(The Mog Nation Wiki, an archive)

၈ အောက်တိုဘာ ၂၀၂၂, ၀၉:၄၇ GMT
မြန်မာနိုင်ငံကို ဆောင်းခို ပျံသန်းလာကြတဲ့ ရေဘဲ၊ ရေညှောင့်နှုတ်ဝိုင်း၊ စာဝါကျား စတဲ့ငှက်တွေထဲမှာ Critically Endangered Species မျိုးတုံးအန္တရာယ် အမြင့်ဆုံး အဆင့်ရှိ ရေညှောင့်နှုတ်ဝိုင်းငှက်က အကောင်ရေ တဖြည်းဖြည်း ကျဆင်းလာပြီး အခုဆို တကမ္ဘာလုံးမှာတောင် ကောင်ရေ ၄၀၀ အောက်ပဲ ရှိတော့တယ်လို့ ငှက်ထိန်းသိမ်း စောင့်ရှောက်ရေးသမား တွေက ပြောပါတယ်။
ကမ္ဘာပေါ်မှာ မျိုးတုံးမယ့် အန္တရာယ် ထိပ်ဆုံးမှာ ရှိနေတဲ့ ငှက်မျိုးစိတ်တခု အဖြစ် မျိုးတုံးအန္တရာယ်အဆင့်သတ်မှတ်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး အဖွဲ့ IUCN International Union for Conservation of Nature က သတ်မှတ်ထားတဲ့ Spoon-billed Sandpiper ခေါ် ရေညှောင့် နှုတ်ဝိုင်း ငှက်တွေ အပါအဝင် ဆောင်းခိုငှက် အမျိုးမျိုးဟာ အခုလို စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်း ဆိုရင် မြန်မာ နိုင်ငံကို လာရောက် ဆောင်းခိုကြလေ့ရှိပါတယ်။
ဆောင်းခိုရေဘဲတွေ၊ ကမ်းခြေနေ ဆောင်းခိုငှက်တွေနဲ့ ကုန်းပေါ်နေ ဆောင်းခိုငှက် မျိုးစိတ်တွေဟာ ဆောင်းရာသီမှာ သူတို့ သားပေါက်တဲ့ နေရာကို စွန့်ခွာပြီး အီကွေတာနဲ့ နီးတဲ့ ပူနွေးတဲ့ ဒေသတွေကို ပျံသန်း လာကြတယ်လို့ မြန်မာနိုင်ငံက ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေး အသင်း BANCA အဖွဲ့က ပြောပါတယ်။
ရုရှားနိုင်ငံ Chukotka ချူးကော့တ်ကာ ပင်လယ်ကမ်းခြေ နဲ့ မွန်ဂိုလီယား ဘက်မှာ နေထိုင်ကျက်စားကြတဲ့ အဲဒီ ရေညှောင့် နှုတ်ဝိုင်း ငှက်တွေဟာ သူတို့ ဥ ဥ သားပေါက်ကြ အပြီးမှာ ကီလိုမီတာ ထောင်နဲ့ချီပြီး ဝေးတဲ့ မြန်မာ နိုင်ငံအပါအဝင် အာရှဒေသဘက်ကို နှစ်စဉ် ပျံသန်းလာကြလေ့ရှိပါတယ်။
ကမ္ဘာ့ ပျံလမ်းကြောင်းတွေ အတိုင်း ပျံသန်းလာရာ လမ်းတလျှောက် တစ်ထောက်နားတဲ့ နေရာဒေသတွေမှာ နားခို အစာဖြည့်တင်းပြီး ဆောင်းခိုမယ့် နေရာအထိ သူတို့ ဆက်လက် ပျံသန်းကြပါတယ်။
ရေညှောင့်နှုတ်ဝိုင်းငှက်တွေက မြန်မာ နိုင်ငံမှာ လာရောက်ဆောင်းခို ကျက်စားတာ အများဆုံးဖြစ်တယ် ဆိုတာ သုတေသန ပြုချက်တွေအရ တွေ့ရတယ်လို့ BANCA အဖွဲ့ ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာပေါ်မှာ ကောင်ရေ ၇၀၀ လောက်ပဲ ရှိတော့တဲ့ Baer’s Pochard ခေါ် ပို့ချပ်ခေါင်းစိမ်း ငှက်တွေဟာ လည်း မြန်မာနိုင်ငံကို လာရောက် ဆောင်းခိုလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံကို နှစ်စဉ် အကောင်ရေ ဘယ်လောက် လာရောက် ကျက်စားတယ် ဆိုတဲ့ စာရင်းဇယားတော့ သူတို့ ရယူထားတာ မရှိပါဘူး။
ဒီတော့ ပထဝီ မြေမျက်နှာသွင်ပြင်အရ ကမ်းခြေတွေ၊ ရေချိုရေအိုင်တွေနဲ့ လွင်ပြင်တွေ စုံစုံလင်လင်ရှိတဲ့ မြန်မာနိုင်ငံကို ဒီငှက်မျိုးစိတ်တွေ လာရောက်ကျက်စားကြရပါတယ်။

ရေညှောင့်နှုတ်ဝိုင်းငှက်တွေ ဆောင်းခိုရာ နေရာ
မူရင်းကျက်စားရာနေရာကနေ ပျံသန်းလာပြီး မြန်မာနိုင်ငံဘက်ရောက်တဲ့အခါ ရေညှောင့်နှုတ်ဝိုင်းငှက်တွေက ကချင်ပြည်နယ်မှာ တထောက် ဝင်နားပြီးမှ တောင်ဘက် ကမ်းရိုးတန်းကို ဆင်းလာ ကြတယ်လို့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။
ကမ်းရိုတန်းဒေသတွေ ဖြစ်တဲ့ မုတ္တမ ပင်လယ်ကွေ့၊ ရခိုင်ပြည်နယ် နံ့သာကျွန်း၊ ဧရာဝတီတိုင်းက မိန်းမလှကျွန်း၊ တနင်္သာရီ တိုင်း လံပိကျွန်း တို့ကို သူတို့ ဆက်လက်သွားရောက် ကြပါတယ်။
နုံးနဲ့သဲ ရောနေတဲ့ ပင်လယ်ကမ်းခြေနေရာတွေကို သူတို့နှစ်ခြိုက်ကြပြီး အစာရေစာပေါတဲ့ အဲဒီလိုနေရာတွေမှာ ဆောင်းတွင်း တတွင်းလုံး နေထိုင် ကျက်စားတတ်ကြတယ်လို့ BANCA အဖွဲ့က ပြောပါတယ်။
မြန်မာ နိုင်ငံအလယ်ပိုင်း ပြူကန်၊ ပုလိပ်အင်း၊ မိုးယွန်းကြီး၊ အင်းတော်ကြီးကန်၊ အင်းလေး စတဲ့ ရေချိုရေအိုင်တွေမှာလည်း ဆောင်းခိုငှက် အမျိုးမျိုး နေထိုင်ကျက်စားကြတယ်လို့ ဆိုပါတယ်။
ဆောင်းတွင်း တတွင်းလုံး ကမ်းခြေဒေသတွေမှာ နေထိုင်ကြပြီး သူတို့ မူရင်းကျက်စားရာ ဒေသတွေမှာ နွေဦးရာသီကာလ ဧပြီလလောက်ဆို မြန်မာ နိုင်ငံကနေ ပြန်ထွက်ကြပြီး မေလဆို လုံးဝ မတွေ့ရတော့ဘူးလို့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။

ရေညှောင့်နှုတ်ဝိုင်းငှက်တွေအတွက် ထိန်းသိမ်းရေးနေရာသစ်
ပြီးခဲ့တဲ့ စက်တင်ဘာလက ဗြိတိန်နိုင်ငံ ကိမ်းဘရစ်ချ် မြို့မှာ ပြုလုပ်တဲ့ Birdlife International နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် နိုင်ငံပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက BANCA အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင် အပါအဝင် နိုင်ငံအသီးသီးက ငှက်ထိမ်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လာရောက်ဆောင်းခိုတဲ့ ရေညှောင့်နှုတ်ဝိုင်းငှက်တွေ ထိန်းသိမ်းဖို့အတွက် ရခိုင်ပြည်နယ် နံ့သာကျွန်းကို Marine National Park အဏ္ဏဝါ အမျိုးသား ဥယျာဉ် ဆိုပြီး အခု ၂၀၂၂ ခုနှစ် အတွင်းမှာ သတ်မှတ်နိုင်ခဲ့တာကို အဲဒီဆွေးနွေးပွဲမှာ သူ တင်ပြခဲ့ပါတယ်။
ဒါဟာ မျိုးတုံးအန္တရာယ်ရှိတဲ့ ရှားပါးငှက်တွေ ထိန်းသိမ်းရေးမှာ အောင်မြင်မှု တခုလို့ ပြောနိုင်ကြောင်း BANCA အဖွဲ့က ပြောပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ ဒုတိယမြောက် အဏ္ဏဝါ အမျိုးသား ဥယျာဉ် သတ်မှတ်နိုင်တာဖြစ်ပြီး ပထမ တခုက တနင်္သာရီတိုင်း လန်ပိကျွန်း ဖြစ်ပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု ထိန်းသိမ်းရာ နေရာတွေ သတ်မှတ်နိုင်ခြင်းအားဖြင့် အဲဒီနေရာ တွေမှာ ထိန်းသိမ်းရေးတွေ လုပ်ဖို့နဲ့ ဒေသခံပြည်သူ တွေရဲ့ လူမှု စီးပွား တိုးတက်စေဖို့ ပြည်ပက ရန်ပုံငွေတွေ ပံ့ပိုးလာနိုင်သလို ပြည်တွင်းမှာ လည်း အဲဒီလိုနေရာတွေမှာ လာရောက် အဆောက်အဦး ဆောက်တာမျိုး ကျူးကျော်လာတာမျိုးတွေကို တားဆီးနိုင်တဲ့ အဟန့်အတား ဖြစ်လာစေတယ်လို့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။
ဥပမာ စီမံကိန်း တခုခု ဝင်လာပြီဆိုရင် Environmental Assessment လုပ်ရမယ်၊ ဒီလို စီမံကိန်းမျိုး လုပ်သင့်ရဲ့လားဆိုတာ သုံးသပ်ဖို့ လိုလာတယ်လို့ သူက ပြောပါတယ်။
မျိုးတုံးပျောက်ကွယ်နိုင်တဲ့ ငှက်တွေ ထိန်းသိမ်းရာမှာ အရင်းအမြစ်တွေက တိုးတက်မလာရင်တောင် ပုံမှန် ရှိနေရမှာဖြစ်ပေမဲ့ လျော့ပါးသွားတာမျိုး ရှိတဲ့အတွက် ထိရောက်ရဲ့လားဆိုတာ စဉ်းစားမိတယ်လို့ သူက ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်းမှာ လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေ ပိုခက်ခဲလာတယ်လို့ ဒေါ့က်တာ သီရိဒေဝီအောင်က ပြောပါတယ်။ အဖွဲ့ အစည်းတွေ သွားရောက်လုပ်ဆောင်ရတဲ့ နေရာတွေမှာ ဝန်ထမ်းတွေရဲ့ လုံခြုံရေး စဉ်းစားရလို့ မသွားနိုင်တာတွေရှိတယ်လို့ ဆိုပါတယ်။
ရန်ပုံငွေ ဆိုရင်လည်း အရှေ့တောင်အာရှ နိုင်ငံတွေ အတွက် ADB က စီမံကိန်း ရန်ပုံငွေ ထောက်ပံ့ရာမှာ နိုင်ငံရေး အခြေအနေကြောင့် ဆိုပြီး မြန်မာ နိုင်ငံကို ရန်ပုံငွေချမပေးတာမျိုး သူသွားတက်ခဲ့တဲ့ Birdlife International အစည်းအဝေးမှာ ကြုံတွေ့ခဲ့ရတယ်လို့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။
ဒေသခံတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ပိုနားလည်လာကြပြီး သဘာဝ အရင်းအမြစ်က ပေးတဲ့ ဝန်ဆောင်မှုတွေက သူတို့ လူမှုစီးပွားအကျိုးကို ရေရှည် အကျိုးဖြစ်စေတယ်ဆိုတာ သိလာကြပေမဲ့ ဆက်လက် ထိန်းသိမ်းရေးအပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
မျိုးတုံးနိုင်တဲ့ အန္တရာယ်ဖြစ်ရတဲ့ အကြောင်းတွေ

မြန်မာနိုင်ငံကို လာရောက် ခိုနားကြတဲ့ ဆောင်းခိုငှက်တွေဟာ သူတို့ ဥ ဥ သားပေါက် နေထိုင်ကျက်စားရာ ကမ်းခြေတွေမှာ လူတွေက နေထိုင်ဖို့ အဆောက်အဦးတွေ၊ စက်ရုံတွေ ဆောက်လုပ်ကြလို့ နေစရာ ကျက်စားရာနေရာတွေ ပျောက်ဆုံး ကြရပါတယ်။
ဒါ့အပြင် ဆောင်းခိုဖို့ မြန်မာနိုင်ငံကို လာတဲ့ ပျံလမ်းတလျှောက်မှာ ဖမ်းဆီး သတ်ဖြတ်ခံကြရပြီး လူတွေရဲ့ အစားအစာ ဖြစ်သွားကြရတဲ့ အပြင် မြန်မာနိုင်ငံကိုရောက်လာတဲ့အခါမှာလည်း သူတို့ နေထိုင်ရာ အနီးဝန်းကျင်က ငှက်မုဆိုးတွေရဲ့ ဖမ်းဆီးသတ်ဖြတ် ခံကြရပြန်တဲ့အတွက် အကောင်ရေ တဖြည်းဖြည်း လျော့ပါးလာရပါတယ်။
ဘယ်လို ထိန်းသိမ်းနေလဲ

