စာတစ်စောင်၏ အတ္ထုပ္ပတ္တိ (၂၄)

(The Mog Nation Wiki, an archive)


စာတစ်စောင်၏ အတ္ထုပ္ပတ္တိ (၂၄)

၃၇၃။ NUG က တစ်တိုင်းပြည်လုံး ခုခံတိုက်ခိုက်ကြဆိုတဲ့ Dday ကြေညာတာနဲ့ အချိန်ကိုက် တရုတ်အာဘော် Golbal Times သတင်းစာက ဗမာပြည်မှာ ပြည်တွင်းစစ်ကြီးတစ်ခု စတင်တော့မလားဆိုတဲ့ အယ်ဒီတာ့အာဘော်တစ်ခု ဖော်ပြပါတယ်။ အဲ့ဒီ့မှာ အချက်နှစ်ချက် ထောက်ပြပါတယ်။ ပထမအချက်က အမေရိကန်နဲ့အနောက် အုပ်စုဟာ PDF နဲ့ စစ်တပ်ဆန့်ကျင်တဲ့အုပ်စုတွေကို ပြောင်ပြောင်ပဲ ထောက်ခံပြီး လက်နက်ထောက်ပံ့ရင် ပြည်တွင်းစစ် ဖြစ်လာမယ်။ ဒုတိယအချက်က NLD ကိုယ်တိုင် (NUG ကို ဆိုလိုခြင်းမဟုတ်)လက်နက်ကိုင် တော်လှန်ရင် ပြည်တွင်းစစ်ဖြစ်မယ်လို့ ဆိုပါတယ်။

၃၇၄။ တကယ်ကတော့ ဒီအာဘော်ဟာ တရုတ်က
မြန်မာ့အရေးအတွက် အမေရိကန်နဲ့ အနောက်အုပ်စုကို လှမ်းသတိပေးတာပါ။ ဒီအာဘော်ရဲ့ ခေါင်းစဥ်ကိုက
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေ မြန်မာ့ပြည်တွင်းစစ်ကို အားပေးခြင်းမှ ရှောင်သင့်တယ်”လို့ တပ်ထားတာပါ။
ဒီအာဘော်ထဲမှာပဲ မြန်မာတွေကိုယ်တိုင် ပဋိပက္ခတွေကို ဗုံးကြဲပြီး ရှင်းမှာလား ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်ရေးမူကို ရွေးမှာလားဆိုတာ ဆုံးဖြတ်ရမဲ့အချိန်လို့ သတိပေးပါတယ်။

၃၇၅။ တရုတ်အနေနဲ့ကတော့ ပြည်တွင်းရေး ဝင်ရောက်
မစွတ်ဖက်ရေးမူကိုလိုက်နာပြီး တရုတ်အတွက် မြန်မာ့ငြိမ်းချမ်းရေးဟာ အရေးအကြီးဆုံးလို့ ဆိုသလို မြန်မာပြည် ဗရမ်းဗတာဆက်ဖြစ်နေမယ်ဆိုရင် ဒုက္ခသည်ပြသနာတွေ။ တရုတ်ရင်းနှီးမြှပ်နှံမှုနဲ့ တိုက်ပွဲတွေဟာ တရုတ်ပြည်ထဲထိရောက်ရှိလာနိုင်မှုကို ထောက်ပြပြီး အနောက် အုပ်စုရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း အဲ့ဒီ့အာဘော်မှာ ဆက်ဖော်ပြထားပါတယ်။

၃၇၆။ တရုတ်က ဒီလိုအာဘော်ထုတ်ထားပေမဲ့ သမိုင်းအရတော့ ဗမာ့ပြည်တွင်းရေးကို အစွတ်ဖက်ဆုံးဟာ တရုတ်ဖြစ်သလို ဗမာပြည်ထဲ စစ်ကို မွေးမြူထားသူဟာလည်း တရုတ်ပါ။ သမိုင်းစဥ်ထဲ “ဗကပ”ကို လူသူလက်နက် ပြုံအောထောက်ပံ့ပြီး သြဇာခံစစ်လုံးလုံးဖြစ်ဖို့ စီစဥ်ခဲ့တဲ့ တရုတ်ဟာ နိုင်ငံတကာအခင်းအကျင်းအောက်မှာပဲ ဗကပကို ဖြိုခွဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစားထိုးလို့ တစ်ဖက်မှာလည်း အာဏာရ ​စစ်အုပ်စုကို တလျှောက်လုံး ပြုံအောထောက်ပံခဲ့ရုံမက နိုင်ငံတကာ သံတမန်အခင်းအကျင်းမှာလည်း အမြဲ အကာအကွယ်ပေးခဲ့သူပါ။

