ကီမိုတောင်၏ ဖိတ်ခေါ်သံ

(The Mog Nation Wiki, an archive)


ကီမိုတောင်၏ ဖိတ်ခေါ်သံ

ဆလိုင်းချင်းဖြူ (ပလက်၀)

ဒေသခံခူမီးချင်းတို့အခေါ် ကီမို ခေါ် ကျောက်ပန်းတောင်သည် ပလက်ဝြမို့နယ်၏အထင်ကရ တောင်ကြီးဖြစ်သည်။ ပလက်ဝမြို့မှ အရှေ့ဖက် ၁၄ မိုင်ခန့်အကွာတွင် အရှေ့နှင့်အနောက်သွယ်တန်းလျက် တည်ရှိပြီး၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၄၂၀၀ ရှိသည်။ အလျား ၁၃ မိုင်ခွဲ၊ အနံ ၈ မိုင်ခွဲ ကျယ်၀န်းပြီး တောင်ထိပ်မျက်နှာပြင်တွင် သစ်တော၊ ဝါးတော၊ ခြုံနွယ်များ ဖုံးအုပ်ထားပြီး ကျေးငှက်၊ တိရိစ္ဆာန်မျိုး စုံလင်လှသည်။ ဘင်္ဂလားပင်လယ်ပြင်မှ လေကောင်းစွာရရှိရာ စောက်မတ်သော ကျောက်နံရံများက တောင်တစ်ခုလုံးအား ဝိုင်းပတ်ထားသည်။ တောင်ထိပ်သို့ရောက်ရန် အတက်အဆင်း လမ်းတစ်လမ်းသာရှိပြီး ဘေးကင်းလုံခြုံ လှပါသည်။

ရခိုင်ရာဇ၀င် သမိုင်းဟောင်းများအရ ၎င်းကျောက်ပန်းတောင် ခေါ် ကီမိုတောင်ထိပ်တွင် တကောင်းမင်း အဘိရာဇာ၏သား ကံရာဇာ ကြီး ၂၄ နှစ်မျှ စိုးစံခဲ့ပြီးမှ ရခိုင်ပြည်သို့ စုန်ဆင်းပြီး ပထမဓည၀တီ မင်းဆက်အား ဖြိုခွဲကာ ဒုတိယဓည၀တီမင်းဆက်ကို ဘီစီ ၁၅၀၇ – ၁၄၇၀ အထိ တည်ထောင်အုပ်ချုပ်ခဲ့သည်ဟု သိရသည်။ ၎င်းကံရာဇာကြီး တည်ထောင်ခဲ့သည့် နန်းတော်ရင်ပြင်ဟောင်းများ၊ လူတို့ လက်ရာခြေရာဟောင်းများ၊ လူတို့ စိုက်ပျိုးခဲ့သည့် သစ်ကြမ်းပိုးပင်၊ ကွမ်းသီးပင်၊ ကွမ်းရွက်ပင် စသည်တို့ကိုလည်း ယနေ့ အထိတိုင် တွေ့နိုင်ပါသေးသည်။ မြန်မာရာဇ၀င်ကျမ်းများအရလည်း ကံရာဇာကြီးသည် ဖခင် အဘိရာဇာ၏ အရိုက်အရာကို ဆက်ခံခွင့် မရသည့်နောက်တွင် ဧရာ၀တီမြစ်အတိုင်း စုန်ဆင်းပြီး၊ သလ္လာ၀တီ ချင်းတွင်းမြစ်ညာသို့ ဆန်တက်ပြန်ရာ ကလေး ကျေးတောင်ညိုအရပ်၌ ရာဇဂြိုဟ်မြို့ကို တည်ထောင် နန်းစိုက်ခဲ့သည်ဟု ဆိုသည်။ ထိုနောက်တွင် သားတော်ကြီး မုဒုစိတ္တအား ထီးနန်းကို အပ်နှင်းပြီး ရခိုင်သို့ ချီတက်ပြန်သည်ဟု ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ကီမိုတောင်အကြောင်းတွင် ရခိုင်၊ မြန်မာသမိုင်းများကိုသွားပြီး ကိုးကားနေရသလဲဟု စာဖတ်သူများ စောဒက တက်ချင်တက်နေပါလိမ့်မည်။ အဓိက ထောက်ပြလိုသည်မှာ ၎င်းကီမိုတောင်သည် သာမညတောင်မဟုတ်၊ သမိုင်း၀င် တောင်ကြီးဖြစ်ကြောင်း ဖော်ပြလို၍သာဖြစ်သည်။ အခြားသော ချင်းပြည်နယ်ရှိ တောင်များတွင် သမိုင်း၀င်များ ရှိမရှိကို မသိရပါ။

