ရခိုင် ငလျင်ကြီး (၁၇၆၂) နှင့် ဘန်ဂေါ မြေထုချပ်ထိစပ်ဇုန်

(The Mog Nation Wiki, an archive)


Read the author’s original post

Earthquakes of Myanmar and Risk Management-4 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ

မြန်မာနယ်နိမိတ်အတွင်း ငလျင်အန္တရာယ်
မြန်မာပြည် အနောက်ပိုင်းနှင့် ကမ်းရိုးတန်း ဒေသများ


ရခိုင် ငလျင်ကြီး (၁၇၆၂)နှင့် ဘန်ဂေါ မြေထုချပ်ထိစပ်ဇုန်

(authored by Tint Lwin Swe, M. Engg. Geol., FGS, MMEC)

လွန်ခဲ့သော နှစ် ၂၅၀ ခန့်က မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ကမ်းရိုးတန်း တစ်ခုလုံး၏ မြေမျက်နှာ သွင်ပြင်ကို မြင့်တက်စေခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြီး တစ်ခု လှုပ်ခဲ့သည်။ ၁၇၆၂၌ ဖြစ်သည်။ အမရပူရ မြို့တော်ကတောင် ထင်ထင်ရှားရှား သိရှိခံစား ရကြောင်း မှတ်တမ်းရှိသည်။ (၂၀၀၄ ဆူမတြားကဲ့သို့ ဖြစ်နိုင်သည်။) စစ်တကောင်း၊ ကိုလ်ကတ္တား စသော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့၌လည်း ထိခိုက်ကြောင်း သိရသည်။ ကိုလ်ကတ္တား၌ မြစ်ရေ ၂ မီတာခန့် တက်ပြီး ဒါကာ၌ လှေ သင်္ဘောများ ရုတ်တရက် တက်လာသော ရေ၌မျောကြ မြုပ်ကြသဖြင့် လူအများ သေကြရကြောင်း မှတ်တမ်းရှိသည်။ စစ်တကောင်း၌ ပေါက်ကွဲသံနှင့်အတူ မြေပြင်လည်း အကြီးအကျယ် ကွဲပျက်ကုန်သည်။ ရေများ ပန်းထွက်ကာ ၆၀ စတုရန်းမိုင်အကျယ်ကို ဖုံးလွှမ်းသွားသည်။ အိမ်တွေ ပြိုသည်။ တောင်စောင်းများမှလည်း ရေပန်းထွက်သည်။ (Oldham, 1883)

ရခိုင်ကမ်းရိုးတန်းငလျင်ကြီးဟု ခေါ်သော အင်အားပြင်းထန်သည့် ငလျင်သည် ခရစ်နှစ် ၁၇၆၂ ဧပြီလ ၂ ရက် ညနေ ၅နာရီခန့်၌ လှုပ်သည်။ ကီလိုမီတာ ၁၆ဝခန့်ရှိသော ရခိုင်ကမ်းရိုးတန်း တစ်လျောက် ကန်းရိုးတန်း အနိမ့်အမြင့် ဖြစ်စေခဲ့သည်။ အဂ်လိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး မြေတိုင်း တာဝန်ယူသော ကပ္ပတိန် ဟောစတက် (Edward P. Halsted, 1841)က ငလျင်လှုပ်ပြီး နှစ်ပေါင်း ၈ဝလောက် ကြာမှ ရခိုင်ကမ်းရိုးကို တိုင်းခဲ့ရာ ငလျင်အကြောင်းကို ကြားသိသောကြောင့် ဒေသခံများကို မေးမြန်းပြီး မှတ်တမ်း တင်ထားခဲ့သည်။ မန်အောင်ကျွန်း၏ အနောက်ဖက်ပိုင်း ကမ်းတလျောက် ၁၃ပေမှ ၂၂ပေ ခန့်ထိ (၄မီတာမှ ၆မီတာထိ) မြင့်တက်သွားသည်ဟု ဆိုသည်။ စစ်တွေမှ မန်အောင်အထိတိုင်းရာ မန်အောင် ကျွန်းသည် အဆိုးဆုံးဟု ဆိုသည်။ မန်အောင်၏ တောင်ဖက်မှ ဖေါင်းကျွန်း ရေမြုပ်သွားသည်။