၃၇၇။ UWSA ရဲ့ နှစ် (၃၀) ပြည့်မှာ စစ်ချီပြသခဲ့တဲ့ တရုတ်လုပ် မဟာဗျူဟာမြောက်လက်နက်တွေဟာ အစိုးရချင်းသာ ရောင်းဝယ်ခွင့်ရှိတဲ့ လက်နက်မျိုးတွေဖြစ်သလို ဒါဟာ တရုတ်အစိုးရအဖွဲ့ သဘောထားမပါရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတွေပါ။ ဒီလက်နက်တွေဟာ UWSA ကတဆင့် တခြားသူပုန်အဖွဲ့တွေဆီ ဘယ်လောက်စီးဆင်းနေတယ်ဆိုတာ မသိနိုင်ပေမဲ့ ဒါဟာ တရုတ်ရဲ့
မြန်မာပေါ်လစီနဲ့ သူထောက်ပံထားတဲ့ သူပုန်တွေအပေါ် သြဇာလွှမ်းမိုးမှုကို ခန့်မှန်းနိုင်ပါလိမ့်မယ်။

၃၇၈။ ဒီတော့ ဗမာ့နိုင်ငံရေးမှာ တရုတ်ဟာ သူပုန်ရော အစိုးရအပေါ်မှာရော သြဇာလွှမ်းထားတဲ ပလေယာဖြစ်နေသလို “ဘုရားကိုးဆူဆရာ”လိုပဲ ပြည်တွင်းစစ်ကို နေရာချသူအပြင် ​ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း တရုတ်ဟာ အားလုံးအသိအမှတ်ပြုထားရတဲ့ မပါမဖြစ် ပလေယာဖြစ်လာရပါတယ်။ စစ်တပ်ကို ပေး။ သူပုန်ကိုကျွေးရင်း သြဇာလွှမ်းသူဟာ တရုတ်ဖြစ်လာပြီး စစ်တပ်ကလည်း သူရဲ့ နှစ်ပေါင်းများစွာ သံတမန် အထီးကျန်မှုအရရော စီးပွားရေးအရပါ တရုတ်အပေါ် အလွန်အကျွံ မှီခိုခဲ့ရပြီးတဲ့နောက် “တရုတ်ကို ကြောက်နေရပါတယ်” လို့ ထုတ်ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၃၇၉။ တရုတ်ဟာ သူ့ရဲ့မဟာဗျူဟာမြောက်အကျိုး စီးပွားတွေအတွက် ဗမာပြည်ကို သူ့ထီးရိပ်အောက်က တည်ငြိမ်တဲ့ နိုင်ငံတစ်ခုဖြစ်စေချင်တာ အမှန်ပါ။ ဒါပေမဲ့ တရုတ်လိုချင်တဲ့ တည်ငြိမ်မှုဆိုတာ မြန်မာပြည်ကြီး ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ တည်ငြိမ်မှုမျိုးမဟုတ်ပါ။ သူတို့ ထိန်းချုပ်နိုင်တဲ့ မတည်ငြိမ်မှုမျိုးကိုပဲ လိုလားတာပါ။ ဒါကြောင့် တက်လာသမျှ အစိုးရကို လွှမ်းမိုးထားဖို့ လိုသလို အစိုးရကို ခြိမ်းခြောက်နိုင်မဲ့ သူတို့ရဲ့ လက်ဝေခံစစ်တစ်ခုလည်း ​ဗမာ့ပြည်ထဲ အမြဲရှိနေရပါမယ်။ ဒါကြောင့် ဗမာပြည်ကြီး လုံးဝငြိမ်းချမ်းသွားမှာကို မလို လားဆုံးဟာ တရုတ်ပါပဲ။