စာရေးသူသည် အထက်တန်းကျောင်းသားဘ၀က တစ်ကြိမ်၊ ကျောင်းဆရာဘ၀၌ တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ပစ်နစ်ခေါ် ပျော်ပွဲစားခရီး ထွက်ခဲ့ဖူးသော်လည်း တောင်၏ ပထဝီ၀င်ကိုသော်လည်ကောင်း၊ သမိုင်းရာဇ၀င်ကို သော်လည်းကောင်း မသိရှိခဲ့ဖူး ချေ။ ပြည်ပသို့ရောက်ပြီး ထွေထွေရာရာ စာရွက်စာတမ်းများ လေ့လာဖတ်ကြားရာမှ ပိုမိုသိရှိခွင့်ရလာခြင်းဖြစ်၍ ဂုဏ်ယူရေးသား လိုစိတ် တဖွားဖွားပေါ်ပေါက်လာပါသည်။ မြောက်ပိုင်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ (Buannel) တောင်သည် ပြည်ပ မီဇိုရမ်း ပြည်နယ်အထိ ထင်ရှားကျော်ကြားလှသော်လည်း မိုင်ခွဲမျှသာရှိပြီး၊ မျက်နှာပြင်လည်း မညီညာသောကြောင့် ကီမိုအား အစစ အရာရာတွင် မမီဟု တင်ပြလိုပါသည်။

ကီမိုတောင်ထိပ်သို့ ရောက်သည်နှင့်တပြိုင်နက် ပင်လယ်လေကို အားရပါးရရှုရှိုက်ရပြီး စိတ်ဘ၀င် သာယာချမ်းမြေ့လှပါသည်။ ကျောင်းသားဘ၀က သွားခဲ့စဉ်တွင် တောင်၏ သာယာသော သဘာဝကြောင့် ပင်ပန်းလာခဲ့သမျှတွေ ပြေပျောက်ပြီး၊ ကိုယ်စိတ် နှစ်ဖြာ ပျော်ရွှင်လန်းဆန်းလာပါသည်။ လူငယ်ဘ၀ မြူးတူးပျော်ပါးကြလျက် တေးတကျော်ကျော်နှင့် ခုန်ပေါက်ကစားနေကြသူများ လည်း ရှိပါသည်။ ဆောက်ပြီးစ တည်းခိုရိပ်သာတွင် အသီးသီးနေရာယူထားကြပြီး လူငယ်များက ထင်းခွေရေခပ် တာ၀န်ယူကြရပြီး၊ ဆရာ/ဆရာမများက ချက်ပြုတ်ရေးတာ၀န်ယူကြသည်။ ထိုသို့ ထင်းခွေရေခပ်ရင်း ကျီစယ်နောက်နေကြရသည်မှာလည်း အလွန်ပျော်စရာ ကောင်းလှပါသည်။ ရောက်စညတွင် ပျော်ပွဲရွှင်ပွဲများ နွဲလျက် ကခုန်သီဆိုကြသည်မှာလည်း မမောနိုင်၊ မပန်းနိုင် အထူးပင် ပျော်မြူးနေကြရသည်။

နောက်နေ့တွင် တောင်မျက်နှာပြင်အနှံ့ လှည့်လည်ရင်း၊ အစုလိုက်သော်လည်းကောင်း၊ အတွဲလိုက်သော်လည်းကောင်း သွားလာ ကြရာ လွမ်းစိတ်တွေ ပါ၀င်လာပြီး ဆရာ/ဆရာမများ အလစ်တွင် ချစ်တင်းနှော ပျော်ပွဲဆင်သူများလည်း ရှိသည်၊ အပြစ်မပြောသာ! ဆရာ/ဆရာမ များပင် အချင်းချင်း ဖက်နမ်းလိုစိတ်ပြင်းပြနေကြမည်ဟု တွေးတောမိသည်။ စာရေးသူလည်း ကျောင်းသူ တစ်ယောက်အား ရုတ်တရက် ဖက်နမ်းမိခဲ့ဖူးသည်။ သူလည်း ဒေါသမထွက်သည်မက ပြုံးပြနေသေးသည်။ ကျေနပ်ပုံလည်း ရသည်။ ဆရာဘ၀၌မူ က္ကုနြေ္ဒနှင့် နေရသည်မို့ မလုပ်ဖြစ်တော့၊ စိတ်ကမူ အထူးလှုပ်ရှားပြန်ပါသေးသည်။ ကီမိုသို့ ရောက်ဖူးသူ ဘယ်သူဖြစ်ဖြစ် မလွမ်းဆွေးသူ၊ သာယာကြည်နူးမှု မခံစားသူ မည်သူမျှ ရှိမည်မဟုတ်ချေ။

တောင်၏ အနောက်ဖက် အနီးဆုံးရွာမှာ အန်ခို၀ရွာ (ဟင်းခါး၀) နှင့် ဘောင်ဝီးရွာများသည် ပုလင်းချောင်းကမ်းတွင် ရှိပြီး၊ အရှေ့ ဖက်တွင် မီးချောင်းဘား၀ရွာ (သို့) ငါး၀ရွာ၊ တိုင်၀၊ ဒိုင်၀ရွာနှင့် ဆမီးမြို့ကလေးတို့သည် မီးချောင်းဘေးတွင် တည်ရှိကြသည်။ ဆမီးမြို့ကလေးသည် ဗြိတိသျှလက်ထက်က စခန်းရွာဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်ကာလတွင် တပ်များ စခန်းချခဲ့ဖူးသည်။ ၎င်း ဆမီး စခန်းတွင် စခန်းမှူးအဖြစ် မီဇိုရမ်းပြည်နယ် ၀န်ကြီးချုပ်ဟောင်း (Brig. T. Sailo) လည်း နေခဲ့ဖူးရာ၊ မျက်နှာဖြူကြေးနန်းမှူးများအား ရိက္ခာမှာရန် အတန်တန်မှာကြားလျက်ပင် အမိန့်ကို မနာခံသောကြောင့် ပစ္စတိုသေနတ်ဖြင့် ချိန်လျက် အတင်းအကြပ် မှာခိုင်း တော့မှ မှာပေးခဲ့သည်ဟု ဒေသခံလူကြီးများထံမှ သိရသည်။ ကီမိုတောင်ထိပ်တွင် ရဟတ်ယာဉ်များဖြင့် စားနပ်ရိက္ခာများ ချပေးခဲ့ ဖူးသည်ဟုလည်း သိရသည်။ တောင်ဖက်တွင် စိန်တုံးသဖွယ် ထိပ်ချွန်းလာမွေတောင် နှင့် လာမွေရွာ ရှိသည်။ လာမွေတောင်သည် စိန်ကျောက် အပြည်အသိပ် သိုလှောင်ထားရာ တောင်ဖြစ်သည်ဟု ဘူမိဗေဒပညာရှင်များယူဆသည့် တောင်လည်းဖြစ်သည်။ တစ်နေ့နေ့တွင် ၎င်းစိန်တို့သည် ချင်းပြည်နယ်၏ အဖိုးတန် ကျောက်မျက်ရတနာအဖြစ် ထင်ရှားလာမည်ဟု စာရေးသူ မျှော်မှန်း မိသည်။ တောင်ရှိ ချောင်းကမ်းပါးကျောက်တို့သည် ဖန်ကျောက်များ ဖြစ်နေသည်။

