AASYC က ထုတ်ဝေမည့် ရခိုင်ပြည်တွင်း လူသားလုံခြုံရေးကဏ္ဍကို ဆန်းစစ်ခြင်း သုတေသန အစီရင်ခံစာအတွက် ဒေါက်တာအေးမောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

AASYC က ထုတ်ဝေမည့် ရခိုင်ပြည်တွင်း လူသားလုံခြုံရေးကဏ္ဍကို ဆန်းစစ်ခြင်း သုတေသန အစီရင်ခံစာအတွက် ဒေါက်တာအေးမောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

**************************

မေး။ ဆရာရဲ့ နိုင်ငံရေး ၊ လူမှုရေးဆောင်ရွက်ချက်များကို ပြောပြပေးပါ။

ဖြေ။ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝမှာ လူမှုရေး လုပ်ဖူးခဲ့တယ်။ အဲဒီကာလမှာ စစ်တွေမြို့နယ်၊ ကြက်ခြေနီအသင်းမှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဆယ်တန်းအောင်ပြီး နောက်ပိုင်း တက္ကသိုလ်ရောက်တဲ့အခါ တက္ကသိုလ်ကျောင်းသားအနေနဲ့ ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (တက္ကသိုလ်များ – ရန်ကုန်)မှာ EC တစ်ယောက်အနေနဲ့ (၆) နှစ် တာဝန်ယူခဲ့ဖူးတယ်။ ရခိုင့်တန်ဆောင် မဂ္ဂဇင်းတွေကိုလည်း အတွင်းရေးမှူး အနေနဲ့ ထုတ်ဝေခဲ့တယ်။ အဲဒါကတော့ ကျောင်းသားဘဝတုန်းကပေါ့ ကျောင်းသားဘဝ လွန်ပြီးတော့ ဝန်ထမ်းဘဝ ရောက်သွားတယ်။ ဝန်ထမ်းဘဝကနေ အငြိမ်းစားယူပြီးတဲ့ ကာလမှာတော့ လူမှုရေးနယ်ပယ်ထဲမှာ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တာတော့ မရှိခဲ့ဘူး။ အငြိမ်းစားယူပြီးတာနဲ့ ချက်ချင်းဆိုသလို နိုင်ငံရေးက စလာတယ် တခြား လူမှုရေးအဖွဲ့အစည်းတွေမှာတော့ မလုပ်ဖူးခဲ့ဘူး။ ယင်းနောက် ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေး ပွင့်လင်းလာတယ်။ ကျွန်တော်က ၂၀၀၉ မှာ ပင်စင်ယူတယ် ၂၀၁၀မှာ ရွေးကောက်ပွဲလုပ်တော့ အဲဒီကာလမှာ ကျွန်တော် နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာတယ်။ RNDP ပါတီထောင်ကြပြီး ကျွန်တော် ဥက္ကဋ္ဌဖြစ်လာတယ်။ RNDP ပါတီထဲကိုရောက်ပြီး ပါတီဥက္ကဋ္ဌ ဖြစ်တဲ့ကာလမှာတော့ လူမှုရေးတွေ နည်းနည်း ပါလာတယ်။

ရခိုင်-ဘင်္ဂလီပဋိပက္ခဖြစ်တော့ ဒုက္ခသည်တွေကို ကူတယ် နိုင်ငံတကာက လှူတဲ့ အလှူတွေကို ဒုက္ခသည်တွေဆီကို ရောက်အောင် ပါတီကနေ တဆင့်ပို့ပေးခဲ့တာတွေရှိတယ်။ တခြား ရေဘေး၊ လေဘေး ကိစ္စတွေမှာလည်း CSO တွေနဲ့ပေါင်းပြီးတော့ ဝိုင်းကူတာတွေရှိတယ်။ နိုင်ငံရေး နယ်ပယ်ထဲကို ရောက်တယ်ဆိုတော့ ပါတီနိုင်ငံရေးနဲ့ပတ်သက်တာက ရှေ့ကိုရောက်တယ်။ လူမှုရေးနဲ့ ပတ်သက်တာက ဒုတိယဖြစ်တယ် အဲဒီနှစ်ခုကို ဆောင်ရွက်ခဲ့တာတွေရှိတယ်။ RNDP ပါတီဥက္ကဋ္ဌ ဖြစ်ပြီးတဲ့နောက် ANP ပါတီမှာ ဥက္ကဋ္ဌ ဆက်ဖြစ်တယ်။ အဲဒီလိုနဲ့ နိုင်ငံရေး နယ်ပယ်ထဲမှာ လုံးချာပတ်ချာလည်နေခဲ့တယ်။

ပထမတကြိမ်မှာ စစ်တွေမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ကနေ ၂၀၁၆ အထိ ပါခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မာန်အောင်က ပြည်နယ်လွှတ်တော်မှာ ဝင်ပြိုင်တော့ မနိုင်ခဲ့ဘူး။ နောက် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကို အမ်းမြို့နယ်က ဝင်ပြိုင်တော့နိုင်တယ်။ ပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာတယ်။ ၂၀၁၈ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ (၂၃၃) ကြိမ်မြောက်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲကို ရသေ့တောင်မှာ လုပ်လို့ အဖမ်းခံရတယ်။ အဲဒီနောက် ထောင်ထဲမှာ ၃ နှစ်နဲ့ ၂၆ ရက် ကြာခဲ့တယ်။ အခုကတော့ ထောင်ထဲကာလကနေ မိတ်ဆွေတွေနဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ကို တည်ထောင်ပြီးတော့ လက်ရှိမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပါတယ်။ နောက်တခု လူမှုရေးနဲ့ ပတ်သက်ပြီးတော့ ရခိုင်မောင်မယ် တံမျက်စည်းလှည်းအသင်းကိုလည်း တည်ထောင်ခဲ့တယ်။

မေး။ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခဲ့တာလဲ ၊ ဖမ်းဆီးခဲ့တဲ့ အချိန်နေရာ နဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ ဆရာ။

