(The Mog Nation Wiki, an archive)
လက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ရှိတဲ့ဗိုလ်တထောင်ပြည်နယ်နဲ့CJDC
DonBosco | Chin World | September 30, 2022
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားနေတယ် မဲမသာမာမှုရှိနိုင် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကအရေးပေါ်ကာလကြေညာပြီးတပ်မတော်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ ဆန္ဒဖော်ထုတ်မှုတွေဖြစ်လာကာ စစ်တပ်ရဲ့အင်အားသုံးပစ်ခတ်ဖြိုခွင်းမှုကြောင့် လက်နက်ကိုင်တော်လှန်ဖို့လိုတယ်ယူဆချက်နဲ့အထူးသဖြင့် ချင်း၊ကယား၊စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းဒေသအချို့မှာ ဒေသအလိုက် လက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို တော်လှန်လာတာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။
ချင်းဒေသမှာလည်း စစ်ကောင်စီကို တော်လှန်ဖို့အတွက် မြို့နယ်အလိုက်ဒေသအလိုက် လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်ပေါက်လာခဲ့ပြီး အခုဆိုရင် မြို့နယ် (၉) မြို့နယ်ရှိတဲ့ လူဦးရေ ၅ သိန်းခန့်ရှိတဲ့ ချင်းပြည်မှာ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၂၄ ခုအထိရှိလာခဲ့ပါတယ်။
နဂိုက မျိုးနွယ်စုနဲ့ဒေသအလိုက် လူမူရေး၊ဘာသာရေးကဏ္ဏတွေမှာအုပ်စုဖွဲ့လေ့ရှိတဲ့ချင်းပြည်နယ်မှာ နဂိုရှိပြီးသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNF/CNA ၁ခုပဲ စစ်အာဏာသိမ်းပြီးနောက် အင်အားကြီးထွားလာတာမဟုတ်ပဲ၊မြို့နယ်အလိုက်၊မျိုးနွယ်စုအလိုက် လက်နက်ကိုင်အဖွဲ့အသီးသီးပေါ်ထွက်လာတာကြောင့်လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြားမှာထိပ်တိုက်ပြသနာမရှိအောင် ညှိနှိုင်းစရာများစွာလိုနေတာပဲဖြစ်ပါတယ်။
အဲသလိုမြို့နယ်အလိုက်နဲ့ဒေသအလိုက် ပေါ်ထွက်လာတဲ့ ချင်းဒေသကာကွယ်ရေးတပ်တွေထဲက ၁၈ ဖွဲ့ဟာ စစ်ကောင်စီကို တစ်စုတည်းပူးပေါင်းပြီးတောင်လှန်မယ်ဆိုတဲ့ ပူးပေါင်းဆုံးဖြတ်ချက်နဲ့ Chinland Joint Defense Committee(CJDC)ကိုဖွဲ့စည်းပြီး စစ်ရေးသင်တန်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
CJDC အနေနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (၁၈) နဲ့ဖွဲ့စည်းထားပေမယ့်လည်း ဒေသအလိုက် လုပ်ပိုင်ခွင့်တွေကို စွက်ဖက်ခြင်းမရှိပဲ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ CJDC ရဲ့အတွင်းရေးမှုးအဖွဲ့ဝင် ၁ ဦးကပြောပါတယ်။
သူက “ မူဘောင်မှာလည်း ကိုယ့်ရဲ့မြို့နယ်တိုင်းမှာ ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမဟုတ်ပဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာချမှတ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ပူးတွဲစစ်ဆင်ရေးလုပ်တဲ့အချိန်မှာကျတော့ CJDC စစ်ရေးဌာနရဲ့ အမိန့်နဲ့သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဒါပေမယ့် စစ်ဆင်ရေးလုပ်မယ့် ဒေသရဲ့ ဒေသခံတပ်က စစ်ဦးစီးချုပ်နဲ့တိုင်ပင်ပြီးလုပ်ကြတယ်” လို့ပြောပါတယ်။
CJDC ရဲ့စစ်ရေးဌာနက အဖွဲ့ဝင် ၇ ဖွဲ့နဲ့ဖွဲ့စည်းထားပါတယ်။ စစ်ရေးဌာနရဲ့ အထွေထွေအတွင်းရေးမှုးက CNA ကဖြစ်ပြီး တွဲဖက်အတွင်းရေးမှုးက မင်းတပ်- CDF ကဖြစ်တယ်။ ပြီးတော့ အတွင်းရေးမှုး အဖွဲ့ဝင်ငါးဦးသန့်သန့်ရှိပါတယ်။
ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ ချင်းဒေသကာကွယ်ရေးတပ်တွေ တစ်စုတစ်ဖွဲ့တည်းနဲ့ တော်လှန်ရေးလုပ်နိုင်ဖို့ CJDC ရှိတာကောင်းတယ်လို့မြင်ပါတယ်။ တော်လှန်ရေးအင်အားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ယုံကြည်မှုတည်ဆောက်ဖို့အတွက်အရမ်းကောင်းပါတယ်။ စုဖွဲ့မှုအားကောင်းရင် တော်လှန်ရေးလည်းအားကောင်းမယ်။ ဒါကြောင့် ဒီအစုအဖွဲ့ရဲ့စုဖွဲ့မှုနဲ့ပတ်သက်ပြီး တံခါးကျယ်ကျယ်ဖွင့်ထားဖို့လိုပါတယ်။ တစ်ချို့ဒေသကာကွယ်ရေးတပ်ဖွဲ့ကို CJDC အဖွဲ့ဝင်ဖြစ်ဖို့လက်မခံတာမျိုးတော့မဖြစ်သင့်ဘူး။ အဲဒီအဖွဲ့တွေထဲကမှ တစ်ချို့ကို AA နဲ့ပေးစားနေတာမျိုးမဖြစ်သင့်ဘူး။ ရေရှည်မှာ ချင်းအချင်းချင်းကြား နိုင်ငံရေးအရ ယှဉ်ပြိုင်မှုကြီးထွားစေမှာကို စိုးရိမ်မိပါတယ်။ အခုလိုအခြေအနေတွေကြောင့် ရေရှည်မှာ MDF လိုမျိုးအဖွဲ့က AA နဲ့အလုံးစုံပူးပေါင်းသွားမှာမျိုးက ကောင်းတာမဟုတ်ဘူး။ စစ်နိုင်ငံရေးက နောက်ပြန်လှည့်တာမျိုးလွယ်တာမဟုတ်ပါဘူး။ ဥပမာ ရှမ်းတောင်ဖက်က SSA နဲ့ ရှမ်းမြောက်က SSPP လိုမျိုးဖြစ်သွားမှာစိုးရိမ်တယ်” လို့သုံးသပ်ပါတယ်။
သူကဆက်ပြီး “CJDC အနေနဲ့ ICNCC နဲ့လက်မတွဲပဲ အုပ်ချုပ်ရေးကို ယူမယ်ဆိုတာမျိုးလည်း သတင်းထွက်သေးတယ်။ CJDC အနေနဲ့ ICNCC ကိုကြားကာလအစိုးရအဖွဲ့ဖြစ်ပေါ်လာဖို့ တွန်းအားပေးတာမျိုးမဟုတ်ပဲ အုပ်ချုပ်ရေးပိုင်းကို ယူရင်တော့ စိုးရိမ်စရာဖြစ်တာပေါ့။ ပထမအချက်အနေနဲ့ CJDC မှာကလူငယ်များတော့ အုပ်ချုပ်ရေးပိုင်းမှာ လိုအပ်တဲ့အရည်အချင်းတွေလိုအပ်သေးတယ်။ ပြီးတော့ အုပ်ချုပ်ရေးအပိုင်းကတော့ အားလုံးပါဝင်နိုင်ရေးနဲ့ဆောင်ရွက်သင့်တယ်” လို့ပြောပါတယ်။
လက်ရှိအချိန်မှာ CJDC အနေနဲ့ အပတ်စဉ်သင်တန်းတွေလုပ်နေပါတယ်။ CJDC အားကောင်းဖို့ဆိုရင်တော့ ကာကွယ်ရေးတပ်တွေအပြင် ပြည်သူတွေအနေနဲ့ကော ပူးပေါင်းဖို့လိုတယ်လို့ အဖွဲ့ဝင်ဖြစ်သူဒေသကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ CJDC အနေနဲ့ စစ်ရေးလှုပ်ရှားမှုအပိုင်းနဲ့ပတ်သက်ပြီး CJDC တာဝန်ရှိသူတစ်ဦးက “CJDC အနေနဲ့စစ်ရေးအတွက်ကတော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမတစ်ခုကတော့ Special Force ဖြစ်ပါတယ်။ အဲဒီမှာ မြို့နယ်တိုင်းနဲ့ဒေသအလိုက်ကာကွယ်ရေးတပ်တွေက လွှတ်ထားတဲ့တပ်သားတွေရှိပါတယ်။ CNA ကလွှတ်ထားတာလည်းရှိတယ်။ အဲဒါတွေပူးပေါင်းပြီးတော့ စစ်ဆင်ရေးတွေလုပ်တာဖြစ်ပါတယ်။ နောက်ပိုင်းကျရင်လည်း သင်တန်းတွေကို အပတ်စဉ်အလိုက်ဆက်လုပ်ဖို့ရှိပါတယ်’” လို့ပြောပါတယ်။
လက်ရှိအချိန်မှာ အခြားလက်နက်ကိုင်တွေလိုပဲ CJDC အနေနဲ့ လူအင်အား၊ လက်နက်အင်အားတွေလိုအပ်ဆဲဖြစ်တဲ့အတွက် ဦးဆောင်ကော်မတီတွေအနေနဲ့လည်း ဘယ်ဒေသကဖြစ်ဖြစ် CJDC ကို အကူအညီပေးဖို့ဖိတ်ခေါ်လျက်ရှိနေပါတယ်။
CJDC ရဲ့ရည်မှန်းချက်ကတော့ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်ဟာ လွတ်မြောက်နယ်မြေဖြစ်လာဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အခုလက်ရှိမှာ ရည်မှန်းချက်အောင်မြင်နိုင်ဖို့အတွက်ဆောင်ရွက်နေသလို၊ ဒေသကာကွယ်ရေးတပ်တွေအကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့လွှမ်းမိုးမှုမရှိအောင် သတိထားဆောင်ရွက်နေတယ်လို့ CNDF ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သူက “အဖွဲ့ဝင်တွေကြားမှာ ဆွေးနွေးမှုအများကြီးရှိပါတယ်။ အစည်းအဝေးတောင် စတုတ္ထအကြိမ်ထိလုပ်ပြီးနေပါပြီ။ အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားယုံကြည်မှုမနည်းတည်ဆောက်ရတဲ့ အချိန်တွေရှိသလို အခုဆိုရင် ပိုပြီးကောင်းလာပါပြီ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့လွှမ်းမိုးမှုမရှိပဲ ကျွန်တော်တို့အားလုံးလိုချင်တဲ့ဟာကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား လွှမ်းမိုးမှုမရှိအောင်လည်း ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ပြောပါတယ်။
ချင်းနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သူကတော့ “ CNF က CJDC ကိုချုပ်ကိုင်ပြီး ချင်းနိုင်ငံရေးကို ထိန်းချုပ်ချင်တဲ့သဘောတွေလည်းရှိတယ်လို့မြင်တယ်။ အဲဒါက အတော်အန္တရယ်ကြီးတဲ့အရာဖြစ်တယ်။ စစ်တပ်ကတော့ အုပ်ချုပ်ရေးလိုင်းမဟုတ်ဘူး။ အဲဒါတော့ သူတို့လည်းရှင်းမှာပါ။ ဒေသတွင်းကခေါင်းဆောင်တွေ၊ ပါတီ၊ အတတ်ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလိုမျိုးအားလုံးပါဝင်တဲ့ပုံစံမျိုးနဲ့ အုပ်ချုပ်ရေးကတော့ သွားသင့်တယ်။ CJDC တစ်ခုတည်းနဲ့တော့ ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူး” လို့သူ့အမြင်ကိုပြောပါတယ်။
စိန်ခေါ်မှုတွေများနေပေမယ့် ချင်းဒေသကာကွယ်ရေးလက်နက်ကိုင်အဖွဲ့အစည်းအများစု စုဖွဲ့ထားတဲ့ CJDC မှာ EAO အဖွဲ့ဖြစ်ပြီး အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ချင်းလက်နက်ကိုင်တပ်ရင်း CNF/CNA ပါဝင်နေသလို တိုက်ပွဲတွေမှာလည်း ချင်းဒေသကာကွယ်ရေးတပ်တွေပူးပေါင်းလျက်ရှိပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်တွေပူးပေါင်းတဲ့ CJDC အနေနဲ့ သြဂုတ်လ (၁၁) ရက်နေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားမှုတွေမှာ စစ်ကောင်စီတပ်ဖက်က ၉၇၇ ဦးနဲ့ CJDC ဖက်က ၅၃ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
CJDC ဟာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့အများစု စုဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် CJDC ရဲ့အရိပ်အောက်မှာ အဖွဲ့တွေအားလုံး တစုတစည်းတစိတ်ဝမ်းတည်းစည်းစည်းလုံးလုံးနဲ့ ဆက်သွားနိုင်မလားဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
End Notes and External links
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter