(The Mog Nation Wiki, an archive)
August 10, 2022
ဆုန်ထောင်းကို တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူတွေက ကောင်းကောင်းသိကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနဝန်ကြီးဖြစ်ပါတယ်။ အရင့်အရင်တုန်းက မြန်မာနိုင်ငံကို တစ်ကြိမ် မကလာရောက်ခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံတကာရေးရာဌာနဝန်ကြီး အဖြစ် လျူချင်ချောင် ကို ခန့်အပ်တာဝန်ပေးခဲ့တာတွေ့ရပါတယ်။ သူဟာ အောက်စဖို့ဒ်တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေး
ဘွဲ့လွန်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ ပင်လယ်ရပ်ခြားအဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဥ်မှာ ဦးဆောင်ခဲ့သူတစ်ဦးလို့လည်းသိကြပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ လျူချင်ချောင်ကို ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ရဲ့ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ အဲဒီကော်မရှင်ကို သမ္မတရှီကျင့်ဖိန်က ဦးဆောင်ပြီး၊ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့ ဆုံးဖြတ်ရာမှာသြဇာအရှိဆုံးကော်မရှင်ဖြစ်ပါတယ်။ ဝန်ကြီးလျူချင်ချောင် ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ နီပေါနိုင်ငံ နဲ့ စင်္ကာပူနိုင်ငံတွေကို အလုပ်သဘော အလည်အပတ်သွားရောက်ခဲ့တာတွေ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာနဟာ ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနလို့ ဆိုရင်လည်း ဆိုနိုင်ပါတယ်။ အဲဒီဝန်ကြီးဌာနဟာ မိတ်ဆွေနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီတွေနဲ့ သံခင်းတမန်ခင်းဆက်ဆံသလို မြောက်ကိုရီးယားနိုင်ငံ အပါအဝင် ကွန်မြူနစ်နိုင်ငံတွေနဲ့ အဓိကဆက်ဆံတဲ့ဌာနလည်း ဖြစ်တယ်လို့ ဖတ်မှတ်ရပါတယ်။ အဲဒီဌာနဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မတူပေမယ့် အခြားနိုင်ငံတွေနဲ့ဆက်ဆံရာမှာ အစိုးရအဆင့် ထိတွေ့ဆက်ဆံတာတွေ့ရပါတယ်။ အဲဒါကြောင့် နီပေါနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးသာမက ဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံဆွေးနွေးသလို၊ စင်္ကာပူနိုင်ငံမှာလည်း ဝန်ကြီးချုပ်ရုံးဝန်ကြီး အပြင် ဒုတိယဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တာ သတိပြုမိပါတယ်။ စကားစပ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တရုတ်ကွန်မြူနစ်ပါတီ ကော်မတီရှိပါတယ်။ အဲဒီကော်မတီရဲ့အတွင်းရေးမှူးဟာ နိုင်ငံခြားရေးဝန်ကြီးပြီးရင် အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒုတိယဝန်ကြီးသုံးဦး နဲ့ လက်ထောက်ဝန်ကြီးသုံးဦးရှိပြီး၊ သူတို့ဟာ ဝန်ကြီးဌာနပါတီကော်မတီဝင်တွေ ဖြစ်ပါတယ်။ နောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာနမှာ ဒုတိယဝန်ကြီး လေးဦး နဲ့ လက်ထောက်ဝန်ကြီးနှစ်ဦး ရှိပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံခြားဆက်ဆံရေးတို့နဲ့ပတ်သက်ရင် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံးဟာ အရေးပါဆုံးဖြစ်ပါတယ်။ အဲဒီကော်မရှင်ကို သမ္မတရှီက ဦးဆောင်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိလည်းအဖွဲ့ဝင်အဖြစ်ပါဝင်တာတွေ့ ရပါတယ်။ အဲဒီကော်မရှင်ရဲ့အောက်မှာ နိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်ရင် သော့ချက်ပုဂ္ဂိုလ်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် လေ့လာမိသလောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နှင့် ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ယန်ကျဲ့ချီ၊ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး လျူချင်ချောင် တို့ဖြစ်တာကို တွေ့ရပါတယ်။
Yan Myo Thein
August 10, 2022
~ ~ ~ ~ ~

End Notes and External links
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

