည်းလေလေ (ဝရုန်းသုန်းကား ဖြစ်လျှင်လည်း) ပြင်ဆင်ကုစားရန် လွယ်သူလေလေ ဖြစ်ပေသည် ဟု ဆိုသည်။

ဗြိတိသျှတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံသည်ကား အလွန်အမင်း ရှုပ်ထွေးလှသည်ဟု ပိန်းက ရယ်သွမ်းသွေးလေသည်။ ဘုရင်စနစ်၏ နိုင်လိုမင်းထက်ပြုမှုနှင့် အမှူးအမတ်များ၏ နိုင်လိုမင်းထက်ပြုမှုတို့ ကြား ပဋိပက္ခများဖြင့် ရောပြွမ်းလှသည် ဟု သူက ဆိုသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်မှုစနစ်တွင် ကဏ္ဍတစ်ရပ်နှင့် အခြားကဏ္ဍတစ်ရပ်တို့ အပြန်အလှန်ထိန်းကျောင်းမှု ရှိနေသည်ဟု မှတ်ယူကြလျှင် မိုက်မဲရာကျမည် ဟု ပိန်းက တင်ပြသည်။

လေး။ (အခန်း နှစ်) “Of Monarchy and Hereditary Succession” ၏ အနှစ်ချုပ်သဘော။

ဘုရားသခင်က ကိုယ်စားအုပ်ချုပ်ရန် နှင်းအပ်ထားသည်ဟု ရှေးလူများက ယုံကြည်တတ်လေ့ရှိသည်ကို ချေဖျက်ရန်အလို့ငှာ ပိန်းသည် ခရစ်ယန်သမ္မာကျမ်းစာ အကိုးအကားများကို ဆွဲထုတ်ပြပြီး ဘုရင်စနစ်ဖြင့်အုပ်ချုပ်ခြင်းသည် ဘုရားသခင်အလိုကျမဟုတ်ကြောင်း ဤအခန်းတွင် တင်ပြထားသည်။

ဘုရင်တို့ အုပ်ချုပ်ခွင့်ရထားသော အခွင့်အာဏာသည် (ယင်းအား ဘုရားပေးသော အာဏာ ဟု လက်မခံလျှင်) အဘယ်ကလာသနည်းဟု ဆက်လက်သုံးသပ်ပြသည်။ ရွေးကောက်တင်မြှောက်ခြင်း၊ ကံအလိုကျ ရွေးချယ်ခြင်း (ဥပမာပြရသော် ဗျိုင်းနားဘုရင် လိုမျိုး)၊ လုယူသိမ်းပိုက်ခြင်း တို့သုံးမျိုးထွက်လာနိုင်သည် ဟု တင်ပြသည်။ ဘုရင်ကို ရွေးချယ်တင်မြှောက်ခြင်းအား ကောင်းမွန်သည်ဟု ယူဆနိုင်သေးသော်လည်း ထိုဘုရင်အား ရွေးချယ်တင်မြှောက်လိုက်ခြင်းသည် သူ့သားသမီး သူ့မျိုးဆက်တို့အား အလိုအလျောက် ဘုရင်ဖြစ်ရစေမည် ဟူ၍ မဖြစ်သင့်ကြောင်း သူကဆိုသည်။

မျိုးရိုးအရဆက်ခံသော ဘုရင်တို့ကြောင့် တိုင်းပြည်နစ်နာရမှုများကို ဆက်လက်တင်ပြသည်။ ဘုရင်တို့ အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည့် အင်္ဂလန်ပြည်၏ သမိုင်းတွင် ပြည်တွင်းစစ်ရှစ်ကြိမ် နှင့် ပုန်ကန်မှု (၁၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထောက်ပြသည်။

ငါး။ (အခန်း သုံး) “Thoughts on the Present State of Affairs in America” ၏ အနှစ်ချုပ်သဘော။

