ဇင် နဲ့ ထေရဝါဒ ဘာကွာသလဲ

(The Mog Nation Wiki, an archive)


ဇင် နဲ့ ထေရဝါဒ ဘာကွာသလဲလို့လာမေးကြတယ်။ ဆင်တူတာတွေလည်းရှိတယ် ကွာခြားတာတွေလည်းရှိတယ်လို့ အတိုချုပ်ဆိုရမှာပေါ့။ ထေရဝါဒ နဲ့ မဟာယာန အကြားက ထင်ရှားတဲ့ ကွာခြားချက် ၁၅ ချက်လောက်ကိုတော့ ကျွန်တော့် မဟာယာနဗုဒ္ဓဘာသာ မှ တင်ပြထားတာရှိပါတယ်။ ဇင် က လည်း အရှေ့ဖျား မဟာယာန ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတော့ ကွာခြားချက်တွေ အတော်များများရှိပါလိမ့်မယ်။

လူတွေက ထင်နေကြတာက မဟာယာန ကို ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုလို့ ထင်မှားနေကြတယ်။ တကယ်တော့ မဟာယာနဟာ စာပေပိဋကတ်အစုအဝေးတစ်ခုကို အခြေခံတဲ့လှုပ်ရှားမှုတစ်ခုပါ။ ဒဿနအတွေးအခေါ်လမ်းကြောင်းတစ်ခုပါ။ ဒါတွေကိုအခြေခံလို့ ဖြစ်တည်လာရတဲ့ အကျင့်တရားလမ်းတစ်ခုလို့ဆိုကြပါစို့။ ဒီတော့ ထေရ နဲ့ မဟာယာန အကြားမှာ လောကအမြင်တွေ ဘဝအမြင်တွေ တော်တော်လေး ခြားနားနေတဲ့ ကွာခြားမှုတွေရှိပါတယ်။ ဒီအထဲမှာမှ ဇင် ဟာ မဟာယာနထဲ က ထေရဝါဒ အဆန်ဆုံး လို့ ဆိုရင်တောင် ရမယ်ထင်ပါတယ်။

ယနေ့ အရှေ့တောင်အာရှနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ထွန်းကားနေတဲ့ ထေရဝါဒ ဆိုတာဟာ သီဟိုဠ် မဟာဝိဟာရဝါသီဂိုဏ်းကနေဆင်းသက်တယ်။ မဟာဝိဟာရဂိုဏ်းကလည်း အိန္ဒိယမြောက်ပိုင်းက ဝိဘဇ္ဇဝါဒီဂိုဏ်းကနေ ဆင်းသက်တယ်။ ဝိဘဇ္ဇဝါဒီ ကတော့ မူလ ထေရသံဃာ – ထာဝိရဂိုဏ်း / ထေရဂိုဏ်းကနေ ဆင်းသက်တယ်ပေါ့။

မူလထေရသံဃာ ကနေ ထေရ/ထာဝိရဂိုဏ်း နဲ့ မဟာသံဃိကဂိုဏ်း ဆိုပြီးကွဲတယ်။ ထေရဘက်က ၁၂ ဂိုဏ်း ထပ်ကွဲသလို မဟာသံဃိက ဘက်ကလည်း ၆ ဂိုဏ်း ထပ်ကွဲပြားတယ်။ ဒီလိုနဲ့ ရှေးဦးသံဃာဂိုဏ်း ၁၈ ဂိုဏ်း ပေါ်ထွန်းလာတာပါ။ မဟာသံဃိကဘက် မှာ မဟာယာန ရဲ့ ရှေးဦးသုတ္တန်စာပေတွေပေါ်ထွန်းပေမဲ့ ဒီဂိုဏ်းတွေဟာ ဝိနည်းအစဉ်အလာနဲ့ ရဟန်းတွေ မကျန်ရစ်ခဲ့ပါဘူး။ ပျောက်ကွယ်ကုန်ကြပါပြီ။ အလွန်ရှေးကျတဲ့ မဟာသံဃိကဝိနည်းဖြစ်တဲ့ သာရိပုတ္တရာပရိပုစ္ဆာ ဆိုတဲ့ ကျမ်းတစ်စောင်ပဲကျန်ရစ်တာကို တွေ့ရပါတယ်။