ကီမိုတောင်ထိပ်မှ ဘင်္ဂလားပင်လယ်ကို သော်လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့အောက်ရှိ ကစ္စပနခေါ် ကုလားတန် မြစ်ကြီး တစ်နေရာကိုလည်းကောင်း၊ ရေးရေးမျှ လှမ်းမြင်နိုင်သည့်အပြင် ၆၂ မိုင် အဝေးအထိ မြင်ရသည်ဟု ဗြိတိသျှမြေတိုင်း အရာရှိ Capt. G.C.Rigby က သူ၏ မှတ်တမ်း History of Operation in the Northern Arakan and the Yawdwin Chin Hills တွင် ဖော်ပြထားခဲ့သည်။ လာမွေတောင်သာ မကွယ်ရလျှင် သေလာဂီရိ ကျောက်တော်တောင်ကိုပင် မြင်နိုင်မည်ဟုလည်း ဆိုကြ သည်။ တောင်ထိပ်မှနေ၍ အောက်သို့ စိုက်မျှော်ရလျှင် တောင်တို့သည် စပါးပုံကြီးများသဖွယ် မြင်ရရာ၊ စိတ်ကြည်နူးဖွယ်ပင် ကောင်းလှသည်။ တောင်၏ အစွန်း၊ ကျောက်ကမ်းပါးအထက်တွင် ရပ်ကြည့်လျှင်၊ တဖြူးဖြူး တိုက်ခတ်လာသော လေအဝှေ့တွင် ဦးထုပ်များ မိုးပေါ်သို့ လွှင့်တက်ပြီး တဝဲဝဲလည်ပတ် ပျံသန်းနေရရာ ကလေးလူငယ်တို့အဖို့ ပျော်ရွှင်ဖွယ် ကစားစရာ တစ်မျိုးဖြစ်နေ ရသည်။

ထို့ကြောင့် ပလက်၀သို့ရောက်လျှင် ကီမိုတောင်ကို မတက်ဘဲ မပြန်ကြရန် စာဖတ်သူတိုင်းအား လှိုက်လှဲနွေးထွေးစွာ လက်ရမ်း ဖိတ်ခေါ်အပ်ပါသည်။ ကီမိုတောင်သို့ တက်လျှင်လည်း စုံဖက်မိတ်ဖက် အဖော်မပါဘဲ မတက်မိကြရန် သတိပေးလိုပါသေးသည်။ အကြောင်းမှာ စိတ်ကူးလွန်သွားမည် စိုးသောကြောင့်တည်း။ ချစ်ခင်မြတ်နိုးသူများနှင့် သော်လည်းကောင်း၊ ညားစကြင်စ လူငယ် များအဖို့ (ဟန်းနီးမွန်း) ပြားရည်ဆမ်းခရီးအဖြစ် သွားမည်ဆိုက အထူးသင့်တော်သော တောင်ကြီးပင် ဖြစ်ပေသည်။

ကီမိုတောင်၏ သဘာ၀အလှ၊ သာယာသော ရာသီဥတု၊ တောတောင် သဘာ၀ရှုခင်းများကြောင့်လည်း နိုင်ငံခြား ဧည့်သည်များ ဥပဟို ၀င်ထွက်သွားရောက်နိုင်စေရန် တောင်ပေါ်တွင် အပန်းဖြေစခန်းအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဋ္ဌာနမှ စီမံကိန်း ချမှတ် သင့်ပေသည်။

သို့ဖြင့် ကီမိုနှင့် မလှမ်းမကမ်းရှိ လာမွေတောင်၏ အခြေအနေကို သော်လည်းကောင်း၊ မီးချောင်းအတွင်းရှိ ခဲ၊ သွပ်၊ ကြေးနီ၊ သံသတ္တုများ၏ တကယ်ပကတိ အခြေအနေကို လေ့လာပြီး၊ ချင်းပြည်နယ်အဖို့ အားထားရမည့် တွင်းထွက်သယံဇာတပစ္စည်း ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်များကိုလည်း စူးစမ်းလေ့လာနိုင်မည် ဖြစ်သည်။

