မက်ခီယာဗယ်လီ၏ “အရှင်မင်းသား” (The Prince)

မက်ခီယာဗယ်လီ၏ “အရှင်မင်းသား” (The Prince)

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား ရွေးကောက်ခံရခါစအချိန်တစ်ဝိုက်က ပူလစ်ဇာဆုရ စာရေးဆရာ Jared Diamond အား New York Times သတင်းစာက အင်တာဗျူးရာတွင် မေးသည့် မေးခွန်းတစ်ခုမှာ – တကယ်လို့များ သမ္မတသစ် အိုးဘားမားအား ဟေ့လူ ဒီစာအုပ်ကို ဖတ်ဖြစ်အောင်ဖတ်စမ်း လို့ ပြောခွင့်သာရှိခဲ့မယ်ဆိုရင် ဘယ်စာအုပ်ကို ဖတ်ခိုင်းချင်ပါသလဲ ဟူ၏။ ထိုအခါ Jared Diamond က ဖြေသည်ကား – လွန်ခဲ့သည့် နှစ်ပေါင်းငါးရာကျော်က နီကိုလို မာခီယာဗယ်လီ (Niccolo Machiavelli) ရေးသားခဲ့သော The Prince “အရှင်မင်းသား” ဟူသည့်စာအုပ်အား အားဖတ်ခိုင်းပါမည် ဟူ၏။

အမေရိကန် သမ္မတဟောင်း နစ်ဆင် နှင့် သူ၏ နိုင်ငံခြားရေးဝန်ကြီး ကစ်ဆင်းဂျားတို့ ညအိပ်ခါနီး ဖတ်လေ့ရှိကြသည် ဆိုသည့် အဆိုပါ ကျော်ကြားလှသည့် (တစ်နည်း နာမည်ဆိုးဖြင့် ကျော်ကြားသည့်) ထိုစာအုပ်အား (ယနေ့ခေတ် အီတလီနိုင်ငံထဲရှိ) ဖလော်ရင့်မြို့နိုင်ငံသား သံတမန်ဟောင်း မာခီယာဗယ်လီ က ၁၅၁၃-ခုနှစ်တွင် ရေးသားခဲ့သည် ဖြစ်ရာ သက်တမ်းအားဖြင့် (၅၀၈) နှစ် ရှိပြီဖြစ်လေသည်။အုပ်ချုပ်သူ “အရှင်မင်းသား” ၏ အာဏာပါ၀ါမှာ နယ်မြေကိုသိမ်းပိုက်နိုင်စွမ်းနှင့် ရန်သူများ၊ ရန်သူဖြစ်နိုင်ခြေရှိသူများကို ချေမှုန်းနိုင်စွမ်းမှလာကြောင်း အဆို၊ “အရှင်မင်းသား” ၏ ဉာဏ်အမြော်အမြင်နှင့် အရည်အသွေးတို့မှာ လိုအပ်သည်က တစ်ဘက်ဖြစ်သော်လည်း စစ်အင်အားသည် အဓိကပဓာနဖြစ်ကြောင်း အဆိုတို့ကို ထိုစာအုပ်တွင် ဖတ်ရမည် ဖြစ်လေသည်။

“အရှင်မင်းသား” ၏ virtù ခေါ် ကြံရည်ဖန်ရည် သတ္တိဗျတ္တိ စွမ်းရည်အစုအပေါင်းအား စွမ်းအားပြည့်သုံးစွဲလျက် fortuna ခေါ် မိမိထိန်းချုပ်နိုင်စွမ်းမရှိသော ကံကြမ္မာ ဖြစ်ပျက်မှုတို့အား အကောင်းဆုံးဖြစ်အောင် အသုံးချကျော်လွှားနိုင်ဖို့ တိုက်တွန်းချက်အားလည်း ဖတ်ရှုရပေမည်။အုပ်ချုပ်သူ “အရှင်မင်းသား” သည် အုပ်ချုပ်ခံပြည်သူများ၏ ချစ်ခင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတွင် ကြောက်ရွံ့ခံရခြင်းကိုသာလျှင် ဦးစားပေး အလိုရှိအပ်ပါကြောင်း ထိုစာအုပ်၏ နာမည်အကြီးဆုံးစာပုဒ်တွင် အောက်ပါအတိုင်း ရေးသားထား၏။

“သို့သော် အုပ်ချုပ်သူအနေဖြင့် ချစ်ခြင်းရော ကြောက်ခြင်းပါ တပြိုင်တည်းရရှိရန် ခက်ခဲသည်ဖြစ်ရကား၊ ထိုနှစ်မျိုးအနက်မှ တစ်မျိုးတည်းကိုသာ ရနိုင်မည်ဆိုလျှင် ချစ်ခြင်းထက် ကြောက်ခြင်းကိုရရှိခြင်းသည်သာလျှင် ပိုမို စိတ်ချရသည် ဖြစ်၏။ လူတို့၏ ယေဘုယျသဘာဝသည်ကား – လူတို့သည် ကျေးစွပ်တတ်၏၊ ဘက်ပြောင်းတတ်၏၊ လိမ်ညာလှည့်ဖျားတတ်၏၊ အကျိုးအမြတ် လောဘကြီး၏၊ အသင်က သူတို့၏ အကျိုးကို ဆောင်နေသည်ဟု မျက်မြင်တွင် ရှိနေသမျှကာလပတ်လုံး သူတို့သည် သူတို့၏ သွေးချွေး ပိုင်ဆိုင်မှု သားသမီးများကို သင့်အတွက်ဖြစ်စေလျက် သင့်ဘက်သားအဖြစ် လုံးလုံးလျားလျား ရှိနေမည် ဖြစ်၏။ သို့မဟုတ်တော့မူကား သူတို့သည် အသင့်အားဆန့်ကျင်ဘက်ပြုကြလိမ့်မည်။ သို့ဖြစ်ရကား သူတို့၏ ကတိစကား သက်သက်တို့အပေါ်တွင် အုတ်မြစ်တည်မှီထားမိလေသော အုပ်ချုပ်သူ အရှင်မင်းသားသည် သူတို့စွန့်ခွာသွားသည်နှင့် ပြင်ဆင်စီမံမှုတို့ကင်းမဲ့သွားရသည် ဖြစ်ရကား အလုံးစုံပျက်စီးခြင်းသို့ ဆိုက်ရောက်ရာ၏။ အဘယ်ကြောင့်ဆိုသော် လူတို့သည်ကား အချစ်ခံရအောင်လုပ်ထားသူက သူတို့အား နာအောင်လုပ်မည့်အရေးထက် အကြောက်ခံရအောင်လုပ်ထားသူက သူတို့အား နာအောင်လုပ်မည့်အရေးကို ပိုမို စိုးရိမ်ကြောင့်ကြကြလေသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဆိုးယုတ်သော သဘာဝရှိသည့် သတ္တဝါများဖြစ်ရကား ချစ်ခြင်းဟူသည်ကား လူတို့၏ အကျိုးစီးပွား ပျက်စီးမည့်အရေး အလားအလာရှိလာသည်နှင့် တပြိုင်နက် ကျိုးပျက်ရရှာသော ဝတ္တရားကွင်းဆက်မျှသာ ဖြစ်ပေသည်။ သို့ရာတွင် ကြောက်ခြင်း ဟူသည်ကား အပြစ်ပေးခံရမည်ကို ကြောက်ခြင်းအားဖြင့် ထိန်းချုပ်ထားသဖြင့် သူတို့က သင့်အားစွန့်ခွာမည် မဟုတ်ပေ။”

“But since it is difficult for a ruler to be both feared and loved, it is much safer to be feared than loved, if one of the two must be lacking. For this can generally be said of men: that they are ungrateful, fickle, liars and deceivers, avoiders of danger, greedy for profit; and as long as you serve their welfare, they are entirely yours, offering you their blood, possessions, life and children…when the occasion to do so is not in sight; but when you are faced with it, they turn against you. And that prince who lays his foundations on their promises alone, finding himself stripped of other preparations, falls to ruin… For men are less concerned with hurting someone who makes himself loved than one who makes himself feared, because love is held by a link of obligation which, since men are wretched creatures, is broken every time their own interests are at stake; but fear is held by a dread of punishment which will never leave you.”

လူသားကိုအဆိုးမြင်ပြီး ကျင့်ဝတ်မညီသော နည်းလမ်းများကို အားပေးအားမြှောက်ပေးသည် ဟူ၍ “The Prince” အား များစွာ ပြစ်တင်ရှုတ်ချကြသည်။ အာဏာရှင်များလက်စွဲကျမ်း ဟု စွပ်စွဲသူများကစွပ်စွဲကြသည့် သည်စာအုပ်ပါ နည်းလမ်းများဖြင့် အာဏာရယူစွဲကိုင်သူများကို Machiavellian ဟု သမုတ်ကြသည်။ Machiavellian ဟု ခေတ်သစ်တွင် အမည်တပ်ခံရသူများထဲမှ နှစ်ဦးမှာ ဆက်ဒမ်ဟူစိန် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ ဖြစ်ကြသည်။သို့ရာတွင် မက်ခီယာဗယ်လီ၏ ဤစာအုပ်နှင့် ဆက်စပ်ကြည့်ရှုလျှင် နိုင်ငံတကာဆက်ဆံရေးတွင် ခါးသီးမှန်ကန်သော အမှန်တရားများတွေ့နိုင်သည် ဟု ဆိုကြလေသည်။

ရခိုင် “ကျင်” နဘမ်းတွင် အပြန်မချရ ဟု စည်ကမ်းကန့်သတ်ချက် အမြဲတမ်းရှိသော်လည်း ကျွမ်းကျင်သော ကျင်သန်ကြီးများအဖို့ အပြန်ချခြင်းကို သိရှိ ကျွမ်းကျင်နားလည်ကြရလေသည်။ သို့မှသာလျှင် ပြိုင်ဘက်က စည်းဖောက်လျက် မိမိကို အပြန်ချခြင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်တိမ်းနိုင်မည် ဖြစ်လေသည်။

နိုင်ငံရေး၏ အလိမ်အညာများကို နားမလည်သူများမှာ ပြည်မက “ဒီမိုကရေစီ” ဟု အော်လျှင် “ဒီမိုကရေစီ” ဟု လိုက်အော်တတ်ကြပြီး၊ ပြည်မက “ဘုံရန်သူ” ဟု အော်လျှင် “ဘုံရန်သူ” ဟု လိုက်အော်တတ်ကြလေသည်။ သို့ရာတွင် နိုင်ငံရေး၏ အလိမ်အညာများကို နားလည်သူများ အခြေအနေမှန်ကို သိမြင်သူများက – ယခင်က ရန်သူနှစ်ဦးသည် ပူးပေါင်းလျက် မိမိတို့အား တိုက်ခိုက်နေခဲ့ကြပြီး၊ ယခု သူတို့နှစ်ဦး ရင်ဆိုင်တိုက် နေကြချိန် တွင် မိမိတို့အား သူတို့တစ်ဘက်ဘက်က ဝင်ပါတိုက်စေချင်ကြသည် ဟု အမှန်အတိုင်း သိမြင်နိုင်စွမ်းရှိ လေသည်။

ဤသည်ကား လူသားတို့ ဆိုးညစ်တတ်သော အခြေခံကို ထည့်တွက် စဉ်းစားနိုင်သဖြင့် အမှန်ကို အမှန်အတိုင်း မြင်နိုင်သော သဘော ဖြစ်လေသည်။

KZO

(၀၁-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၂)]


Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ


Arakan-related Books and Documents / ရခိုင်​​ရေးရာ စာအုပ်​စာတမ်းများ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s