ဗြိတိန်လက်အောက်မှာ နေခဲ့လို့ စည်ပင်လာခြင်းဖြစ်သည့်အတွက် အမေရိကသည် ဗြိတိန်လက်အောက်မှ ထွက်မလာသင့်ဟု ဆိုကြလျှင် – ကလေးတစ်ဦးသည် မိခင်နို့ကိုစို့၍ ကြီးထွားလာခြင်းဖြစ်သောကြောင့် အသားမစားသင့်ပါ ဟု ပြောခြင်းနှင့်တူနေပေသည်။ အမေရိက၏ အတိတ်နိုင်ငံရေးအခင်းအကျင်းသည်လည်း အတိတ်တွင် အောင်မြင်ခဲ့သလို အနာဂတ်တွင်လည်း ဆက်လက်အောင်မြင်မည် ဟု မပြောနိုင်ပေ။

ဗြိတိန်အား အမေရိကန်က မိခင်နိုင်ငံအဖြစ်သဘောထားသင့်ကြောင်း ထို့ကြောင့် အမေရိကကို ဗြိတိန်က အုပ်ချုပ်သင့်ကြောင်း ကျိုးကြောင်းပြုချက်ကို ပိန်းက လက်မခံပေ။ အမေရိကန်များသည် ဗြိတိသျှ/အင်္ဂလိပ် အဆက်အနွယ်များဟု ကျဉ်းမြောင်းစွာ မယူဆအပ်၊ ဥရောပတိုက်သားများအားလုံး၏ အဆက်အနွယ်များ အဖြစ်သာ ယူဆအပ်သည်။ အမေရိကန်များမှာ ဗြိတိသျှ/အင်္ဂလိပ်သွေး တစ်ဝက်ပါသောကြောင့် ဗြိတိသျှ/အင်္ဂလိပ်က အမေရိကန်ကို အုပ်ချုပ်သင့်သည် ဆိုပါက – လက်ရှိ ဗြိတိသျှ/အင်္ဂလိပ် ဘုရင့်အနွယ်တော်များအားလုံးနှင့် မူးမတ်များ၏ ထက်ဝက်ခန့်တို့မှာ ပြင်သစ်သွေးများဖြစ်ရကား ဗြိတိန်ကို ပြင်သစ်က အုပ်ချုပ်သင့်သည် ဟု ဆိုလိုက်ရပေချိမ့်မည်။

အမေရိကန်တို့အဖို့ ဗြိတိန်နိုင်ငံနှင့် ချစ်ကြည်သော ဆက်ဆံရေးအခြေအနေတစ်ရပ်ရပ် ဖြစ်တည်နေဖို့ ဆက်လက် မဖြစ်နိုင်တော့၊ ဗြိိတိန်ကို ဒူးထောက်နေရသော ဆက်ဆံရေးသာ နောင် ရှိလာနိုင်တော့မည်ကို ပိန်းက တင်ပြသည်။ ဥပမာအားဖြင့် အရာရာတိုင်းမှာ အနိုင်ကျင့် အခွန်ကောက်စေသော ၁၇၆၅ တံဆိပ်တော်ခွန်ဥပဒေ အရေးကို ထောက်ပြသည်။ ထိုဥပဒေကို အမေရိကန်တို့ အပြင်းအထန် ကန့်ကွက်ကြသောကြောင့် နှစ်အနည်းငယ်ရပ်ဆိုင်းသွားပြီးနောက် အခြားအခွန်များကို ဗြိတိန်က ဖိစီးကောက်ခံစေပြန်သည် ကို ပိန်းက ထောက်ပြသည်။

ဆက်လက်၍ – ပိန်းက အမေရိကန်ကိုလိုနီများနှင့် သင့်လျော်မည်ထင်သည့် နို်င်ငံဖွဲ့စည်းပုံတစ်ရပ်ကို သူ၏စိတ်ကူးနှင့်တင်ပြသည်။ အမေရိကန်ကိုလိုနီများကို ခရိုင်အလိုက်ခွဲခြားလျက် ကိုယ်စားလှယ်စေလွှတ်ပြီး ကွန်ဂရက်လွှတ်တော် ဖြစ်စေမည့်အကြောင်း၊ အမေရိကန်သမ္မတအား တစ်ပြည်နယ်လျှင် တစ်လှည့်စီ အလှည့်ကျ တင်မြှောက်ကြသင့်သည့်အကြောင်း . . . စသည်အားဖြင့် တင်ပြသည်။

ခြောက်။ (အခန်း လေး) “On the Present Ability of America, with some Miscellaneous Reflections” ၏ အနှစ်ချုပ်သဘော။

အမေရိကအဖို့ ဗြိတိန်လက်အောက်မှ တော်လှန်ရုန်းထွက်ရန် အကောင်းဆုံးအချိန်မှာ ယခုအချိန်ပင် ဖြစ်ကြောင်း ပိန်းက နှိုးဆော်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်မှာ အမေရိကန်အဖို့ စွမ်းရည်ရှိသော လူသန်လူမြန်များ ပေါပေါများများ ရှိနေသည့်အချိန်ဖြစ်လေသည်။ အမေရိကန်ကိုလိုနီများအနေဖြင့် ယခုအချိန်တွင် အင်အားသုံးလျှင် လွတ်မြောက်သွားလိမ့်မည် ဖြစ်သည်။ တော်လှန်သည့်အတွက် ထိခိုက်ကုန်ကျသည်များမှာ လွတ်မြောက်သွားသည့်အခါ ကောင်းစွာ ထိုက်တန်မှုရပေလိမ့်မည်။ လွတ်လပ်ရေးရဖို့အတွက် မဟုတ်ဘဲ အခွန်အတုတ် လျော့ကျရေးသက်သက်အတွက် စစ်တိုက်ရမည် ဆိုလျှင်ကား မထိုက်တန််ပေ။

အမေရိကန်အဖို့ ဗြိတိန်ကိုယှဉ်နိုင်သော ရေတပ်တည်ဆောက်ဖို့ရာမှာ အသင့်လျော်ဆုံး ကိစ္စပင် ဖြစ်ပေသည်။ ကုန်ကျစရိတ်မှာ အကြမ်းဖျင်းတွက်ချက်မှုများအရ ပေါင်စတာလင် (၃.၅) သန်းမျှ ကုန်ကျနိုင်သည်။ အမေရိကန်အဖို့ နိုင်ငံအကြွေးဟူ၍ မရှိရသေးကား ဤကုန်ကျစရိတ်ကို ကောင်းစွာခံနိုင်ပေသည်။ အမေရိကန်အဖို့ အပြောကျယ်လှသော သစ်တောများမှာ သင်္ဘောတည်ဆောက်ရေးအတွက် ကုန်ကြမ်းများ အဖြစ်အသင့်ရှိနေသည့်အပြင် အမေရိကန်ကမ်းခြေတစ်လျှောက်လုံးတွင် အကာအကွယ်အခုအခံမရှိသေးသည့် အခြင်းအရာမှာလည်း မထိတ်သာမလန့်သာကိစ္စဖြစ်ပေသည်။ နောင်တွင် ကုန်သွယ်ရေးတိုးချဲ့မှုအတွက် ရေတပ်ကို အသုံးချနိုင်ပေသည်။ ဗြိတိန်ရေတပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ သူမ၏အင်ပါယာကို ဖြန့်ကျက်ကာကွယ်ရမည် ဖြစ်သော်လည်း အမေရိကန်အဖို့ အတ္တလန်တိတ်ကမ်းခြေတစ်ခုတည်းကိုသာ ကာကွယ်ရန် ရှိလေသည်။