ဖြေ။ ရခိုင့်အချုပ်အခြာအဏာကျဆုံးတဲ့နေ့ ဆိုတာ နှစ်တိုင်း ကျင်းပတဲ့ပွဲပါ။ ကျွန်တော်တို့လည်း အခါအားလျော်စွာ ဟောပြောပွဲတွေမှာ ပါဝင်ဖူးပါတယ်။ NLD အစိုးရ လက်ထက်မှာတော့ ဒုတိယအကြိမ် ကျင်းပတဲ့ပွဲ ဖြစ်မယ်ထင်တယ်။ အဲအချိန်မှာ ကျွန်တော်က လွှတ်တော်မှာရှိနေတယ်။ မြောက်ဦးကနေ ကျွန်တော့်ကို ဟောပြောပေးနိုင်မှာလား ဆိုပြီး ပွဲမတိုင်မှီ တလကျော်လောက်ကနေ ကြိုတင် ဖုန်းဆက်လာတော့ ပါပေးမယ်လို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ အချုပ်အခြာအာဏာကျဆုံးတဲ့ အထိမ်းအမှတ်ပွဲ ကျင်းပဖို့ မြို့နယ်အသီးသီးကလည်း ဖိတ်ကြပါတယ်။ မြောက်ဦးမှာ ဟောပြောမယ့် ကြော်ငြာတွေကိုတွေ့တော့ ရသေ့တောင်ကလည်း ဟောပြောပေးဖို့ ဖုန်းဆက်တယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည်လောက်မှာ ဝေဟင်အောင်နဲ့ နှစ်ယောက် ရသေ့တောင်မှာ ဟောပြောပွဲလုပ်တယ် နာရီဝက်လောက် ကျွန်တော် ဟောပြောခဲ့တယ်။ ဟောခဲ့တဲ့ အကြောင်းအရာတွေကလည်း ရှင်းရှင်းလင်းလင်းတွေပါ။ အဲဒါကို အကြောင်းပြပြီးတော့ ရခိုင်တွေကို ဗမာကျွန်လို့ဟောသွားတယ် ၊ လက်နက်ကိုင် တော်လှန်ပုန်ကန်အောင် လှုံ့ဆော်တယ် ၊ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်တယ် ဆိုပြီးတော့ စွဲချက်တွေတင်တယ်။ ၁၆ ရက်နေ့ တိမ်ညိုမှာ ညနေ ၆နာရီလောက် ဟောပြောမယ် ပြီးရင် မြောက်ဦးနန်းရာကုန်းမှာ ၈ နာရီလောက်မှာ ဟောပြောမယ် ဆိုပြီးတော့ မှန်းထားတာ၊ အားလုံးလည်း ကြေငြာထားပြီးသား၊ အဲဒီနေ့မှာ ကျင်းပဖို့အတွက် တိမ်ညိုတို့၊ မြောက်ဦးတို့ကလည်း ခွင့်ပြုချက်ရတယ်။ ထွေအုပ်ကလည်း ခွင့်ပြုတယ် မြောက်ဦးမှာလည်း နန်းရာကုန်းနဲ့ ပတ်သက်တဲ့ ရှေးဟောင်းသုတေသနဌာနကလည်း ခွင့်ပြုတယ်လို့ သတင်းပို့ပါတယ်။ အဲဒီလိုနဲ့ ၁၆ ရက်နေ့မှာ ဟောပြောဖို့ စီစဉ်နေတုန်းမှာပဲ မြောက်ဦးနဲ့ ပတ်သက်တဲ့ ပြဿနာက တက်လာတယ်။ ငြိမ်းစုစီ တင်မှပဲ ဟောပြောပွဲကျင်းပခွင့် ရမယ်ဆိုတဲ့ သဘောနဲ့ ချိန်ကိုက်ပြီးတော့ ခရိုင်အုပ်ချုပ်ရေးဖက်က ပွဲစီစဉ်သူတွေကို အကြောင်းကြားပုံပေါက်တယ်။ သို့သော်လည်း ပြဿနာ စတာကတော့ ရသေ့တောင်က စတာပါ ကျွန်တော်တို့ ဟောပြောပွဲလုပ်တာကို အစိုးရဖက်က ရည်ရွယ်ချက်ရှိထားပုံရပါတယ်။ ၁၆ ရက်နေ့ ညနေမှာ ဝေဟင်အောင်ကို ၁၇ (၁) နဲ့ဖမ်းတယ် အဲဒီနေ့ ၄နာရီလောက်မှာ ကျွန်တော် မဟာမြတ်မုနိဘုရားကို သွားဖူးနေတုန်း မြောက်ဦးက ဖုန်းဆက်လာတယ် ၊ “ဆရာရေ မြောက်ဦးကို မလာပါနဲ့အုံး ဒီမှာအခြေအနေမကောင်းဘူး အာဏာပိုင်တွေက ခွင့်မပြုဘူးပြောတယ်” ဆိုတော့ ကျွန်တော်လည်း မြောက်ဦးကို မသွားတော့ပဲ တိမ်ညိုကို အဲဒီသတင်းပေးဖို့ လိုက်သွားတယ် ။ တိမ်ညိုကိုရောက်တော့ လူထုပရိတ်သတ်ကို ပွဲကျင်းပခွင့် ခွင့်မပြုတဲ့အကြောင်း ပြောပြီးတော့ ပြန်လာခဲ့တယ် ၊ ၁၈ရက်နေ့မှာ အိမ်ကနေ သူတို့လာဖမ်းပါတယ် ။

မေး။ ဘယ်ပုဒ်မနဲ့ အမှုလုပ်ပြီး တရားစွဲဆိုခဲ့တာလဲ ပြောပြပါ ဆရာ

ဖြေ။ ပထမတုန်းက ၁၇ (၁)၊ ၁၇ (၂)လည်း ပါသေးတယ်။ နောက် စစ်ရင်း စစ်ရင်းနဲ့ ၁၇ (၁) နဲ့ပဲ သူတို့ တရားစွဲပါတယ်။ ပြီးတော့ ၅၀၅ (ခ) (ဂ) နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ (၂) ခုနဲ့ စွဲတယ်။. ပြီးတော့ နိုင်ငံတော် ဖောက်ဖျက်ပုန်ကန်မှု ဆိုပြီးတော့ ၁၂၂ (၁) နဲ့ စွဲတယ်။ အားလုံးပေါင်း ပုဒ်မ ၄ခုနဲ့ စွဲပါတယ်။ စစ်ရင်း စစ်ရင်းနဲ့ ၁၇ (၁) ပယ်ဖျက်သွားတယ်။ ၅၀၅ (ခ)နဲ့ (ဂ) မှာ (ဂ)ပြစ်မှု မမြောက်ဘူးဆိုပြီးတော့ ပယ်ဖျက်တယ်။ ၅၀၅ (ခ) ရယ် ၁၂၂ (၁) ရယ်နဲ့ စွဲချက်တင်တယ်။ ပြစ်မှုမြောက်တယ်ဆိုပြီးတော့ (၂၂) နှစ်ချတယ် တပေါင်းတစည်းတည်းဖြစ်တဲ့အတွက် နှစ် ၂၀ ကျတယ်။

မေး။ အဖမ်းခံခဲ့ရစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိရင် ပြောပြပေးပါ။