ဟောစတက်၏ လေ့လာဖေါ်ပြချက်၌ ဤနေရာသည် ငလျင်ကြီး အကြိမ်ကြိမ်လှုပ်သဖြင့် ကမ်းရိုးတန်း အဆင့်ဆင့် မြင့်တက်ခဲ့ရသည်ဟု ပါသည်။ ငလျင်လှုပ်စဉ် ကမ်းရိုးတမ်း မြင့်တက်သောအခါ ကမ်းစပ် ရေနီးနား၌ နေသော သန္တာကောင်၊ ခရုကောင်များ ပင်လယ်ရေနှင့် လွတ်သွားသောကြောင့် ကျောက် တောင်၌ ကပ်လျှက် သေကျန်ရစ်သည်။ ထို ရုပ်ကြွင်းများကို ကျောက်တောင်နံရံများ၌ အရစ်လိုက် တွေ့ရသည်ဟု ဆိုသည်။ ဟောစတက်က ဒေသခံများကို မေး၍ နှစ်ပေါင်း ၁ဝဝလျှင် တစ်ကြိမ်လောက် ဖြစ်သည်ဟု ဆိုသည်။ ၁၇၆၂ ငလျင်ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသ၌ အသေအပျောက် မရှိဟု သိရသည်။ လူနေကျဲ သောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် ဆူနာမီကဲ့သို့ ဖြစ်ရပ် မှတ်တမ်း မတွေ့ရပေ။ ခေတ်ပြိုင် အိန္ဒိယ ၌လည်း မတွေ့ရပေ။ ကိုလ်ကတ္တားနှင့် ဒါကာ၌သာ မြစ်ရေ ရုတ်ရက်ထိုးတက်၍ သေကြေ ပျက်စီးကြောင်း သိရသည်။ seisch ဟုခေါ်သည့် မြစ်၊ ချောင်း၊ ကန်ရေများ၌ ဖြစ်သော ဆူနာမီများ ဖြစ်သည်။

ကမ်းရိုးတန်းဆင့်များမြင့်တက်ခြင်းနှင့် ငလျင်ခန့်မှန်းခြင်း

ငလျင်လှုပ်ပြီး နှစ်ပေါင်း ၂၄၄ အကြာ၌ သန်းတင်အောင်နှင့် အဖွဲ့ (Than Tin Aung et al, 2006) က ရခိုင်ကမ်းရိုးတန်း တစ်လျောက် သုတေသနစ၍ လုပ်ခဲ့သည်။ စစ်တွေ အနောက်ဖက် ကမ်းခြေ၌ ဆူနာမီ အထောက်အထားများ ရှာခဲ့သည်။ မတွေ့ရ။ မုန်တိုင်း နှစ်စဉ်နီးပါး ဝင်ရောက်သော အရပ် ဖြစ်သောကြောင့် ကျရောက်သော အနယ်အနှစ်များကို ဆူနာမီကြောင့်ဟု ဆုံးဖြတ်ရန် မလွယ်ပေ။ စစ်တွေတောက်ဖက်ရှိ ဖရုံကာ ကျွန်းတန်းများ၌ ကမ်းရိုးတန်း မြင့်တက်မှုများကို လေ့လာခဲ့ကြသည်။ သန္တာကောင် ကျောက်ဖြစ် ရုပ်ကျွင်းများ ကောက်ယူ၍ ကာဗွန်သက်တမ်း ရရန် စမ်းသပ်ခဲ့ကြသည်။ သုတေသန တွေ့ရှိချက်များကို ပုံ (၁ နှင့် ၂) ၌ ပြထားသည်။

