(The Mog Nation Wiki, an archive)
ကုလ လုံခြုံရေးကောင်စီကို ပြုပြင်ရန် အမေရိကန်အဆိုပြု….
လက်ရှိ ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတ ဂျိုး ဘိုင်ဒင်က လူပြောများနေသည့် ကုလ လုံခြုံရေးကောင်စီ ကို ပြုပြင်ဖွဲ့စည်းရန် ထည့်သွင်းပြောကြားသွားသည်။
အမေရိကန်တို့၏ဦးဆောင်သည့် လုံခြုံရေးကောင်စီကို ပြုပြင်ရေး အဆိုတွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအရေအတွက်ကို တိုးချဲ့သွားရန် ၊ ဗီတိုအာဏာသုံးစွဲမှုအကြိမ်ရေကို ကန့်သတ်ရန်၊ လိုအပ်လာပါက ဗီတိုအာဏာ ကို ကျော်လွှားဆုံးဖြတ်နိုင် သည့် စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် စသည်တို့ပါဝင်သည်။
++ ပိုမို ကြီးမားလာမည့် လုံခြုံရေးကောင်စီ
အမေရိကန်တို့သည် အိန္ဒိယ နှင့် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအချို့ကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအဖြစ်ထောက်ခံချက်ပေးသွားရန် ဆန္ဒရှိနေသည်ဟု ဆိုသည်။
လုံခြုံရေးကောင်စီအတွင်း အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများကို ဒေသကြီးများအလိုက် ချဲ့ထွင် ခန့်အပ်ပေးသွားရန် အမေရိကန်က ထောက်ခံနေသည်။ ဥပမာအားဖြင့် အမေရိကန်တို့သည် လက်တင်အမေရိက၊ ကယ်ရစ်ဘီယန်ပင်လယ်ရပ်ဝန်းနှင့် အာဖရိက တိုက် ဒေသကြီးများမှနိုင်ငံများအား လုံခြုံရေးကောင်စီအမြဲတန်းအဖွဲ့ဝင်များအဖြစ် ပါဝင်လာစေရန် လိုလားနေသည်။ အခြားဒေသကြီးများဖြစ်သည့် အာရှ၊ အိုရှင်းနီးယား (ပစိဖိတ်သမုဒ္ဒရာရပ်ဝန်းအတွင်းရှိနိုင်ငံများ) စသည်တို့ကို ကိုယ်စားပြုနိုင်ငံများအား လုံခြုံရေးကောင်စီတိုးချဲ့ရာတွင် ပါဝင်လာစေဖို့ ဆက်လက် ဆွေးနွေးသွားကြရန် အမေရိကန်က တိုက်တွန်းဆော်သြသွားမည်လားဆိုသည်ကို တော့ စောင့်ကြည့်ကြရမည်ဖြစ်သည်။
.
.
++ ပွဲဆူသည့်/ ပွဲဆူဦးမည့် ဗီတိုအာဏာ
လုံခြုံရေးကောင်စီတွင် ပွဲအဆူဆုံးမှာ ဗီတိုအာဏာဖြစ်သည်။ လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ အဖွဲ့တွင် သြဇာတိက္ကမ အကြီးမားဆုံး နေရာဌာနဖြစ်ပြီး အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်နိုင်ငံများက မဖြစ်မနေ လိုက်နာရန် သြဇာအာဏာ သုံးနိုင်သည့် တခုတည်းသော နေရာလည်းဖြစ်သည်။
သို့ရာတွင် အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံ —အမေရိကန်ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြင်သစ် သမ္မတ နိုင်ငံနှင့် ယူနိုက်တက်ကင်းဒမ်း ( ဗြိတိန်) — တို့ က ၎င်းတို့ အကျိုးစီးပွားနှင့် မကိုက်ညီသည့် ဆုံးဖြတ် ချက်မှန်သမျှကို ဗီတို အာဏာသုံး၍ တချက်လွှတ် ပယ်ချနိုင်ခွင့် ရှိနေသည်။
