
မာ့ခ်စ်ဝါဒအပေါ် ဘာထရန်ရပ်ဆယ်၏ ချေပချက်
“အသက်နှစ်ဆယ်ရောက်လို့မှ လူတစ်ယောက်ဟာ ကွန်မြူနစ်မဖြစ်သေးဘူး ဆိုရင် အဲသည်လူမှာ နှလုံးသားမရှိဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ အသက်သုံးဆယ်ရောက်လို့မှ လူတစ်ယောက်ဟာ ကွန်မြူနစ်ဆက်ဖြစ်နေသေးတယ်ဆိုရင် အဲဒီလူမှာ ဦးနှောက်မရှိဘူး ဆိုရမှာပဲ။”
ကျော်ကြားလှသော ဤစကားစုကို မည်သူစပြောခဲ့မှန်း ရေရေရာရာ မသိရပေ။ ဘားနပ်ရှောကတော့ အသက်သုံးဆယ်ကျော်အထိ ကွန်မြူနစ်ဖြစ်နေသေးသူကို အရူး ဟု ဆိုပေသည်။
တစ်။ ကားလ်ပေါ့ပါ (Karl Popper)
ကွန်မြူနစ်ဝါဒ၏ ဖခင်ကြီးဖြစ်သော ကားလ်မာ့ခ်စ် (Karl Marx) ၏ အယူအဆများကိုကိုင်စွဲလျက် တည်ထောင်ခဲ့ကြသော ကွန်မြူနစ်နိုင်ငံကြီးငယ်တို့ အစီအရီပြိုကျခဲ့ပြီးလေပြီ။ သို့ရာတွင် ထိုကဲ့သို့ လဲပြိုမှုများ မဖြစ်မီကာလများကပင် မာ့ခ်စ်ဝါဒအပေါ် ဝေဖန်ခဲ့ကြသူများအနက် ကားလ်ပေါ့ပါ (Karl Popper) ထင်ရှား၏။ သူရေးသားခဲ့သော “ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ယင်း၏ရန်သူများ (ဒုတိယတွဲ)” ၏ အဓိကပစ်မှတ်မှာ မာ့ခ်စ်ဝါဒဖြစ်လေသည်။
ပေါ့ပါက မာ့ခ်စ်ဝါဒအပေါ် သုံးသပ်ဝေဖန်ရာတွင် သမိုင်းရေးရာဖြစ်စဉ်သေဝါဒ (Historicism) နှင့် မာ့ခ်စ်၏ အနုပဋိလောမရုပ်ဝါဒ (dialectical materialism) အား မှားယွင်းကြောင်း ထောက်ပြသုံးသပ်ပြီးသကာလ ထိုသို့ သုံးသပ်ရာတွင် ပေါ့ပါ ကိုယ်တိုင်ထုတ်ဖော်တင်ပြခဲ့သော တစ်ပိုင်းချင်း တစ်လှမ်းချင်း လူမှုစနစ် ပြောင်းလဲရေးဝါဒ (piecemeal social engineering) တို့အားဖြင့် ဝေဖန်ချေပခဲ့ခြင်း ဖြစ်လေသည်။ ထိုချေပချက်တို့အား တင်ပြရာ၌ ပေါ့ပါက Theory of Falsification (ခေါ်) အမှားဖော်ထုတ်ကာ အမှန်ဆုံးကို ရှာဖွေသော နည်းလမ်းအားဖြင့် သိပ္ပံနည်းကျမှန်ကန်စေရမည် ဆိုသော မှတ်ကျောက်အယူကိုကိုင်စွဲကာ တိုင်းထွာချေပခဲ့သည်။
သမိုင်းရေးရာဖြစ်စဉ်သေဝါဒ (Historicism) ဆိုသည်မှာကား ပလေတိုအဆိုအရဆိုလျှင် လူ့အဖွဲ့အစည်း တို့သည် သမိုင်းခေတ်ဦးတွင် အကောင်းဆုံးပုံစံရှိနေခြင်းမှ အဆိုးဆုံးပုံစံသို့ မလွဲမသွေပြောင်းလဲလာရမည် ဆိုသော အယူ၊ မာ့ခ်စ်၏အဆိုအရဆိုလျှင် လူ့အဖွဲ့အစည်းတို့သည် သမိုင်းခေတ်ဦးတွင် အနိမ့်ကျဆုံးပုံစံရှိနေခြင်းမှ အမြင့်ဆုံးပုံစံသို့ မလွဲမသွေပြောင်းလဲလာရမည် ဆိုသော အယူ (တစ်နည်း) သမိုင်းသည် တစ်ဘက်တည်းသို့ စီးကြောင်းအသေစီးနေသည်ဆိုသည့် အယူများကို ဆိုလိုသည်။ လူ့အဖွဲ့အစည်းအား တစ်စိတ်တစ်ပိုင်းချင်း တစ်ကဏ္ဍတစ်ကဏ္ဍချင်း တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြောင်းလဲမှု မလုပ်လိုသည့် မာ့ခ်စ်၏ စိတ်ကူးယာဉ်လောကနိဗ္ဗာန်သို့ လူမှုစနစ်ပြောင်းလဲရေးဝါဒ (Utopia social engineering) သည် လူ့ဘောင်လောကအား များစွာထိခိုက်နစ်နာစေခဲ့ကြောင်း ပေါ့ပါက ထောက်ပြခဲ့သည်။ မာ့ခ်စ်အပေါ် ပေါ့ပါ၏ ဝေဖန်ချက်များကိုကား သီးခြားစာစုအဖြစ် အတန်ငယ်အကျယ်ချဲ့၍ ရှင်းလင်း ရေးသားရန် နောက်ထပ် လိုအပ်ပေသည်။
နှစ်။ ဘာထရန်ရပ်ဆယ် (Bertrand Russell)
မာ့ခ်စ်ဝါဒကို လက်မခံသော နောက်ထပ်တွေးခေါ်ရှင်တစ်ဦးမှာ ဘာထရန်ရပ်ဆယ် (Bertrand Russell) ဖြစ်လေသည်။
နိုင်ငံရေးအယူဝါဒများနှင့်ပတ်သက်လာလျှင် မေးရမည့်မေးခွန်း နှစ်ခုရှိသည် ဟု ဘာထရန်ရပ်ဆယ်က ဆိုသည်။ (တစ်) အဲသည်အယူဝါဒများမှာ သဘောတရားပိုင်းအရ မှန်ကန်မှုရှိသလား ဆိုသော မေးခွန်း နှင့် (နှစ်) အဲသည်အယူဝါဒများကို အကောင်အထည်ဖော်ခြင်းအားဖြင့် လူသားတို့၏ ပျော်ရွှင်မှုကို တိုးပွားလာစေနိုင်သလား ဆိုသော မေးခွန်းနှစ်ခု ဖြစ်လေသည်။ ဘာထရန်ရပ်ဆယ်၏ အမြင်အရ အဖြေများမှာ (တစ်) ကွန်မြူနစ်စါဒ၏ သဘောတရားရေးအခြေခံများမှာ မှားယွင်းပြီး၊ (နှစ် )ကွန်မြူနစ်အာဏာရှင်စနစ်ကို လက်တွေ့ကျင့်သုံးမှုကြောင့် တိုင်းတာမရနိုင်လောက်သော လူ့ဒုက္ခဆင်းရဲများကို ဖြစ်စေခဲ့သည် ဟု ဖြေကြားပေသည်။
ကွန်မြူနစ်အယူဝါဒ၏ အစိတ်အပိုင်းအများစုမှာ မာ့ခ်စ်ထံမှ ဆင်သက်လာခြင်းဖြစ်သည်။ မာ့ခ်စ်အပေါ် (တစ်နည်း မာ့ခ်စ်၏ ဆင်ခြင်ချက်များအပေါ်) ဘာထရန်ရပ်ဆယ် ကန့်ကွက်ရခြင်းတွင် အကြောင်းရင်း နှစ်ချက်ပြသည်။ (က) မာ့ခ်စ်၏ အယူအဆပိုင်းဆိုင်ရာ တွေးတောဆင်ခြင်မှုသည် ရှုပ်ထွေးပွေလိမ်နေသည်၊ (ခ) သူ၏ စဉ်းစားပုံမှာ အမုန်းတရားအပေါ် လုံးလုံးလျားလျား အခြေခံထားခြင်း ဖြစ်သည် ဟု ဆိုသည်။ အရင်းရှင်စနစ်အောက်တွင် လုပ်ခစား အလုပ်သမားများ (wage-earners)ဆီမှ သွေးစုတ်အမြတ်ထုတ်သည်ဟု မာ့ခ်စ်တင်ပြသော အစွန်းထွက်တန်ဖိုး (surplus value) အယူအဆမှာ – (က) မားသပ်စ် လူဦးရေ တိုးပွားမှုအယူအဆ Malthus’s doctrine of population (လူဦးရေက ဆပွားကိန်းနှုန်းနဲ့ တိုးလာပြီး စာရေရိက္ခာထုတ်လုပ်မှုက ပေါင်းပွားကိန်းနှုန်းနဲ့ တိုးလာတယ် ဆိုတဲ့ အယူအဆ) ကို တိတ်တခိုး လက်ခံအခြေတည်စဉ်းစားသည်၊ ထို့အပြင် ရီကာဒို(Ricardo) ၏ တန်ဖိုးသီအိုရီနှင့် စဉ်းစားရာမှာ လုပ်ခတန်ဖိုးတစ်ခုတည်းကိုပဲ စဉ်းစားပြီးသကာလ ထုတ်လုပ်ပြီးပစ္စည်းများရဲ့တန်ဖိုးများကို ထည့်သွင်းစဉ်းစားပြောဆိုမှု မရှိခဲ့ပေ။ ဤနှယ်မှားယွင်းသော အခြေခံနှစ်ခုအပေါ်မှာရပ်ပြီး အလုပ်သမားများ သွေးစုပ်ခံနေရသည်ဆိုသော အစွန်းထွက်တန်ဖိုး အယူအဆကို မာ့ခ်စ်က ပုံဖော်ခဲ့ခြင်း ဖြစ်သည် ဟု ဘာထရန်ရပ်ဆယ်ကဆိုသည်။ ထိုကဲ့သို့ပုံဖော်ရာမှာ အချက်အလက်များ မှန်ကန်မှု နှင့် ကျိုးကြောင်းဆီလျော်မှု တို့အပေါ် အခြေမခံဘဲ အမုန်းတရား ထုတ်လုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည် ဟု ဘာထရန်ရပ်ဆယ်က စွပ်စွဲသည်။
နောက်တစ်ခုက မာခ့်စ်တင်ပြသော သမိုင်းရေးရာရုပ်ဝါဒအရ သမိုင်းဖြစ်ရပ်များသည် လူတန်းစားပဋိပက္ခများ အားဖြင့် တွန်းတိုးဖြစ်ပေါ်လာသည် ဆိုသည့် အယူအဆမှာ – လွန်ခဲ့သော တစ်ရာ့ငါးဆယ်ကျော် အင်္ဂလန်နှင့် ပြင်သစ်တို့တွင် ဖြစ်ပျက်ခဲ့သော ထင်ရှားဖြစ်ပျက်လက္ခဏာအချို့ကို ကွက်ကွက်ကလေး အလျင်စလို ကောက်ယူသုံးသပ်ပြီး မမှန်မကန် အဖြေထုတ်ထားခြင်းမှသာ ဖြစ်သည် ဟု ဘာထရန်ရပ်ဆယ်က ဆိုသည်။
သမိုင်းရေးရာရုပ်ဝါဒ (dialectical materialism) ဆိုသည့် စကြဝဠာအင်အားကြီးတစ်ခုက လူတို့၏ သမိုင်းဖြစ်စဉ်ကို လူသားတို့၏ စေတနာကံအားထုတ်မှုမပါရှိဘဲ စီမံအုပ်ချုပ်ဖြစ်ပျက်နေစေသည် ဆိုသော မာ့ခ်စ်၏ ယုံကြည်မှုမှာ ဒဏ္ဍာရီယုံတမ်းပုံပြင်မျှသာ ဖြစ်သည် ဟု ရပ်ဆယ်က တင်ပြသည်။ ခေတ်ပြောင်းတော်လှန်ရေး နှိုးဆော်သည့် သဘောတရားရေးသုခမိန် ကားလ်မာ့ခ်စ်အနေဖြင့် (လူတန်းစား) ရန်သူများကို အပြစ်ပေးနှိပ်ကွပ်လိုသော စိတ်ကို သူဦးစားပေးခဲ့လေရာ – သူ၏ သဘောတရားရေးရာ အမှားအယွင်းများသည် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့လေသည်။ သူ့နောက်တွင် သူ့လမ်းစဉ်ကို အကောင်အထည်ဖော်ကြသူများကြောင့် သာမန်ပြည်သူများ များစွာ ဒုက္ခရောက်ခဲ့ကြရသည်ကို ဘာထရန်ရပ်ဆယ် ထောက်ပြသည်။
မာ့ခ်စ်လက်ထက် အမှားအယွင်းများနှင့် မလုံလောက်နိုင်သေး ဟုပင်ဆိုရမည်လားမသိ၊ လက်နင်(Lenin) တို့ စတာလင်(Stalin) လက်ထက်တွင် များစွာကြီးကျယ်ဆိုးရွားသော ရက်စက်မှုများကို ကွန်မြုနစ်အယူဝါဒ တံဆိပ်အောက်၌ ကျူးလွန်ခဲ့ကြသည်။ စတာလင်လက်ထက် လျှိုဝှက်ပုလိပ်တပ်ဖွဲ့တို့ဖြင့် နှိပ်ကွပ်ခဲ့သည်များ၊ သာမန်အမှားအယွင်းလေးများကို အကြောင်းပြု ဖမ်းဆီးခဲ့ရသူများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ရက်စက်သော ဆိုဗီယက်အကျဉ်းစခန်းများသို့ လူသိန်းသန်းချီပို့ဆောင် နှိပ်ကွပ်ခဲ့သည်တို့မှာ ကားလ်မာ့ခ်စ်၏ အပြစ်များစွာပါဝင်သည် ဟု ဆိုရပေမည်။
တော်လှန်ရေး အပြောင်းအလဲကြားကာလ လူတန်းစားရန်သူများအပေါ် အနိုင်ယူပြီး ပစ္စည်းမဲ့လူတန်းစား အာဏာရှင်စနစ်အားဖြင့် ချီတက်သွားမည်ဆိုသည်ကို မာ့ခ်စ်က သင်ကြားခဲ့သည်မှာမှန်ပင်မှန်သော်လည်း မာ့ခ်စ် ရည်မှန်းသည့်လူ့အဖွဲ့အစည်းမှာ အနှစ်သာရအားဖြင့် ဒီမိုကရေစီဆန့်ကျင်သည့် anti-democratic လူ့အဖွဲ့အစည်း မဟုတ်ပေ။
သို့ရာတွင် ရည်မှန်းချက်သို့ လှမ်းလျှောက်ကြစဉ်ကာလအတွင်း မာ့ခ်စ်ဝါဒကို ထပ်ဆင့်လိုသလို ပုံဖော်ကာ တစ်ပါတီတည်းလက်ထဲ စတာလင် တစ်ဦးတည်းလက်ထဲ အာဏာများစုပုံထားသော ပစ္စည်းမဲ့အာဏာရှင်စနစ် လက်အောက် အသေအပျောက်အနာအကျင် အလွန်များခဲ့ရပါကြောင်း ဘာထရန်ရပ်ဆယ်က စိတ်မကောင်းကြီးစွာ တင်ပြခဲ့သည်။
KZO
(၀၄-၀၈-၂၀၂၁)
ကိုးကား –
၁။ Karl Popper ရေးသော “Open Society and Its enemies” အတွဲ (၂)၊
၂။ Bertrand Russell ရေးသော “Portraits from Memory”, published in 1956.
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၆)]
Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ

Arakan-related Books and Documents / ရခိုင်ရေးရာ စာအုပ်စာတမ်းများ