၃၈၀။ တစ်ဖက်မှာလည်း တရုတ်ဟာ သူတို့ ရေရှည် အကျိုးစီးပွား ဗဟာဗျုဟာဂွင်ထဲက ဗမာပြည်ကို
ဒီမိုကရေစီတိုက်ပွဲကတဆင့် အနောက်သြဇာလွှမ်း
နေတာကိုလည်းမလိုလားနိုင်ပါ။ အနောက်နဲ့ မနီးစပ်ပဲ
သူတို့ထိန်းချုပ်နိုင်တဲ့ အစိုးရတစ်ရပ်နဲ့ သူတို့ သြဇာလွှမ်းထားနိုင်တဲ့ ပြည်တွင်းစစ်တစ်ခုနဲ့ ချိန်ညှိထားနိုင်တဲ့ အခြေအနေကိုပဲ လိုလားတာပါ။ မြင်သာအောင်ပြောရရင် ဗမာပြည် ဘယ်အာဏာရအစိုးရကိုမဆို အဆင်ပြေအောင်ဆက်ဆံဖို့နဲ့ တက်သမျှအစိုးရ နဖားကြိုးထိုးထားနိုင်ဖို့ သူပုန်တွေကို နဖားကြိုးအဖြစ် သုံးတာပါပဲ။ တစ်နည်းအားဖြင့် ဗမာအာဏာရအဆက်ဆက်ကို ထိန်း ကျောင်းနိုင်ဖို့နဲ့ အကြပ်ကိုင်ဖို့ သူပုန်တွေကို သူ့သြဇာခံအဖြစ် ထောက်ပံ့ထားတာပါပဲ။ ဒါကြောင့် တရုတ်ဟာ ဗမာပြည်တွင်းစစ်ရဲ့ အရင်းခံတစ်ခုပါ။

၃၈၁။ တရုတ်နဲ့ ဆန့်ကျင်ဘက် အမေရိကန်နဲ့ အနောက် အုပ်စုကလည်း သူတို့ရဲ့ အရင်းရှင်စနစ် အကျိုးစီးပွားအောက် ဗမာ့အရေးကို သမိုင်းအကွေ့တိုင်း နည်းမျိုးစုံနဲ့ ခြေရှုတ်ခဲ့သလို ဗမာ့ဒီမိုကရေစီအရေးကိုလည်း ၈၈ ကနေစလို့ တလျှာက်လုံးထောက်ပံ့အားပေးခဲ့ပေမဲ့ ဗမာ့အရေးကို စစ်ရေးနဲ့ ဖြေရှင်းဖို့ ဘယ်တော့မှ မရည်ရွယ်ခဲ့သလို တရုတ်လိုလည်း ဘယ်တော့မှ မထောက်ပံ့ခဲ့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာတောင် ဖြေရှင်းရခက်မှာစိုးလို့ ကြားဖြတ်အစိုးရတောင်းဆိုမှုတောင် အနောက် အုပ်စုက လက်မခံပါ။ ဗမာ​ပြည်အရေးအတွက်အနောက် အုပ်စုရဲ့ အမြင့်ဆုံးရည်မှန်းချက်ဟာ စစ်အုပ်စုရဲ့ အရှိတရားနဲ့ NLD ရဲ့ လူထုအားကို ပေါင်းစပ်ပေးဖို့ပါပဲ။
ဒီ့အတွက် ထွပ်ရပ်လမ်းဟာ ဒိုင်ယာလော့ပါပဲ။ UN အပါအဝင် နိုင်ငံတကာရဲ့ သဘောထားကလည်း အမေရိကန်နဲ့ ထပ်တူပါပဲ။

၃၈၂။ ဒါဟာ ဒီနွေဦးအထိ အနောက်အုပ်စုရဲ့ ရပ်တည် ချက်ပါ။ ဒီလို စစ်ရေးနည်းနဲ့ မဖြေရှင်းချင်တာလည်း တရုတ်ကြောင့် မဟုတ်ပါဘူး။ ဗမာစစ်တပ်ဆိုတာ ကွန်မြူနစ်ကို လက်တွေ့တိုက်ပေးခဲ့တဲ့အနောက်အုပ်စုရဲ့ မဟာမိတ်ဖြစ်နေလို့ပါပဲ။လက်နက်ကိုင်တော်လှန်ရေးကို လက်မခံနိုင်တာကလည်း တလျှောက်လုံး ဗမာပြည်အပေါ်ထားတဲ့ တရုတ်ပေါ်လစီကို လက်မခံတာဖြစ်သလို တရုတ်ကျောထောက်နောက်ခံ လက်ဝဲတွေရဲ့ နည်းနာဖြစ်နေလို့ပါပဲ။