အမေရိကန်အဖို့ လွတ်လပ်ရေးကို မဖြစ်မနေလိုအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ကျယ်ပြောလှသော အမေရိကတိုက်တစ်ခွင်သည် အလွန်လူနေကျဲပါးစွာ ရှိနေသေးသည့် အခွင့်အလမ်း ရှိနေသောကြောင့် ဖြစ်သည်။ အမေရိကကို ဗြိတိန်က ဆက်လက်ချုပ်ကိုင်ထားမည်ဆိုပါက ဗြိတိသျှအထက်လွှာအား အစိတ်စိတ်ပိုင်း ခွဲဝေပေးလျက် ထပ်ဆင့်အုပ်ချုပ်စေခြင်းခံရလိမ့်မည်။ ထိုနယ်မြေများကိုသာ အမေရိကန်က ချုပ်ကိုင်နိုင်ပါက စစ်ကြောင့်တင်ရှိသော အကြွေးများကိုဆပ်ခြင်းအပါအဝင် မိမိတို့ အကျိုးအတွက် အလိုရှိသလို အသုံးချနိုင်ကြလိမ့်မည်။ ယခုကဲ့သို့ အမေရိက၌ လူနေကျဲပါးနေသေးသည့်အချိန်တွင် ရှိနေသည့်သူများနှင့် စုစည်းကာ လွတ်လပ်ရေးကြေငြာသင့်သည်။ အချိန်ကြာလာသည်မှင့်အမျှ လူများလာသည့်အခါ လူအမျိုးအမျိုး စိတ်အထွေထွေ စုစည်းရခက်လိမ့်မည်။

အမေရိကန်ကိုလိုနီသမားများအနေဖြင့် ယခုပင် လုံးဝလွတ်လပ်ရေး ကြေငြာသင့်သည့် အကြောင်းရင်း လေးရပ်ကို ပိန်းက တင်ပြသည်။ (တစ်) အမေရိကကို ဗြိတိန်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြင်နေကြသမျှကာလပတ်လုံး မည်သည့်အခြားတိုင်းပြည်ကမှ ဝင်ရောက်စေ့စပ်ပေးနိုင်လိမ့်မည် မဟုတ်၊ (နှစ်) အမေရိကစစ်နိုင်ဖို့ သူတို့ပေးအပ်လိုက်သော အကူအညီမှာ ဗြိတိန်နှင့် အမေရိကန်အကြား ဆက်ဆံရေးကို ပြင်ဆင်ဖာထေးရန်မျှအတွက်သာ ဟုဆိုလျှင် ပြင်သစ်တို့ စပိန်တို့က ကူညီကြလိမ့်မည် မဟုတ်၊ (သုံး) အမေရိကသည် ဗြိတိန်၏ အစိတ်အပိုင်းတစ်ရပ်မျှသာဖြစ်နေသေးလျှင် အခြားနိုင်ငံများက အမေရိကန်များကို သူပုန်များအဖြစ်သာ ရှုမြင်ကြလိမ့်မည် (လေး) လွတ်လပ်ရေးကြေငြာလိုက်ခြင်းအားဖြင့် အမေရိကန် ကိုလိုနီများသည် နိုင်ငံတကာ မဟာမိတ်ဖွဲ့ခြင်း နှင့် နိုင်ငံတကာ ကုန်သွယ်ရေး၏ အကျိုးစိီးပွားများကို ရယူခံစားနိုင်ခွင့် ရှိလာလိ်မ့်မည်။

လွတ်လပ်ရေး မကြေငြာသမျှကာလပတ်လုံး အမေရိကတိုက်သည် တာဝန်မပြီးပြတ်နိုင်သည့် လူတစ်ယောက်ပမာ နေ့စဉ်နှင့်အမျှ ခံစားနေရလိမ့်မည်။

And until an independence is declared, “the continent will feel itself like a man who continues putting off some unpleasant business from day to day, yet knows it must be done, hates to set about it, wishes it over, and is continually haunted with the thoughts of its necessity.”
ဗြိတိန်လက်အောက်မှ လွတ်လပ်ရေး မကြေငြာသမျှကာလပတ်လုံး အမေရိကတိုက်အနေဖြင့် “လုပ်စရာရှိသည့် မလုပ်ချင်လုပ်ချင် အလုပ်တစ်ခုကို နေ့စဉ်နှင့်အမျှရွေ့ဆိုင်းလျက် – သို့သော် ဤအလုပ်သည် မလုပ်မဖြစ် လုပ်ရမည့်အလုပ်ဖြစ်သည် ဟုလည်းသိနေလျက် – ထိုအလုပ်ကိုလည်း စကိုင်တွယ်ရမှာကို စိတ်ညစ်ညူးလျက် – ဤအလုပ် သူ့အလိုလို ပြီးစီးသွားရင် ကောင်းမှာပဲ ဟုလည်း စိတ်ထဲရေရွတ်နေလျက် – ထိုအလုပ်ပြီးစီးရန် မဖြစ်မနေ လိုအပ်မှု၏ တစ္ဆေပမာ ခြောက်လှန့်မှုကို စဉ်ဆက်မပြတ် ခံစားနေရသည့် – လူတစ်ယောက်ပမာ ရှိနေသွားပေလိမ့်မည်။”

ခုနစ်။
ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာလအတွင်း စစ်တွေမှ ကျောက်ဖြူတရောက် ရခိုင့်သယံဇာရပိုင်ခွင့်အတွက် ခန့်မှန်း မိုင် (၃၀၀) ကျော် ခရီးရှည်ချီတက်ခဲ့ကြသော လှုပ်ရှားမှု၏ အဆုံးသတ်ရာ ကျောက်ဖြုမြို့လယ် နာရီစင်ကွင်းအရောက်တွင် လူသောင်းချီဖြစ်သွားသည်အထိ ပါဝင်ဆင်နွှဲခဲ့ကြပေသည်။ ကျွန်တော်ကား ထိုချီတက်မှု၏ ကြိုတင်လမ်းကြောင်းထောက်စီစဉ်မှုတွင်လည်းကောင်း တကယ်ချီတက်သည့်အခါ ရပ်နားဟောပြောသည့်နေရာများတွင် အဓိကဟောပြောသူများအနက် တစ်ဦးအဖြစ်လည်းကောင်း ပါဝင်ခဲ့ပါသည်။

ထို ချီတက်လှုပ်ရှားမှုအပြီး လပိုင်းအကြာ၌ ကာလရှည်ဝေးကွာ ငယ်သူငယ်ချင်း အရင်းအချာ တစ်ယောက် စစ်တွေရောက်လာသဖြင့် အေးအေးလူလူ ထိုင်ပြောကြရင်း သူကမေးသည်။ ခင်ဗျားတို့ သယံဇာတလှုပ်ရှားမှုဆိုတာကို Facebook မှာ တွေ့တယ်၊ အခု အဲသလိုချီတက်ပြီးပြီဆိုတော့ ဘာဖြစ်လာသလဲ ဟု အေးအေးသက်သာမေး၏။ သူကားနိုင်ငံရေးကို သိပ်စိတ်ဝင်စားသူမဟုတ်၊ လုပ်ငန်းတွေကို တစ်ခုပြီးတစ်ခု တိုးချဲ့/အားစိုက်အလုပ်လုပ် စသည်ဖြင့်သာ အချိန်များကို မြှုပ်နှံထားသူ ဖြစ်လေသည်။

လက်တွေက လက်ညှိုးတွေကိုကွေးတဲ့ အခြေအနေကို ရောက်လာဖို့ရာမှာ – လက်ညှိုးကွေးဖို့ လိုအပ်ကြောင်းကို အဲသည် လက်ညှိုးတွေနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်တွေ နှလုံးသားတွေက အရင်နားလည်လက်ခံသွားဖို့ လိုတယ်ဗျ ဟု ကျွန်တော်ကဖြေ၏။ ကျွန်တော်၏ အဖြေကို သူနားလည်ပုံမရ။ ခင်ဗျားတို့ လိုချင်တဲ့ သယံဇာတကို မရသေးဘူးလား ဟု ဆို၏။ ကျွန်တော်က ဘာမှ ပြန်မဖြေသော် – ခင်ဗျား ၂၀၁၂ ဂွမြို့စာပေ ဟောပြောပွဲအခွေကို ကျွန်တော် နားထောင်ဖူးတယ် ဟုသာ သူက ဆိုလေသည်။


KZO
(၁၄-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၁)]

==========

To Download “Common Sense” =>


Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ


Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s