ဖြေ။ ဖမ်းဆီးခံရတဲ့အချိန်မှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ မရှိဘူး ဂုဏ်သရေရှိရှိပါပဲ။ အိမ်ကနေလာခေါ်တယ် ရက်ကွက် ဥက္ကဋ္ဌနဲ့အတူ ရဲတွေက ကျွန်တော့်အိမ်ကို ဝင်ခွင့်တောင်းတယ်။ ကျွန်တော့်သားတွေက ဝရမ်းပါသလားမေးတယ်။ ဝရမ်းက သူတို့မှာ မပါဘူးဆိုတော့ အထဲမှာရှိတဲ့ ကျွန်တော်က ခွင့်ပြုလိုက်တယ် သူတို့ ကားနဲ့ခေါ်သွားတယ် လက်ထိပ်တွေဘာတွေလည်း မခတ်ပါဘူး။ ရဲစခန်းကိုရောက်တော့ ရဲစခန်းမှာ နာရီဝက်လောက်ထိုင်ထားတယ် ပြီးတော့ တခါတည်း ထောင်ကိုခေါ်သွားတယ်။ ထောင်ကို ရောက်တဲ့အထိတော့ လက်ထိပ်မခတ်ဘူး ထောင်ထဲမှာလည်း ညှဉ်းပန်းမှုတွေမရှိပါဘူး။ စစ်တွေထောင်မှာလည်း အေးအေးဆေးဆေးပါပဲ။ သတ်မှတ်တဲ့နေရာမှာ နေရတယ် အဲလိုနဲ့ ထောင်ရဲ့ လုံခြုံမှုအရ ဘာညာနဲ့ ၂၀၁၉ ဧပြီလ ၆ ရက်နေ့မှာ လေယာဉ်နဲ့ ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းတယ်။ အင်းစိန်ထောင်မှာလည်း နေရထိုင်ရ အဆင်ပြေပါတယ်။ လမ်းလျှောက်လို့လည်းကောင်းတယ်။ တီဗွီတွေ၊ ဘာတွေ ကြည့်ခွင့်ရှိလာတယ် ပန်ကာတွေ၊ ဘာတွေလည်းထားခွင့် ရလာတယ်။ ထမင်း၊ ဟင်းတွေကိုတော့ ပုံမှန်ယူစားတယ်။ ဟင်းတွေကတော့ စကာၤပူအဖွဲ့က ချက်ပြုတ်ပြီးတော့ ကျနော်ကို နေ့တိုင်းပုံမှန်လာပို့တယ်။ စားရသောက်ရတာကတော့ စစ်တွေမှာထက် နည်းနည်းလေးကောင်းတယ်။

မေး။ ပြန်လွတ်လာခဲ့တဲ့အကြောင်းနဲ့ ၊ ဘယ်အချိန် ၊ဘယ်လို ၊ဘာကြောင့် လွတ်မြောက်လာခဲ့တဲ့ အကြောင်းကို ပြောပြပေးပါဆရာ။

ဖြေ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဘာညာအကြောင်းပြပြီးတော့ NLD အစိုးရက ဖမ်းတယ်။ ရခိုင်တို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာမှု၊ အထူးသဖြင့် ရခိုင်နဲ့ဘင်္ဂလီ ပြဿနာတွေ ဖြစ်ခဲ့တဲ့အပေါ် သူတို့က တည်ငြိမ်မှု တစ်ခုကို လိုချင်တဲ့အခါမှာ အမျိုးသားရေးဖက်ကများ တစုံတခု ဆောင်ရွက်မှာလား ဆိုပြီး စိုးရိမ်စိတ်များလို့ ထင်ပါတယ်။ နောက် ရက္ခိုင့်တပ်တော်ရဲ့ နယ်မြေစိုးမိုးမှုကလည်း များလာတဲ့အတွက်လည်း ပါမှာပေါ့။ အဲဒါကြောင့် ရခိုင်လူငယ်တွေကို အမျိုးသားရေး လှုံ့ဆော်ပေးတယ်ဆိုတဲ့ သဘောနဲ့ ဒီလောက်အထိ ပုဒ်မအကြီးတပ်ထားတာ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် NLD အစိုးရရဲ့ ရွေးကောက်ပွဲကို အကြောင်းပြုပြီး SAC က အာဏာကို ရယူတဲ့ကာလမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုတာလည်း ကဏ္ဍတစ်ခုအနေနဲ့ လိုတာပေါ့။ နောက် သူတို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြောတဲ့အတိုင်း ဒို့တာဝန်အရေး(၃)ပါး ဆိုတာလည်း ရှိမယ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာလည်း ရှိမယ်။ အဲဒါတွေကို အကြောင်းပြုပြီးတော့ ပြည်ထောင်စုနေ့မှာပဲ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ရည်ရွယ်ပြီးတော့ လွှတ်ပေးလိုက် ပုံပေါက်ပါတယ်။ ကျွန်တော်တို့ကို လွှတ်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၁၁ ထင်တယ် ပြစ်ဒဏ်က လွတ်ငြိမ်းကင်းလွှတ်ခွင့် ပေးတယ်။ တစ်စုံတခု ကျုးလွန်လို့ရှိရင် လက်ကျန် ထောင်ဒဏ်အကုန်လုံးကို တစုတစည်းတည်း ပြန်ခံရဖို့ ခံဝန်ချက်ပါ ၄၁၁ (ခ) နဲ့ လွှတ်လိုက်တယ်။ မိမိကျူးလွန်ခဲ့လို့ ပြစ်ဒဏ်ပေးထားတဲ့ ပြစ်မှုမျိုးကို ထပ်မံကျူးလွန်လို့ရှိရင် ကျခံရမယ့် ပြစ်ဒဏ်နဲ့ ကျန်ခဲ့တဲ့ပြစ်ဒဏ်ပါ တစ်ပေါင်းတစည်းတည်း ခံရမယ်လို့ ပါပါတယ်။