၃၈၃။ ဒီနွေဦးမှာလည်း အနောက်အုပ်စုဟာ နွေဦးအရေးကို ထောက်ပံမှုမျိုးစုံနဲ့ ဗမာ့နိုင်ငံရေးကို ဝင်ရောက်စွတ်ဖက်မှာ သေချာပေမဲ့ စစ်ပွဲကိုတော့ အားမပေးပါ။ သူတို့ရဲ့ ဗျုဟာကလည်း နဂိုအတိုင်း ပိတ်ဆို့မှုပေါင်းစုံနဲ့ ဖိအားပေးလို့ စစ်တပ်ကို ဒိုင်ယာလော့ကျုံးထဲ ဆွဲသွင်းဖို့ပါပဲ။ ဒါကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး “ရှားမန်း”က ဒေါ်ဇင်မာအောင်နဲ့ တွေ့စဥ်မှာ “အာဏာမသိမ်းခင် နဂိုအခြေအနေ ပြန်လည်ရောက်ရှိရေးဆီ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ လုပ်ဆောင်သူအားလုံးကို ဆက်လက်ထောက်ခံသွားမယ်” လို့ပဲ ပြောခဲ့တာပါ။

၃၈၄။ ဒါဟာ အမေရိကန်အနေနဲ့ ဗမာလက်ဝဲတွေနဲ့ ပြည်ပြေး NLD တစ်စုရဲ့ လက်နက်ကိုင်တော်လှန်ရေးအထိ တိုးမြင့်ထားတဲ့ နွေဦးတစ်စုံလုံးကို လက်မခံဘဲ ၂၀၀၈ အောက် ပြန်သွားဖို့ကိုပဲ တိုက်တွန်းတောင်းဆိုတာ ဖြစ်သလို ဒီကနေ့အထိ အမေရိကန်အနေနဲ့ ဗမာ့အရေးကို ကိုင်တွယ်ရာမှလည်း အာဆီယံကနေတဆင့်ပဲ လုပ်ကိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဗမာ့ဒီမိုကရေစီခေါင်း ဆောင်ဆိုတဲ့ ဒေါ်စုနဲ့ ဗမာ့ဒီမိုကရေစီအရေးကို အနောက် အုပ်စုက စိတ်ပျက်ခဲ့တာ ကြာလှပါပြီ။

၃၈၅။ ဒါဆိုရင် သူခိုးက လူပြန်ဟစ်သလို တရုတ်က
အမေရိကန်ကို လက်ညှိုးထိုးပြီး ဗမာပြည်မှာ စစ်မဖန်တီးနဲ့လို့ ပြောင်းပြန်လှန် ပြောနေတာဟာ ဘာကို ကြံရွယ်နေပါသလဲ။ ဒါ့အပြင် ဒီနွေဦးမှာ တရုတ်က ဗမာ့အရေးမှာ စစ်မလိုလားဘူးလို့ တစ်ဖက်က ပြောနေပေမဲ့ တရုတ်လက်မခံရင် ဘာမှလုပ်မရတဲ့ တရုတ်သြဇာခံ ဗမာလက်ဝဲတွေက လက်နက် ကိုင်တော် လှန်ရေးလို့ ဘာလို့ ဇွတ်အော်ပြီး တပ်ထောင် မောင်းတင် စစ်ပြင်နေရပါသလဲ။ ဒါတွေဟာ နွေဦးကို အကြောင်း ပြုပြီး တရုတ်ရဲ့ ဗမာ့ပြည်တွင်းစစ် အခင်းအကျင်းသစ်တစ်ခု ဖန်တီးဖို့
တစ်ဖက်လှည့် ဖန်တီးချက်လား။

