စာတစ်စောင်၏ အတ္ထုပ္ပတ္တိ (၁)

(The Mog Nation Wiki, an archive)


စာတစ်စောင်၏ အတ္ထုပ္ပတ္တိ (၁)

၁။ ၂၀၂၁ ဟာ ဗမာပြည်ရဲ့ ကျိမ်စာသင့်နှစ်ကာလ
တစ်ခုပါ။ ကပ်ဘေးနဲ့ အကြပ်အတည်းကြား လုံးထွေး
ဆဲတိုင်းပြည်ဟာ အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကစလို့ သမိုင်းချောက်ကမ်းပါးထဲ ထိုးကျသွား
ရပါတော့တယ်။

၂။ နာရီပိုင်းအတွင်း အစိုးရတစ်ရပ်ကို သေနတ်တစ်ချက်မဖောက်ပဲ ထိန်းချုပ်လိုက်တဲ့ အာဏာသိမ်းမှုဟာ ၆၂ ကစခဲ့တဲ့ အာဏာအရင်းအမြစ်ကို ထင်ဟပ်သလို
ဒါကို နားမလည်ပဲ ၂၀၀၈ အောက် လက်သန်းမှင်စွန်းရုံနဲ့ အစိုးရမယ်လို့ ယုံနေသူတွေရော လူထုထောက်ခံမှုကို အာဏာရဖို့အရေးလောက်နဲ့ တပ်ကို လှောင်ပြောင်
ရန်စရုံသက်သက် အလွဲအသုံးချခဲ့သူတွေအတွက်ပါ
ဒီဖြစ်ရပ်ဟာ ယူစရာ သင်ခန်းစာ အကြီးကြီးပါ။

၃။ ဗမာပြည်အာဏာသိမ်းဖြစ်စဥ်တွေမှာ ခြေဥဖျက်ပြီး သိမ်းခဲ့တာ နှစ်ကြိမ်။ ခြေဥအောက်ကနေ သိမ်းတာ
နှစ်ကြိမ်နဲ့ လေးကြိမ်ရှိခဲ့ပါပြီ။ ဒီလေးကြိမ်မှာ ခြေဥအောက်က အာဏာသိမ်းဖြစ်ရပ်နောက်ကွယ်တိုင်းမှာ အာဏာရလူတန်စားကြား လူထုမသိနိုင်တဲ့ အာဏာလွန်ဆွဲပွဲတွေ အုပ်စုတိုက်ပွဲတွေ ရှိနေစမြဲပါ။

၄။ တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ (၁) နေ့မှာတင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သုံးခဲ့တဲ Chair NLD
ဆိုတဲ့ page မှာ ” ပြည်သူသို့ ပန်ကြား ချက်”ဆိုတဲ့
စာတစ်စောင်တင်ထားတာ တွေ့ရပါတယ်။ ဒီစာဟာ
ဒေါ်စုရဲ့ အစစ်ပါလို့ ဦးဝင်းထိန်က တာဝန်ခံပါတယ်။
ပြီးတော့ ဒီစာကို ဇန်နဝါရီ (၂၉) ရက်နေ့မှာ ရေးထားခဲ့
တာပါလို့ online Voice ဂျာနယ် အင်တာဗျုးမှာ ဦးဝင်းထိန်က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးဝင်းထိန်အပြောအရ ဒီစာဟာ ဒေါ်စုစာ ဖြစ်သလို NLD ဟာ အာဏာသိမ်းမယ်ဆိုတာ (၂၉) ရက်ကတည်းက သိရှိ
(ဒါမှမဟုတ်) ခန့်မှန်း ပြင်ဆင်ထားတယ်လို့ ဆိုရမှာပါ။

၅။ ဦးဝင်းထိန်ဟာ အာဏာသိမ်းချိန်မှာ အဖမ်းမခံ
ရပဲ အာဏာသိမ်းတဲ့ (၁) ရက်နေ့မှာတင် သတင်းစာရှင်းလင်းပွဲတောင် လုပ်ခဲ့ပါသေးတယ်။ အဖမ်းခံရတဲ့
(၅) ရက်နေ့မှာလည်း သက်ဆိုင်ရာက နေပြည် တော်ကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အဝေးပြေးလမ်းမပေါ်က
မာစီဒီးကားကြီးပေါ်ကနေ BBC နဲ့ တိုက်ရိုက် အင်တာဗျူးနေခဲ့ပါသေးတယ်။

၆။ (၁) ရက်နေ့မှာ လုပ်ခဲ့တဲ့ သူ့သတင်းစာရှင်လင်းပွဲမှာ ဦးဝင်းထိန်ဟာ အာဏာသိမ်းမှုကို အကြမ်းမဖက် ဆန့်ကျင်ကြဖို့ Civil Disobedience ဆိုတာက စတင်ပြောပါတယ်။ ဒါဟာ CDM ရဲ့အစဖြစ်သလို CDM ဆိုတာဟာ အာဏာသိမ်းရင် ခုခံမဲ့ နည်းအ​ဖြစ် NLD က တင်ကြို ပြဌာန်းပြင်ဆင်ထားခဲ့တာလည်း ဦးဝင်းထိန်စကားအရ သိနိုင်ပါတယ်။

၇။ ဒေါ်စုစာဆိုတဲ့ ပန်ကြားချက်ဆိုတဲ့ စာမှာ အချက် (၅) ချက်ပါပါတယ်။ အချက် (၁) ကနေ (၄) အထိရဲ့ အနှစ် ချုပ်က ၂၀၀၈ ကို လိုက်နာပါလျက် ရွေး ကောက်ပွဲ
ဥပဒေအတိုင်း လုပ်ပါလျက် အာဏာသိမ်းရက်လေခြင်းလို့ ဆိုလိုတာပါပဲ။ အချက် (၅) ကတော့ အာဏာသိမ်း
တာ လက်မခံဘဲ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ဆန့်ကျင်တုံ့ပြန်ကြဖို့ ​ပြောပါတယ်။ ဒါပေမဲ့ ဒီစာကို NLD ဇောင်းကြွတွေ ကိုယ်၌ တောင် မယုံနိုင်ကြပါ။ ယုံချင်စရာလည်း မရှိပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်စုနဲ့ NLD ဟာ ဘယ်တုန်းကမှ တိုက်ပွဲကို အယုံအကြည်မရှိခဲ့ဘူးဆိုတာ သိထားကြလို့ပါပဲ။

၈။ တကယ်တော့ ဒေါ်စုပြောတဲ့ “တခဲနက်ဆန့်ကျင်ကြ”
ဆိုတာဟာ အကြမ်းမဖက် Civil Disobedience လို့
ဦးဝင်းထိန်က ရှင်းပြပါတယ်။ ဒါဟာ ဂန္ဓီနည်းဖြစ်ပြီး ဗြိတိသျှကတော့ ဘာမှမလုပ်ပေမဲ့ စစ်တပ်ကတော့ သေနတ်နဲ့ ပစ်မှာပဲလို့ တဟားဟားရယ်ရင်း Voice ဂျာနယ် အင်တာဗျူးမှာ ဦးဝင်းထိန်က ​ပြောပါတယ်။
ဒီသတင်းစကားကလည်း အဓိပ္ပါယ် ထပ်ရှင်းပြရ
လောက်အောင် မရှင်းမလင်းမို့ စကတည်းက ခပ်ရှုပ်ရှုပ်ဇာတ်ထုပ်တစ်ခုပါ။

၉။ ဒါကို ထပ်ပြီး သက်သေခံတာကတော့ ဇော်ဝေစိုးပါ။ ဒေါ်စုဟာ CDM လုပ်ကြဖို့ ဦးဝင်းထိန်ကတဆင့် ညွန်းကြားခဲ့တယ်လို့ မတ်လ (၈) ရက်နေ့မှာ ဇော်ဝေစိုးဟာ
သူ့ page မှာ အသံဖိုင်နဲ့ ပြောခဲ့ပါတယ်။

၁၀။ ဒီတော့ ဇာတ်ပေါင်းလိုက်တော့ CDM လုပ်ဖို့ ညွှန်ကြားသူဟာ ဒေါ်စု။ သတင်းစကားပါးသူက ဦးဝင်းထိန်။ လှုံဆော်သူတွေကတော့ မင်းကိုနိုင်။ CRPH နဲ့ ဇော်ဝေစိုးတို့ပါပဲ။

၁၁။ ဘယ်လိုပဲဖြစ်ဖြစ် နွေဦးဆိုတဲ့ ဇာတ်က စပါပြီ။
ဒီဇာတ်ကို ဇာတ်ညွန်းအရ ကမဲ့သူတွေရော ဆိုင်းသံကြား မနေနိုင်သူတွေရော တကယ်ကမဲ့သူတွေရော ဝင်ကကြ
ရပါပြီ။ အားလုံးရဲ့အခြေခံကတော့ စစ်အာဏာသိမ်း
တာကို လက်မခံနိုင်ကြတာပါ။ လက်ခံနိုင်စရာလည်း
မရှိပါ။ ဒါတွေဟာ နွေဦးရဲ့ ခြေဆင်းတွေပါပဲ။

၁၂။ အခု အာဏာသိမ်းမှုဟာ ၅၈ သိမ်းမှုလို ခြေဥအောက်ကပါ။ လွှတ်တော် ရှိတာနဲ့ မရှိတာပဲ ကွာပါ
တယ်။ တကယ်ကတော့ ၅၈ အာဏာသိမ်းမှုနောက်က
ဖဆဆိုရှယ်အစိုးရရဲ့ အုပ်စုတိုက်ပွဲတွေ။ ပြည်တွင်းစစ်ကို အခြေပြုလို့ စစ်တပ်ထောက်ခံမှုရမှ အာဏာမြဲမယ်
ဆိုတဲ့အယူအဆနဲ့ ကိုယ်ဇာတ်ကိုယ်မနိုင် ဒီမိုကရက်တွေရဲ့တစ္ဆေမွေးခဲ့တဲ့ ဇာတ်ကွက်တွေနဲ့ သမိုင်းဟာ ဂုတ်ချိုး
ခံခဲ့ရတာ ၆၂ ကနေ ဒီကနေ့အထိပါပဲ။

၁၃။ ဒီလို ၅၈ ကနေ ၂၀၂၀ အထိ တစ္ဆေတွေနဲ့ ကခုန်ရင်း ဂုတ်ချိုးခံရတဲ့ ဒီမိုကရက်တွေရဲ့ဖြစ်စဥ်တွေထဲမှာ အာဏာရလူတန်းစားတိုင်းဟာ သူတို့ချင်း ကခုန်ခဲ့တဲ့
သံစဥ်တွေကို ဖုံးကွယ်ဖို့နဲ့ လူထုထောက်ခံမှုရဖို့ အမြဲကြိုးစားကြသလို သူတော်ချင်းချင်း ရှင်းလင်းမရတဲ့အဆုံး သူတို့ရဲ့ ပြသနာအလုံးစုံကိုလည်း လူထုပေါ်
လွှဲချတတ်ကြပါတယ်။ လူထုလွတ်မြောက်ရေးလမ်းကို သူတို့ တစ်စုတစ်ဖွဲ့တစ်ပါတီအကျိုးနဲ့ ရောထွေးပစ်
တတ်သလို ရရှိထားတဲ့ လူထုထောက်ခံမှုကိုလည်း အသုံးချဖို့ ကြိုးစားကြပါတယ်။ ဒီအခါ တော်လှန်တဲ့ လူထုနဲ့ ခေတ်ပြိုင်မျိုးဆက်တိုင်းဟာ ခေတ်တိုင်းမှာ “ကျွန်ဝယ်ရာ အဆစ်ပါကြ”သလို ဖြစ်ရပါတယ်။

၁၄။ ဒီလို ခါးသီးစရာ အတွေ့အကြုံတွေနဲ့ သမိုင်း အထပ်ထပ် လည်နေပေမဲ့ ၁၉၆၂ ကစခဲ့တဲ့ တိုက်ပွဲ
လမ်းဟာ စစ်အရင်းရှင်ဝါဒ မကျရှုံးသမျှ တဖြောင့် တည်း ရှိနေခဲ့တာပါ။ အခုထိလည်း ရှိနေဆဲပါပဲ။
ဒီလမ်းကို တည့်တည့်လျှောက်သူတွေဟာတလျှောက်လုံး စစ်အရင်းရှင်ကို တွန်းလှန်ခဲ့ရသလို တပ်နဲ့ပေါင်းစားပြီး အားလုံးအပေါ်ဖိနှိပ်ခဲ့တဲ့ NLD ကိုလည်း ဆန့်ကျင်ခဲ့
ကြပါတယ်။

၁၅။ ဒီနွေဦးဟာ တဖြောင့်တည်းရှိခဲ့တဲ့ တိုက်ပွဲလမ်း
လျှောက်သူတွေနဲ့ ကိုယ် အာဏာသိမ်းခံရမှ တော်လှန်
ကြလို့ ထအော်တဲ့ NLD နဲ့ NLD အာဏာသိမ်းခံရမှ
စစ်အာဏာရှင်မှန်း သိသူတွေနဲ့ ဒေါ်စု ဖမ်းခံရလို့
ထပေါက်ကွဲသူတွေနဲ့ ယာယီပေါင်းစည်းမိကြတဲ့
ဆုံမှတ်တစ်ခုထပ် ပိုမထူးခြားပါ။ ဒါပေမဲ့ အသီးသီး
ဟာ ဦးတည်ရာ မတူနိုင်လို့ ထပ်တူလည်း မကျနိုင်ပါ။

၁၆။ ဒီနေရာမှာ သတိပြုစရာက တိုက်ပွဲလမ်းကို
တည့်တည့် ဆက်လျှောက်ကြဖို့ဆိုရင် သမိုင်းသင်ခန်းစာအရ နွေဦးဟာ တော်လှန်ရေးနဲ့ သွေဖည်ရေးကို ပိုင်းခြားပစ်ဖို့ အခွင့်ကောင်းတစ်ခုပါ။ ဒါကို မပိုင်းခြားနိုင်ရင်တော့ ဘယ်လောက် တော်လှန်ကြွတက်နေပါစေ နွေဦးဟာ ယခင်လိုပဲ “ကျွန်ဝယ်ရာအဆစ်ပါ”ရတဲ့ အရေးပဲ ထပ်ဖြစ်နေအုံးမှာ မလွဲပါ။

ဆက်ရေးပါအုံးမယ်

~ YIN TUN



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment