ဘင်္ဂလာ နှင့် တောင်အာရှ သမိုင်း အနှစ်ချုပ်

(The Mog Nation Wiki, an archive)


Old post , dated 27 Sep 2017, converted to Unicode.

အရင် နှစ် ၃ သောင်းလောက်က အိန္ဒိယကို အစောဆုံး ဝင်ရောက်နေထိုင်ခဲ့သူတွေက အခု Adivasi ဒေသခံလို့ ခေါ်တဲ့ တိုင်းရင်းသား အုပ်စုလေးတွေ လို့ ဆိုပါတယ်။ သူတို့နောက် B.C 2600 လောက်မှာ အခု ပါကစ္စတန်ထဲမှာ ပါတဲ့ အိန္ဒုမြစ်ဝှမ်း ဒေသမှာ Dravidian လူမျိုးတွေက Harappa, Mohenjo-daro မြို့ကြီးတွေကို တည်ထောင်ခဲ့တယ်။ နောက်တော့ အဲဒီဒေသ ကို စွန့်ခွာပြီး အိန္ဒိယတောင်ပိုင်း ကို ဆင်းသွားကြတယ်။ B.C 1900 လောက်မှာ Asia minor မှာ နေတဲ့ Indo-Iranian အုပ်စုက ၂ စုခွဲထွက်သွားတယ်။ Asura အသုရာ လို့ ခေါ်တဲ့ အုပ်စုက အခု Iran ဘက်ကိုဆင်းသွားပြီး Deva ဒေဝ လို့ ခေါ်တဲ့ အုပ်စုက အိန္ဒိယ ဘက်ကို ဆင်းလာတယ်။ သူတို့ယဉ်ကျေးမှုက ဝေဒကျမ်းတွေကို ကိုးကွယ်လို့ vedic culture လို့ ခေါ်ပြီး အခုခေတ်တော့ ဟိန္ဒူလို့ ခေါ်လာကြတယ်။ သူတို့က အိန္ဒိယမှာ နကိုယ်ရှိနေပြီးသား ၂ စုနဲ့ အစပိုင်းမှာ တည့်အောင်ပေါင်းပြီး နောက်ပိုင်းမှာ ခွဲခြားနှိမ်ချ ဆက်ဆံလာကြတယ်။ သူတို့ကိုယ် သူတို့တော့ Brahmins ဗြဟ္မဏ (ဘာသာရေးခေါင်းဆောင် ) နဲ့ Kshatriya ခတ္တိယ ( စစ်ရေး အုပ်ချုပ်ရေး ခေါင်းဆောင် ) တွေလို့သတ်မှတ်ပြီး Dravidian တွေကို Vaishya ဝေဿ (အလုပ်သမား) ၊ Adivasi တွေကို Shudra သုဒ္ဒ (အစေအပါး) တွေလို့ ဇာတ် ခွဲခြား ဆက်တဲ့ Varna ဝဏ္ဏ စံနစ် ( Caste ပေါ်တူဂီ စကား ) ကို ကျင့်သုံးလာကြတယ်။ ဒီစံနစ်က ဘင်္ဂလားလို သိပ်ဝေးတဲ့ နယ်စွန်နယ်ဖျားတွေမှာတော့ သိပ်ပြင်းပြင်းထန်ထန် မကျင့်သုံးကြဘူး။

AD 600 ကျော်မှာ တမာန်တော် Muhammad မိုဟာမက် တည်ထောင်ခဲ့တဲ့ Islam ဘာသာက ကမ္ဘာကို ပြန့်နှံ့ လာခဲ့တယ်။ အစ္စလမ်က အိန္ဒိယကို လမ်း ၃သွယ် နဲ့ ရောက်လာခဲ့တယ် ဆိုပါတယ်။

၁. အာရပ်တွေက အိန္ဒိယ ကို အနောက်တောင် မုတ်သုန်လေ နဲ့ ရွက်လွှင့်လာပြီး အရောင်းအဝယ် တွေလုပ်၊ နောက် လေးလ အကြာ မှာ အရှေ့မြောက် မုတ်သုန်လေ နဲ့ ပြန်ကြပါတယ်။ တနှစ်ကို လေးလ လောက်နေရတော့ အဲဒီမှာ အိမ်ထောင်ပြု ကလေးမွေး လုပ်ပါတယ်။ နောက်သူတို့တွေ အစ္စလမ်ဘာသာဝင် ဖြစ်တော့ သူတို့ မိသားစုတွေလည်း အစ္စလမ်ကိုးကွယ်သူ ဖြစ်သွားကြပါတယ်။ အိန္ဒိယတောင်ပိုင်း Kerala နဲ့ Bengal က Chittagong တို့လို ဆိပ်ကမ်းတွေကို အစောဆုံး ရောက်ရှိတယ်။

၂. Sufi လို့ ခေါ်တဲ့ အစ္စလမ် သာသနာပြုတွေ ရောက်ရှိ အခြေချရာကနေလည်း ပြန့်ပွားလာတယ်။

၃. လက်နက်နဲ့ တိုက်ခိုက်သိမ်းပိုက်ရာကလည်း အစ္စလမ်ဘာသာ ပြန့်ပွားလာတယ်။ AD.711 မှာ အာရပ်ဗိုလ် Muhammad ibn al-Qasim က Sindh ကို တိုက်ခိုက်သိမ်းပိုက်ရာက အိန္ဒိယမှာ ပထမဆုံး အစ္စလမ်ဘာသာ ပြောင်းတဲ့ ဒေသ ဖြစ်လာတယ်။ ( ခေတ်ပြိုင် – ပုဂံမှာ စလေငခွေးမင်း AD 710 ၊ ရခိုင်မှာ အာနန္ဒာစန္ဒြားကျောက်စာ ရေထိုး AD 729 ) ။

အာရပ်တွေ သယ်လာတဲ့ ဆည်မြောင်း ဖေါက်လုပ်ခြင်း နဲ့ မြေအောက်ရေ ထုတ်သုံးနည်း Persian Water Wheel နည်းပညာတွေကြောင့် Punjab ပြည်နယ်မှာ စိုက်ပျိုးရေး တိုးတက် ဖွံ့ဖြိုးလာတယ်။ နောက်တော့ Delhi ဒေလီ ကို ဗဟိုပြုတဲ့ မူဆလင် မင်းဆက် ၅ ဆက် လက်ထက်မှာ အိန္ဒိယ တနိုင်ငံလုံး လိုလိုကို သိမ်းပိုက်နိုင်ခဲ့တယ်။ AD ၁၂ ရာစုကနေ AD ၁၆ ရာစုအတွင်းမှာ (တယောက်ချင်း မဟုတ်ပဲ) အစုလိုက် အစ္စလမ်ဘာသာကို ပြောင်းလဲခဲ့ကြတယ်။ နောက်ဆုံး Mughal မဂိုမင်းဆက်မှာ တကမ္ဘာလုံးမှာ အကြီးကျယ် အခမ်းနားဆုံး အင်ပါယာကြီးကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီ ဘာသာ အသစ် ရောက်ရှိလာရာက အိန္ဒိယ ဟာ အိန္ဒိယ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ် ဆိုပြီး သုံးနိုင်ငံ ကွဲဘို့ ဖြစ်လာခဲ့ပါတယ်။