၃၈၆။တကယ်တော့ ရုန်းမထွက်နိုင်တဲ့ တရုတ်နွံနဲ့ တရုတ်အန္တရာယ်ကို ဗမာစစ်အုပ်စုက ၂၀၀၃ လောက်ကတည်း က နားလည်ခဲ့ပါတယ်။ ဒီတရုတ်နွံက ရုန်းထဖို့ ဆိုရင် အနောက်ကို မျက်နှာမူရပါမယ်။ အနောက်ကို မျက်နှာမူဖို့ ဆိုရင် စစ်အာဏာရှင်စနစ်နဲ့ အာဏာကို ချုပ်ကိုင်ထားဖို့ မဖြစ်နိုင်သလို ဒီမိုကရေစီပြောင်းလဲမှုတွေကို မဖြစ်မနေ လုပ်ရမှာပါ။ ဒေါ်စုကိုလည်း လွှတ်ပေးပြီး ဒီမိုကရေစီအခင်းအကျင်းထဲ ပါဝင်ခွင့်ပြုရပါမယ်။ ဒီ့အတွက် စစ်အုပ်စုက အနောက်ကို မျက်နှာမူဖို့ အားထုတ်မှု အနေနဲ့ Road Map (၇) ချက်ကို ထုတ်ပြန် ၂၀၀၈ ​ခြေဥကို ပြဌာန်းလို့ သူတို့ရဲ့ ဒီမိုကရေစီ အခင်း အကျင်းသစ်တစ်ခုကို စတင်ရွေ့ပါတယ်။ ဒေါ်စုကိုလည်း ပြန်လွတ်ပေးပြီး အခင်းအကျင်းသစ်ထဲ ပါဝင်စေပါတယ်။

၃၈၇။ ဒါကို အမေရိကန်ကလည်း နားလည်ပါတယ်။ အနောက်အုပ်စုကလည်း ဒီအရွေ့ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဖြစ် လက်ခံပါတယ်။ အနောက်အုပ်စုရဲ့ ပေတံမှာ ရွေးကောက်ပွဲရှိတာဟာ ဒီမိုကရေစီ ရှိတာပါ။
ဒီအကျိုးဆက်ကတော့ ၂၀၁၂ နိုဝင်ဘာမှာ အိုဘာမား မြန်မာပြည်ရောက်လာပါတယ်။ ဒါ့အပြင် ၁၉၆၆ ဗိုလ်နေဝင်းရဲ့ အမေရိကန်ခရီးစဥ်နောက်ပိုင်း အနှစ် (၅၀) အလွန် အိမ်ဖြူတော်ရဲ့ဖိတ်ခေါ်ချက်နဲ့ ပထမဆုံးအကြိမ် ၂၀၁၃ မှာ ဥိီးသိန်းစိန်ဟာ အမေရိကန် ခရီးစဥ် သွား ရောက်ပါတယ်။ ထို့အတူပဲ နှစ်ပေါင်းများစွာ ပိတ်ဆို့ခံထားရတဲ့ စစ်အုပ်စုဟာလည်း နိုင်ငဲတကာဆက်ဆံရေးမှာ အနောက်အုပ်စုအထိ ခြေဆန့်နိုင်ခဲ့တာဟာ ၂၀၁၆
ဘရပ်ဆဲလ်မှာ လုပ်တဲ့ EU ရဲ့ စစ်ဖက်ဆိုင်ရာ ကော်မတီအစည်းအဝေးမှာ တပ်ချုပ်မင်းအောင်လှိုင်ဟာ ဗမာအရေးကို တက်ရောက်ရှင်လင်းပြောကြားနိုင်တဲ့အထိ တိုးတက်ရောက်ရှိသွားပါတယ်။

၃၈၈။ စစ်အုပ်စုရဲ့ ဒီအရွှေ့ဟာ တရုတ်အတွက်တော့ စိုးရိမ်မကင်း ဖြစ်စရာပါ။ ပိုဆိုးတာက သမ္မတဦးသိန်းစိန်ဟာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့ ၂၀၁၁ စက်တင် ဘာကစပြီး တရုတ်-မြန်မာဆက်ဆံရေးဟာ မေးခွန်းဖြစ်လာပြီး နိုဝင်ဘာမှာ တပ်ချုပ်ရဲ့ ဗီယက်နမ် ခရီးစဥ်ဟာ တရုတ်အတွက်တော့ စိတ် ပျက်စရာ ဖြစ်သွားပါတယ်။ အဲ့ဒီ့အချိန်ဟာ တောင်တရုတ်ပင်လယ်ထဲက နယ်နိမိတ်အငြင်းပွားမှုတွေနဲ့ တရုတ်-ဗီယက်နမ်ကြား တင်းမာနေချိန်ပါ။ ဒါ့အပြင် ဒါဟာ ဗမာ တပ်ချုပ်ရဲ့ ပထမဆုံးခရီးစဥ်ပါ။

၃၈၉။ ၂၀၁၇ ဇူလိုင်မှာ တပ်ချုပ်ရဲ့ အိန္ဒိယခရီးစဥ်မှာတော့ တရုတ်ရဲ့ စိုးရိမ်မှုဟာ ရေငုံမနေနိုင်တော့ပဲ ဖွင့်ပြောတဲ့အထိ ပွင့်ကျလာပါတယ်။ အိန္ဒိယဟာ ဗမာတပ်ချုပ်ကို ကောဇောနီခင်းပြီး ကြိုဆိုခဲ့တာပါ။ ဒီခရီးစဥ်အတွက် တရုတ်အာဘော် Global Time သတင်းစာမှာ “မြန်မာအနေနဲ့ အိန္ဒိယရပ်တည်ချက်ကို ထောက်ခံတဲ့ ရူးမိုက်တဲ့လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်။ လုပ်ရင်တော့ မြန်မာအနေနဲ့ တရုတ်ရဲ့ ကုန်သွယ်မှု အဆက်အသွယ် ဖြတ်တောက်မှု အန္တရယ်နဲ့ ရင်ဆိုင်ရမယ်”လို့ ရေးသားပြီး ခြိမ်းခြောက်လိုက်ပါတယ်။ ဒီလို တရုတ်ခြိမ်းခြောက်မှုကို ဗမာစစ်အုပ်စုကလည်း ဆန့်ကျင်ပြီး အိန္ဒိယခရီးအပြီးမှာ ဂျပန်ကို ဆက်သွားပါတယ်။ အဲ့ဒီ့စဥ်က အရှေ့တရုတ်ပင်လယ်ထဲ ကျွန်းပိုင်ဆိုင်မှုကိစ္စအတွက် တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန်ပါပဲ။

၃၉၀။ အိမ်နီးချင်းနိုင်ငံနှစ်ခုရဲ့ဒီလို ပျက်ယွင်းလာနေတဲ့ ဆက်ဆံရေးကို ဖားထေးဖို့ မြန်မာစစ်တပ်ဘက်ကလည်း ​ပြန်ကြိုးစားသလို တရုတ်အနေနဲ့လည်း မြန်မာနဲ့ဆက်ဆံရေးမှာ ပြုပြင်ရမဲ့ ပေါ်လစီတွေကို ရှာဖွေလာပါတယ်။ မြန်မာတပ်ချုပ်ဟာ ဗီယက်နမ်ခရီးစဥ်အပြီး နှစ်ပတ်လောက်အကြာ ၂၀၁၁ နိုဝင်ဘာမှာပဲ တရုတ်ပြည် သွားခဲ့သလို ၂၀၁၃ မှာလည်း ထပ်မံသွားရောက်ပြန်ပါတယ်။ တရုတ်အနေနဲ့ကတော့ သူတို့ရဲ့ ပြုပြင်ထားတဲ့ ဗမာပေါ်လစီအရ ဦးသိန်းစိန်အစိုးရကို လွှမ်းမိုးထားနိုင်ဖို့ ဆက်ကြိုးစားသလို တရုတ်ရဲ့ လူလည်ကျထားတဲ့ မူဖြစ်တဲ့ အစိုးရချင်းဆက်ဆံရေးအပြင် ပါတီချင်းဆက်ဆံရေးအရ NLD နဲ့ နီးစပ်အောင် ကြိုးစားလာပါတယ်။ တစ်ဖက်လည်း စစ်တပ်ကို ဖိအားပေးဖို့ ကိုးကန့်နဲ့ MNDAA တိုက်ပွဲတွေ ပြန်စလာပါတော့တယ်။

၃၉၁။ ဒီလို စူပါပါဝါတွေရဲ့အရွေ့နဲ့ စစ်အုပ်စုရဲ့အရွှေ့ ကြား ဖြစ်လာတဲ့ အခင်းအကျင်းသစ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကို တစ်ပြည်လုံးထောက်ခံမှုနဲ့ ချဲ့ထွင်ဖို့ ဘာမူနဲ့ လုပ်ငန်းစဥ်မှ မရှိဘဲ အာဏာရရေးသက်သက်လောက်အတွေးနဲ့ ၂၀၀၈ အခင်းအကျင်းအောက် ဝင်ခဲ့သူဟာ လူထုထောက်ခံမှုကလွဲရင် ဘာနိုင်ငံရေးမှ မရှိတဲ့ ဒေါ်စုနဲ့ NLD ပါပဲ။ ဒါကို NLD ခေတ်မှာပဲ လူထုဟာ ဒီမိုကရေစီအရသာကို သိသလိုလို ပြောနေဆိုနေတဲ့ နိုင်ငံ ရေးသမားတွေလည်း အခုထိ ရှိနေဆဲပါ။ ဒီလိုအရူးတွေများနေလို့လည်း ဗမာ့ဒီမိုကရေစီအရေးဟာ ခုထိ ဘာမှ
မဖြစ်သေးတာပါ။

၃၉၂။ ၂၀၀၈ အောက် NLD အာဏာရပြီး နီပေါတစ်ခေတ်ဆန်းချိန် အနောက် အုပ်စု မျှော်လင့်ထားသလို ဘာတစ်ခုမှ ဖြစ်မလာဘဲ ဒီမိုကရေစီစံတွေကို NLD ကိုယ်တိုင် ဦးဆောင်ချိုးဖောက်လာချိန်မှာတော့ အနောက်ရဲ့ ထောက်ခံမှု လည်းတဖြည်းဖြည်းကျဆင်းလာသလို ဒေါ်စုရဲ့ ဒီမိုကရေစီအိုင်ကွန်လည်း ပျက်ဆီးခဲ့ရပြီး သူရခဲ့တဲ့ဆုတွေလည်း လုံးပါးပါးခဲ့ရပါတယ်။ ဒါဟာ တရုတ်ပေါ်လစီ အပြောင်းအလဲရဲ့အောင်မြင်မှုတွေပါ။

၃၉၃။ NLD အာဏာမရမီ ၂၀၁၅ ဇွန်လမှာ တရုတ်ကွန်မြူ နစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ဒေါ်စုဟာ တရုတ်ကို (၅) ရက်ကြာ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ဒေါ်စုရဲ့ ပထဆုံးခရီးစဥ်ဖြစ်သလို အာဏာရပြီး ၂၀၁၆ သြဂုတ်မှာလည်း တရုတ်ကို သွားရောက်ခဲ့ပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၉ မှာလည်း တရုတ်ရဲ့ BRI ဖိုရမ်တက်ရောက်ဖို့ တရုတ်ကို
သွားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒေါ်စုဟာ တရုတ်ရဲ့ BRI အကောင် အထည်ဖော်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဖြစ်လို့ပါပဲ။

၃၉၄ ။ ကချင်အရေး ရခိုင်အရေးတွေဖြစ်ချိန် ဒေါ်စုအစိုး ရနဲ့ စစ်တပ် လုံးထွေးနေပေမဲ့ ရိုဟင်ဂျာအရေး ဖြစ်လာချိန်မှာတော့ စစ်အုပ်စုနဲ့ NLD ဟာ တသားတည်းဆိုတာ အနောက်အုပ်စုက သေချာ သဘောပေါက်သွားပါတယ်။ ရိုဟင်ဂျာအရေးဖြစ်ပြီးနောက် ဆိုးရွားလာတဲ့ နိုင်ငံတကာ မျက်နှာစာနဲ့ UN မှာ မြန်မာအတွက် ခိုင်ခိုင်မာမာ ကာကွယ်ရပ်တည်ပေးသူဟာ တရုတ်ပဲ ဖြစ်လာပါတယ်။
ဒီ့အတွက် စစ်အုပ်စုရဲ့ အနောက်မျှော်အရွေ့လည်း ပျက်စီးသွားပြီး NLD ရော စစ်အုပ်စုပါ တရုတ်ထီးရိပ်အောက်က ရုန်းထွက်မရ နိုင်ခဲ့ပါ။ နိုင်ငံတကာဖိအားတွေများနေချိန် ၂၀၁၇ နိုဝင်ဘာမှာ တပ်ချုပ်ဟာ တရုတ်ကိုချစ်ကြည် ရေးခရီး ထွက်ရပြန်ပါတော့တယ်။ ၂၀၂၀ ဇန်နဝါရီမှာတော့ တရုတ်-မြန်မာ သံတမန်နှစ် (၇၀) အကြောင်း ပြလို့ ရှီကျင့်ဖျင် မြန်မာပြည်ရောက်လာပြီး ဒေါ်စုအစိုးရနဲ့ သဘောတူညီချက် (၃၃) ချက် လက်မှတ်ရေးထိုးသွားပါတယ်။

၃၉၅။ အနောက်နဲ့ ခွာပြဲသွားတဲ့ ဗမာ့ဒီမိုကရေစီ ပြောင်း လဲမှုဟာဟာလည်း တရုတ်ရဲ့ ဗမာဗျုဟာအောက် ရောက်ရှိသွားချိန်မှာတော့ တရုတ်အတွက် သူတို့ ထံက ရုန်းထွက်မဲ့ စစ်အုပ်စုထက် သူတို့ ပိုအရလွယ်တဲ့ ဘူမသိကိုးမသိ ဒေါ်စုကို ပိုပြီး သဘောကျလာပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း တရုတ်အကြီးအကဲ လာချိန် စစ်အုပ်စုက တိုင်တည်ပေမဲ့ တရုတ်ကတော့ NLD ရဲ့ ရွေးကောက် ပွဲအောင်မြင်မှုကိုသာ အသိအမှတ် ပြုပါတယ်။ ဖေဖော်ဝါရီအာဏာသိမ်းမှု ဖြစ်ချိန်မှာတော့အနောက် အုပ်စုဟာ ဗမာ့အရေးကို လုံးလုံး စိတ်ပျက်သွားရပါတယ်။ ဒါကြောင့် မူအရ အာဏာသိမ်းမှုကို ဆန့်ကျင်ပေမဲ့ ဒေါ်စုကိုတော့ ဂျီနိုဆိုက်ပြတိုက်မှာ တာဝန်ရှိသူအဖြစ် တရားဝင် ဖော်ပြလိုက်ပါတယ်။

၃၉၆။ တရုတ်ကတော့ NLD အမတ်တချို့ဦးဆောင်ပြီး အကြမ်းဖက် ဗုံးခွဲနေတာတောင် NLD ကို တရားဝင် ဆက်ထားဖို့နဲ့ NLD အစိုးရနဲ့ တရုတ်တို့ သဘောတူထားခဲ့တဲ့ စီမံချက်တွေကို မဖျက်သိမ်းဖို့ “စွန်ကော်ရှန်း”ကိုယ်တိုင်လာပြီး စစ်အစိုးရကို သတိ ပေးခဲ့သလို တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဧပြီမှာ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ဖိတ်ကြားချက်အရ ဝန်ကြီးဝဏ္ဏမောင်လွင် တရုတ်ပြည်ရောက်ချိန် ဝမ်ယီကပြည်တွင်း သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို စတင်ဖို့ ကူညီထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

၃၉၇ ။ တရုတ်ဟာ လက်ငင်းဗမာ့အရေးကို အမေရိကန်သဘောထားနဲ့ထပ်တူ ၂၀၀၈ အောက်က ပို​​နေမြဲ ကျားနေမြဲ အခြေအနေဆီ ဒိုင်ယာလော့နဲ့ ပြန်သွားစေချင် သလို တဖက်မှာလည်း အသစ်ဖြစ်ထွန်းလာတဲ့ NUG နဲ့ PDF တို့ရဲ့ အနောက်အုပ်စုတို့နဲ့ ဆက်စပ်မှုကို စောင့်
ကြည့်ရင်း ဗျုဟာချိန်ခွင်လျှာအရ အနှစ် (၃၀) ကျော် ပျောက်ဆုံးနေတဲ့ ဗမာပြည်ရဲ့ လက်ဝဲတော် လှန်ရေး တပ်နီတော်ကြီးလည်း ပေါ်လာပါတယ်။ သေချာတာကတော့ နွေဦးကို အကြောင်းပြုလို့ ဗမာလက်နက်ကိုင်တပ်တွေ ဖြစ်ထွန်းလာပြီး ဗမာပြည်ဟာ နောက်ထပ် ပြည်တွင်းစစ်အခင်းအကျင်းသစ်ထဲ ဝင်ရောက်သွားတာပါ။ ဒါပေမဲ့
ပလေယာကတော့ အဟောင်းပါပဲ။

~ YIN TUN



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s