ပုံ (၁) စစ်တွေ ကမ်းရိုးတန်းဆင့်များနှင့် ကမ်းရိုးတန်းကျ အနယ်များ။ ဆူနာမီ အထောက်အထား မတွေ့ရ။ Than Tin Aung et al (2007)

ပုံ (၂) ဖရုံကာ ကျွန်းတန်း ကမ်းရိုးတန်းဆင့်များ မြင့်တက်မှုနှင့် ဆက်စပ်သော နှစ်အပိုင်းခြားများ။ Than Tin Aung et al (2007)

သန်းတင်အောင်နှင့် အဖွဲ့၏ လေ့လာမှုသည် စစ်တွေမှ သံတွဲ၊ ငပလီထိ ပါဝင်သည်။ ထိုအထဲတွင် စစ်တွေ၊ မန်အောင်နှင့် ကျောက်ဖြူကျွန်းများ၌ ကမ်းခြေမြင့်တက်မှု သိသာထင်ရှားသည်။ စစ်တွေမြို့ အနောက်ဖက်ကမ်း၌ ကမ်းရိုးတန်း ၃ဆင့်၊ ဖရုံကာကျွန်းများ၌ ၃ဆင့်၊ မန်အောင်ကျွန်းအနောက်၌ ၄ ဆင့် စသဖြင့် တိုင်းတာပြခဲ့ပြီး ရုပ်ကြွင်းအထောက်အထားအရ ဖရုံကာကမ်းရိုးတန်း မြင့်တက်မှု အားလုံး အတွက် နှစ်ပေါင်း ၃၀၀၀ ဖြစ်သည်။ ၁၇၆၂ ငလျင်နှင့် ဆက်စပ်သော ရုပ်ကြွင်း အထောက်အထား များလည်း တွေ့ရှိခဲ့သည်။ သန်းတင်အောင်နောက်တွင် ရှီရှီကုရာ (Shishikura et el, 2009)နှင့် အဖွဲ့က မန်အောင်ကျွန်း ကမ်းရိုးတန်းများကို ဆက်လက် လေ့လာခဲ့သည်။

မန်အောင်ကမ်းရိုးတန်းဆင့်များ

ရှီရှီကုရနှင့် အဖွဲ့သည် မန်အောင်ကျွန်း အနောက်ဖက် ကမ်းရိုးတန်း မြင့်တက်မှုများနှင့် သန္တာကောင် ကျောက်ဖြစ်ရုပ်ကျွင်းများ၏ သက်တမ်းများကို ပို၍ အလေးပေးခဲ့သည်။ ကမ်းရိုးဆင့် အကြီးစား ၄ ခု (တစ်စိတ်တစ်ပိုင်း ဖြစ်ထွန်းမှုများနှင့် တွဲလျှင် ၆ ခု) အား တိုင်းတာပြခဲ့သည်။ ပုံ (၃) ၌ မန်အောင်ကျွန်း အနောက်ခြမ်း ကျူရွာနားမှ ကျောက်ဆောင်ကမ်းပါးကို မှတ်တမ်းတင်ထားသည်။ ဟောစတက်၏ ဖေါ်ပြ ချက်နှင့်လည်း နီးစပ်သည်။

ပုံ (၃) မန်အောင်ကျွန်း ကျူရွာအနီး၌ မှတ်တမ်းတင်ခဲ့သော စတုတ္ထကမ်းဆင့်။ ဂုံးကောင် ကျောက်ဖြစ် ရုပ်ကြွင်းများ၏ ကာဗွန် သက်တမ်းအရ ၁၇၆၂ ငလျင်နှင့် ဆက်စပ်နိုင်သည်။ (Shishikura et al, 2009)