Bengal ဟာ Brahmaputra, Meghna, Padma ဆိုတဲ့ မြစ်ကြီး သုံးသွယ် စုပေါင်းဆုံရာ ကမ္ဘာ့အကြီးဆုံး မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ပါတယ်။ AD ၈ ရာစု ကနေ AD ၁၂ ရာစု အတွင်းမှာ ဟိန္ဒူ နောက်၊ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ Pala ပါလ နဲ့ Sena မင်းဆက်တွေ ကြီးစိုးခဲ့တယ်။ AD 1206 မှာ မူဆလင်ဘုရင်တွေ လက်အောက်ကို စ ရောက်တယ် ( ခေတ်ပြိုုင် – ပုဂံ မြစေတီ ကျောက်စာရေးထိုး AD 1113 ၊ ရခိုင် နေရဉ္ဇရာ တောင်ငူခေတ် )။ AD 1345 မှာ ဗဟို Dehli ထိန်းချုပ်မှု မှ ခွဲထွက်ပြီး Bengal Sultanate ကို တည်ထောင်ခဲ့တယ် ( ခေတ်ပြိုင် – ပင်းယ စည်သူ ၊ လောင်းကြက် မင်းထီး ) ။ ဒေသတွင်း မှာ Bengali စကား၊ ဘာသာရေး မှာ Arabic သုံးပြီး Persian ကို နိုင်ငံတကာနဲ့ ဆက်သွယ်ရေး အတွက် သုံးကြတယ်။ အာရပ်တွေ သယ်လာတဲ့ သံမဏိသွား ပါတဲ့ ပုဆိန် တွေ သုံးပြီး ထူထပ်တဲ့ တောကြီးတွေကို အမြစ်ပါမကျန် ရှင်းထုတ်ပြီး လယ်ယာမြေတွေ ဖေါ်ထုတ်လာတယ်၊ သံထယ်သွား နဲ့ လယ်ထွန်ပြီး နကိုယ်က တတ်ထားတဲ့ စပါး ရေသွင်း စိုက်ပျိုးနည်း နဲ့ ပေါင်းလိုက်တော့ Bengal ဟာ ကမ္ဘာမှာ ဆန်အထွက်ဆုံး ဒေသ ဖြစ်လာတယ်။ သူတို့ လက်ယက် ချည်ထည် ပိုးထည် တွေကလည်း လက်ရာသိပ်ကောင်းတယ်။ မုတ်သုန်လေ နဲ့ လိုက်ပြီး စစ်တကောင်း ဆိပ်ကမ်း ကိုရောက်လာတဲ့ အာရပ်၊ နောက် ၁၆ ရာစုမှာ ပေါ်တူဂီ သင်္ဘောတွေက တဆင့် အရောင်းအဝယ် တွေ ဖြစ်ပြီး ချမ်းသာလာတယ်။

စစ်တကောင်း ဆိပ်ကမ်းကို ရခိုင်ဘုရင် မင်းပါကြီး က AD 1532 မှာ သိမ်းယူခဲ့ပြီး AD 1665 မှာ မဂို ဘုရင်တွေက ပြန်လည် သိမ်းယူခဲ့တယ်။ ( AD 1785 မှာ ရခိုင်ကို ကုန်းဘောင် မင်းဆက် ဘိုးတော်ဘုရားက သိမ်းယူခဲ့ပြီး ) Bengal ကို AD 1793 မှာ ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီ သိမ်းယူလိုက်တယ်။ မဂိုဘုရင်တွေက နတ်ပြည်ကြီးလို့ တင်စားခဲ့ပြီး ထီးနန်းတွေ စိုက်ခဲ့ ကြတဲ့ နန်းတော်ကြီး တွေနဲ့ Bengal ရဲ့ မြို့တော် Calcutta ဟာ အင်္ဂလိပ် လက်ထက် AD ၁၉ ရာစု မှာတောင် လန်ဒန်မြို့ကြီး ပြီးရင် ဒုတိယ အစည်ကားဆုံး မြို့ကြီး ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ Bengal က အမျိုးသားရေး လှုပ်ရှားမှုတွေ အားကောင်းလာတာကို ချိနဲ့ သွားအောင် အင်္ဂလိပ်တွေက ဟိန္ဒူအများစု West Bengal နဲ့ မူဆလင် အများစု East Bengal ဆိုပြီး AD ၁၉၀၅ မှာ ခွဲခြားလိုက်ပြီးမှ ဝိုင်းဝေဘန်လို့ နောက် ၇ နှစ်မှာ ပြန်ပေါင်းပေးလိုက်တယ်။ ပြီးတော့ မြို့တော် ကို Calcutta ကနေ တည်ဆောက်ဆဲ New Dehli ကို ပြောင်းခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ Bengal က အမျိုးသားရေးဝါဒီ တွေ အစား အိန္ဒိယ မြောက်ပိုင်းက Nehru မိသားစု၊ Mohandas Gandhi နဲ့ အနောက် ကမ်းရိုးတန်းဒေသ က Ali Jinnah တို့က ထင်ရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်လာတယ်။

အိန္ဒိယ အမျိုးသားရေး လှုပ်ရှားကြသူများမှာ Jawaharlal Nehru နေရူး နဲ့ Mohandas Gandhi ဂန္ဒီ ဦးဆောင်တဲ့ INC ( Indian National Congress ) က အင်အား အကောင်းဆုံး ဖြစ်တယ်။ Communist Party of India ကတော့ Stalin လမ်းညွှန်မှု အမျိုးမျိုး နောက် လိုက်မိလို့ နံမည်ပျက် နဲ့ ဖြစ်နေတယ်။ ဟိန္ဒူ လူမျိုး နဲ့ ယဉ်ကျေးမှုကို ရှေ့တန်းတင် တဲ့ Hindu Mahasabha ပါတီ နဲ့ Rashtriya Swayamsevak Sangh အဖွဲ့တွေလည်း ရှိတယ်။ မူဆလင် ပါတီ Muslim League ခေါင်းဆောင်ကတော့ Muhammad Ali Jinnah ဂျင်းနား ဖြစ်တယ်။ လူနည်းစု မူဆလင် တွေက တရားမျှတမှု အတွက် အင်္ဂလိပ် ကို အားကိုးသလို အင်္ဂလိပ် ဆင်နွဲနေတဲ့ ကမ္ဘာစစ်ကြီးတွေမှာ ဟိန္ဒူတွေ သပိတ်မှောက်ရင်တောင် မူဆလင် တွေက မမှောက်ပဲ အင်္ဂလိပ်စစ်ဘက်မှာ ကူညီ ထားလို့ အင်္ဂလိပ်တွေကလည်း မူဆလင် တွေ တောင်းတာကို သိပ်မငြင်းနိုင်ဘူး။ ၁၉၄၀ လောက်မှာ ဂျင်းနား က မူဆလင် တွေရဲ့ ဘဝ ဟာ မလုံခြုံလို့ ဆိုပြီး မူဆလင် သီးသန့် အုပ်ချုပ်ရေးဒေသ ပေးဖို့ ပြောလာတယ်။ ၁၉၄၅ စစ်ကြီးနိုင်သွားပြီးတဲ့ အခါ Franklin Roosevelt က ကတိပေးပြီး Harry Truman က ဆက်ထောက်ခံလို့ ကိုလိုနီတွေကို လွတ်လပ်ရေး ပေးဖို့ ဖြစ်လာတယ်။ ဒီအခါ မူဆလင်အများစု နေတဲ့ ပြည်နယ်တွေထဲကို တဆက်တစပ်ထဲ ဆက်ပြီး မူဆလင် သီးသန့်နိုင်ငံ Pakistan ဆိုပြီး ပေးဖို့ တောင်းဆိုလာတယ်။ Pakistan ဆိုတာ Punjab, Afghania, Kashmir, Sindh and Baluchistan ဆိုတဲ့ အိန္ဒိယ အနောက်ပိုင်း က မူဆလင် အများစု နေတဲ့ ပြည်နယ် နံမည်တွေကို ပေါင်းစပ်ထားတဲ့ စကားလုံး ဖြစ်ပြီး urdu ဘာသာ စကား အရ “Land of Purity” သန့်စင်မြေ လို့လည်း အဓိပ္ပါယ် ရနေတယ်။ (ဒီနံမည်ထဲမှာ အိန္ဒိယ အရှေ့ပိုင်း က Bengal အတွက် B မပါဘူးဆိုတာ သတိထားမိကြမှာပါ )။ တကယ်တန်း ညှိနှိုင်းကြတဲ့ အခါ Punjab နဲ့ Bengal မှာ ဟိန္ဒူတွေကလည်း အတော်များများ ရှိတော့ အဲဒီ ပြည်နယ် ၂ ခုကို ၂ ခြမ်းစီ ခွဲဖို့ ဖြစ်လာတယ်။ အနောက်ဘက်က ပြည်နယ် ၅ ခုကို ဆက်ထားတဲ့ West Pakistan နဲ့ ကြားမှာ မိုင် တထောင်ကျော်ခြားပြီး Bengal ကို East Pakistan အရှေ့ပါကစ္စတန် ဆိုပြီး သတ်မှတ်မယ်၊ ကျန်တဲ့ အလယ်က India အိန္ဒိယ ပေါ့။ ဒါပေမယ့် Kashmir ကို ၂ ခြမ်း မခွဲမိလိုက်ဘူး ဆိုတယ်။ ပြီးတော့ Pakistan မှာ ပါမည့် ပြည်နယ်တွေထဲက မူဆလင် မဟုတ်တဲ့ လူနည်းစု တွေကို အကာအကွယ် ပေးရမည် ဆိုပြီး ဂျင်းနားက ကတိပေးရတယ်။

Feb 1947 မှာ အာဏာလွှဲပြီး လွတ်လပ်ရေး ပေးတဲ့ ကိစ္စတွေ ဆောင်ရွက်ဖို့ နောက်ဆုံး ဘုရင်ခံ အဖြစ် Lord Louis Mountbatten မောင့်ဘက်တန် ကို ခန့်အပ် စေလွှတ်တယ်။ နကိုယ်သတ်မှတ်ထားတာထက် တနှစ်စောပြီး လွှဲမည် ဆိုတော့ အကုန် တက်သုတ်ရိုက် လုပ်ကြတယ်။ ဟိန္ဒူ နဲ့ မူဆလင် နယ်နမိတ် ညှိမရတော့ သူ့နိုင်ငံကလွဲပြီး ဘယ်မှ မရောက်ဘူးတဲ့ Sir Cyril Radcliffe ကို လွှတ်ပြီး စာရွက်ပေါ်မှာ နယ်နမိတ်တွေ သတ်မှတ်ခိုင်းတယ်။ သူတို့ညှိနေတာတွေ မကြေငြာရသေးခင်မှာ အိန္ဒိယ နဲ့ ပါကစ္စတန် ဆိုပြီး လွတ်လပ်ရေး ပေး၊ အာဏာလွှဲတာက အရင်ပြီးနေပြီ။ အပြင်မှာ လူတွေက စိတ်အထင် နဲ့ ချနေကြပြီ။ မူဆလင် အများစု နယ်က ဟိန္ဒူတွေက ထွက်ပေးရပြီး နိုင်ငံအနှံ့က မူဆလင် တွေက Pakistan ထဲပါတဲ့ ပြည်နယ် တွေကို ပြောင်းကြရတယ်။ လူပေါင်း ၁၀ သန်း က ၁၂ သန်းလောက် ဒုက္ခသည် ဖြစ်ပြီး လူ ၁ သန်း ကနေ ၂ သန်း ကြားထဲ သေဆုံးခဲ့ကြရတယ်။ အနောက်ပါကစ္စတန် က ဟိန္ဒူ နဲ့ Sikhs ၅ သန်းကျော်ကို အတင်းမောင်းထုတ်ခဲ့ ၊ သတ်ဖြတ်ခဲ့ကြလို့ အခု ပါကစ္စတန်မှာ ဟိန္ဒူ လူနည်းစု က ၃% လောက်ပဲ ကျန်တယ်။ အရှေ့ပါကစ္စတန် (East Bengal ) မှာတော့ ဟိန္ဒူ ၁ သန်း ကနေ ၂ သန်းလောက် ထွက်ခွာသွားကြပြီး အခု ဟိန္ဒူ လူနည်းစု က ၁၂ % လောက် ကျန်တယ်။ January30, 1948 မှာ ဂန္ဒီကြီးက မူဆလင်တွေကို အလျှော့ပေးလွန်းတယ် ဆိုပြီး ဟိန္ဒူအကြမ်းဖက်သမား တယောက်က သတ်ပစ်လိုက်တယ်။

July 1947 မှာ မောင်းတောဒေသ က မူဆလင် ကိုယ်စားလှယ်တဖွဲ့က Lahore မြို့ကိုလာပြီး ဂျင်းနား နဲ့ လာတွေ့ပြီး Northern Rakhine State ရခိုင်မြောက်ပိုင်း ကို East Pakistan ( Bengal ) ထဲ ထည့်ပေးဖို့ လာတောင်းဆို ကြပါတယ်။ သူတို့ မတွေ့ခင် ဗိုလ်ချုပ်အောင်ဆန်း လွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဂျင်းနား နဲ့ လာရောက်တွေ့ဆုံခဲ့ကြပြီး မြန်မာပြည်က ရခိုင်ဒေသ မှ မူဆလင်တွေ ကို အခြေခံဥပဒေ အရ ကာကွယ်ပေးမယ် ၊ အပြန်အလှန် အနေနဲ့ လက်ရှိ နယ်နမိတ် Naf မြစ် တဘက်ကမ်းက မောင်းတော၊ ဘူးသီးတောင် စတဲ့ NRS ဒေသကို Pakistan ထဲ ထည့်ဖို့ ဂျင်းနား က မတောင်းဆို ပါဘူး ဆိုဘူး သဘောတူခဲ့ကြတယ် ဆိုပါတယ်။ ဒါကြောင့် ဂျင်းနား က မောင်းတော မူဆလင် ကိုယ်စားလှယ် အဖွဲ့ရဲ့ တောင်းဆိုချက် တွေကို ပယ်ချ လိုက်ရာက ရခိုင်ဒေသ မှ မူဆလင်အချို့က မြန်မာအစိုးရ ကို စ တင် လက်နက်စွဲကိုင် တော်လှန်လာခဲ့ကြပါတယ်။

15 August 1947 မှာ လွတ်လပ်ရေး ရပြီး အိန္ဒိယ နဲ့ ပါကစ္စတန် ဆိုပြီး နှစ်နိုင်ငံ အဖြစ်ကွဲသွားပြီးနောက်မှာ အိန္ဒိယ ကတော့ နိုင်ငံရေးမှာ ဘာသာရေး မစွက်တဲ့ Secular နိုင်ငံလို့ ကြေငြာထားတယ်။ ဂျင်းနား ကလည်း သူတို့ ပါကစ္စတန်မှာ colour,caste,creed အသားအရောင် လူမျိုး ဘာသာ မခွဲခြား ၊ ပါကစ္စတန်နိုင်ငံသား အားလုံး တန်းတူဖြစ်ရမယ် လို့ ကြွေးကြော်ရင်း အဆုပ်ရောဂါ နဲ့ ကွယ်လွန်သွားတယ်။ နောက်တက်တဲ့ Liaquat Ali Khan လက်ထက်ကျတော့ Allah ကို နိုင်ငံတော် ရဲ့ အမြင့်ဆုံး အုပ်ချုပ်သူ အဖြစ် သတ်မှတ်တယ်။ နိုင်ငံက ဘာသာမခွဲဘူးဆိုရင် ဒီနိုင်ငံတည်ထောင်တဲ့ ရည်ရွယ်ချက် ကနေ သွေဖယ်သွားမယ်။ Islamic နိုင်ငံ အဖြစ်သာ တည်ထောင်ရမယ် ဖြစ်လာတယ်။ တရားသူကြီးချုပ် Muhammad Munir လိုအပ်လို့ အာဏာသိမ်းတာ တရားမဝင်သော်လည်း တရားဝင်တယ် လို့ ကြေငြာတယ်။ အဲဒီနောက်ပိုင်း အာဏာသိမ်းလိုက်ကြတာ ခဏ ခဏပဲ။

အနောက်ပါကစ္စတန် ကို ဖွဲ့စည်းထားတဲ့ ပြည်နယ်တွေကိုကြည့်ကြ ရအောင်။

၁. Punjab ကို အိန္ဒိယ ပိုင် Punjab နဲ့ ပါကစ္စတန်ပိုင် West Punjab ဆိုပြီး ၂ ပိုင်းခွဲထားတယ်။ အဲဒီ West Punjab က ပန်ဂျာပီ တွေက West Pakistan တခုလုံးရဲ့ သုံးပုံ ၂ ပုံ လူများစု ဖြစ်တော့ သတ်ကြပုတ်ကြပြီ ဆိုရင် သူတို့နဲ့ ကျန်တဲ့ လူတွေနဲ့ ဖြစ်တာ များပါတယ်။ Lahore, Rawalpindi နဲ့ Islamabad မြို့ကြီးတွေက ဒီပြည်နယ်ထဲမှာ ရှိတယ်။

၂. Sindh ပြည်နယ်က အိန္ဒိယမှာ ပထမဆုံး မူဆလင် ဘာသာ ပြောင်းခဲ့တဲ့ ပြည်နယ်ဖြစ်တယ်။ ပထမဆုံး မြို့တော် ဆိပ်ကမ်းမြို့ Karachi က ဒီပြည်နယ်မှာ ရှိတယ်။ Muhajir တွေက ဒီပြည်နယ်ကို ချုပ်ကိုင်ထားတယ်။ Muhajir ဆိုသူတွေက နှစ်နိုင်ငံ အကွဲမှာ West Pakistan ထဲကို ပြောင်းရွှေ့လာတဲ့ အိန္ဒိယ မြောက်ပိုင်းက Urdu အူရဒူ စကားပြောတဲ့ မူဆလင် တွေ ဖြစ်ပါတယ်။ အထုပ်ဆွဲ ဒုက္ခသည် carpetbaggers တွေ အဖြစ်နဲ့ ဝင်လာတာဖြစ်ပေမယ့် ပညာတတ်ပြီး စီးပွားရေးလုပ်တာ ထူးချွန်တော့ Sindh ပြည်နယ်က ထွက်ပြေးသွားတဲ့ ဟိန္ဒူတွေရဲ့ လက်ငုပ်လက်ရင်း တွေကို ဆက်လုပ်ရင်း ကြီးပွားချမ်းသာ ပြီး ထိပ်တန်းရောက် လာကြတယ်။ သူတို့ကိုယ်သူတို့ ကျတော့ အစ္စလမ်ကို ယုံကြည်လွန်းလို့ ပါကစ္စတန် ကို လာပေါင်းတာ ဆိုပြီး Muhamad နဲ့ အတူ မက္ကာက ပြေးလာတဲ့ အုပ်စု Muhajirs ဆိုတဲ့ နံမည် ခံထားတယ်။ သူတို့ပြောတဲ့ Urdu စကား က ပါကစ္စတန် ရဲ့ ရုံးသုံးစကား ဖြစ်လာတယ်။ ကျန်တဲ့ Sunni မူဆလင် တွေက ဒီကောင်တွေ ဟာ သနားလို့ လက်ခံထားရာကနေ လူပါး ဝ လာတယ်၊ လူနည်းစု Shiites တွေလည်း ဖြစ်တော့ သူတို့ကို ခဏ ခဏ ဝင်ရောက် တိုက်ခိုက်တတ်ကြတယ်။

၃. Baluchistan ကတော့ သဘာဝ ဓါတ်ငွေ့ နဲ့ uranium တွေ ထွက်ပေမည့် ဒေသခံ Baluch တွေ က သိပ်ဆင်းရဲကြတယ်။ သူတို့ လူမျိုးရဲ့ ၃% ပဲ ပါကစ္စတန် ထဲမှာ ပါပြီး ကျန်တဲ့ သူတွေက အီရန် နဲ့ အာဖဂန်နစ္စတန် ထဲမှာ ပါနေတယ်။ သူတို့ကလည်း မကျေနပ်ချက် ရှိတော့ ပြသနာရှာကြတာပဲ။

၄. အင်္ဂလိပ်တွေက northwest frontier လို့ သတ်မှတ်ထားတဲ့ Pakhtun တွေ နေတဲ့ ပြည်နယ်ဖြစ်တယ်။ အာဖဂန် နဲ့ ဆက်နေတဲ့ Khyber တောင်ကြားဒေသ ဖြစ်တယ်။

၅. FATA, Federally Administered Tribal Areas လို့ သတ်မှတ်ထားတဲ့ ဒေသမှာတော့ အစိုးရ ဥပဒေ တောင် မရောက်ဘူး။ Sharia law နဲ့ အုပ်ချုပ်ပြီး ပါကစ္စတန်ပြည် တာလီဘန် အဖွဲ့၊ သူနဲ့ ပြိုင်ဘက် အာဖဂန်နစ္စတန် တာလီဘန် အဖွဲ့ ၊ al-Qaeda နဲ့ IS Islamic State အဖွဲ့တို့ ပျော်စံရာ လွတ်မြောက်နယ်မြေ ဖြစ်တယ်။

၆. Kashmir ကတော့ ပါကစ္စတန်ဘက်မှာ Azad ( free Kashmir) က သုံးပုံတပုံ နဲ့ အိန္ဒိယပိုင် Kashmir က သုံးပုံ နှစ်ပုံ ဆိုပြီး ကွဲနေတယ်။ ဒီပြည်နယ် ကို လုရင်း အိန္ဒိယ နဲ့ စစ် သုံးကြိမ်ခွဲ ဖြစ်ထားပြီး အခုထိလည်း တခြိမ်းခြိမ်း ချနေကြတုန်း ဖြစ်ပါတယ်။

၇. Princely states ပဒေသရာဇ် ဘုရင်လေးတွေ ပိုင်တဲ့ တိုင်းပြည်အသေးလေးတွေ ဖြစ်ပါတယ်။

ဒီ ငြိမ်းချမ်းတဲ့ နိုင်ငံမှာ နေထိုင်ကြရင်း ၁၉၅၈ မှာ General “Ayub Khan” က ပထမ ဆုံး စစ်အာဏာ သိမ်းခဲ့တယ်။ သူက ဘာသာရေး မသန်ပဲ စစ်မှာ သန်တယ်။ မြို့တော်ကို Karachi ကနေ စစ်ရုံးချုပ်ရှိတဲ့ Rawalpindi နဲ့ နီးတဲ့ Islamabad ကို ရွှေ့ခဲ့တယ်။ ၁၉၆၅ မှာ အမေရိကန် လက်နက်တပ်ထားတဲ့ ပါကစ္စတန် နဲ့ ဆိုဗီယက် လက်နက်တပ်ပေးထားတဲ့ အိန္ဒိယ တို့ စစ်ဖြစ်ကြတယ်။ သရေကျတယ်။ နောက် ပါကစ္စတန် စီးပွားပျက်လာပြီး မတည်မငြိမ် ဖြစ်လာတဲ့ ၁၉၆၉ မှာ General Yahya Khan က အာဏာ ထပ်သိမ်းတယ်။ အစိုးရအဖွဲ့ထဲမှာ ရုပ်ပြ အရပ်သား အဖြစ် Sindh နယ်က မြေရှင်သူဌေးမျိုး Zulfikar Ali Bhutto ကို ထည့်ထားတယ်။ သူက အရင် စစ်အစိုးရ အဆက်ဆက်မှာ ပါဖူးပြီး ၁၉၆၇ မှာ Pakistan People’s Party ကို တည်ထောင်ထားတယ်။ အစ္စလမ် နဲ့ ဆိုရှယ်လစ် စံနစ်ကို ကျင့်သုံးမယ် ကျွေးကျော်ထားတယ်။ သူ့အားကိုးနဲ့

General Yahya Khan က ၁၉၇၀ မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပလိုက်တာ မှန်းချက်နဲ့ မကိုက်ဘူး ဖြစ်သွားတယ်။ သူတို့ ပါတီက အနောက်ပါကစ္စတန်မှာ ၉၉% နိုင်ပေမယ့် အရှေ့ပါကစ္စတန် Bengal မှာ ဘဲဥ မကွဲဘူး ဖြစ်သွားတယ်။

ဖြစ်ပုံက အင်္ဂလိပ် လက်ထက်မှာ နိုင်ငံရေး အစဉ်အလာကြီးခဲ့တဲ့ Bengal က အခု Pakistan ထဲ ပါလိုက်မှ ဘိတ်ချေးဖြစ်သွားတယ်။ ပါကစ္စတန် ရဲ့ အရပ်ဘက် စစ်ဘက် ခေါင်းဆောင် အားလုံးက West Pakistan က ချည်းပဲ။ အိန္ဒိယ နဲ့ ပါကစ္စတန် ဆိုပြီး ခွဲလိုက်တော့ Bengal ရဲ့ နကိုယ် စီးပွားရေး ဖြစ်တဲ့ စပါး နဲ့ ဂုံလျော် လုပ်ငန်းတွေက ခေါင်းကွဲပြီး ဝင်ငွေ ကျကုန်တယ်။ ဒီကြားထဲ ရသမျှ ဝင်ငွေကို အနောက်ပါကစ္စတန် အတွက်ချည်းပဲ သုံးတယ်။ ပြီးတော့ Bengal က သူတို့ထက် အများကြီး နောက်ကျပြီးမှ မူဆလင် ဘာသာပြောင်းတယ် ၊ ပြောင်းပြီးတော့လဲ နကိုယ် ဘင်္ဂါလီ ယဉ်ကျေးမှု ကို ဆက် ဖက်တွယ်ထားတယ်။ မူဆလင် အညံ့စားတွေ လို့ အနောက် က မြင်ကြတယ်။ ပါကစ္စတန် အမျိုးသားသီချင်းက Urdu နဲ့ ရေးထားလို့ ဘင်္ဂါလီ တွေက တလုံးမှ နားမလည်ဘူး။ ခေါင်းဆောင်ကြီး ဂျင်းနား မသေခင် Bengal ကို March 1948 ကို တခေါက်ပဲ လာဘူးပြီး လာတော့လည်း မင်းတို့တွေ ဘင်္ဂါလီ စကား ကို မပြောကြနဲ့တော့ ၊ Urdu ကို ပြောင်းပြောကြလို့ အင်္ဂလိပ် လို မိန့်ခွန်း ပြောသွားတယ်။ သူတို့ ယဉ်ကျေးမှုကို သိပ်မြတ်နိုး တန်ဖိုးထားတဲ့ ဘင်္ဂါလီ တွေက ဒေါသ ထွက်၊ အရွဲ့တိုက်ပြီး ၁၉၅၀ မှာ Bengali language movement ကို အရှိန်ပြင်းပြင်း စ တင် လာကြတယ်။ သူတို့က အိန္ဒိယ နဲ့ ရင်းနှီး နေတော့ ၁၉၆၅ စစ်ပွဲဟာ အစိုးရ က မလိုပဲနဲ့ တိုက်တာ ၊ ဒီစစ်ကြောင့် တိုင်းပြည် မွဲရတယ် လို့လည်း မြင်ကြတယ်။ အစိုးရကို ဆန့်ကျင် ဟောပြောသူတွေထဲက ကျောင်းသား ခေါင်းဆောင် Sheikh Mujibur Rahman နံမည် ရလာတယ်။ Awami League ပါတီကို သူက ထူထောင်ပြီး အချက် ၆ ချက်ပါတဲ့ အနောက် နဲ့ အရှေ့ပါကစ္စတန်ကို ပိုပြီးတန်းတူညီမျှ မှု ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိတဲ့ federal အစိုးရ ဖွဲ့ဖို့ တောင်းဆိုလာတယ်။ ဒီလို တောင်းဆိုတာကို ခွဲထွက်ရေး သမားတွေ ၊ သစ္စာဖေါက်တွေ လို့ အနောက်က မြင်ကြတယ်။ ဒီကြားထဲ သောက်ကျိူးနဲ ချင်တော့ ရွေးကောက်ပွဲ လုပ်ခါနီး လ ပိုင်း အလိုမှာ မုန်တိုင်း အကြီးကြီး ကျပြီး ဘင်္ဂါလီ တွေ သိန်း နဲ့ ချီပြီး သေ၊ သန်းနဲ့ ချီပြီး ဒုက္ခသည် ဖြစ်ကုန်တယ်။ အဲဒါ အစိုးရ သောက်သုံး မကျလို့ ဆိုပြီး ဒေါသထွက်နေတုန်း ရွေးကောက်ပွဲလုပ်တော့ အရှေ့ပါကစ္စတန် Bengal မဲ အားလုံးကို Awami League က ရသွားတာပဲ။

မဲရှုံးတော့ သိက္ခာရှိပြီး ကတိတည် တဲ့ General Yahya Khan က ၁၉၇၁ မှာ လွှတ်တော်ကို ဖျက်သိမ်းပြီး အရှေ့ပါကစ္စတန်ကို စစ်တပ်နဲ့ ဝင်တိုက်တယ်။ Operation Searchlight ဆိုပြီး ဘင်္ဂါလီ ယဉ်ကျေးမှု နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို မျိုးပြုတ်အောင် ချေမှုန်းခဲ့တယ်။ ဘင်္ဂါလီ ဒုက္ခသည် ၁၀ သန်း ကျော် အိန္ဒိယ နိုင်ငံထဲ ဝင်ပြေးခဲ့ကြရတယ်။ အစိုးရ စစ်တပ်ဘက် ကို ထောက်ခံတဲ့ အစ္စလမ်မစ်ဝါဒီ Razakars ပြည်သူ့စစ်တွေက ဘင်္ဂါလီ နိုင်ငံရေး မျိုးဆက်ပြတ်အောင် ဆိုပြီး ကျောင်းသား တွေကိုသတ် ကျောင်းသူတွေကို မုဒိန်းကျင့်ခဲ့ ကြတယ်။ အိန္ဒိယ က သူတို့ဘက် ပြေးလာတဲ့ ဘင်္ဂါလီ တွေကို လက်နက်တပ်ပေးလိုက်တဲ့ Mukti Bahini ဘင်္ဂါလီ လွတ်မြောက်ရေး တပ်တွေက ပါကစ္စတန် အစိုးရ တပ်တွေကို ပြောက်ကျားပြန်တိုက် ကြတယ်။ နောက်ဆုံးမှာ အိန္ဒိယ စစ်တပ်က East Pakistan ထဲအထိ ဝင်တိုက်တော့မှပဲ ပါကစ္စတန် အစိုးရတပ် ၁ သိန်းကျော် လက်နက်ချ အဖမ်းခံလိုက် ရတယ်။ အဲဒီကနေ စပြီး East Pakistan ကနေ Bengladesh လို့ နံမည်ပြောင်းပြီး လွတ်လပ်တဲ့ နိုင်ငံသစ် တခု အဖြစ် ထူထောင်လိုက်ကြတယ်။ ဒီစစ်ပွဲမှာ စုစုပေါင်း လူ ၃ သိန်း သေတယ် လို့ ပါကစ္စတန် အစိုးရ က ပြောကြားခဲ့ပြီး ဘင်္ဂါလီတွေက တော့ တကယ်သေတာ ၃ သန်း လောက်ရှိတယ် လို့ ပြောကြတယ်။

အစ္စလမ်မစ်နိုင်ငံ ထူထောင်ချင်တဲ့ ရခိုင်ပြည် မြောက်ပိုင်း နဲ့ စစ်တကောင်း က ဘင်္ဂါလီ မူဆလင်တွေဟာ ဒီတိုက်ပွဲမှာ ပါကစ္စတန် စစ်တပ် ဘက်က ဝင်တိုက်ခဲ့ကြတယ်။ စစ်ရှုံးတော့ မြန်မာပြည်ဘက်ကို ပြေးဝင်လာကြတယ်။ အခု ရိုဟင်ဂျာ အများစု ဟာ အဲဒီ ၁၉၇၁ စစ်ပွဲက ပြေးလာကြသူတွေလို့ ဒေသခံ ရခိုင်တွေက ဆိုကြတယ်။ သူတို့ကို Bengladesh က အဲဒါကြောင့် ပြန်လက်မခံ တာလို့ ပြောကြတယ်။

၁၉၇၁ မှာ အိန္ဒိယ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ် ဆိုပြီး သုံးနိုင်ငံ ကွဲသွားခဲ့တယ်။ အခု သုံးနိုင်ငံ ပေါင်းကို South Asia လို့ ခေါ်ကြတယ်။

အဲဒီနောက်ပိုင်း ပါကစ္စတန်မှာ ၁၉၅၅ ကနေ ၇၁ အထိ တည်မြဲခဲ့တဲ့ စစ်အုပ်ချုုပ်ရေး နိဂုံးချုပ်သွားတယ်။ Bhutto က ဖွဲ့စည်းပုံ အသစ်ရေးပြီး ဝန်ကြီးချုပ် ဖြစ်လာတယ်။ ဘင်္ဂလား ခွဲထွက်တာကို အားကျပြီး ခွဲထွက်ဖို့ ကြိုးစားလာတဲ့ Baluch, Sindhi, Pakhtun နဲ့ Muhajir အမျိုးသားရေးသမား တွေကို နှိပ်ကွပ်ခဲ့တယ်။ Federal Security Force ဆိုတဲ့ ခါးပိုက်ဆောင် တပ်ကို ဖွဲ့တယ်။ ဆိုရှယ်လစ် စံနစ် ဖေါ်ဆောင်တယ်ဆိုပြီး ပြည်သူပိုင်သိမ်းတဲ့ အထဲမှာ Punjab က Nawaz Sharif ရဲ့ သံမဏိစက်ရုံတွေလည်း ပါသွားတယ်။ ဆိုရှယ်လစ် ဆိုလို့ အဟုတ်မှတ်ပြီး ထကြွလာတဲ့ အလုပ်သမား သမဂ္ဂတွေကို နှိမ်နင်းခဲ့တယ်။ ဘာသာရေးမှာ Ahmadiyya sect ဂိုဏ်းကို မူဆလင် မဟုတ်ဘူးလို့ ကြေငြာပေးတယ်။ ၁၉၇၄ မှာ Islamic Summit ကျင်းပ ပေးတယ်။ မော် ဦးဆောင်တဲ့ တရုတ်ပြည်နဲ့ မဟာမိတ် ဖွဲ့တယ်။ ငတ်ရင် မြက်သာ စားမယ်၊ Nuclear လက်နက်ကိုတော့ မရ ရအောင် လုပ်မယ် ဆိုပြီး လုပ်တယ်။ ရတော့ Iran, Libya နဲ့ North Korea ကို နည်းပညာ ရောင်းစားခဲ့တယ်။

၁၉၇၇ မှာ ရွေးကောက်ပွဲ နိုင်ပေမယ့် မတရားနိုင်အောင်လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ General Zia ul-Haq က အာဏာသိမ်းလိုက်ပြီး Bhutto ကို ကြိုးပေးလိုက်တယ်။

၁၉၇၉ မှာ အာဖဂန်မှာ သူတို့နဲ့ မတည့်တဲ့ ကွန်မြူနစ်ဂိုဏ်း က အာဏာရလို့ Soviet က ဝင်တိုက်တယ်။ Zia က Pakhtun Afghans တွေကို စုပြီး mujahidin ဆိုတဲ့ နံမည်နဲ့ အဖွဲ့ဖွဲ့ပေးပြီး Reagan ပေးတဲ့ လက်နက်တွေတပ်ပြီး Soviet တပ်တွေကို တိုက်ထုတ်ခဲ့တယ်။ စစ်ပြီးတာနဲ့ US က ပြန်ထွက်သွားတော့ Zia တယောက်တည်း စစ်ကပေးတဲ့ ဒုက္ခတွေနဲ့ ကျန်ခဲ့တယ်။ Zia က Bhutto ထက် ပိုပြီး Islamic ဖြစ်တယ်။ Federal Shariat Court ကို တည်ထောင်ခဲ့တယ်။ မူဆလင် ယောကျာၤးတယောက် ပြောတဲ့စကား က မူဆလင် မိန်းမ ၊ မူဆလင် မဟုတ်တဲ့သူ ပြောတဲ့ စကားထက် ပိုမှန်တယ်လို့ ယူတဲ့ Hudood Ordinances ကို ပြဌာန်းခဲ့တယ်။ Islamic Banking ကို တည်ထောင်ခဲ့တယ်။ ရုပ်ရှင် TV စင်တင် တွေမှာ မိန်းမတွေ မပါရဘူး ဆိုပြီး ပိတ်တယ်။ ကိုရန် စာအုပ်ကို ဖျက်ဆီးရင် ၊ ဘာသာရေးကို စော်ကားပြောဆိုရင် ဖမ်းလို့ ရတဲ့ ဥပဒေ ပြဌာန်းတယ်။ Inter-Services Intelligence စစ်ထောက်လှမ်းရေး ကို တည်ထောင်ခဲ့တယ်။

Zia ရဲ့ အတိုက်အခံတွေထဲမှာ အထင်ရှားဆုံးကတော့ Zulfikar Ali Bhutto ရဲ့အကြီးဆုံး သမီး Benazir Bhutto ဖြစ်တယ်။ သူမကို ဆေးကုဖို့ဆိုပြီး Zia က ၁၉၈၄ မှာ ပြည်နှင်ခဲ့တယ်။ ပြည်ပ မှာ သူမ က အတိုက်အခံအဖွဲ့တွေပေါင်းပြီး Movement for the Restoration of Democracy ကို တည်ထောင်တယ်။ ၁၉၈၆ မှာ ပါကစ္စတန်ကို ပြန်လာတယ်။ ၁၉၈၈ မှာ Zia နဲ့ ဗိုလ်ချုပ်ကြီးတွေ ပါတဲ့ စစ်လေယဉ် ဘာမှန်းမသိတဲ့ အကြောင်းတခုကြောင့် ပျက်ကျသွားလို့ Benazir ဝန်ကြီးချပ်ဖြစ်လာတယ်။ ၁၉၉၀ မှာ သမ္မတ Ghulam Ishaq Khan က ဖွဲစည်းပုံ အဋ္ဌမ ပြင်ဆင်ချက် သုံးပြီး သူမ ကို ဖြုတ်ချလိုက်တယ်။ Bhutto မိသားစု၏ အဓိက ပြိုင်ဘက် Nawaz Sharif ရဲ့ Pakistan Muslim League ပါတီ နိုင်ပြီး ညွန့်ပေါင်း အစိုးရဖွဲ့တယ်။ သူ့ကို သမ္မတ က ဖွဲစည်းပုံ အဋ္ဌမ ပြင်ဆင်ချက် သုံးပြီး ဖြုတ်ချ ပြန်တယ်။ ၁၉၉၃ Benazir ပြန်တက်တယ်၊ သမ္မတ က ထပ်ဖြုတ်ချတယ်။ ၁၉၉၇ မှာ Nawaz Sharif ပြန်တက်တယ်၊ Benazir ပြည်ပြေးထပ်ဖြစ်တယ်။ ဒီတခါတော့ Nawaz Sharif က လယ်သွားပြီ ၊ ဖွဲ့စည်းပုံ ကို လက်ဦးအောင် ပြင်လိုက်တယ်။ ၁၉၉၈ မှာ အိန္ဒိယ နဲ့ ပါကစ္စတန် Nuclear ဗုံးတွေ အပြိုင် စမ်းကြတယ်။ အိန္ဒိယ ထက် အမြဲ တလုံး ပိုဖေါက် မယ်လို့ ကြွေးကြော်တယ်။ ၁၉၉၉ မှာ အိန္ဒိယ နဲ့ (မကြေငြာတဲ့) စစ်တခြမ်း ဖြစ်တယ်။

စစ်ရှုံးလို့ Nawaz Sharif ကို General Pervez Musharraf က ဝေဘန် တယ်။ သူ့ကို ဝေဘန်တဲ့ ဗိုလ်ချုပ်ကြီး ပါတဲ့ လေယဉ်ကို Nawaz Sharif က ညစ်ပြီး ဆင်းခွင့် မပေးဘူး။ ဒီတော့ Musharraf ရဲ့ တပည့်တွေက အာဏာသိမ်းပြီး နောက်တော့ Nawaz Sharif ကို ( လေယဉ်ဆင်းခွင့် မပေးလို့ ) လူသတ်မှု နဲ့ စွဲပြီး ပြည်နှင်ဒဏ် ပေးလိုက်တယ်။ ၁၉၉၉ အာဏာသိမ်း ဗိုလ်ချုပ်ကြီး Pervez Musharraf က Pakistan Muslim League (Q) ပါတီ ကို တည်ထောင်တယ်။ နောက် 9/11 အပြီး ၂၀၀၁ US က အာဖဂန် Taliban အစိုးရ ကို ဝင်တိုက်ရာမှာ Musharraf က US ဘက်က ဝင်ကူခဲ့တယ်။ ၂၀၀၇ မှာ Musharraf က ဖွဲ့စည်းပုံဥပေဒ ကို ရပ်ဆိုင်းပြီး အရေးပေါ်အခြေအနေ ကြေငြာတယ်။ အရဲစွန့်ပြီး ပြန်လာတဲ့ Benazir တယောက် December 2007 မှာ လုပ်ကြံခံရပြီး သေသွားတော့ Musharraf ကို ဝိုင်းဖြုတ်ချ တယ်။ Benazir ရဲ့ ယောင်္ကျား Asif Ali Zardari ရွေးကောက်ပွဲ နိုင်တယ်။ ဒါပေမယ့် ဘာမှ မလုပ်တတ်လို့ နှစ်ပြည့်တဲ့ ၂၀၀၃ မှာ ပြည်နှင်ဒဏ်က ပြန်လာတဲ့ Nawaz Sharif ကို ပြန်လွှဲလိုက်တယ်။

သုံး၊နိုင်ငံ ကွဲအပြီး Bengladesh ကို ဆက်ကြည့်ရအောင်။

ဘင်္ဂလားမှာ မူဆလင် အများစု ဆိုပေမယ့် အားလုံးက Bengali မဟုတ်ဘူး ၊ Biharis ခေါ်တဲ့ ဟိန္ဒူစကားပြော မူဆလင်တွေ လည်းရှိတယ်။ Islamist ဝါဒီ တွေကလည်း ၁၉၇၁ တုံးက Pakistan ဘက်က နေခဲ့လို့ နံမည်ပျက် နဲ့ ဖြစ်နေတယ်။ ခရစ်ယန် ကိုးကွယ်တဲ့ Adivasis တွေ ကလည်း ရှိတယ်။ သူတို့ရဲ့ အမျိုးသားသီချင်း ကိုတောင် Bengali Hindu လူမျိုး Rabindranath Tagore က ရေးပေးထားတာဖြစ်တယ် ( အိန္ဒိယ အမျိုးသားသီချင်း ကိုလည်း သူပဲ ရေးပေး ထားတာပါ )။ ဒီလို နောက်ကြောင်းတွေကြောင့် အိန္ဒိယ နဲ့ နီးစပ်တဲ့ ဘင်္ဂါလီ နိုင်ငံ ပိုဖြစ်ချင်လား၊ တခြား မူဆလင် တွေနဲ့ ပိုနီးစပ်မည့် Islamic နိုင်ငံ ဖြစ်ချင်သလား အမြဲ လွန်ဆွဲနေတယ်။

Mujibur Rahman လက်ထက်မှာ လူမှုစီးပွားရေး စံနစ်ကို ပြောင်းပြစ်မယ် ၊ စက်ရုံတွေ လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပြီး ပြည်သူ့ဝန်ထမ်း လုပ်ငန်းတွေ တိုးချဲ့မယ် ၊ ဆင်းရဲ ချမ်းသာ ကွာခြားမှုကို လျော့ချမည် လို့ ကတိ တွေ ပေးထားတယ်။ လက်တွေ့မှာ ဒီမိုကရေစီ ပိုကျတဲ့ အင်္ဂလိပ် ပါလီမန် စံနစ် နဲ့ ထက်မြက်တဲ့ သမ္မတ စံနစ် နှစ်ခု ရွေးရခက်နေတယ်။ ၁၉၇၃-၇၄ မှာ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ပြီး လူသောင်းနဲ့ချီသေတော့ အရေးပေါ် အခြေအနေ ကြေငြာပြီး ဖွဲ့စည်းပုံပါပြင်ပြီး တပါတီ စံနစ် ပါ တခါတည်း ပြောင်းလိုက်တယ်။ အတိုက်အခံတွေကို ပြည်သူ့စစ် တွေ သုံးပြီး ဖိနှိပ်ခဲ့တယ်။

နောက်ပိုင်းမှာ အမြဲတမ်း စစ်တပ် နဲ့ Mukti Bahini တော်လှန်ရေးတပ်သား တွေကြား အာဏာလုတာ တွေ ဖြစ်လာတယ်။ ရာနဲ့ချီတဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် အောင်မြင်တာ နည်းပါတယ်။ ၁၉၇၅ ပထမဆုံး အောင်မြင်တဲ့ အာဏာသိမ်းမှုမှာ စစ်ဗိုလ်အချို့က Mujibur Rahman နဲ့ မိသားစု ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ကျန်ခဲ့တဲ့ သမီး Begum Sheikh Hasina က Awami League ကို ဆက်လက်ဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် သုံးကြိမ် အရွေးခံခဲ့ ရတယ်။ သူတို့က ဘင်္ဂါလီ ဆန်မှုကို အသားပေးလို့ အိန္ဒိယ အစိုးရ နဲ့ အတော်တည့်တယ်။ ၁၉၇၇ မှာ နေရာရလာတဲ့ General Ziaur Rahman ကတော့ Mujibur Rahman ရဲ့ နိုင်ငံရေးမှာ ဘာသာရေးမစွက်တဲ့ Secular Socialism ကို မကြိုက်ပဲ ဈေးကွက် စီးပွားရေး စံနစ် နဲ့ အစ္စလမ် ကို အလေးပေးတယ်။ Bangladesh Nationalist Party (BNP) ပါတီ ကို တည်ထောင်ခဲ့တယ်။ ၁၉၈၁ မှာ သူလုပ်ကြံခံရပြီး ကျန်ရစ်သူ မုဆိုးမ Begum Khaleda Zia က သူ့နေရာကို ဆက်ခံတယ် ၊ ဝန်ကြီးချုပ် ၂ ကြိမ် အရွေးခံရတယ်။ သူတို့ပါတီက အစ္စလမ် ကို ဦးစားပေးတယ်၊ Islamist ပါတီ တွေနဲ့ ပြောင် ပူးပေါင်းတယ်။ သူတို့ကို အိန္ဒိယ က မကြိုက်ဘူး။

General Hussain Muhammad Ershad ကတော့ ၁၉၈၂ မှာ တခါ အာဏာသိမ်းဘူးတယ်။ Jatiya Party ကို တည်ထောင်ခဲ့တယ်။ သူ့ပါတီ နဲ့ စစ်တကောင်း က Jama’at-i Islami ဆိုတဲ့ Islamist ပါတီ က အမျိုးသမီး နှစ်ယောက်ရဲ့ ပါတီကြီးတွေလောက်တော့ မကြီးဘူး။ ရွေးကောက်ပွဲ တွေမှာ နိုင်တဲ့သူက သီးသန့် သို့မဟုတ် ညွန့်ပေါင်း အစိုးရဖွဲ့တယ် ၊ ဒါကို အတိုက်အခံ ပါတီက သွေးထိုးချုပ်ကိုင် တဲ့ လူထု ဆန္ဒပြပွဲတွေ အားကောင်း လာရင် ပြန်ဆင်းပေး လိုက်နဲ့ လုံးချာလည် လိုက်နေတယ်။ ရွေးကောက်ပွဲတွေမှာလည်း သေပြီးသား လူတွေ နံမည်နဲ့ မဲပေးတာတို့ ဘာတို့ ရှုပ်ယှက်ခတ်နေတယ်။ Hasina က ၂၀၀၈ ရွေးကောက်ပွဲမှာလည်း နိုင်တယ်၊ ၂၀၁၄ ရွေးကောက်ပွဲ ပျက်အောင် BNP က သပိတ်မှောက်လိုက်တာ ပွဲမပျက်ပဲ Hasina ပဲ နိုင်ထားတယ်။ သူမက Islamlist ဝါဒီ တွေကို ချေမှုန်းဖို့ အမြဲ ကြိုးစားနေပြီး ၂၀၀၈ မှာ အရင် ၁၉၇၁ က ကိစ္စတွေပြန်ဖေါ်ပြီး Islamlist ဝါဒီ အချို့ကို စီရင်ခဲ့တယ်။ အချို့ကတော့ ဒါဟာ အတိုက်အခံ BNP နဲ့ Jama’at-i Islami တွေကို target ထားပြီး လုပ်တာလို့ ပြောကြတယ်။

နိုင်ငံအနေနဲ့ တော့ Bengladesh ဟာ Iowa ပြည်နယ်လောက် ကျယ်ပြီး အမေရိကန် လူဦးရေ ရဲ့ တဝက် ရှိတယ်။ US တနိုင်ငံလုံးက လူတဝက် ကို Iowa ပြည်နယ် ထဲ စုထည့်လိုက်ရင် Bengladesh ကို ရမယ်။ နိုင်ငံရဲ့ အဓိက က ဆင်းရဲမွဲတေ မှု ဖြစ်တယ်။ သူတို့ သမိုင်းမှာ ကပ်ပေါင်းစုံ ဆိုက်ဘူးတယ်။ ၁၉၄၃ မှာ မြန်မာပြည်ဘက်က ထိုးစစ်ဆင်လာတဲ့ ဂျပန်တွေကို ရင်ဆိုင်ဖို့ အင်္ဂလိပ်တွေက အငတ်ဘေး ဆိုက်နေတဲ့ ဘင်္ဂလားက ဆန်တွေ နဲ့ လှေ တွေကို အင်္ဂလိပ်စစ်တပ် သုံးဖို့ သိမ်းသွားတယ်။ အဲဒီမှာ စိုက်ပျိုးရေး ပျက်ပြီး အငတ်ဘေးကြောင့် လူ ၃ သန်း လောက် သေဆုံးခဲ့ရတယ်။ အင်္ဂလိပ် တွေ ကျူးလွန်ခဲ့တဲ့ genocide လို့ ခေါ်ကြတယ်။ ( ဒါကို Churchill က တာဝန်မယူပဲ သူတို့ဘာသာ ယုန်တွေလို သားပေါက်လွန်းလို့ သေတာ၊ သူ့တို့ အပြစ်လို့ ခံရသူ ကို ပြန်အပြစ်တင်ခဲ့တယ် )။ မုတ်သုန်မိုး ကလည်း ပုံမှန် မှာ နိုင်ငံရဲ့ သုံးပုံ တပုံ လောက် ရေကြီးတတ်တယ် ၊ ၁၉၉၈ မှာ တနိုင်ငံလုံးရဲ့ ၆၀% လောက် ရေအောက်ရောက်သွားဘူးတယ်။ နှစ်စဉ် တိုက်တတ်တဲ့ မုန်တိုင်း ကြောင့်တွေလည်း အကြီးအကျယ် သေကျေ ပျက်စီး ရတာ ရှိတယ်။ အခု ရာသီဥတု တွေ ပြောင်းလာတော့ မိုးရေချိန်၊ မုန်တိုင်း နဲ့ ပင်လယ်ရေမျက်နှာပြင် က မြင့်တက်လာမှု တွေ ပိုဆိုးရွားလာမယ် လို့ ခန့်မှန်းထားတယ်။ နောက် ၁၀ နှစ် အတွင်းမှာ ပင်လယ်ရေမျက်နှာပြင် က မြင့်တက်လာမှု တခုတည်းကြောင့် နိုင်ငံရဲ့ ၆ ပုံ တပုံမှာ ရေကြီးပြီး လူသန်းပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းထားကြတယ်။ သူတို့က နိုင်ငံခြား ကို ရိုးရိုးမထွက်ပဲ ရိုဟင်ဂျာ နံမည် သုံးပြီးထွက်ရင် မြန်မာပြည်ကို ထိခိုက် လာပါဦးမယ်။ ဒါပေမယ့် ဘင်္ဂါလီ လူမျိုးတွေဟာ ဒုက္ခပေါင်း များစွာကို ကျော်ဖြတ် ရှင်သန်လာနိုင်ခဲ့တဲ့ ဒူပေနာပေ ခံနိုင်ရည် ရှိပြီးသား လူသားတွေ ဖြစ်ကြလို့ သိပ်တော့ မစိုးရလောက်ပါဘူး။

အထက်က အကြောင်းအရာတွေက အတိတ်က ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို နားလည်နိုင်ဖို့ အထောက်အထား တွေနဲ့ ဆက်စပ်တင်ပြထားတဲ့ သမိုင်းပဲ ဖြစ်တယ်။

A History of India by Michael H. Fisher, Ph.D.

~ Myo Than



The Mog Nation Wiki
Kyaw Zaw Oo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s