မေး။ အခုလို အဖမ်းဆီးခံခဲ့ရတဲ့ အတွက် တရားတယ် (သို့) မတရားဘူးလို့ ယူဆပါသလား။

ဖြေ။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်မှာ နိုင်ငံရေးသြဇာ လွှမ်းမိုးမှုတွေက အစဉ်အဆက်ရှိခဲ့တယ်။ NLD အစိုးရခေတ်မှာလည်း ရှိပုံပေါက်တယ်။ တရားမျှတမှု ရှိမရှိကတော့ တရားစီရင်တဲ့အခါမှာ ဖြစ်ရတာက တရားစီရင်ရေး မဏ္ဍိုင်က မတည့်မတ်လို့ ဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ရှေ့နေတွေက ရာဇဝတ်ဥပဒေပုဒ်မ ၁၂၂ နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းတဲ့အခါမှာ “နိုင်ငံတော်ကို လက်နက်ကိုင်တော်လှန်ပုန်ကန်ဖို့အတွက် ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့လူတွေကို လှုံ့ဆော်တယ်ပေါ့”။ ကျွန်တော်ပြောခဲ့တဲ့ အထဲမှာ အဲဒီလိုမျိုး လှုံ့ဆော်တာတော့ မပါဘူး ကျွန်တော်ပြောခဲ့တာက ရှင်းရှင်းလေးပဲ အချုပ်အခြာအာဏာကို ပြန်ရဖို့အတွက် နည်းနှစ်ခုရှိတယ်။ တနည်းက လက်နက်ကိုင်တဲ့နည်း၊ ကျွန်တော်တို့က အဲဒီနည်းကို မလုပ်ဘူး။ နောက်တစ်နည်းကတော့ လူထုကို စည်းရုံးတဲ့ နိုင်ငံရေးနည်း။ လူထုကို စည်းရုံးတဲ့ နိုင်ငံရေးနည်းနဲ့ ကျွန်တော်တို့ လုပ်နေတာ။ ပန်းတိုင်ကတော့တူတယ် ပန်းတိုင်တူတယ် ဆိုတာက အချုပ်အခြာအာဏာကို ပြန်ရဖို့အတွက် ပန်းတိုင်တူတယ်။ လုပ်နည်းလုပ်ဟန်မတူဘူး အဲဒါကိုပြောတာ ၊ အချုပ်အခြာအာဏာကိုလည်း ထပ်ပြီးတော့ အဓိပ္ပာယ်ဖွင့်တယ် ပြည်ထောင်စုထဲက ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ပြည့်ပြည့်ဝဝရဖို့အတွက် အဲဒါကို ပြောခဲ့တာ။ နောက်တစ်ခုက မင်းသားကြီး ရွှေဘန်းမှာတမ်း “ နောက်သားနောင်လူ၊ ရခိုင်လူရို့၊ အယူမပြောင်း၊ ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်နာ၊ ပြည်ဓညာကို၊ တစ်ခုမုချ၊ ငါရို့ရအံ့” ဆိုတာကို ကျွန်တော်က အသံနေအသံထားနဲ့ ရွတ်ဖတ်ခဲ့တယ်။ အဲဒီမှာ “ ပြည်ဓညာကို တစ်ခုမုချ ငါတို့ရအံ့ အယူမပြောင်း ငါ့လမ်းကြောင်းကို ” ဆိုပြီး ရွတ်ခဲ့တာကို အစိုးရရှေ့နေတွေက ဓညဝတီပြည်ကို တစ်ခါရအောင် လုပ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ပြီးတော့ လွတ်လပ်ရေးရအောင်တိုက်ယူမယ် ဆိုပြီးတော့ ကောက်ချက်ချတယ်။

အစိုးရရဲ့ ဖိအား ပါတာကို ဘာမှာတွေ့ရလဲဆိုတော့ ၁၇ (၁) မတရားအသင်း ဆိုတာက (AA) နဲ့ ဆက်စပ်တယ်ပေါ့။ ဒါပေမဲ့ (AA) နဲ့ဆက်စပ်မှုကို ဘာတစ်ခုမှ ရှာလို့မရဘူး အဲဒါကြောင့် ၁၇ (၁) နဲ့ မငြိဆိုပြီးတော့ ရခိုင်ပြည်နယ် တရားလွှတ်တော်က ပယ်ချတယ်။ ၅၀၅ (ခ) (ဂ) မှာ (ဂ) က “တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် လှုံ့ဆော်ပြီးတော့ နိုင်ငံတော်အစိုးရကို အကြည်အညို ပျက်အောင်လုပ်တယ် “ဆိုပြီးတော့စွဲတာ ၊ တိုင်းရင်းသားအချင်းချင်း သွေးကွဲတယ် ဆိုတာမျိုးကလည်း မပီပြင်တဲ့အတွက် ၅၀၅ (ဂ) လည်း ပြုတ်သွားတယ်။ ဆိုတော့ ၅၀၅ (ခ) နဲ့ ၁၂၂ ကျန်တယ်ပေါ့။ နောက်ဆုံး ရခိုင်ပြည်နယ်၊ တရားလွှတ်တော်ကို တက်တဲ့အခါမှာ ပြည်နယ် ဥပဒေရုံးဖက်က လျှောက်လဲချက် ပေးလာတယ်။ လျှောက်လဲချက်မှာ “ဒေါက်တာအေးမောင် ပြောခဲ့တာဟာ နိုင်ငံတော်သစ္စာဖောက်မှုမမြောက်ဘူး၊ နိုင်ငံရေးအရ နိုင်ငံရေးစကားတွေကို ရှေ့နောက်ညှိပြီးတော့ စီကာပတ်ကုံး ဟောပြောသွားတာပါ။ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ မမြောက်ဘူး “ ဆိုပြီးတော့ အစိုးရရှေ့နေဖက်ကတောင်မှ လျှောက်လဲချက် ပေးတယ်။ ဆိုတော့ ၁၂၂ မမြောက်နိုင်လည်း ကိစ္စမရှိဘူး ၅၀၅ (ခ) မြောက်ရင်လည်း မြောက်ပေါ့ ဆိုပြီး ပြည်နယ်တရားလွှတ်တော်မှာ ဥပဒေအရာရှိ လျှောက်လဲချက်နဲ့ပတ်သက်လို့ မီဒီယာတစ်ခုမှာ ရှေ့နေဦးအောင်ကျော်စိန်က ပြောလိုက်တယ်။

ပြည်နယ်ဥပဒေချုပ်ရုံးကတောင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု မမြောက်ဘူးဆိုပြီး ပြောထားတော့ မီဒီယာတွေကလည်း ဒေါက်တာအေးမောင်ရဲ့အမှုဟာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု မမြောက်နိုင်ဘူး ဆိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောလာကြတယ်ပေါ့။ အဲဒါကို ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်ဥပဒေအရာရှိတစ်ဦး (ပင်စင် ယူရန် ၄ လလောက်ပဲ ကျန်တဲ့ပုဂ္ဂိုလ်)ကို “ခင်ဗျားအလုပ်ပြုတ်သွားချင်လား” ဆိုပြီးတော့ ပြည်ထောင်စုဥပဒေချုပ် ဦးထွန်းထွန်းဦးတို့ ရှေ့မှာ ကြိမ်းတယ်လို့ သိရတယ်။ “ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည် ကိုင်တဲ့အမှုဖြစ်တယ် ခင်ဗျားအဲလို ပြောနေလို့ရှိရင် pension မရဘဲ ဖြစ်သွားမယ်လို့ တင်းတင်းကျပ်ကျပ်ပြောထားတော့ သူခန့်ထားတဲ့ ပြည်နယ်တရားသူကြီးကလည်း ဒီအမှုကို စစ်တဲ့အခါမှာ အစိုးရရှေ့နေကတောင်မှ မငြိဘူးလို့ ပြောတဲ့ပုဒ်မကို ပြည်နယ်တရားလွှတ်တော်က ပယ်ချလိုက်တယ်။ အဲလိုမျိုး ဦးညီပုတို့ အစိုးရဖက်က ဖိအားပေးမှုတွေရှိခဲ့တယ် ထောင်မကျ ကျအောင်ချရမယ် ဆိုပြီးတော့ နိုင်ငံရေး သန္တိဌာန်ရှိပုံ ပေါက်တယ်။