ထေရဘက်က ထပ်ကွဲတဲ့ ဂိုဏ်းတွေထဲက လက်ရှိမှာတော့ ၃ ဂိုဏ်း ဟာ ကျန်ရစ်ခဲ့ပါတယ်။ ဒါတွေကတော့ မူလသဗ္ဗတ္တိဝါဒီ (တိဗက် ဘူတန် နီပေါလ်) ဓမ္မဂုတ္တက (တရုတ် ကိုရီးယား ဂျပန်) နဲ့ ထေရဝါဒ ဂိုဏ်း တွေပါပဲ၊။ ဒီတော့ ယနေ့ရှိရှိသမျှ ဗုဒ္ဓဘာသာ ဂိုဏ်းတွေအားလုံးဟာ မဟာသံဃိက ဘက်က ဂိုဏ်း တွေ မဟုတ်ကြပဲ ထေရ/ထာဝိရ မူလသံဃာဘက်ကနေ ဆင်းသက်လာတဲ့ ဂိုဏ်းတွေချည်းပဲဆိုတာ အကြမ်းဖျင်း မှတ်သားထားနိုင်ပါတယ်။ မဟာယာနစာပေတွေကိုလက်ခံတဲ့ တိုင်းပြည်တွေက ထေရအဆက်အနွယ်ဂိုဏ်းတွေကို မဟာယာန ဗုဒ္ဓဘာသာလို့ခေါ်ကြတာ ဖြစ်ပါတယ်။ ဇင်ဟာ အဲဒီထဲက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

ဇင် နဲ့ ထေရဝါဒ ကွာခြားချက်အချို့ရှိတဲ့အထဲမှာတော့ စာပေပရိယတ်ကို အားစိုက်ပုံခြင်းမှာ ကွာခြားမယ်လို့ မြင်မိပါတယ်။ ထေရဝါဒ နဲ့ တိဗက်ဗုဒ္ဓဘာသာတွေဟာ စာပေ ပရိယတ္တိအပေါ်မှာ အတော်လေးဝါယမစိုက်ထုတ်ကြပါတယ်။ သင်ရိုးတွေနဲ့ စာပေပညာကို ပါရဂူမြောက်အဆင့်အထိရောက်အောင် နှစ်ရှည်လများသင်ယူကြရပါတယ်။ ဇင် မှာကတော့ မဟာယာနသုတ္တန်အနည်းငယ် နဲ့ ကိုအန်ပုစ္ဆာသင်ရိုးတွေလောက်ပဲရှိတာကိုတွေ့ရတော့ စာပေပရိယတ်အပေါ် အားစိုက်တာခြင်း ကွာခြားတာကို မြင်နိုင်ပါတယ်။ သစ္စာတရား ဟာ စကားလုံးဝေါဟာရတွေ ကျမ်းဂန်စာပေတွေရဲ့ အပြင်ဘက်မှာပဲရှိတယ်ဆိုတဲ့ ဇင်အခြေခံဥပဒေသကလည်း ဒီအချက်ကို ထင်ရှားစေတယ်ထင်ပါတယ်။

နောက်တစ်ခုကတော့ ဘဝအမြင် ကွာခြားမှုပါ။ ထေရဝါဒ က လူ့ဘဝကို ရှုမြင်ရာမှာ အလွန်ရှည်လျားတဲ့ ဘဝသံသရာအချိန်ကာလရှည်ကြီးရဲ့ ဖြတ်ပိုင်းလေးတစ်ခုလို့မြင်ပါတယ်။ သံသရာခရီးသည်တွေဖြစ်တဲ့လူသားတွေဟာ အတိတ်ဘဝ ရဲ့ ကောင်းကံဆိုးကံအမွေတွေကိုခံယူလို့ အနာဂတ်ဘဝတွေကိုလည်း လက်ရှိမှာ ဖန်တီးတည်ဆောက်နေရတယ်ဆိုတဲ့ အမြင်မျိုး ကို ဆွဲကိုင်ထားပုံရှိတာကိုတွေ့ရပါတယ်။

ဇင်မှာတော့ ဒီလို သံသရာအမြင်မျိုးကို ရှေ့တန်းတင်တာ မတွေ့ရပါဘူး။ မဟာယာနရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဇင် မှာ ဗောဓိသတ္တအဓိဋ္ဌာန်ကိုတည်ဆောက်ရတာတွေရှိသလို ဝေနေယျတွေကို ကယ်တင်မယ်ဆိုတဲ့ စိတ်ထားကိုလည်း အခြေခံရတာမှန်ပါတယ်။ ဒါပေမဲ့ ဇင် ဟာ လက်ရှိဘဝ နဲ့ လက်ရှိ ဖြစ်ဆဲခဏ ပစ္စုပ္ပန်ကိုပဲ ပိုပြီး စူးစူးစိုက်စိုက်ရှိပုံပေါ်ပါတယ်။ မေးခွန်းတွေမေးတဲ့အခါ ဇင်ဆရာတွေဟာ တွေးတောစဉ်းစားမနေပဲ ပစ္စုပ္ပန်တည့်တည့်မှာ ရုတ်ခြည်းပေါ်ပေါက်လာတဲ့ အဖြေနဲ့ တုန့်ပြန်လေ့ရှိကြတာကိုတွေ့ရတယ်။ သူတို့ ရဲ့ အချိန်ကာလအမြင်ဟာ နန်းလီနီယာ သဘောဆန်ပြီး အတိတ် အနာဂတ် ဘဝတွေ အပေါ်မှာသိပ်အာရုံထားပုံမရ ပါဘူး။ တစ်ခါက ရဟန်းတစ်ပါး က ဇင်ဆရာကိုမေးတယ်။ ” အရှင်ဘုရား သေပြီးရင်ဘာဖြစ်မလဲ” ဇင်ဆရာက “ငါမသိဘူး” လို့ဖြေတယ်။ ရဟန်းက “အရှင်ဘုရားက ဇင်ဆရာပဲလေ သိရမှာပေါ့” လို့ အထွန့်တက်တယ်။ ဇင်ဆရာကပြန်ဖြေတယ် ” အေး ငါက မသေသေးတဲ့ ဇင်ဆရာလေကွာ” တဲ့။ ဒါဟာ ဇင်က ပေးချင်တဲ့ မက်ဆေ့ချ်အနှစ်ချုပ်ဖြစ်မလားပဲ။ ရှည်လျားထွေပြားမနေမနားတသွားတည်းသွားနေရတဲ့ ဘဝသံသရာ ဆိုတာမျိုး ဇင်မှာ အတွေးနယ်ချဲ့ စိတ်ကူးယဉ်နေတာမျိုးတွေ ရှိပုံမရပါဘူး။

ပရိယတ်ကို အားမသန်လှတဲ့ဇင် ဟာ ပဋိပတ်ကိုတော့ အတော်လုပ်တယ်ဆိုရမှာပါပဲ၊။ နေ့စဉ် နံနက် ၃ နာရီ အိပ်ရာထချိန်ကစလို့ အလုပ်လုပ်တာရယ် တရားထိုင်တာရယ် ခဏနားနေတာတွေရယ် ဒါတွေပဲရှိပါတယ်။ ဇင်ကျောင်းတိုက်တွေဟာ ဆွမ်းခံတယ်ဆိုပေမဲ့ ဆွမ်းအစိုမဟုတ်ပဲ ဆွမ်းဆန်စိမ်းလို အခြောက်ရိက္ခာတွေကိုပဲ ခံကြပါတယ်။ နေ့စဉ်စားသောက်မှုအတွက်ကတော့ ဇင်ကျောင်းတိုက်တွေမှာ စားဖိုဆောင်မှူးတွေရဲ့ တာဝန်ပါပဲ။ အလွန်ရိုးရှင်းတဲ့ သက်သတ်လွတ်အစားအစာမျိုးကိုပဲ ဘုဉ်း ကြတဲ့အတွက် ဝန်ပေါ့တယ်လို့ဆိုနိုင်ပါတယ်။ ထေရဝါဒကျောင်းတိုက်တွေမှာလို အဆီများတဲ့ အစားအစာတွေကြောင့် အစာအိမ်ရောဂါ သွေးတိုးရောဂါမျိုးတွေ သိပ် ရှိပုံမရပါဘူး။ အေးမြတဲ့ရာသီဥတုကြောင့် ဇင်ရဟန်းတွေဟာ ညစာစားကြပါတယ်။ ဒါလည်း ရိုးရှင်းတဲ့ သက်သတ်လွတ်အစားအသောက်ပါပဲ။ သပ္ပါယမျှတအောင်နေထိုင်စားသောက်ကြရတာပါပဲ။

လောကအမြင်ဘဝအမြင်တွေမှာလည်း ဇင် နဲ့ ထေရဝါဒ ကြားထဲမှာ ကွာခြားချက်တွေရှိတယ်။ ထေရ အမြင်က ဒွိတ္တအမြင်မျိုးပါ။ လောကီဘဝသံသရာက အရှိတရားတစ်ခု လောကီဘဝကိုကျော်လွန်တည်ရှိနေတဲ့ လောကုတ္တရာ အသင်္ခတနိဗ္ဗာန် က သပ်သပ်အရှိတရားတစ်ခု။ လောကီသံသရာဘဝကို ပယ်ရှားလိုက်မှ ရုပ်တွေနာမ်တွေချုပ်ငြိမ်းပြတ်စဲသွားမှ နိဗ္ဗာန်ဖြစ်မယ် ဆိုတာမျိုး ရှုမြင်ပါတယ်။ ဒါကြောင့် ထေရဝါဒတရားလမ်းအကျင့်တွေဟာ ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်တရားတွေကို မြင်အောင်ရှု ရှုနေရင်းနဲ့ မြင်ဖန်များတဲ့ ဖြစ်ပျက်သဘောတွေကို ပျင်း-မုန်း-ငြီးငွေ့-စက်ဆုပ် လို့ မဆုပ်ချင်မကိုင်ချင်တော့လောက်အောင်လွတ်မြောက်ချင်လာလို့ နောက်ဆုံးမှာ ရုပ်နာမ်ဖြစ်ပျက်တွေက လွန်ရာမြောက်ရာ အသင်္ခတဓာတ်ကို တွေ့ရှိရတယ်ဆိုတာမျိုး သင်ကြားပါတယ်။ ဒါကြောင့် လောကမုန်းဘဝမုန်း ခံစားချက်ဟာ ထေရတရားလမ်းထဲမှာ အနှစ်သာရကျကျပါဝင်နေပါတယ်။ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံး ဆိုတာ ထေရဝါဒတရားလမ်းရဲ့ သင်ကြားချက်တစ်ခုပါပဲ။

ဇင်ကတော့ မဟာယာနဒဿနနဲ့ တောက်ဝါဒတွေ ပေါင်းစပ်ထားလို့လားတော့မသိဘူး ထေရဝါဒရဲ့ အရှိတရား ၂ ခု ဒွိတ္တအမြင်မျိုး မရှိတာကို သတိထားမိတယ်။ သံသရာဘဝ နဲ့ အသင်္ခတနိဗ္ဗာန်ဆိုတာတွေဟာ ဇင် အတွက်တော့ လှိုင်း နဲ့ ရေ လိုပဲ။ တစ်သားတည်းပဲ။ နှစ်ခုပြားပြီးမြင်နေတာက အဝိဇ္ဇာဖြစ်တယ်လို့ ယူပါတယ်။ ဂျပန်လို ဟုန်ဂကု ဆိုတာက နဂိုဉာဏ်ပညာအလင်းရောင် နဂိုလွတ်လပ်ခြင်းသဘောပါပဲ။ အရာခပ်သိမ်းဟာ နဂိုလွတ်မြောက်ပြီးသား အဇာတတရားတွေလို့ ရှုမြင်တယ်။တရားလမ်းရဲ့ အလုပ်ကတော့ နဂိုပကတိအရှိကို မိမိသန္တာန်အသိဖြစ်လာအောင်လုပ်ရတဲ့ ဂျိကကု သဘောပါပဲတဲ့။ ဒီတော့ အရှိတရားရှုထောင့်မှာ ဘာပြဿနာမှမရှိဘူး။ အရာခပ်သိမ်းဟာ အစကတည်းက တစ်လုံးတစ်ဝတည်း လွတ်မြောက်ကြပြီးသားမို့ တမင် ထပ်လွတ်မြောက်အောင်လုပ်စရာလည်းမရှိပါဘူး။ ဆတိုရီ ဆိုတာဟာလည်း ဒီသဘောကို ထိုးထွင်းမြင်လိုက်ရခြင်းပါပဲ။ ဒီလိုမြင်ဖို့ ကြိုးစားအားထုတ်မှုတွေလုပ်ရတယ်ဆိုပေမဲ့ အဆုံးသတ်အသိတရားဟာ အဆုံးမရှိခြင်းသဘောကို မြင်လိုက်ရခြင်းပါပဲ.. ဒီအထဲမှာ တမင်လုပ်ဆောင်မှုတွေ ကြိုးစားအားထုတ်မှုတွေ ဘာမှ မရှိတော့ပါဘူး။ ဒါကြောင့် ဇင်တရားလမ်းဟာ သဘာဝတရားကို ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတဲ့သဘော လေးစားတဲ့သဘောတွေ ထင်ဟပ်နေပါတယ်။ ဘဝကို လောကကို မုန်းဖို့ ငြီးငွေ့ဖို့မဟုတ်ဘဲ အတိုင်းတိုင်းကလေးလက်ခံဖို့ ချစ်ဖို့ တန်ဖိုးထားကြည့်ဖို့ဆိုတာမျိုး ဖြစ်လာပါတယ်။ ဇင်တရားလမ်းဟာ လောကီဘဝထဲက ထွက်ပြေးတာမျိုးမဟုတ်ပဲ လောကထဲကို တိုးဝင်ရှင်သန်တဲ့ တရားလမ်းဖြစ်လာပါတယ်။

နိုင်ငံရေးနယ်ပယ်မှာတော့ ဇင်ဟာ ထေရ လောက်ကံမကောင်းတာကို တွေ့ရတယ်။ ကာမာကူရခေတ်ကတည်းက ရှိုဂန်တွေ ဆာမူရိုင်းတွေရဲ့ ချီးမြှောက်ထောက်ပံ့မှုကိုရရှိခဲ့တဲ့ ဇင် ဟာ မေဂျီခေတ်ပြောင်းချိန်မှာ ရှိုဂန်တွေ အရာကျသွားတဲ့အတွက် ပစားပေးမခံရတော့ပါဘူး။ ရဟန်းတွေ အိမ်ထောင်ပြုခွင့် ဥပဒေကို ၁၈၇၂ ခုနှစ်မှာ မေဂျီအစိုးရက ထုတ်ပြန်လိုက်တဲ့အတွက် ဇင်သာသနာ ဟာ မျိုးရိုးစဉ်ဆက် အမွေဆက်ခံယူတဲ့သာသနာဖြစ်သွားရပြီးတော့ ခေတ်ပြောင်းလာတဲ့ အနောက်တိုင်းအတွေးအမြင်တွေလွှမ်းမိုးလာတဲ့ ခေတ်သစ်ဂျပန်နိုင်ငံမှာ အားနည်းလာတာကိုတွေ့ရတယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဂျပန်ဇင်ဆရာတွေဟာ ဂျပန်အမျိုးသားရေးဝါဒကို ထောက်ခံသူတွေဖြစ်ခဲ့ကြတာလည်း အခြေခံကျကျပါနေတဲ့ အကြောင်းတရားတစ်ခုဖြစ်ပါလိမ့်မယ်။ အခုတော့ ဇင် ဟာ မူရင်းတိုင်းပြည်ဂျပန်ထက် အနောက်တိုင်း နဲ့ ဥရောပနိုင်ငံတွေမှာ ပိုမိုအားကောင်းစွာထွန်းကားလို့နေပါပြီ။ ဇင်သာသနာဟာ ဂလိုဘယ်ဖြစ်သွားတယ်လို့ဆိုနိုင်တာကတော့ ဗီယက်နမ်ဇင်ဆရာတော် သစ်နတ်ဟန်တို့ရဲ့ လူမှုတိုက်ပွဲဝင်ဗုဒ္ဓဘာသာလှုပ်ရှားမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီအကြမ်းမဖက်လှုပ်ရှားမှုရဲ့အောက်ခြေမှာ ဇင်ရဟန်းတွေ ဇင်တရားလမ်းသင်ကြားချက်တွေ ကို အခြေခံလို့ထားပါတယ်။

ဇင်ထက်ကံကောင်းတဲ့ ထေရဟာ မင်း-အစိုးရတွေရဲ့ အသုံးတော်ခံဖြစ်နေဆဲ ကြီးမားတဲ့ အားပေးချီးမြှောက်ထောက်ပံ့မှုတွေကို ရရှိနေဆဲပါပဲ။ ဒါကြောင့်မို့ ထေရထွန်းကားတဲ့တိုင်းပြည်တွေက ထေရဘာသာဝင်အစိုးရတွေ ရဲ့ ကာကွယ်စောင့်ရှောက်အားပေးမှုကြောင့် ထေရသာသနာဟာလည်း ကမ္ဘာကို သာသနာပြုနိုင်တဲ့အနေအထားအထိ အားကောင်းလာတာကိုမြင်ရပါတယ်၊ ဇင် ကတော့ နိုင်ငံရေးနယ်ပယ် ပါဝါနယ်ပယ်ကနေ ကင်းလွတ်ပြီး တရားအသိရှာချင်သူတွေသက်သက်နဲ့ လှုပ်ရှားနေရတဲ့ သဘောကိုဆောင်ပါတယ်။

ချုပ်ပြောရရင်တော့ ဇင်ရော ထေရရောဟာ ဗုဒ္ဓတရားတွေပါပဲ။ အမယ်တူဟင်းလျာတွေကို မတူညီတဲ့ ချက်ပုံချက်နည်းတွေ ပြင်ဆင်နည်းတွေနဲ့ ချက်ပြုတ်ပြင်ဆင်ထားသလိုပါပဲ.. အရသာမတူကြပေမဲ့ ပေးတဲ့ အာဟာရနဲ့ ခွန်အားကတော့ အတူတူပါပဲ။ ထေရတရားကတော့ လောက နဲ့ ခန္ဓာတွေကို ငါမဟုတ် ငါ့ကိုယ် ငါ့ဟာမဟုတ်ဆိုပြီး ဖယ်ထုတ်တဲ့နည်းနဲ့သွားရတာဖြစ်ပြီး ဇင်တရားလမ်းကတော့ မိမိ နဲ့ အရာခပ်သိမ်းဟာ ဗုဒ္ဓ-သဘာဝပဲဖြစ်တယ် ဓမ္မကာယပဲဖြစ်တယ်လို့ ပေါင်းစည်းရှုမြင်ရတဲ့နည်းပါပဲ။ ဘဝမုန်းလောကမုန်းသန်သူတွေက ထေရ နဲ့ သွားသင့်ကြသလို ဘဝချစ်လောကချစ်သူတွေကလည်း ဇင် နဲ့ သင့်တော်ပါလိမ့်မယ်၊။ အဆုံးသတ်ရောက်ရတဲ့ ပန်းတိုင်ကတော့ စိတ္တနကမ္ပတိ ဆိုတဲ့ မတုန်လှုပ်သောစိတ် ရဲ့ လွတ်မြောက်ခြင်းပါပဲ။ သမုဒ္ဒရာအရသာက ဘယ်နေရာပဲ တို့ကြည့်ကြည့် ငံသောအရသာပဲရှိသလိုမျိုး ဓမ္မဟာလည်း ဘယ်နည်းနဲ့ပဲ သွားသွား ဝိမုတ္တိရသ တစ်ခုကိုပဲ ပေးပါလိမ့်မယ်။ 

~ Lynn Htet Swe



The Mog Nation Wiki
Kyaw Zaw Oo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s