20 January 2012 | ဘစောတင် | Irrawaddy News
မေရိကန် နိုင်ငံ နယူးယောက်မြို့တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် (အသက် ၇၇ နှစ်) သည် ယမန်နေ့ ညနေပိုင်းတွင်အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန် သွားသည်။
၎င်းသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နယူးယောက်မြို့ရှိ Maimonides Medical Center ဆေးရုံသို့ တက်ရောက် ၍ ဆေးကုသမှုခံယူပြီးနောက် ယင်းဆေးရုံ၌ပင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သားဖြစ်သူ ကိုနိုင်ကျော်က ဧရာဝတီသို့ပြောသည်။
“ဖေဖေ ညနေ ၅ နာရီမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ဆေးရုံမှာ တလကျော်ကျော် နေခဲ့ရပါတယ်”ဟု သူက ပြောပြသည်။
ဆရာကြီးကွယ်လွန်သွားခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း ကိုလံဘီယာ တက္ကသိုလ်တွင် ဧည့်
ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်နေသော သံဃာတော် ဒေါက်တာ နာယက က မိန့်ကြားသည်။
“ဒကာကြီး ဒေါက်တာအေးကျော် ကွယ်လွန်သွားတာဟာ ရခိုင်ပြည်သူတွေ အတွက်သာမက မြန်မာပြည်သူတွေ အတွက်ရော၊ အဖိနှိပ်ခံ ပြည်သူတွေ အားလုံးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်”ဟု ဆရာတော် ဒေါက်တာ နာယက က မိန့်သည်။
အမေရိကန်အခြေစိုက် Arakan Freedom Movement Committee မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်ဘခင်ကလည်း“ဆရာကြီး ကွယ် လွန်သွားတာဟာ ရခိုင်လူမျိုးတွေအတွက် မဟာတံတိုင်းတခု ပြိုလဲသွားတာနဲ့ အတူတူပါပဲ”ဟု ပြောဆိုသည်။
ဒေါက်တာ အေးကျော် မကွယ်လွန်ခင်က မြန်မာနိုင်ငံသည် တလမ်းမောင်းစနစ်ဖြင့် နှစ်ပေါင်းများစွာကျင့်သုံးနေခဲ့၍ ယခုကဲ့သို့ ပြည်တွင်းစစ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ အစိုးရနှင့် ပြည်သူ အပြန်အလှန်ရှိသော စနစ်ကို ကျင့်သုံးပါက ပြည်တွင်းစစ် ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်များကို အမှတ်ရမိသည်ဟုလည်း ခိုင်ဘခင်က ဆိုသည်။
ဆရာကြီး ဒေါက်တာ အေးကျော်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ကူးတို့ဆိပ် ကျေးရွာ၌ အဘ ဦးမောင်လူ၊ အမိ ဒေါ်လှဝင်းဦးတို့မှ မွေးဖွားခဲ့ပြီး အငယ်ဆုံးသားဖြစ်သည်။ ဆရာကြီးသည် ရန်ကုန် တက္ကသိုလ်၊ ထိုင်းနိုင်ငံ ဖရတ် တက္ကသိုလ်(ချင်းမိုင်)နှင့် အမေရိကန်နိုင်ငံ နယူးယောက် တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။
၁၉၇၈ ခုနှစ်တွင် သြစတြေးလျနိုင်ငံ မိုနာ့ချ် တက္ကသိုလ်မှပေးအပ်သော သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ထို့ပြင် ဆရာကြီး သည် ၁၉၇၁ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသား ပညာရေးသမိုင်း စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့သည်။ မကြာသေးခင်က Red Peacock အမည်ရှိ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သေးသည်။
ဒေါက်တာ အေးကျော် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးယဉ် ရန်ကုန် တက္ကသိုလ်(တွဲဖက် ပါမောက္ခ၊ ဒဿနိက ဌာန – အငြိမ်း စား) နှင့် သားသမီး ခြောက်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း
ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။
ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။
ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ(၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်ခဲ့သည်။
ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ –
၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၄။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993
၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းက ဧရာဝတီ တွင် ဖော်ပြခဲ့သော ဒေါက်တာ အေးကျော်နှင့် အင်တာဗျူး


ဆရာကြီး ဒေါက်တာအေးကျော်နှင့် ဧရာဝတီ သတင်းဌာန အင်တာဗျူး

အေးကျော်၊ ဒေါက်တာ (၁၉၃၆-၂၀၁၂)

Arakan-related Books and Documents / ရခိုင်ရေးရာ စာအုပ်စာတမ်းများ