မေး။ အခုလိုမျိုး ဖမ်းဆီး ထောင်ချခံရတဲ့အပေါ် မှာ တရားမျှမှုမရှိဘူးလို့ ဆရာ့အနေနဲ့ယူဆထားတယ် ဆိုရင် အစိုးရကို ဘယ်လို သတင်းစကားမျိုး ပြောချင်ပါသလဲ။

ဖြေ။ အစိုးရက ဘာကိုမဆို အရေးယူလို့ရတယ်ပေါ့။ သို့သော်လည်း အစိုးရတစ်ရပ်မှာ သူတို့ ဘာကိုဦးတည်လဲဆိုတဲ့ နိုင်ငံရေးဆန္ဒနဲ့ သူတို့ပါတီ (သို့မဟုတ်) အစိုးရရဲ့ ပေါ်လဆီပေါ့။ သူတို့ အနေနဲ့ ဒီမိုကရက်တစ် value ကို ဘယ်လောက်တန်ဖိုးထားသလဲ၊ အထူးသဖြင့် NLD အစိုးရဲ့ လစ်ဘရယ် ဒီမိုကရေစီဟာ တိုင်းရင်းသားအားလုံးနဲ့ ချစ်ကြည်ဖို့ ပြည်ထောင်စုကို အားလုံး တန်းတူအခွင့်အရေး ရအောင် တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ အဲဒီလိုမျိုး လူ့အခွင့်အရေး၊ နောက်လွတ်လပ်စွာပြောဆိုခွင့် ပြည်သူများရဲ့အသံကို သူတို့နားထောင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကာလမှာလည်း အများကြီး ကြွေးကြော်ခဲ့တယ်။ သူတို့အစိုးရမှာ တစ်ခုခုမှားရင် ထောက်ပြပါ ၊ ဝေဖန်ပါ အဲဒီလိုမျိုးတွေ တောင်းဆိုခဲ့တယ်။

ကျွန်တော်တို့ဟောပြောပွဲ ခေါင်းစဉ် “ရခိုင်တို့ရဲ့ အချုပ်အာခြာအာဏာကျရှုံးတဲ့နေ့” ဆိုတာကို NLD အစိုးရ လက်ထက်ရောက်မှ ကျင်းပတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ ဒီမိုကရေစီကို စပြီး ဖွင့်ပြီဆိုကတည်းက လုပ်လာတာ ။ ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုပြီးပြီးတာ့ လက်နက်ကိုင်တွေနဲ့လည်း ညှိနှိုင်းကြတယ်။ (၈) ဖွဲ့ကလည်း ငြိမ်းချမ်းရေးကို ရအောင်လုပ်နေပြီ။ NCA လမ်းကြောင်းဆိုတာလည်း ဖြစ်နေပြီ။ ရခိုင်အမျိုးသား ညီလာခံလည်း ကျင်းပပြီးပြီ။ အမျိုးသားညီလာခံ မတိုင်ခင်ကလည်းပဲ အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ကို ကျင်းပခဲ့တာတွေရှိတယ်။

အဲဒါတွေကို ပြန်ကြည့်ရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နှစ်တိုင်းနီးပါးကျင်းပလာတဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာဟောပြောခွင့်၊ တိုင်းရင်းသားများရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ဖို့ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကို နားထောင်ဖို့ ရည်ရွယ်ချက်နဲ့ ဦးသိန်းစိန်အလွန် NLD အစိုးရလက်ထက်မှာလည်း အဲဒီလိုမျိုး တစ်နှစ်ပဲ ကျင်းပခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း NLD အစိုးရက ခွင့်ပြုတယ်။ ဒီဟာက ပုံမှန်ကျင်းပနေကြဆိုတော့ ဒီမိုကရေစီအစိုးရက ပိုပြီးတော့တောင် ခွင့်ပြုရမယ်။ တစ်နှစ်တောင်မှ ခွင့်ပြုပြီးပြီဆိုတော့ အားလုံးနီးပါး မြို့တွေကလည်း NLD အစိုးရက ခွင့်ပြုနိုင်တယ်ဆိုပြီးတော့ စည်စည်ကားကားလုပ်ကြတာပါ။ နိုင်ငံတော်ကိုသစ္စာဖောက်ဖျက် ပုန်ကန်ပါစေ၊ လက်နက်ကိုင် ပုန်ကန်ပါစေဆိုတဲ့ ဆန္ဒလည်း ကျင်းပတဲ့လူတွေမှာ ပါမှာမဟုတ်ဘူး။ ရခိုင်တို့ရဲ့သမိုင်းကို သင်ခန်းစာ ယူနိုင်အောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က အဖြစ်အပျက်တွေကို လူတွေနားလည်နိုင်အောင် အမျိုးသားရေးစိတ်ဓာတ်နဲ့ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့လူမျိုးဆိုတာကို ဇာတိသွေး၊ ဇာတိမာန်တက်ကြွအောင် နိမ့်ကျနေတဲ့ နိုင်ငံရေး၊ စီးပွားရေးအားလုံးကို ပြန်မြှင့်တင် နိုင်အောင်၊ ပြည်ထောင်စုထဲမှာ တန်းတူအခွင့်အရေးတွေ ရလာအောင်၊ ဆိုတဲ့ သဘောနဲ့ပဲ ကျင်းပခဲ့ပုံပေါက်ပါတယ်။ သို့သော်လည်းပဲ ဒီမိုကရေစီအစိုးရကိုယ်တိုင်က ဒီလိုမျိုးလုပ်လာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လားရာအပေါ်မှာ သံသယတွေအများကြီး ဝင်ကြတယ်။ အဲဒါကြောင့် ဒီအခင်းအကျင်းအားလုံးက ပြန်ပြီးတော့ ဒီမိုကရက်တစ် value တွေ ကျသွားတယ်။ ဒီမိုကရေစီအစိုးရ တရပ်မှာ ထားသင့်တဲ့ စံ မရှိတော့ဘူး။ အဲဒါကြောင့် ဒီအစိုးရဟာ ကိုယ့်သွားမဲ့လမ်းကြောင်းကို ပီပီပြင်ပြင် မူဝါဒမချနိုင်ဘဲနဲ့ အာဏာတစ်ခုတော့ ရလာတယ်။ ဘာလုပ်လို့လုပ်ရမှန်း မသိဘဲနဲ့ ဟိုယောင်ဒီယောင်နဲ့ ကိုယ့်တို့ ပူးပေါင်းသင့်တဲ့ နေရာတွေမှာလည်း ဦးတည်ချက်ပျောက်ပြီးတော့ ပြန်လည်ရင်ကြားစေ့အောင် စည်းရုံးသင့်တဲ့ တိုင်းရင်းသားတွေ အားလုံးနဲ့လည်း သဘောတူညီချက်တွေ အားလုံးပျောက်ပြီးတော့ တဝဲလည်လည်ဖြစ်သွားတယ်။ ယောင်ချာချာ ဖြစ်နေတဲ့ နိုင်ငံရေးအစိုးရတစ်ရပ်ရဲ့ ယန္တရားထဲမှာ ညှပ်ပါသွားတယ်။ ဦးသိန်းစိန်ဆိုရင် ဒီလိုမျိုးလုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ သုံးသပ်ခဲ့တယ်။