အခုတော့ ဆောင်းခိုငှက်တွေအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ သတ်မှတ်ပြီး ကာကွယ် ထိန်းသိမ်းကြပါတယ်။
Flyway Network Site လေးခု နဲ့ Ramsar Site ခြောက် ခု ဆိုပြီး သတ်မှတ် ထိန်းသိမ်းနေပါတယ်။
မြန်မာနိုင်ငံမှာ ဆောင်းခိုငှက်တွေကျက်စားကြတဲ့ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း၊ တနင်္သာရီ၊ နိုင်ငံအလယ်ပိုင်းမှာဆိုရင် ပြူကန်၊ ပုလိပ်အင်း၊ အင်းတော်ကြီး အင်းလေး စတဲ့နေရာတွေကို သစ်တောဦးစီးဌာနက သဘာဝ ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းသလို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ကမ္ဘာ့ အရေးကြီး ရေတိမ်ဒေသ Ramsar Site အဖြစ်လည်း သတ်မှတ် ထိန်းသိမ်းကြတယ်လို့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။
မြန်မာ နိုင်ငံမှာ သတ်မှတ်ထားတဲ့ Ramsa Site နေရာ ၆ နေရာက
၁။ မုတ္တမပင်လယ်ကွေ့
၂။ အင်းတော်ကြီးကန်
၃။ မိုးယွန်းကြီးအင်း
၄။ နံ့သာကျွန်း
၅။ မိန်းမလှကျွန်း
၆။ အင်းလေးကန်တို့ ဖြစ်ကြပါတယ်။
ပို့ချက်ခေါင်းစိမ်းငှက်နဲ့ ရေညှောင့်နှုတ်ဝိုင်းငှက် တွေ ပျံသန်းရာလမ်းကြောင်းဖြစ်တဲ့ East Asia Australia Flyway ( EAAFP) ပျံလမ်းပေါ်က နိုင်ငံတွေ စုပေါင်း မိတ်ဖက် အဖွဲ့ဖွဲ့စည်း ကွန်ရက်ဖွဲ့ပြီး ငှက်တွေသွားတဲ့ နိုင်ငံတွေမှာ ထိန်းသိမ်းရေးလုပ်ဖို့အတွက် ရန်ပုံငွေတွေ ပေးတယ်၊ အဲဒီနေရာကို Flyway Network Site ဆိုပြီး သတ်မှတ်တယ် လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာပဲ ရှိတဲ့ မျိုးတုံး အန္တရာယ်ရှိငှက်များ

ကမ္ဘာ့ တခြားနိုင်ငံတွေမှာ မတွေ့ရဘဲ မြန်မာနိုင်ငံက နေရာ တချို့မှာပဲ တွေ့ရတဲ့ ဒေသရင်း ငှက်တွေထဲမှာလည်း မျိုးတုံးနိုင်တဲ့ အန္တရာယ် ရှိတဲ့ အတွက် ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်နေတယ်လို့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။
အဲဒီ ငှက်အမျိုးအစားတွေက
၁- စွေ့ငှက် – White-throated babbler
၂-ငှက်မင်းသား Jerdon’s Minivet
၃-နဖားကြူးအမြီးဝိုင်း- Hooed Treepie
၄-ဧရာဝတီ Bulbul ဗွတ်ချွဲ/ ဗွတ်စာမွဲ
၅-မြန်မာတစ် Burmese Tit
၆-မျက်ခုံးဖြူငှက်ပြာခြောက် White-browed Nuthatch
အဲဒီငှက်တွေထဲမှာမှ ချင်းပြည်နယ်မှာပဲ တွေ့ရတဲ့ မျက်ခုံးဖြူငှက်ပြာခြောက် က ကမ္ဘာမှာမျိုးတုံးဖို့ စိုးရိမ်နေရတဲ့ အဆင့်ကို ဝင်လာ ရှိနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ မျိုးတုန်းမှု အဆင့် သတ်မှတ်တဲ့ IUCN က အဲဒီငှက်ကို Endanger အဆင့် သတ်မှတ်ထားတဲ့ အတွက် မျိုးတုန်းအန္တရာယ် ဒုတိယ အမြင့်ဆုံး အဆင့်မှာ ရောက်နေပါတယ်။
ထိန်းသိမ်းရေးလုပ်တဲ့နေရာမှာ ပညာရှင်တွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဒေသခံတွေ အားလုံးပူးပေါင်းပါဝင်မှ အောင်မြင်အောင် လုပ်နိုင်မယ်လို့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။
ဒါကြောင့် ရေရှည်မှာ သဘာဝကရတဲ့ ဝန်ဆောင်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ ဒေသခံတွေကို ပညာပေးတာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။

End Notes and External links
- source: “ဆောင်းခိုရေညှောင့်နှုတ်ဝိုင်းငှက်အတွက် ရခိုင်က ထိန်းသိမ်းရေးနေရာသစ်” | BBC Burmese
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter