ဝတ်စ်ဖေးလီးယန်း အချုပ်အခြာနိုင်ငံများ အခင်းအကျင်း (Westphalian Order)

The entrance of Dutch envoy Adriaan Pauw into Münster *oil on canvas *100 × 161,5 cm *ca. 1646

ဝတ်စ်ဖေးလီးယန်း အချုပ်အခြာနိုင်ငံများ အခင်းအကျင်း (Westphalian Order)

ယနေ့နိုင်ငံတကာနိုင်ငံများ၏ အခင်းအကျင်းကို အကြမ်းဖျင်းအားဖြင့် ဝတ်စ်ဖေးလီးယန်း အချုပ်အခြာနိုင်ငံများ အခင်းအကျင်း (Westphalian Order) ဟု ခေါ်ဆိုနိုင်သည်။

၁၆၁၈-ခုနှစ်မှ ၁၆၄၈-ခုနှစ်အထိ ဖြစ်ပွားခဲ့သော ဥရောပ၏ အနှစ်သုံးဆယ် စစ်ပွဲအပြီးတွင် နွမ်းနယ်နေသော ဥရောပနိုင်ငံကြီးငယ် နယ်ပယ်ကြီးငယ်မှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များသည် (ယနေ့ခေတ် ဂျာမနီနိုင်ငံ) ဝတ်စ်ဖေးလီးယား (Westphalia) နယ်ထဲရှိ မြို့ငယ်နှစ်မြို့သို့ တဖွဲဖွဲရောက်ရှိလာကြကာ ရက်ပေါင်းများစွာ ဆွေးနွေးကြပြီးနောက် ဝတ်စ်ဖေးလီးယန်းငြိမ်းချမ်းရေးစာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ကြသည်။

ထိုစာချုပ်များပါ အကြောင်းအရာများကို နောက်ခံပြုလျက် (က) အချုပ်အခြာပိုင် နိုင်ငံကြီးငယ်မဟူ နိုင်ငံတကာအခင်းအကျင်းတွင် တန်းတူ ဖြစ်ရမည် ဆိုသည့် သဘောတရား နှင့် (ခ) တစ်နိုင်ငံ၏ ပြည်တွင်းရေးကို နောက်တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရ ဆိုသော သဘောတရားတို့ကို အခြေခံသော နိုင်ငံတကာ နိုင်ငံများ အခင်းအကျင်းအဖြစ် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ရာ ဤအခင်းအကျင်းကို ဝတ်စ်ဖေးလီးယန်း ကမ္ဘာ့ အခင်းအကျင်း (Westphalian World Order) ဟု ခေါ်ဆိုကြသည်။ လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းတွင် ဖော်ပြပါရှိသည့် နိုင်ငံတစ်ခု၏ ပြည်တွင်းစီရင်ပိုင်ခွင့်ကိစ္စများ၌ ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်မှု မပြုလုပ်စေဖို့ ဆိုသည့်အချက်မှာ ဝတ်စ်ဖေးလီးယန်းမူပင် ဖြစ်လေသည်။

ဤ ဝတ်စ်ဖေးလီးယန်း အခင်းအကျင်းသည် ယခင်ပေါ်ထွန်းခဲ့သော အောက်ပါအခင်းအကျင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်လေသည်။

(က) မြင့်မြတ်သောရောမအင်ပါယာ အယူအဆကိုအခြေခံလျက် ရိုမန်ကတ်သလစ် ပုတ်ရဟန်းမင်းကြီးက ဥရောပမင်းများကို သြဇာပေးသော နိုင်ငံတကာအခင်းအကျင်း၊

(ခ) မိုဟာမက်ကို ဆက်ခံသူက ခါလီဖာအဖြစ်အုပ်ချုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ခါလီဖိတ်အင်ပါယာ (တစ်နည်း အစ္စလမ်မစ်နိုင်ငံတော်) ၏ လက်အောက်မှာ ကျန်ကမ္ဘာအရပ်ရပ်အုပ်ချုပ်သူများ ရှိရမည် ဟူသော အခင်းအကျင်း အယူအဆ၊

(၈) တရုတ်အင်ပါယာသည် ဗဟိုချက်မ နိုင်ငံတော် (the middle kingdom) ဖြစ်ပြီး အနီးအနားနယ်ပယ်များသည် ပဏာဆက်နယ်မြေများသာ ဖြစ်သည် ဆိုသည့် အယူအဆကို အခြေခံသည့် အခင်းအကျင်း၊ – တို့နှင့် မတူကွဲပြား ဆန့်ကျင်ဘက် အခင်းအကျင်းပုံစံဖြစ်လေသည်။

ယနေ့ခေတ်ကာလတွင် အနောက်ကမ္ဘာ ဒီမိုကရေစီနိုင်ငံတော်တော်များများသည် ဝတ်စ်ဖေးလီးယန်း အခင်းအကျင်းအား အပြည့်အဝလက်ခံပုံမရဘဲ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု (humanitarian intervention) ပြုလုပ်ခွင့်ရှိသည် ဆိုသော အယူအဆကို ကိုင်စွဲထားကြပုံရသည်။

တရုတ် နှင့် ရုရှားတို့က ထိုသဘောတရားကို (အမေရိကန် နိုင်လိုမင်းထက်ကျသော ဖြစ်ရပ်များ၌) ဆန့်ကျင်သည်။ “လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု”၊ “ကန့်သတ် အချုပ်အခြာအာဏာ” စသည့် အယူအဆများ အထောက်အကူဖြင့် နိုင်ငံတကာအခြေခံမူများ ချိုးဖောက်ရန်ကြိုးပမ်းမှုများကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့က ၂၀၁၁-ခုနှစ်တွင် ပူးတွဲထုတ်ပြန်ဖူးသည်။

KZO (၀၃-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၄)]


Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ


Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s