မေး။ နောက်နောင် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ဆိုရင် ဆရာ့အနေနဲ့ ဘယ်လို မူဝါဒ၊ ဥပဒေတွေ ရှိသင့်တယ်လို့ ယူဆပါသလဲ။

ဖြေ။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မမှာ ရှိကိုရှိမှာ ဖြစ်တယ်။ ဘယ်အစိုးရပဲ တက်တက် ဒါက ဗြိတိသျှကိုလိုနီခေတ်ကနေ ဒီဥပဒေကို ပြဌာန်းထားတာ ဖြစ်တယ်။ အဲဒီမှာပါတဲ့ ပုဒ်မတချို့၊ ပြဌာန်းချက်တချို့ကိုတော့ ပျော့ပျောင်းအောင် လုပ်ရင်တော့ ပိုကောင်းမယ်။ သို့သော်လည်း ဒီဟာတွေကို ပြင်ဆင်ဖို့က တက်လာတဲ့အစိုးရတွေရဲ့ သဘောထားနဲ့ပဲဆိုင်မယ်။ လွတ်လပ်တဲ့ ပြည်ထောင်စုတစ်ခုကို တည်ဆောက်တဲ့ ကာလမှာတော့ တိုင်းရင်းသားများ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လွတ်လွတ်လပ်လပ် ဟောပြောပို့ချပိုင်ခွင့် တွေကတော့ ပေးသင့်တဲ့ အခွင့်အရေးတွေပါ။ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်တယ် ဆိုတော့ ကိုယ်ချင်းစာပြီးတော့ ၅၀၅ (က)၊ (ခ)၊ (ဂ) တို့နဲ့ပတ်သက်တဲ့ နိုင်ငံတော်အုပ်ချုပ်တဲ့ လူတွေကို အကြည်အညိုပျက်စေတဲ့ ပုဒ်မတွေမှာပါတဲ့ တချို့စကားလုံးတွေကို ပြန်ပြင်သင့်တယ်။ အချိန်အတိုင်းအတာ တခုအထိ ဝေဖန်တာကို ခံသင့်တဲ့ အစိုးရဖြစ်အောင် လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေကို ပြင်သင့်တယ်လို့ ထင်တယ်။

မေး။ NLD အစိုးရလက်ထက်က ဆရာ့ကို ဖမ်းဆီးသလိုပုံစံမျိုး လက်ရှိမှာ ရက္ခိုင့်တပ်တော် ULA/AA ကလည်း NLD, ALP, AASYC နဲ့ APP တို့ထဲက အဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတာတွေလည်းရှိပါတယ် ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ ။

ဖြေ။ NLD လက်ထက်မှာ တရားမျှတမှု ပိုရှိလာမယ်လို့ ထင်ခဲ့တာ။ သူတို့တောင်မှ အရင်ရှိတဲ့ ဥပဒေတွေကို ပိုင်ပိုင်နိုင်နိုင် သုံးပြီးတော့ ဖမ်းတယ်။ SAC ကလည်း အထူးသဖြင့် ၅၀၅ (က) ဆိုရင် သူတို့ တပ်မတော်ကို ထိခိုက်တဲ့ အသုံးအနှုန်းဆိုပြီးတော့ အားလုံး ၅၀၅ (က) နဲ့ အမြင့်ဆုံးထောင်ဒဏ်တွေ ပေးတယ်။ ULA/AA ဖက်ကိုတော့ ကျွန်တော်တို့ ကောင်းကောင်း မသိဘူး။ သို့သော်လည်း ရခိုင်ပြည်မှာ လေးပုံတပုံလောက်ကို သူတို့နယ်မြေ စိုးမိုးထားပြီးပြီ။ နောက်ပြီးတော့ တရားစီရင်ရေး စနစ်ကိုလည်း စပြီးတော့ လုပ်နေပြီ။ လူတိုင်းကို အချက်အလက် မပါဘဲနဲ့ ဝေဖန်တိုက်ခိုက်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဖမ်းတယ် ဆီးတယ်။ တချို့ပုဂ္ဂိုလ်တွေကို မူးယစ်ဆေးဘာညာနဲ့ တချို့ကိုယ့်ကိုဆန့်ကျင်မယ်ဆိုပြီး သံသယတွေဝင်လို့ လာဖမ်းတယ် ဆိုတာတွေကို လည်း ကြားရတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အုပ်ချုပ်ရေးယန္တရားကို ကိုင်ရတဲ့အခါမှာ အုပ်ချုပ်ခံ ကိုယ့်ပြည်သူလူထုကို ဆက်ဆံတဲ့အခါမှာ သတိကတော့ ပိုထားရတယ်။ မြန်မာ့တပ်မတော်မှာဆိုရင် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ထားတယ်။ အုပ်ချုပ်ရေးယန္တရားတရပ်ရဲ့ အမှားတွေရှိတယ်လို့ လူထုက ထောက်ပြလို့ရှိရင် ပြန်သုံးသပ်သင့်တယ်။ ဖမ်းတာဆီးတာ၊ လက်လွန်တာ၊ တရားရုံးတင်စစ်တာ ဘယ်လောက်ထိ တရားမျှတမှု ရှိသလဲ။ ကိုယ့်တို့ စီရင်တဲ့ တရားစီရင်ရေးစနစ်မှာ တဖက်က သူတို့စွပ်စွဲထားတဲ့ ပုဂ္ဂိုလ်၊ တရားခံလို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ကိုကော လုံလောက်တဲ့ ခုခံချေပခွင့် ပေးသလား။ နှစ်ဖက် တရားမျှတနိုင်အောင် ရှေ့နေများက လျှောက်လဲချက် ပေးခွင့်ရှိသလား။ တရားသူကြီးက ဘယ်လောက်ထိ တရားမျှတမှုရှိသလဲ၊ ဆိုတာတွေကိုလည်း ကိုယ့်ဟာကို ပြန်သုံးသပ်သင့်တယ်။ သူတို့လုပ်တဲ့ လုပ်ငန်းတွေကို ပြန်ပြီးသုံးသပ်တဲ့ လုပ်ငန်းတွေ ရှိဖို့လိုအပ်တယ်။

ရခိုင်ပြည်ကို မြန်မာ့တပ်မတော်ပဲ အုပ်ချုပ်၊ NLD အစိုးရပဲအုပ်ချုပ်၊ ULA/AA ကပဲအုပ်ချုပ်၊ ANC/AA ကပဲ အုပ်ချုပ်၊ ALP ကပဲ အုပ်ချုပ်၊ လူထုနဲ့ဆက်ဆံတဲ့ တရားစီရင်ရေး ယန္တရားကို လုပ်တဲ့အခါမှာ ဘယ်လောက်ထိ ကိုယ့်ဖက်က တရားမျှတမှုရှိသလဲ ဆိုတာကို လူထုကို သက်သေပြဖို့လိုအပ်တယ်။ အဲဒါကြောင့် ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေကို လုံလောက်တဲ့ ချေပခွင့်ရပြီးတော့ သူတို့ ခန့်အပ်ထားတဲ့ တရားသူကြီးများရဲ့ တရားမျှတမှု၊ တရားစီရင်ရေး စနစ်အပေါ်မှာ အာဏာပိုင်များရဲ့ သြဇာသက်ရောက်မှု လွှမ်းမိုးမှု ရှိမရှိဆိုတာက အရေးကြီးပါတယ်။ အဲဒါတွေအပေါ် မူတည်ပြီးမှ ပြည်သူတွေကတော့ SAC ဖြစ်ဖြစ်၊ NLD ဖြစ်ဖြစ်၊ ULA / AA ဖြစ်ဖြစ်ပေါ့။ တရားမျှတမှုရှိသလား၊ မရှိဘူးလားဆိုတာကို ပြန်လည်သုံးသပ်ဖို့ဖြစ်ပါတယ်။ ဒါတွေက သမိုင်းတွင်တဲ့ လုပ်ငန်းတွေ ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ပြောနိုင်တာကတော့ ဘယ်သူပဲလုပ်လုပ် သမိုင်းက ကျန်တယ်။ အချက်အလက်က ကျန်တယ်ဆိုတဲ့ အခါမှာ အမှားမလုပ်မိဖို့လိုတယ်။ ပြည်သူနဲ့ဆက်ဆံတဲ့အခါမှာ အမှားနည်းနည်း ကျူးလွန်လို့ရှိရင် အများကြီး ပုံကြီးချဲ့တတ်တယ်။ လုံးဝနီးပါးလောက် အမှားမရှိတဲ့လုပ်ငန်မျိုးကို ဆင်ခြင်သုံးသပ်ပြီးတော့ လုပ်ပေးဖို့လိုအပ်တယ်။ အခုလို စပ်ကူးမတ်ကူးကာလမှာ အဲလိုမျိုး အမှားတစ်ခုလုပ်မိရင် တဖက်အင်အားစုများရဲ့ ဝါဒဖြန့်ချီမှုနဲ့၊ ကိုယ့်ဟာကို ပြန်ဝေဖန်ဖို့နဲ့ တစ်ဖက်က ဝေဖန် ထောက်ပြတာတွေကို အပြစ်မမြင်ဖို့လည်း လိုအပ်တယ်။ နောက်ဆုံးမှာ ပြည်သူကပဲ မှား၊ မမှားကို အဆုံးအဖြတ်ပေးလာမှာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လက်ရှိအနေအထားကို ဝေဖန်သုံးသပ်တဲ့ အဖွဲ့တစ်ခုလည်း လိုအပ်တယ်။

မေး။ အခုလို ဖမ်းဆီးတဲ့အပေါ်မှာ ဆရာ့အနေနဲ့ ရက္ခိုင့်တပ်တော် ULA/AA ကို ဘယ်လို အကြံပြုချက်မျိုး ပေးလိုပါသလဲ ။

ဖြေ။ ကျွန်တော်တို့ သုံးသပ်တာကတော့ လက်ရှိနိုင်ငံရေး စပ်ကူးမတ်ကူးကာလ ဖြစ်တယ်။ စစ်ရေး၊ နိုင်ငံရေးမှာ အပြောင်းအလဲကာလ တခုပေါ့။ ULA/AA ကလည်း ဦးတည်ချက် တခုရှိမယ်။ နိုင်ငံရေးပါတီတွေကလည်း ဦးတည်ချက်တစ်ခုရှိမယ်။ ကြားမှာ ပြည်သူလူထုတွေ ရှိတယ်၊ စပ်ကူးမတ်ကူး ဘာမှန်းမသိတဲ့ ကာလတစ်ခုကို ဖြတ်ကျော်နေရတဲ့ ကာလမျိုးမှာ တနည်းအားဖြင့် မုန်တိုင်းတစ်ခုကို ဖြတ်ကျော်နေရတဲ့ ကာလမှာ ကမ်းကိုရောက်မှာလား၊ ကမ်းကိုမြင်ပြီးမှ ပိုပြီးတော့ ကမ်းနဲ့ဝေးသွားမှာလား ဆိုတာတွေက လူထုတွေရင်ထဲမှာ စိုးရိမ်စိတ်ရှိမယ့် ကာလဖြစ်တယ်။ အဲဒါကြောင့် ဒီကာလမျိုးမှာ သတိထားဖို့ လိုအပ်တယ်။ ပြည်သူတွေကလည်း မျှော်လင့်ချက် တစ်ခုရှိနေမှာပေါ့။ မျှော်လင့်ချက် ဆိုတာလည်း အခြေအမြစ်ရှိတဲ့ မျှော်လင့်ချက်ကိုပဲ ပေးစေချင်တယ်။ ဖြစ်နိုင်ခြေရှိတဲ့ မျှော်လင့်ချက်တွေကို ပေးဖို့လိုတယ်။ ဥပမာ SAC တို့ NLD တို့ကလည်း ပြည်ထောင်စုကြီးကို ပြိုကွဲသွားမှာ စိုးရိမ်တယ်။ ဒီလိုအခင်းအကျင်း ဖြစ်နေတဲ့ကာလမှာ ဘယ်လိုမျိုး ငါတို့ပြန်ပြီးတော့ စုစည်းပေးမှာလဲ။ ဘယ်လိုအခင်းအကျင်းနဲ့ တိုင်းရင်းသားအခွင့်အရေးကို ပေးမှာလဲ ဆိုတာတွေက တကယ်တမ်း အခြေအမြစ်ရှိတဲ့ မျှော်လင့်ချက်ကို ပေးဖို့လိုတယ်။

