အသျှင်ဥတ္တမ နှင့် တွဲရေးခွဲရေး မှတ်စု

(The Mog Nation Wiki, an archive)


အသျှင်ဥတ္တမ နှင့် တွဲရေးခွဲရေး မှတ်စု

ဆရာတော်၏ နိုင်ငံရေး
● ဒေါက်တာဘမော်၏ ပြန်ပြောင်း ရေးသားချက်များအရ ၁၉-ရာစု အစောပိုင်းကာလ ဗြိတိသျှလက်အောက် မြန်မာ့စီးပွားရေး နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားသူများကား – ထိပ်ပိုင်းတွင် ဗြိတိသျှအင်ပါယာ၏ ကိုယ်စားလှယ် ဗြိတိသျှလူဖြူများ၊ အလယ်ပိုင်းတွင် အိန္ဒိယနွယ်ဖွား နှင့် တရုတ် စီးပွားရေး အသိုက်အဝန်း၊ အောက်ခြေအလွှာပိုင်းတွင် အန္ဒိယ အလုပ်ကြမ်းသမားများ၊ အိန္ဒိယနွယ်ဖွား ကူလီများ လွှမ်းမိုးထားလေရာ ဗမာပြည်၏ မူရင်းပိုင်ရှင် ဇာတိလူမျိုးများကား မည့်သည့်နေရာကိုမှ မရ၊ မိမိတိုင်းပြည်တွင်ပင် ဘေးထွက်ထိုင်နေကြရလေသည်။ ဗြိတိသျှတို့ ပြဋ္ဌာန်းထားသော မမျှတသော ဥပဒေတို့ အောက်တွင် အောက်မြန်မာနိုင်ငံ၏ ထက်ဝက်ခန့်မျှသော လယ်မြေတို့မှာ အိန္ဒိယနွယ်ဖွား ချစ်တီး ငွေချေးစားသူများ လက်အောက်သို့ ကျရောက်ကုန်လေသည်။ ဤကား ဒေါက်တာဗမော်၏ တင်ပြချက်တည်း။

● ထိုသို့သော အောက်ကျနောက်ကျဘဝ မှရုန်းထွက်ကြရန်လိုအပ်နေကြောင်း အခြေအနေသစ်တစ်ရပ် ဖြစ်ထွန်းလာ၏။
“ထိုသို့သော အခြေအနေသစ်သည် ပုံရိပ်သစ်များကို မွေးထုတ်လေသည်။ ထို့ပုံရိပ်သစ်များအနက် တစ်ရပ်မှာ အသျှင် ဦးဥတ္တမ ဖြစ်လေသည်။ အမျိုး၊ ဘာသာ နှင့်တကွ ထိုနှစ်ရပ်တို့၏ စုစည်းမှုအင်အားဖြင့် ထုတ်လွှတ်လိုက်သော အင်အားစုများ (တစ်နည်း၊ ထိုကာလ နိုင်ငံရေးနိုးကြားမှုများ) အား လူပုဂ္ဂိုလ် အဖြစ် ကွက်ကွက်ကွင်းကွင်း ပုုံပြုနိုင်သူမှာ ဆရာတော် ဦးဥတ္တမ မှလွဲ၍ မည်သူမျှ မရှိချေ။ (မြန်မာ့လွတ်လပ်ရေး နိုးကြားမှုပုံရိပ်သည်ပင်လျှင် ဆရာတော် ဦးဥတ္တမပေတည်း ဟု ဆိုလိုပေသည်။) ဗမာ့နိုင်ငံရေးလောက၏ ကနဦးဆုံးသော ရဲရင့်ပြင်းထန်အသံရှင်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်လေသည်။ ထိုအသံကို နားထောင်ရန်လို့ငှာ များစွာသော လူထု အစုအခဲတို့သည် သူ့ထံသို့ လာရောက်စုဝေးနားထောင်ကြလေသည်။ ကြားရသောစကားများကို တဖန်ပြန်လည် ဝေငှကြပြန်သည်။ ထိုဘုန်းတော်ကြီးကား အမှန်တကယ်ပင် မဟာ့မဟာ လက်မွန်မဆွ အင်အားကြီး ပေတည်း။ လူထုအား ဆွဲယမ်းလှုပ်ခါသော မုန်တိုင်းကြီးပေတည်း။ ထိုကဲ့သို့ ဆွဲယမ်းလှုပ်ခါမှုမျိုးကို ဗမာလူထု၏ ရင်ထဲအသည်းထဲက မျှော်လင့်စောင့်စားနေကြချိန်တွင် အချိန်ကိုက် လာရောက်တိုက်ခတ် လှုပ်ခါသော မုန်တိုင်းကြီးပင် ဖြစ်ပေသတည်း။”