ထို့အပြင် ကီမိုတောင်ကို မှီပြီး ကျက်စားသွားလာနေကြသော တောရိုင်းတိရိစ္ဆာန်များ၊ ကျေးငှက် သတ္တဝါများနှင့်ဆိုင်သော သတ္တဗေဒ ပညာရှင်များနှင့် ကျောင်းသူကျောင်းသားများအဖို့ ကွင်းဆင်းလေ့လာရေးအတွက် သင့်လျော်သည့် တောင်ကြီးဖြစ် သည်။ ရုက္ခဗေဒပညာ လေ့လာစူးစမ်းလိုသူများအဖို့ သော်လည်းကောင်း၊ တိုင်းရင်းဆေးအတွက် ဆေးဖက်၀င်အပင်များကို ရှာဖွေ စုဆောင်းလိုသူများအဖို့ သော်လည်းကောင်း၊ သဘာ၀က ဖန်တီးနေသည်နှင့် အလားသဏ္ဍာန်တူနေပေသည်။

ထို့ကြောင့် အနီးပတ်၀န်းကျင် ရွာသားများထံမှ ကြပ်တင်ထားသည့် အသားခြောက်များနှင့်ဒေသဖြစ် ခေါင်ရည်ချိုမြမြကို မြီးစားရင်း၊ ချင်းလုံမပျိုများ၏ နှုတ်ဖျားနှင့်လျှာများ လှုပ်ခတ်ရင်း ထွက်ပေါ်လာသည့် သာယာညင်းညောင်းသော ညှင်းပြတူရိယာသံကိုပါ ကြည်နူးစွာ နားသောတဆင်နိုင်မည်ဖြစ်သည်။ ရိုးရာဓလေ့အလျောက် လုလင်ပျိုတို့ မီးတောင်း လူပျိုလှည့်ပုံ၊ အပျိုလူပျိုအချင်းချင်း ပျော်ပျော်ပါးပါး ကျီစယ်နေကြပုံများကို ငေးမျှော်ရင်း၊ လူပျိုလေးများ၏ လက်မှ နား၀င်ပီယံရှိသည့် တယောသံ၊ ပုလွေသံသဲ့သဲ့များပါ ကြားနာကြည်နူးနေကြရမည်ဖြစ်သည်။ ရိုးရာဓလေ့ကို ခင်မင်တွယ်တာပြီး စဉ်လာမပျက် ထိန်းသိမ်းနေသည့် ချင်းလူမျိုးတို့၏ လှိုက်လှဲပျုငှာစွာ ဧည့်ကျွေးမွေးနေတတ်ကြပုံများကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

ချင်းလူမျိုးတို့၏ ဟန်ဆောင်မှုကင်းမဲ့သည့် နှစ်သက်ဖွယ် ဧည့်၀တ်ကျေပြွန်ပုံများကို အရိုးခံတိုင်း မြင်တွေ့ရမည်ဖြစ်ပြီး ရှိရှိသမျှဖြင့် ဧည့်ခံကျွေးမွေးတတ်ကြပုံကိုလည်း လက်တွေ့ကျကျ ခံယူကြရမည်ဖြစ်သည်။ ဧည့်သည် အာဂန္တုများအပေါ် လှိုက်လှဲပျုငှာ တတ်ကြပုံ၊ လူစိမ်းလူကျက်မခွဲ၊ ဆင်းရဲချမ်းသာမရွေး၊ ဆွေရင်းမျိုးရင်းများသဖွယ် ခင်မင်ရင်းနှီးတတ်ကြပုံကိုလည်း ကျေနပ်အားရစွာ သိမြင်ကြရမည်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်ကြသည့် အမူအကျင့်များကိုလည်း သိမြင်နိုင်မည်ဖြစ်သည်။

“ကီမိုတောင်မှ လှိုက်လှဲပျုငှာစွာ ကြိုဆိုပါ၏”

(Credit for the photos goes to ပူးလှထွန်း and other unknown photographers.)

Credit to Khonumthung Burmese



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s