ပြည်ထောင်စုကြီးကို တည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ကို ဘာတစ်ခုမှ မပေးနိုင်ဘဲနဲ့ စစ်ပွဲသံသရာပဲလည်နေမလား ဆိုတာကို တဖက် အင်အားစုဖက်ကလည်း စဉ်းစားဖို့ လိုတယ်။ ULA/AA တို့ဖက်ကလည်း သူတို့ရဲ့ မျှော်မှန်းချက်ပန်းတိုင်ကို သွားနေတဲ့အခါမှာ တခြားကြားက လိုအပ်တဲ့ အချက်အလက်တွေကိုလည်း အာရုံစိုက်ဖို့လိုတယ်။ အဲလိုမျိုး သွားတဲ့အချိန်မှာ နိုင်ငံရေးနည်းဆိုတဲ့ Soft Power တခု လိုသေးလား၊ မလိုတော့ဘူးလား။ ဘယ်လိုမျိုး Soft Power ကို ပျိုးထောင်ပေးသွားမှာလဲ ဆိုတာတွေကိုလည်း ကိုယ့်ဖက်က ရေရှည်မျှော်ပြီးတော့ စဉ်းစားဖို့လိုတယ်။ တဖက်ကလည်း ပြည်ထောင်စုကို မပြိုကွဲစေချင်လို့ သွားနေတဲ့ ကာလမှာ တိုင်းရင်းသားများ တောင်းဆိုတဲ့ အခွင့်အရေးကိုလည်း မပေးနိုင်၊ တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကိုလည်း အပြည့်အဝ မပေးနိုင်တဲ့ကာလ၊ ကတိကဝတ်တွေကို မတည်ဆောက်နိုင်တဲ့ ကာလမှာ တိုင်းရင်းသားတွေနဲ့ ပိုဝေးကွာသွားအောင် လုပ်ပြီးတော့ ပြည်ထောင်စု ပြိုကွဲတော့မယ်ဆိုတဲ့ နောင်တတွေနဲ့ပေါ့။ အဲလိုမျိုး မပြိုကွဲရအောင် ဘယ်လိုမျိုး အခွင့်အရေးတွေကို ပေးရမှာလဲ ဆိုတာတွေ၊ စစ်မှန်တဲ့ အခင်းအကျင်းတွေကို နိုင်ငံရေးအားဖြင့် ချပြဖို့လိုမယ်။ တဖက်ကလည်း သူတို့ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတဲ့အခါမှာ ပန်းတိုင်ကိုရောက်မှာလား၊ မရောက်ဘူးလား၊ ကြားမှာ ဘာတွေလိုမလဲ။ အဲဒီနှစ်ခုကြားမှာ ဖြစ်လာမဲ့ ပြဿနာတွေကို ဘယ်လို ညှိနှိုင်းပေါင်းစပ်ပေးနိုင်ဖို့ နိုင်ငံရေးအင်အားစု တစ်ခုရှိဖို့ လိုအပ်သလဲ ဆိုတဲ့ အခင်းအကျင်းတွေကို သုံးသပ်ဖို့လိုတယ်။ Hard Power နှစ်ခုထိတွေ့ရင် မီးပွင့်တယ် ကြားမှာပြည်သူတွေ ဒုက္ခရောက်တယ်။ Hard Power တိုင်းမှာက ရည်မှန်းချက်ရှိတယ်။ ကိုယ့်ရည်မှန်းချက်ကို အလုပ်လုပ်တဲ့အခါမှာ ကြားမှာပြည်သူတွေ မြေဇာပင်ဖြစ်ရတယ်။ အဲလိုမျိုး မြေဇာပင် မဖြစ်ရအောင် Hard Power နှစ်ခုရဲ့ ရည်မှန်းချက်လည်း ရောက်အောင် ကြားမှာ ပျော့ပျောင်းတဲ့ နိုင်ငံရေးအင်အားစုတစ်ခုရဲ့ လိုအပ်မှုဟာ ရှိနေဆဲဖြစ်တယ်။ အဲဒီလိုအပ်မှုတွေ မပျောက်သွားဖို့ နှစ်ဖက်လုံးကပျိုးထောင်ပေးဖို့ ကာလတခု ရှိနေတယ်လို့တော့ မြင်တယ်။

မေး။ အခု Interview အပေါ်မှာ နောက်ထပ် ဖြည့်စွက် ပြောချင်တာများ ရှိရင်ပြောပြပေးပါဆရာ။

ဖြေ။ အလွန်တရာ အကျပ်အတည်းကို ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုနိုင်ငံရေး ကြုံနေရတဲ့ ကာလ၊ တနည်းအားဖြင့် ဗမာကိုအခြေပြုတဲ့ စစ်ရေး၊ နိုင်ငံရေးဟာ အနိမ့်ဆုံးအခြေအနေကို ရောက်နေတယ်။ တိုင်းရင်းသား နယ်မြေတွေမှာတော့ အမျိုးသားရေး စိတ်ဓာတ်က အမြင့်ဆုံး အခြေအနေကို ရောက်တယ်။ အဲဒီလို အခင်းအကျင်းတစ်ခုမှာ ပြည်ထောင်စုကို ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘယ်နည်းလမ်းနဲ့ ထွက်ပေါက်ပေးမှာလဲဆိုတာ သူမှာလည်း စီမံကိန်းတွေ ရည်မှန်းချက်တွေ ရှိမှာပေါ့။

အမျိုးသားလွတ်မြောက်မှုကို လက်နက်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း အသီးသီးသော အင်အား တည်ဆောက်ပြီးတော့ အသီးသီးသော ရည်မှန်းချက်တွေနဲ့တော့ ဆောင်ရွက်ကြမည်။ အဲဒီလိုမျိုး ပြိုင်ဆိုင်နေတဲ့ ကာလဖြစ်တာမို့ အလွန်သတိထားဖို့ လိုအပ်တယ်။ ဒီလိုမျိုးကာလမှာ အမျိုးသား အသီးသီးရဲ့ ညီညွတ်မှုနဲ့ ရည်မှန်းချက်ကို မပျက်အောင် ထိန်းထားနိုင်မှုဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းမှာ လိုအပ်တယ်လို့ မြင်တယ်။ ရခိုင်မှာဆိုရင် ရခိုင်အမျိုးသားညီညွတ်မှုကို မျက်ခြေမပြတ်အောင်၊ စည်းလုံးညီညွတ်အောင် ဦးတည်ပြီးတော့ ဆောင်ရွက်ထားဖို့ လိုတဲ့ကာလမှာ ရခိုင်အမျိုးသား ညီညွတ်မှုမပြိုကွဲအောင် ထိန်းထားနိုင်ဖို့ တာဝန်ဟာ အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ် ။ အဖွဲ့အစည်းအသီးသီးက သတိထားဖို့လိုတယ်။ အချိန်မရွေး ကျကွဲသွားနိုင်တယ် ကွဲရင် ပြန်ဆက်ဖို့ ခက်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အင်အားပြိုင်တဲ့ကာလမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပန်းတိုင် ရည်မှန်းချက်ကို ရောက်ဖို့ ကြိုးစားဖို့လိုတယ် ဒီလောက်ပဲ ပြောချင်ပါတယ်။

17th December 2021

– End –

ဒေါက်တာအေးမောင် အား AASYC က မေးမြန်းသည့် အင်တာဗျူး အား pdf ဖိုင်ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည် (သို့မဟုတ်) download ချနိုင်ပါသည်။

https://themognationwikidata.files.wordpress.com/2021/12/aasyc_-dr-aye-maung_-interview.pdf

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s