လတ်တလော ကမ္ဘာ့ဖြစ်ရပ်များကို ထောက်ရှုပြီး ဗီတိုအာဏာသုံးစွဲခြင်းကို ဝေဘန်ထောက်ပြမှုများ အလွန်တိုးတက်များ ပြားလာနေသည်။ ဗီတိုအာဏာသုံးစွဲခွင့်ကို ကန့်သတ်ခြင်းမှသည် ဗီတိုအာဏာကို မည်သည့်အချက်များနှင့် ကိုက်ညီမှ သုံးစွဲခွင့်ရှိရမည်၊ ထို့အပြင် ဗီတိုအာဏာသုံးစွဲသည့် အကြိမ်ရေကို သတ်မှတ်ကန့်သတ်ခြင်း စသည်တို့အား နိုင်ငံအားလုံး အကျေအလည်ဆွေးနွေးကြရမည်ဖြစ်သည်ဟု ဝေဘန်ထောက်ပြမှုများ ရှိနေသည်။ အခြားအဆိုပြုချက်များတွင်သက်ဆိုင်ရာနိုင်ငံ၏အမျိုးသားလုံခြုံရေး National Security ကို တိုက်ရိုက်ထိပါးသည့် ကိစ္စရပ်များတွင်သာ ဗီတို အာဏာ သုံးစွဲရေး၊ ဗီတို အသုံးမပြုခင် အခြားနိုင်ငံများ
နှင့် အကြေအလည် ညှိနှိုင်းရေး၊ ဗီတိုသုံးစွဲခွင့်ကို လုံးဝ ပယ်ဖျက်ရေး၊ ကုလ ပဋိဥာဥ် ပါ အပိုဒ် ၁၀၆ အရ အဖွဲ့ဝင်နိုင်ငံများက လိုအပ်သလို ညှိနှိုင်းပြီး စစ်ရေးအပါအဝင် နည်းလမ်းများဖြင့် အတူပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ ပါဝင်နေကြသည်။
မှတ်တမ်းများအရ ကုလသမဂ္ဂ စတင်ဖွဲ့စည်းသည့် ၁၉၄၅ ခုနှစ်မှ သည် ယခု ၂၀၂၂ ခုနှစ် အထိ ဗီတိုအာဏာ အသုံးအပြုဆုံးနိုင်ငံသည် ရုရှားဖက်ဒရေးရှင်း ( ယခင်က ဆိုဗီယက်ပြည်ထောင်စု) ဖြစ်ပြီးစုစုပေါင်း ၁၄၃ကြိမ် အသုံးပြုခဲ့ကာ အမေရိကန်က ၈၆ ကြိမ်၊ ယူကေက ၃၀ ကြိမ်၊ တရုတ် နိုင်ငံက ၁၈ ကြိမ်၊ ပြင်သစ်က ၁၈ ကြိမ်အသီးသီး အသုံးပြုခဲ့ကြပြီးဖြစ်သည်ဟု ဆိုသည်။
.
.
ဗီတိုအာဏာကို ကျော်လွှားနိုင်သည့် နည်းလမ်းရှိပါသည်။ ၎င်းနည်းလမ်းမှာ အထွေထွေညီလာခံတွင် Uniting for Peace ငြိမ်းချမ်းရေးအတွက် ညီညွတ်ကြခြင်း ဟူသည့် ၁၉၅၀ ပြည့်နှစ်က ချမှတ်ခဲ့သည့် ဆုံးဖြတ်သတ်မှတ်ချက် ( A / RES/ 377/ A ) ဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်အသက်ဝင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံစုစုပေါင်း၏ သုံးပုံ နှစ်ပုံ က ထောက်ခံရန်လိုအပ်သည်။ယခုအချိန်အထိ ဤနည်းလမ်းကို ၁၁ ကြိမ်မျှ အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ နိုင်ငံ/ ဒေသ တခု ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကုလသမဂ္ဂက ဤဆုံးဖြတ်ချက်ကို ချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံများကိုအကူအညီတောင်းခံနိုင်ခြင်းဖြစ်သည်။ ဤဆုံးဖြတ်ချက် အတွက် လိုအပ်ပါက အရေးပေါ်အထွေထွေ ညီလာခံ ခေါ်ယူနိုင်သည်။