“The new situation quickly produced its images. One of them was U Ottama, a Buddhist monk who more vividly than anyone else personified the unity of race and religion and the forces they had released. His was the first bold, radical voice in Burmese politics, and the masses flocked to hear it and passed on the words to others. This monk was definitely a great archetypal force, a storm in fact that shook the people at a time when they waited in their hearts for such a shaking.”

● အသျှင် ဦးဥတ္တမ ဆော်သြခဲ့သော နိုင်ငံရေးလမ်းကြောင်းများ၊ နိုင်ငံရေးတုန့်ပြန်မှုများအနက် မှတ်သားဖွယ်ရာအချို့မှာ –

  • တစ်တိုင်းပြည်လုံး လူဖြူသခင်ကြီးများ၊ လူဖြူသခင်တို့၏ အခိုင်းအစေများကို ဖိန့်ဖိန့်တုန်မျှ နားရွက်မလှုပ်ဝံ့ဘဲ ကြောက်ရွံ့နေကြချိန်တွင် ဘာမှ ကြောက်စရာမရှိကြောင်း နမူနာလမ်းပြအဖြစ် မြန်မာပြည် ဘုရင်ခံ ကရက်ဒေါက်အား အိတ်ဖွင့်ပေးစာ ပေးပို့လျက် “ကရက်ဒေါက် ထွက်သွား” ဟု နှင်ထုတ်ခြင်း၊
  • ပေါ်ထွန်းခါစ ၀ိုင်အမ်ဘီအေ အသင်းကြီးတွင် တာဝန်နေရာများအား ရာသက်ပန် ခန့်အပ်ထားခြင်း မပြုဘဲ ကာလအလိုက် ရွေးကောက်တင်မြှောက်သည့် စနစ်ဖြင့် တင်မြှောက်ကြရန် လမ်းပြ သြဝါဒပေးခြင်း၊
  • ဗြိတိသျှတို့ ချပေးသော ပညာရေးမှ လမ်းခွဲလျက် အမျိုးသားပညာရေးကို အားပေးကြဖို့ရန် ဆော်သြခြင်း၊
  • အင်္ဂလိပ်ထုတ်ကုန်ပစ္စည်း မှန်သမျှ တို့အား သပိတ်မှောက်ကြလျက် အနုနည်းဖြင့် ဆန့်ကျင်ကြရန် ကျယ်ကျယ်ပြန့်ပြန့် ဟောပြော ဆော်သြခြင်း၊
  • ဒိုင်အာခီ (ခေါ်) ဗြိတိသျှများ ခန့်အပ်သူများက တစ်ဝက် ရွေးကောက်တင်မြှောက်ခံရသူများက တစ်ဝက် အုပ်ချုပ်သည့် စနစ်အား လက်မခံဘဲ၊ အိုင်ယာလန်ပြည်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးကြိုးပမ်းမှု Irish Home Rule Movement ကိုအတုယူလျက် ဇာတိပြည်သားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဟုမ်းရူးလ် ရရှိရေးအတွက်သာလျှင် စိုက်လိုက်မတ်တတ် တောင်းဆို ဟောပြော နှိုးဆော်ခြင်း၊
  • အိန္ဒိယအတွင်းမှ မြန်မာပြည်ကို သီးခြားခွဲထုတ်အုပ်ချုပ်ရေး ပြုသင့် မပြုသင့် အဆုံးအဖြတ်ဆိုင်ရာ လှုပ်ရှားအားထုတ်မှုတွင် အိန္ဒိယနှင့် တွဲရေးဘက်က ရပ်တည် ဟောပြော နှိုးဆော်ခြင်း၊ (၁၉၃၂-ခုနှစ်)
  • ၁၉၃၇-ခုနှစ် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်အဖွဲ့ကို အားပေးလျက် ဟောပြောနှိုးဆော်ခြင်း၊ – တို့ ဖြစ်ကြသည်။

တွဲရေးခွဲရေး ပြန်ပြောင်းသုံးသပ်ချက်
● ဗြိတိသျှအင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဗြိတိသျှ အိန္ဒိယ (British India) ထဲကနေ မြန်မာနိုင်ငံကို သီးခြားခွဲထုတ်သင့် မခွဲထုတ်သင့်အရေးတွင် အများစုက အဓိကထား စဉ်းစားကြသော ရှုထောင့်နှစ်ခုမှာ – တစ်၊ အိန္ဒိယသားများ အလုံးအရင်းဖြင့် မြန်မာပြည်ကို အဆက်မပြတ်ဝင်ရောက်လာနေသည့်အတွက် စိုးရိမ်မှု ကြီးသထက်ကြီးလာကြခြင်း၊ နှင့် မြန်မာပြည်မှ ရသောအခွန်အတုတ်ဝင်ငွေများရာစုကို အိန္ဒိယ တစ်ပြည်လုံး အတွက် သုံးစွဲနေခြင်း တို့ ဖြစ်ကြသည်။

● ခွဲရေးတွဲရေးကို စဉ်းစားခန်းရောက်သည့်ကာလအထိ ဗြိတိသျှလက်အောက်ခံ ရန်ကုန်မြို့သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ပြီးလျှင် ရေခြားမြေခြားလာရောက် အခြေချသူများ (immigrants) အများဆုံးမြို့ဖြစ်သည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင် ရန်ကုန်မြို့နေ အိန္ဒိယနွယ်ဖွားများထံမှ ကောက်ခံရရှိသော ရန်ကုန် မြူနီစပယ်အခွန်သည် စုစုပေါင်း၏ (၅၅) ရာခိုင်နှုန်း ရှိပြီး၊ ရန်ကုန်မြို့နေ ဗမာများထံမှ ကောက်ခံရရှိသည်မျာ စုစုပေါင်း၏ (၁၁) ရာခိုင်နှုန်းမျှသာ ရှိသည်။ ထိုအချိန်က မြန်မာပြည်သည် ဗြိတိသျှလက်အောက်ခံ အိန္ဒိယ (British Raj) ၏ နယ်မြေအလိုက်တွင် အကြီးဆုံးပြည်နယ် ဖြစ်သော်လည်း လူဦးရေအားဖြင့် ကိုးသန်းမျှသာရှိပြီး ယင်းနှင့်ကပ်လျက် ဘန်ဂေါလ်ပြည်နယ်၏ လူဦးရေမှာမူ (၇၅) သန်းရှိနေသည့်အချက်ကို စိုးရိမ်ကြသည်။

● မြန်မာပြည်တွင်း ဗြိတိသျှအသိုက်အဝန်းက ခွဲရေးဘက်က အားပေးရသည့် အကြောင်းရင်းမှာ – အိန္ဒိယနွယ်ဖွားများ ဝင်ရောက်နေမှုကို တားဆီးနိုင်ရန် အဓိကမဟုတ်ဘဲ တရုတ်နွယ်ဖွားများဝင်ရောက်လာမှုကို တားဆီးရန်သာ အဓိကဖြစ်သည် ဟု တချို့က ဆိုကြသော်လည်း ထိုအချက်မှာ မှန်ကန်မှုမရှိချေ။ ထိုကာလ ကိန်းဂဏန်းများအရ ရေခြားမြေခြားလာရောက် အခြေချသူ (immigrant) အယောက်တစ်ရာတွင် ကိုးဆယ်မှာ အိန္ဒိယနွယ်ဖွားများ ဖြစ်ကြသည်။

● ဝတ်လုံတော်ရ ဦးမြ က ၁၉၂၈-ခုနှစ်ထုတ် သူ၏ “A Plea for Separation of Burma from India” စာအုပ်ငယ်တွင် – မြန်မာပြည်သည် အိန္ဒိယ၏ ပြည်နယ်တစ်ခု ဖြစ်နေသည့်အတွက် တစ်နှစ်လျှင် မြန်မာပြည်၏ အခွန်တော်ရငွေများအနက်က ရူပီး (၆၈) သန်း နှစ်စဉ် ဆုံးရှုံးနေကြောင်း တွက်ချက်ပြ၏။ ထိုစဉ်ကာလ ရူပီး (၆၈) သန်း ဆိုသည်မှာ (၁၉၂၇-၂၈) မြန်မာပြည် စုစုပေါင်းဝင်ငွေ total revenue ၏ (၆၃) ရာခိုင်နှုန်းပင် ဖြစ်လေသည်။ ထိုငွေများကို မြန်မာပြည်သူပြည်သားများ မသုံးစွဲရဘဲ ဟိုးအနောက်ဘက် အာဖဂန်နစ္စတန်အပါအဝင် အထိကျယ်ပြန့်သော အိန္ဒိယနယ်မြေများ၏ အုပ်ချုပ်ရေး တည်ဆောက်ရေးတို့တွင်သာ သုံးစွဲနေကြောင်း ထောက်ပြခဲ့သည်။ (လက်ရှိ မျက်မှောက်ခေတ် ရခိုင်ကမ်းခြေအပါအဝင် ရခိုင်ပြည်နယ် နှင့် မြန်မာတစ်ပြည်လုံးတို့ ဆက်သွယ်ချက်ကိုလည်း အလားတူနှိုင်းယဉ်စဉ်းစားကြည့်နိုင်သည်။)

● မြန်မာပြည်တွင်း ဗြိတိသျှအသိုက်အဝန်းက ခွဲရေးဘက်က အားပေးရသည့် အကြောင်းရင်းမှာ – မြန်မာနိုင်ငံ၏ အမျိုးသားရေးလှုပ်ရှားမှုကို အိန္ဒိယ၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ခွဲထုတ်ပစ်နိုင်ရန် ဖြစ်သည် ဆိုသည့်အချက်မှာမူကား မှန်ကန်မှု ရှိကောင်း ရှိနိုင်သည်။ ထိုအချက်ကို ဆရာတော် ဦးဥတ္တမကလည်း ထောက်ပြလျက် မခွဲခွာရေးအတွက် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ “ဗြိတိသျှအစိုးရအနေဖြင့် မြန်မာအမျိုးသားတို့၏ ဝံသာနုစိတ်ဓါတ်ကို ချိုးနှိမ်ရန် အိန္ဒိယအမျိုးသား ဝံသာနုများ၏ လှုပ်ရှားမှုများ မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့ မလာနိုင်ရန်အတွက် ခွဲခွာစေလိုခြင်း ဖြစ်သည်” ဟု တင်ပြခဲ့သည်။

သင်ခန်းစာ
● ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပထမဦးဆုံး မျက်စိဖွင့်ပေးခဲ့သူဖြစ်သော်လည်း အခြားတစ်ဘက်တွင်ကား နယ်ချဲ့ဆန့်ကျင်ရေးနှင့် အာရှတိုက်သားများ ကောင်းစားကြီးပွားရေးဝါဒီ ဖြစ်လေသည်။ သူ၏ မိန့်ခွန်းများတွင် “ရခိုင်ပြည်သားဇာတိဖြစ်ခြင်း” အား ရှားရှားပါးပါး ထည့်သွင်းပြောဆိုဖူးခြင်း ရှိသည်ကလွဲ၍ ရခိုင်လူမျိုးတို့နှင့် ရခိုင်ပြည်အကျိုးအလို့ငှာ သီးခြားပြောဆိုဖူးခြင်းတို့ မရှိခဲ့ပေ။ ယင်း၏ အခြားတစ်ဖက်တွင်ကား အိန္ဒိယပြည်လုံးဆိုင်ရာ ဟင်ဒူမဟာဆဗ္ဗ အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖူးခြင်း၊ လွတ်လပ်ရေးတိုက်ပွဲဝင် အိန္ဒိယပြည် ကွန်ကရက်အသင်းကြီးနှင့် အခါအားလျော်စွာ ဆက်စပ်ဆောင်ရွက်ခြင်း၊ ဘာသာစကားများစွာတို့ကို တတ်ပွန်လျက် နိုင်ငံအများတို့တွင် ပညာဆည်းပူးလျက်/ပို့ချလျက် နေထိုင်ဖူးခြင်း စသည့် ဖြတ်သန်းမှုများအား အခြေခံလျက် ကျယ်ပြန့်သော လူမျိုးတို့ ဌာနေတို့၏ အကျိုးကို သယ်ပိုးလိုသော စိတ်ထားဖြင့် နိုင်ငံရေးလုပ်ရပ်များ လုပ်ဆောင်ခဲ့ပုံ ရလေသည်။ ရခိုင်လူမျိုးတို့ကား ဆရာတော်အား လေးစားပင် လေးစားမြဲ ဖြစ်ကြသော်လည်း သြော် ရခိုင်ပြည်/ရခိုင်လူမျိုးတို့၏ ဘဝကား ဆရာတော်ဦးဥတ္တမ တည်းဟူသော ဖယောင်းတိုင် ခြေရင်းပမာ အလင်းရောင်မကျရောက်ဘဲ မှောင်မည်းရရှာလေသည် ဟုသာ ရေရွတ်ကြရရှာလေသည်။

● ပြည်မသားတို့ကား ဆရာတော်အား ခေတ်အဆက်ဆက် သမိုင်းစာမျက်နှာများထဲမှ ထုတ်နိုင်သလောက် ထုတ်ပစ်နိုင်ရန် ကြိုးစားကြလေသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က “စက်တင်ဘာလ (၉) ရက်နေ့ကို မြန်မာနိုင်ငံ၏ ရုံးပိတ်ရက်အဖြစ် (သို့မဟုတ်) ရခိုင်ပြည်နယ်အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” ဟု ၂၀၁၉-ခုနှစ်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ – ဟုတ်တယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေထဲမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ဦး ဖြစ်တယ်၊ ဦးဥတ္တမနေ့ကို သတ်မှတ်ပေးလိုက်ရင် အခြားတိုင်းရင်းသားခေါင်းဆောင်တွေ အတွက်လည်း ​တောင်းဆိုလာနိုင်တယ် ဟု အဓိပ္ပါယ်ဖြင့် ဖြေကြားခံခဲ့ရရာ ဦးဥတ္တမအား သာမန်နိုင်ငံရေးသမားငယ်အဖြစ်သာ မှတ်တမ်းဝင်နေစေလိုသော သဘောရှိနေသည်ကို တွေ့ရပေသည်။ ၁၉၃၅-ခုနှစ်တွင် (၉၁) ဌာနအုပ်ချုပ်ရေးစတင်ပြီးနောက် နိုင်ငံရေးအကွဲအပြဲများအကြား၌ ဆရာတော်အား နိုင်ငံရေးအယူအဆ မတူသူများက အမျိုးမျိုးစွပ်စွဲပြောဆိုမှုများ ရှိလာခဲ့ရာကနေ – သည်ကနေ့အထိ ဆရာတော်ကို မြန်မာနိုင်ငံရေးသမိုင်းမှာ အရောင်မှိန်စေလိုကြဆဲပင် ဖြစ်ပါသည်။

● ဦးဥတ္တမ၏ နိုင်ငံရေးဖြတ်သန်းမှုများမှ ထုတ်ယူနိုင်သော သင်ခန်းစာတစ်ရပ်အဖြစ် ရခိုင့်ဦးဆောင်ပါတီ၏ (၀၆-၀၂-၂၀၂၁) ရက်နေ့ ထုတ်ပြန်ချက်မှ ပထမစာပိုဒ်အား ထပ်ဆင့် တင်ပြလိုက်ရပါသည်။ “မြန်မာ့လွတ်လပ်ရေး ခေတ်ဦးကာလကပင် ပြည်မနိုင်ငံရေးထဲတွင် ဆရာတော် ဦးဥတ္တမကဲ့သို့သော ရခိုင်အမျိုးသား နိုင်ငံရေးသမားများ ဦးဆောင်ဦးရွက် ပါဝင်လာခဲ့သော်လည်း ရခိုင်တို့၏ နင်းပြားအခြေအနေမှာ မည်သည့် ဗဟိုအစိုးရပင်တက်တက် ပြောင်းလဲသွားခဲ့ခြင်း မရှိပါ။ ပြည်မ ဗဟိုအစိုးရအာဏာအတွက် အားပြိုင်ကြသည့် မည်သည့်ဘက်ခြမ်းပင်ဖြစ်စေ ရခိုင်အပါအဝင် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်တို့အား ချုပ်ချယ်ခဲ့ကြရာတွင် အတူတူပင် ဖြစ်ကြောင်း လက်တွေ့သမိုင်းဖြစ်ရပ်များက သက်သေပြပြီး ဖြစ်ပါသည်။”

KZO
(၀၈-၀၉-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၉)]


  • source: –

The Mog Nation Wiki
Kyaw Zaw Oo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s