မန်အောင်ကမ်းဆင့်များ အထဲမှ လက်ရှိ ပင်လယ်ရေပြင်နှင့် နီးသော ကမ်းဆင့်သည် ၁၇၆၂ ငလျင်နှင့် အတူမြင့်တက်ခဲ့သည်ဟု ဆုံးဖြတ်ထားသည်။ ထိုအချက်သည် သန်းတင်အောင်နှင့် အဖွဲ့ ဖရုံကာကျွန်း၌ တွေ့ရှိချက်နှင့် တူသည်။ ထိုအချက်သည် ၁၇၆၂ ငလျင်သည် မန်အောင်မှ ဖရုံကာ ကျွန်းများထိ ၁၇၀ ကီလိုမီတာခန့် ရှည်သော ကမ်းရိုးတမ်းကို မြင့်တက်စေခဲ့သည်။ မြောက်ဖက် မည်မျှ ဆက်သည်ကို မသိရသေး။ ဘင်္ဂလားဒေရှ့်မှ Cox Bazar ကမ်းရိုးတမ်းများလည်း အလားတူ ကမ်းဆင့် များနှင့် ရှိနေကြောင်း သိရသည်။ ၁၇၆၂ ကမ်းဆင့်လည်း ထိုအရပ်ထိ ရှိပါမူ ကမ်းရိုးတန်း အလျား သည် ၃၅၀ ကီလို ထက်မနည်းပေ။ ထိုမျှလောက်ရှည်သော ကမ်းရိုးတမ်း တစ်လျောက် ငလျင်ဖြစ်ခဲ့လျှင် ထိုငလျင်၏ ပမာဏသည် ၂၀၀၄ ဆူမတြား ငလျင်၊ ၂၀၁၀ ချီလီငလျင်၊ ၂၀၁၁ ဂျပန် ငလျင်တို့၏ ပမာဏနှင့် မတိမ်းမယိမ်း လောက်ပင် ရှိသည်။ ရခိုင်ကမ်းလွန်၌ ထိုကဲ့သို့ ငလျင်ကြီးမျိုး တစ်ကြိမ်နှင့် တစ်ကြိမ် ကာလအပိုင်းအခြား မည်မျှဆိုသည်ကို အသေးစိတ်လေ့လာရန် လိုနေသေးသည်။ ရှီရှီကုရနှင့် အဖွဲ့၏ တွေ့ရှိထားချက်ကို ပုံ (၄)၌ ပြထားသည်။ ပျှမ်းမျှ နှစ် ၉၀၀ လျှင် တစ်ကြိမ်ဟု ယူဆဖွယ်ရာ ဖြစ်သည်။

ပုံ (၄) မန်အောင်ကျွန်း ကမ်းဆင့်များနှင့် ရုပ်ကြွင်းများမှ တစ်ဆင့် သက်တမ်းကွာခြားပုံ ဖေါ်ပြချက်။ Shishikura et al (2009)

ဘန်ဂေါထိစပ်ဇုန်

၁၇၆၂ ငလျင်နှင့် အခြား ရခိုင်ကမ်းရိုးတန်းကို မြင့်တက်စေသော ငလျင်ကြီးများသည် Bengal Subduction Boundary ဟုဆိုရသည် ဘင်္ဂလား ပင်လယ်အော် အောက်ခင်းပြင်၌ အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ်တို့ ထိစပ်တွန်းတိုက် ငုတ်လျှိုးရာ ထိစပ်ကြောင်းတစ်လျောက် မြေထုချပ် လှုပ်ရှားမှုများ ကြောင့် ဖြစ်ရသည်။ ထိုထိစပ်ကြောင်း တစ်လျောက်လေ့လာမှုများကို ၁၉၉၇ လောက်မှစခဲ့ကြရာ ယခုအချိန်၌ ထို ထိစပ်ကြောင်းတစ်လျောက် ခြုံငုံမိသလောက်ရှိသော်လည်း ငလျင်နှင့် ဆက်စပ်သော အပိုင်း၌ ဆက်လက် သုတေသနပြု လေ့လာသွားရန် လိုအပ်နေသေးသည်။ တောင်ဖက် ဆူမတြားနှင့် တစ်ဆက်တည်း ဖြစ်သော ဘန်ဂေါထိစပ်ဇုန်သည် ရခိုင်ကမ်းလွန်၌ မြေထုချပ်ကြီး ၂ ခု ဘေးတိုက်ရွေ့ခြင်း ငုတ်ခြင်းများ ဖြစ်ခဲ့သည်။ Socquet et el (2006)။ ထို ထိစပ်ဇုန်တစ်လျောက် ရွေ့လျားပုံများ မတူညီကြပေ။ စိုးသူရထွန်းနှင့်ဝင်းဆွေ (၂၀၀၆)က ဤအချက်ကို ထောက်ပြ ထားသည်။ ပုံ (၅)။

ပုံ (၅) ရခိုင်ကမ်းလွန်မှ ဘန်ဂေါ ထိစပ်ဇုန်၏ အဆစ်အပိုင်းများ။ Soe Thura Tun et al (2006)

မန်အောင်ကျွန်း၏ တောင်ဖက်ပိုင်း၌ အဆစ်အချိုးများစွာနှင့် ရွေ့လျားပုံ ပြောင်းလဲသွားသည် ကို ပုံ(၅)၌ မြင်နိုင်သည်။ အလျားလိုက် ရွေ့မှုများက တွန်းတိုက် ငုတ်လျိုးဖြစ်စဉ်ထက် ပိုများသည်။ ထို့ကြောင့် မန်အောင်နှင့် မြောက်ဖက်ခြမ်းကသာ တွန်းတိုက်ငုတ်လျိုးခြင်း၊ ကမ်းဆင့်မြင့်တက်ခြင်းများ ထင်ရှားနေ ရခြင်း ဖြစ်သည်။ ထိုသို့ ရွေ့တိုင်းလည်း ငလျင်လှုပ်ချင်မှ လှုပ်သည်။ ဤအချက်ကို တင့်လွင်ဆွေနှင့် အဖွဲ့က ၂၀၀၄ ဆူမတြားငလျင် နောက်ပိုင်း လေ့လာတင်ပြခဲ့သည်။ ဆူမတြား၌ ၂၀၀၄ ငလျင်ကြီး လှုပ်သော အခါ ရခိုင်ကမ်းရိုးတန်း၌လည်း လှုပ်ရှားမှုအနည်းငယ် ရှိခဲ့သည်။ သို့သော် ငလျင်ကြီး မလှုပ်ခဲ့။ Tint Lwin Swe et el (2006)

ဆူနာမီ

၂၀၀၄ ဆူမတြား ငလျင်ကြောင့် အိန္ဒိယ သမုဒ္ဒရာပါတ်လည် နိုင်ငံများ ဆူနာမီလှိုင်းဒဏ် ခံခဲ့ကြ ရသည့် အထဲတွင် မြန်မာကမ်းရိုးတမ်းလည်း ပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်၌ လူ ၆၀ ကျော် ပျက်စီးကာ ကျေးရွာအချို့နှင့် လှေ၊ သင်္ဘောများ ပျက်သည်။ ပုံ (၆)။ ရခိုင်ကမ်းရိုးတမ်းလည်း လှိုင်းပုတ် ခံရသည်။ သို့သော် အသေပျောက် မရှိ။ လှေ အနည်းငယ် ပျက်စီးသည်။ တနင်္သာရီကမ်းရိုးတန်း သည်လည်း လှိုင်းပုတ်သည်။ ကော့သောင်းမြို့ ကမ်းခြေ၌သာ ပျက်စီးမှုရှိသည်။ ပုံ (၇)။ အိမ်နီးချင်း ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေနှင့် နှိုင်းစာလျှင်မူ မပြောပလောက်ပေ။

ပုံ (၆) ၂၀၀၄ ဆူနာမီ လှိုင်းပုတ်သဖြင့် အောက်ခြေအခန်းများ ပျက်သွားသည့် အောင်လှိုင်ရွာ ဘုန်းတော် ကြီးကျောင်း။ ဆူနာမီအကြောင်း ဗဟုသုတရှိသော ဆရာတော်က ဒါယိကာ၊ ဒါယိကာမများအား အချိန်မီ ကယ်တင်နိုင်ခဲ့သည်။

ပုံ(၇) ၂၀၀၄ ဆူနာမီကြောင့် ကော့သောင်းမြို့မှ ပုလုံးတုံတုံတံတား ပျက်သွားပုံ

ဆူမတြား၊ ဖူးခက်၊ အိန္ဒိယ၊ သိရိလင်္ကာနိုင်ငံများ ၂၀၀၄ ဆူနာမီကြောင့် အထိနာလွန်းသော်လည်း မြန်မာ ကမ်းရိုးတန်း၌ အပျက်အစီးနည်းခဲ့သည်။ လှိုင်းပုတ်သည့်အမြင့်ကို လေ့လာတိုင်းတာချက်များ အရလည်း အနည်းဆုံး ဖြစ်ခဲ့သည်။ ပုံ(၈)။ ထိုသို့နည်းရခြင်းမှာ ကမ်းရိုးတမ်းသည် ငလျင်ဖြစ်ရာ အရပ်နှင့် ဝေးလည်း ဝေး၊ အပြိုင်အနေထား ရှိနေသည့်အပြင် မြိတ်ကျွန်းစုကဲ့သို့ ကျွန်းတန်းများက ကာဆီးထား ခြင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်အလွန် ပင်လယ်၌ ရေတိမ်အရပ် ရှည်လျားခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ၁၈၈၃ကလည်း အန်ဒမန်ငလျင်လှုပ်သဖြင့် ဆူနာမီဖြစ်ဘူးသည်။ အိန္ဒိယဖက် ထိခိုက်ခဲ့ သော်လည်း တနင်္သာရီ ကမ်းရိုးတန်း၌ လှိုင်းအနည်းငယ်သာ ဖြစ်ခဲ့သည်။

ပုံ(၈) ၂၀၀၄ ဆူနာမီကြောင့် လှိုင်းပုတ်ခံရသည့် အမြင့် နှိုင်းယှဉ်ပြပုံ။ Satake et al (2005)

ကမ်းရိုးတန်းငလျင်နှင့် ဆူနာမီ

ရခိုင်ကမ်းရိုးတန်းအလွန် ဘန်ဂေါထိစပ်ဇုန်၏ လှုပ်ရှားမှုသည် ငလျင်ကြီး လှုပ်လေ့ရှိကြောင်း အထောက် အထားများ အခိုင်အမာရှိခဲ့သည်။ ငလျင်မလှုပ်သော လှုပ်ရှားမှုများ ရှိနေလင့်ကစား ငလျင်ကြီး လှုပ်နိုင်သည့် အနေအထားများ ရှိနေပြီး ဖြစ်သည်။ အတိတ် ငလျင်လေ့လာမှုများအရ ငလျင်ကြီး တစ်ကြိမ်နှင့် တစ်ကြိမ် အချိန်ကာလ ကွာခြားချက်မှာ နှစ်ပေါင်း ၉၀၀ ဟု လက်ရှိ ရလဒ်များအရ ပြောသော်လည်း အသေးစိတ်များ လေ့လာရန် ကျန်သေးသည့်အတွက် ထိုနှစ်အပိုင်းအခြားကို အတည် မပြုနိုင်သေးပေ။ လက်ရှိ သိနေကြသော ရွှံ့မီးတောင်ပေါက်မှုများသည် ငလျင်နှင့် တိုက်ရိုက်မဆိုင်လှပေ။ (ရွှံ့မီးတောင် diapir သည် သဘာဝဓါတ်ငွေ့အောင်းနေသော အလွှာများမှ ကန်ထွက်ခြင်းသာ ဖြစ်ပြီး မီးတောင် volcano မဟုတ်ပါ။)
ရှေ့က ဆူနာမီ ဖြစ်ရပ်များသည် အခြားနေရာမှ လာသောလှိုင်းများ ဖြစ်၍ ခံရ သက်သာနေသော် လည်း ရခိုင်ကမ်းခြေ၌ ငလျင်ကြီး ကပ်လျှက် ဖြစ်ခဲ့လျှင် ဆူမတြားကဲ့သို့ပင် ပြင်းထန်နိုင် သည်ကို သိထားရမည်။ ၁၇၆၂ ကဲ့သို့ ငလျင်ကြီးမျိုး ဖြစ်ခဲ့လျှင် ပမာဏ ၈.၅ နှင့် အထက်သာ ဖြစ်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ မှ ငလျင်သည် နောက်တစ်ကြိမ် ပြန်လာရန် တာစူနေပြီဟု ဆိုလျှင် မလွန်ပါချေ။

References

  • Halsted, E. T. 1841. Report on the Island of Chedooba, J. of Asiatic Society, No. 113 New Series 28.
  • Oldham, T. 1883. A cataloogue of Indian Earthquakes from the earliest time to the end of AD1869. Memoirs of Geological Survey of India Vol.. XIX Pt.3
  • Satake, K., Aung, T. T., Y. Sawai, Y. Okamura, Kyaw Soe Win, Win Swe, Chit Swe, Tint Lwin Swe, Soe Thura Tun and Thant Zin Oo. 2005. Post-tsunami survey along the Myanmar Coast for the December 2004 Sumatra-Andaman earthquake, online report, June. http://unit.asit.go.jp/actfault/English/topic/Myanmar/index.html
  • Shishikura, M., Y. Okamura, K. Satake, Than Tin Aung, S. Fujino, Win Swe, Win Naing, Hla Saw, Tint Lwin Swe, Soe Thura Tun and Thura Aung. 2007. Timing and recurrence of past great earthquakes off western Myanmar, deduced from Holocene terraces. International Workshop on Seismotectonics of Myanmar and Earthquake Risk Managment, SMERM 2007, 29-30 April 2009. presentation.
  • Socquet, A., C. Vigny, N. Chamot-Rooke, W. Simon, C. Rangin and B. Ambrosius. 2006. India and Sunda Plates motion and deformation along their boundary in Myanmar determined by GPS, J. Geoph. Resear. Vol 111, B04506. 2006.
  • Soe Thura Tun and Win Swe. 2006. Coastal segmentation and active tectonics of the Rakhine Coast: A preliminary view. Restoration Program from Giant Earthquakes and Tsunami. Phuket 2006. presentation.
  • Than Tin Aung, Yakinobu Okamura, Kenji Satake, Win Swe, Tint Lwin Swe, Hla Saw and Soe Thura Tun. 2006. Paleoseismological field survey along the Western Coast of Myanmar, Earthquake Journal, No.6, p.171-188, 2006.
  • Than Tin Aung, Yakinobu Okamura, Kenji Satake, Shishikura Masanobu, Win Swe, Tint Lwin Swe, Hla Saw, Soe Thura Tun and Thura Aung. 2007. Paleoseismological field survey along the Western Coast of Myanmar, Earthquake Journal, No.xx, p.xxxx, 2007.
  • Tint Lwin Swe, Soe Thura Tun and Than Myint. 2006. Some evidences in support of aseismic movement along the Bengal Tectonics Boundary in the Rakhine Coast, Myanmar. 2006. Asia Oceania Geosciences Society Annual Conferences, 10-14 July 2006, Singapore. Abstract and presentation.

(13th December 2011 by Tint Lwin Swe, M. Engg. Geol., FGS, MMEC)



The Mog Nation Wiki

Leave a comment