သို့သော်….လက်တွေ့တွင် ဤ ဆုံးဖြတ်ချက် ရဖို့အတွက် နိုင်ငံရေးအပေးအယူ၊ အကျိုးစီးပွားအရ လိုက်လျောမှုများ အများအပြားလုပ်ရတာဖြစ်သည်။ ထို့အပြင် စူပါပါဝါနိုင်ငံများ၏ ဂရုဏာသက် စာနာမှုကို ရရှိရန်လိုသည့်အပြင်၊ အခြားကမ္ဘာ့နိုင်ငံအများကြားဝယ် ထောက်ခံမှုရရှိရန် အထူးလိုအပ်သည်။ ဖော်ပြပါအချက် ၂ ချက်သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်ကြပါသည်။ နိုင်ငံတကာ ဆက်ဆံရေးဟူသည် မူများ၊ စံနှုန်းများ စသည်ဖြင့် လူကြားကောင်းအောင်ပြောဆိုနေကြသော်လည်း အကျိုးစီးပွားအလဲအလှယ်၊ တနည်း ဆန်ပေးမှ ဆေး ရသည့် စနစ်ကြီးသာဖြစ်နေဆဲဖြစ်သည်။
Uniting for Peace ဆုံးဖြတ်ချက်၏အထင်ရှားဆုံးဖြစ်ရပ်မှာ ၁၉၅၀ ကိုရီးယားစစ်ပွဲ ( ကွန်မြူနစ်တို့ နယ်ချဲ့လာခြင်းဟု အမေရိကန်က ရှုမြင်) နှင့် ၁၉၅၆ ဆူးအက်ဇ်စစ်ပွဲ ( ဗြိတိန်၊ ပြင်သစ်နှင့် အစ္စရေးတို့က အီဂျစ်အား ဆူးအက်တူးမြောင်းကိုပြည်သူပိုင်သိမ်းပြီး လက်ဝါးကြီးအုပ်သည်ဟုဆိုကာ ဝင်ရောက်တိုက်ခိုက်ကြသည်တွင် အီဂျစ်၏မဟာမိတ် ဆိုဗီယက် က အနုမြူလက်နက်များ လိုအပ်သလို သုံးစွဲနိုင်သည်ဟု ရာဇသံပေးသဖြင့် အနုမြူစစ်ပွဲဖြစ်မည်ကို စိုးရိမ်သည့် အမေရိကန်က ကျုးကျော်သူ ၃ နိုင်ငံအား အင်အားသုံး၍ ဝင်ရောက်ဖိအားပေးကာ တပ်များဆုတ်ခွာစေခြင်း ) စသည်တို့ဖြစ်သည်။ စူပါပါဝါ နိုင်ငံကြီးများ၏ကိုယ်ကျိုးစီးပွား/ အမျိုးသားလုံခြုံရေး ဦးစားပေးမှုကို တွေ့နိုင်ပါသည်။
.
.
++ ၂၁ရာစုနှင့် ကုလသမဂ္ဂ
ကုလသမဂ္ဂအဖွဲ့ကြီးကို အမေရိကန်ပြည်ထောင်စု၏ ကမ ကထဖြင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် နိုင်ငံ ၅၁ နိုင်ငံဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ကုလသမဂ္ဂ အဖွဲ့ ဖွဲ့စည်းရာတွင် နိုင်ငံရေးအရ အပေးအယူလိုက်လျောမှုများ အများအပြားပြုလုပ်ခဲ့ရသည်။ ထိုစဥ်ကာလက ကွန်မြူနစ်စနစ်ကျင့်သုံးသည့် ဆိုဗီယက် ပြည်ထောင်စု ကြီး ကုလသမဂ္ဂတွင် ပါဝင်လာစေရန် ၎င်း၏ ပြည်နယ် ၂ ခု — ယူကရိန်းနှင့် ဘဲလိုရပ်ရှား (ယခု ဘဲလားရုစ်) — ကိုပါ မဲပေးခွင့်ပါခွင့်ပြုပြီး အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုခဲ့ရသည်။ ထို့ကြောင့် ဆိုဗီယက် တို့သည် ကုလ တွင် မဲ ၃ မဲ ပေးခွင့်ရသည့် တခုတည်းသော ကံထူးသူနိုင်ငံဖြစ်ခဲ့သည်။
(မှတ်ချက်။ ။ ယခုအခါ ဖော်ပြပါ ဆိုဗီယက် ပြည်နယ်ဟောင်း ၂ ခုသည် သီးခြားလွတ်လပ်သော နိုင်ငံများ ဖြစ်နေကြပြီဖြစ်ပါသည်။)
ကုလ စတင် ဖွဲ့စည်းစဥ်က ဦးဆောင်နိုင်ငံဖြစ်ခဲ့သည့် တရုတ်နိုင်ငံ၏နေရာတွင် မူလက တိုင်ဝမ်အခြေစိုက် တရုတ်အမျိုး သားအစိုးရက ကိုယ်စားပြုခဲ့သော်လည်း ၁၉၇၁ ခုနှစ်တွင် ထိုစဥ်က အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၏ဆော်သြချက်နှင့် နိုင်ငံတကာဆက်ဆံရေးလိုအပ်ချက်များအရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအား တရုတ်နိုင်ငံနေရာတွင် ကိုယ်စားပြုကြောင်း သတ်မှတ်ပေးခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံနှင့် လေ့လာစောင့်ကြည့်သူအဆင့်ရ နိုင်ငံ ၂ နိုင်ငံ — ပါလက်စတိုင်းနှင့် ဗာတီကန် — ရှိနေပြီဖြစ်သည်။ သီးခြားနေလေ့ရှိ
သည့် မြောက်ကိုရီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံနှင့်အတူ ကုလ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
ကုလသမဂ္ဂ၏ အဓိက ဌာနကြီး များမှာ ဆောင်ရွက်သည်မှာ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ အစောင့်ရှောက်ခံနယ်မြေများကောင်စီ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး စသည်တို့ဖြစ်သည်။
ကုလသမဂ္ဂ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့တော်တွင်တည်ရှိသည်။ ထို့အပြင် ဂျီနီဗာ မြို့တော် ( ဆွစ်ဇာလန်/ ဥရောပ)၊ ဗီယင်နာ ( သြစတီးရီးယား/ ဥရောပ) ၊ သည်ဟေ့ဂ် ( နယ်သာလန်/ ဥရောပ) ၊ နိုင်ရိုဘီ ( ကင်ညာ/ အာဖရိက) စသည်တို့တွင်လည်း ရုံးများရှိနေသေးသည်။ ကုလအဖွဲ့၏အစည်းအဝေးများ ( ဥပမာ အထွေထွေညီလာခံ) ကို နယူးယောက်မြို့တော်အပြင် အဆိုပါမြို့ကြီးများတွင်လည်း ကျင်းပနိုင်သည်။
နိုင်ငံရေးနှင့် မသက်ဆိုင်သော အထူးပြုလူမှုရေးရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ရသည့် အေဂျင်စီ ၁၅ ခု ရှိသေးသည် — ဥပမာအားဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ။ အဆိုပါအေဂျင်စီများသည် သက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် ပူးတွဲ၍ ဖွံ့ဖြိုးရေး ၊ လူသားခြင်းစာနာသည့်အကူအညီပေးရေးလုပ်ငန်းများ စသည်တို့ကို လုပ်ကိုင်ကြသည်။
.
.
ကုလသမဂ္ဂအဖွဲ့ကြီးသည် စတင်ဖွဲ့စည်းစဥ်ကတည်းက အင်အားကြီးနိုင်ငံများအကြား အပေးအယူ အလျော့အတင်း မျိုးစုံဖြင့် ဖြစ်မြောက်အောင် ဖွဲ့စည်းတည်ထောင်လာခဲ့ရသည်မှာ ယနေ့ ဆိုလျှင် သက်တန်း ၇၇ နှစ် ပြည့်တော့မည်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် နှေးကွေးသည်၊ ကြိုးနီစနစ် အားကြီးလွန်းသည် စသည်ဖြင့် ဝေဘန်ထောက်ပြမှု များ ( မှန်လည်းမှန်သည်) ရှိနေသော်လည်း ၎င်းကို အစားထိုးနိုင်မည့် ၊ တနည်း ပိုမို ထိရောက်သည့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းကြီးတခု ပေါ်ပေါက်လာဖို့ဆိုသည်မှာ အလှမ်းဝေးလွန်းနေပါသေးသည်။
ထို့ကြောင့် အမေရိကန် တို့ က လက်ဦးမှုရယူကာ ပြင်ရန်ခက်ခဲသည့် ကိစ္စကြီးတခုကို “အစပြန်ဖော်” ပေးခြင်း ဟုတ်မဟုတ် စောင့်ကြည့်ရမည်ဖြစ်ပါသည်။
ကိုးကား
— The Washington Post & Irish Times
— သက်ဆိုင်ရာ ဝက်ဘ်ဆိုက်များ
End Notes and External links
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter