ဗဟုဖြစ်တည်မှုကို လက်မခံနိုင်ကြသူများ

(The Mog Nation Wiki, an archive)


(written by: U Ran Naing)

၁၉၈၈ ဂျူလိုင်လလောက်ဖြစ်လိမ့်မည် .. နေ့စွဲ မမှတ်မိတော့ပါ …

တိုင်းပြည်ဆူလာသဖြင့် ကျောင်းပိတ်သောကြောင့် အိမ်ပြန်ရောက်နေသော Physics final ကျောင်းသားကျွန်တော် အိပ်ယာက နိုးနေသော်လည်း မထဖြစ် .. မက်မပြေဖြစ်လျက်ရှိသည် … မနက်၉ နာရီကျော်နေလေပြီ … နိုးလိုက်ပြန်အိပ်လိုက်နှင့် ဆူညံဆူညံအသံများကြားနေသော်လည်း မသဲကွဲ … ထို ၉ နာရီကျော်လောက်အချိန်ရောက်မှ ထိုအုပ်စုကြီးသည် ကျွန်တော့အိမ်အနီးရှိ သံတွဲမြို့ ရတနာလမ်းမှ တစ်ပါတီစနစ်ကျဆုံးရေး …ဒိုအရေး ဒို့အရေးဟူသော ကြွေးကျော်သံများဖြင့် ချီတက်သွားကြသည် …

သူတို့၏ လမ်းဆုံးစုရပ်မှာ မြို့နယ်ပြည်သူ့ကောင်စီရုံးနှင့် သံတွဲမြို့မရဲစခန်းရှေ့ မြို့နယ်ပါတီယူနစ်ရုံးဘေးရှိ မြို့မဘော်လုံးကွင်းဖြစ်မည်ဟု ကျွန်တော်ထင်ထားသည် …

တမြို့လုံး အုံးအုံးကျက်ကျက် ဆူညံလျက်ရှိသော်လည်း အိပ်ယာမှမထသော ကျွန်တော့အား မေမေက ကိုရန်နိုင်ရေ ထကြည့်ပါဦးဟဲ့ ဟုလာနှိုးသော်လည်း . အဲဒီကောင်တွေ ဘော်လုံးကွင်းမှာ လမ်းဆုံးလိမ့်မယ်မေမေ အဲဒီခါမှသွားလိုက်မယ်ဟု ပြန်ပြောလျက် ကျွန်တော်က မထ …

သို့သော်လည်း အိပ်ယာမှထ၍ မျက်နှာသစ်မုန့်စား ပြီးနောက် မျက်လုံးဖန်ဖန်ဖြင့် ကျွန်တော်ဘော်လုံးကွင်းသို့သွားသည် … ဘော်လုံးကွင်းထဲတွင် လူအုပ်ကြီးသည် စားပွဲခုံတစ်လုံးကို စင့်မြင့်ပြုလုပ်လျက် တရားဟောသူကဟော အော်ဟစ်ထောက်ခံကြသူများဖြင့် တအုံးအုံးတရုံးရုံးဖြစ်လျက်ရှိလေသည် ….

ရုတ်တရက် အထိတ်တလန့်တွေ့ကြုံရလျက်ရှိသော ထိုအရေးအခင်းကြီးကို ကိုယ်တိုင်ပါဝင်လျက် ငါတို့သည် သမိုင်းသစ်ရေးထိုးသူများဖြစ်သည်ဟူသောမျက်နှာပေးမျိုးသည် လူတိုင်းမျက်နှာပေါ်တွင်ပေါ်လွင်ဝင်းပလျက်ရှိလေသည် …

တည်နေရာကလည်း အမြင့်ဆုံးအာဏာများစုဝေးရာ မြို့နယ်ပြည်သူ့ကောင့်စီရုံးရှေ့မြို့နယ်ပါတီယူနစ်ရုံးဘေး မြို့မရဲစခန်းရှေ့တည့်တည့်တွင်ဖြစ်သည့်အလျောက် ငါတို့တော်လှန်ပြီဟူသည့်မျက်နှာပေးများလည်း ရှိသည့်အပြင် အနည်းငယ်ကြောက်ရွံ့စိတ်ရှိနေခြင်း ယခင်ကတည်းက လူချင်းရင်းနှီးကြသူများဖြစ်သဖြင့်အားနာစိတ်များရှိနေခြင်းစသည့်ခံစားမှုများလည်း လူတိုင်း၏မျက်နှာပေါ်တွင် ရောစွက်ပါဝင်လျက်ရှိနေသည်ကို ကျွန်တော်သတိထားမိပါသည် ..

ထိုရဲစခန်း ထိုရုံးများဘက်သို့လည်း မလုံ့တလုံ ကွက်ကြည့်ကွက်ကြည့်နှင့် ဖြစ်နေကြပါသည် …

ထိုနှစ်က မိုးနည်းပါးသည့်အတွက် နေကလည်းပူလာသည်ဖြစ်ရာ ထိုသပိတ်အစုအဝေးကြီးသည် လေးမျက်နှာကုန်းဓမ္မာရုံသို့ သူတို့၏ စုရပ်ရုံးအဖြစ်ရွေးချယ်လိုက်ကြကာ ထိုနေရာသို့ ချီတက်ထွက်ခွာသွားကြပါသည် … သပိတ်ကော်မတီကိုလည်း ဆပ်ကော်မတီအသီးသီးဖြင့် ဖွဲ့စည်းလိုက်ကြပါသည် …

တမြို့လုံးသည်လည်း ထူးဆန်းမှုထိတ်လန့်မှု အံ့သြမှုတို့ရောပြွမ်းလျက် ရင်တခုန်ခုန်ဖြစ်နေကြပြီး ..

တစ်ပါတီအာဏာရှင်စနစ်၏ မကောင်းကြောင်းများ ဒီမိုကရေစီစနစ်သာလျင်ကောင်းကြောင်းများ တနေ့လုံးတညလုံး တစ်ယောက်ဆင်းတစ်ယောက်တက် ဟောပြောနေကြသဖြင့် မြို့သူမြို့သားများလည်း ထိုသပိတ်စခန်းတည်ရှိရာ လေးမျက်နှာကုန်းဓမ္မာရုံဆီသို့ တဖွဲသွားကြပြန်ကြနှင့် စည်ကားသိုက်မြိုက်လျက် ရှိနေကြပါသည် …

ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်း၀ဥ်ပါတီအစိုးရအား ကြိုက်သူများဖြစ်စေ မကြိုက်သူများဖြစ်စေ ကြိုက်မှန်းမကြိုက်မှန်းမဆုံးဖြတ်နိုင်ကြသူများဖြစ်စေ ၂၆ နှစ်လုံးလုံး ကျယ်ကျယ်လောင်လောင် မည်သူမှမပြောဝံ့ပဲနေလာခဲ့ကြရာမှ ယခုကဲ့သို လူစုလူဝေးနှင့် အုံးအုံးကျွက်ကျွက် အသံချဲ့စက်နှင့်ပင်အသံကုန်ဟစ်လျက် တော်လှန်ဆန္ဒပြကြသည်ဆိုသောအခါ .. သံတွဲမြို့ပေါ်ရှိလူအများကြားတွင် တော်လှန်သူခေါင်းဆောင်များ ငယ်သားများအားလုံးသည် သံတွဲမြို့၏ ဟီးရိုးများဖြစ်လျက်ရှိလေသည် .. မြို့၏လက်ရှိခေါင်းဆောင်များ အနာဂတ်ခေါင်းဆောင်များဖြစ်သည်ဟု လူအများကသော်လည်းကောင်း သူတို့ကိုယ်သူတို့သော်လည်းကောင်း ထင်နေကြသော အခြေအနေမျိုးဖြစ်လျက် ရှိနေပါသည် ..

သားသမီးအပေါ်တွင်တန်ဖိုးမထား လေးစားမှုလည်း မရှိသောမိသားစုများမှတချို့မိဘများသည်သပိတ်ကော်မတီအတွင်းပါဝင်သောသူတို့သား ခေါင်းဆောင်များကိုလည်း သူတို့သားသည် မြို့၏အရေးပါသောခေါင်းဆောင်တစ်ယောက်ဟုခံစားလျက် လေးလေးစားစားတန်ဖိုးထားဆက်ဆံလျက်ရှိလာသည်ကိုလည်း တွေ့မြင်ရလေသည် …

တမြို့လုံးသည် ထူးဆန်း အံ့သြ ကြောက်ရွံ့စိုးရိမ်ဂုဏ်ယူပျော်ရွှင်ဟူသောခံစားချက်များကို တပြိုင်နက်တည်း လူတိုင်းခံစားရလျက် စိတ်လှုပ်ရှားလျက်ရှိနေကြလေသည် …

ထိုသို့သောအခြေအနေတွင် ကျောင်းသားတွေဘယ်ဘယ်ရောက်နေသလဲဟူသောအသံ တမြို့လုံးအတိုင်းအတာဖြင့်ထွက်ပေါ်လာလေသည် ..

ခေတ်အဆက်ဆက် အစိုးရကို တော်လှန်သည်ဆိုသည်မှာ ကျောင်းသားများကသာစတင်ဟူသောအရာသည် မြန်မာနိုင်ငံရှိလူတိုင်းအသိစိတ်ထဲတွင် ပုံသေနည်းတစ်ခုကဲ့သို့ဖြစ်နေသည့်အလျောက် သံတွဲမြို့သူမြို့သားများကလည်း ထို့သို့မေးခွန်းထုတ်လာကြခြင်းဖြစ်လေသည် ….

သံတွဲမြို့သပိတ်ကော်မတီဦးဆောင်သူများထဲတွင် ကျွန်တော်တို့သူငယ်ချင်း တက္ကသိုလ်ကောလိပ်သိပ္ပံကျောင်းသား လေးငါးယောက်ပါသော်လည်း သံတွဲမြို့ကျောင်းသားသမဂ္ဂဟူသော နာမည်ဖြင့် စတင်သပိတ်မှောက်ဆန္ဒပြခဲ့ကြခြင်းမဟုတ်​ချေ …

ထို့ကြောင့် ကျောင်းသားတွေဘယ်ရောက်နေသလဲဟူသည့်မေးခွန်း သံတွဲမြို့လူထုထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည် ..

ထိုသို့ဖြင့် ကျွန်တော်တို့နှစ်ကြီးကျောင်းသားများဦးဆောင်၍ ကျောင်းသားသမဂ္ဂဖွဲ့ရဖို့ ဖြစ်လာပါတော့သည် ..

ထိုသို့သမဂ္ဂဖွဲ့မည်ဟူသော သတင်းကြားပြီးသည်နှင့်တပြိုက်နက် သံတွဲမြို့သပိတ်ကော်မတီသည် လှုပ်လှုပ်ရွရွ ဖြစ်လာပါသည် …

သို့သော်လည်း လုပ်ရမည့်အလုပ်ကို လုပ်ရမည်ဖြစ်သည့်အလျောက် သံတွဲမြို့သိမ်ကုန်းဘုန်းတော်ကြီးကျောင်းတွင် သံတွဲမြို့ကျောင်းသားသမဂ္ဂကိုဖွဲ့စည်းလိုက်ကြပါသည် … ထို့ဖွဲ့စည်းလိုက်သည်နှင့် သံတွဲမြို့သပိတ်ကော်မတီ၏ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအပေါ် မလိုလားမှုသည် ထင်ထင်ရှားရှားဖြစ်လာပါတော့သည် …

ကျွန်တော်တို့ ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ မြို့ပေါ်တွင် ချီတက်ဆန္ဒပြပွဲတစ်ခုပြုလုပ်သောအခါ လိုက်ပါဆန္ဒပြသူလူအရေအတွက်ပိုများ၍ ပိုစည်ကားသည်ကိုတွေ့ရှိရသောအခါ မလိုလားမှုက ပိုမိုပြင်းထန်လာသည်ကိုတွေ့ရှိလာရပါသည် …

ငါတို့ကျောင်းသမဂ္ဂသည် သပိတ်ကော်မတီအား စင်ပြိုင်ခြင်းမဟုတ် သပိတ်ကော်မတီ၏ဦးဆောင်မှုအောက်တွင်သာပါဝင်ပါမည်ဟူသည်ကိုပင် လက်မခံနိုင်ပဲ သပိတ်ကော်မတီစခန်းချရာ လေးမျက်နှာကုန်းပေါ်တွင်ကျောင်းသားသမဂ္ဂတစ်ခု ဆိုင်းဘုတ်တင်၍ စင်ပြိုင်ဖွဲ့စည်းခြင်း မြို့နယ်လုံးကျွတ် ( ရွာသိမ်ရွာငယ်လေးများပါမကျန် ) စီတန်းချီတက်ဆန္ဒပြပွဲများပြုလုပ်ခြင်း စသည့်တန်ပြန်မှုများကိုအလျင်အမြန် လုပ်ဆောင်လာပါသည် … ထို့နောက် သပိတ်ကော်မတီထဲတွင်ပါဝင်သော တက္ကသိုလ်ကောလိပ်သိပ္ပံကျောင်းသားများ စာပေးစာယူကျောင်းသားများကိုပါ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအလုပ်မှုဆောင်ကော်မတီထဲတွင် ထည့်သွင်းပေးရမည်ဟုပင်တောင်းဆိုလာပါသည် … .

ထိုသို့ဖြစ်လာသောအခါ ကျွန်တော်တို့ကျောင်းသမဂ္ဂမှ အကျယ်ကျယ်မငြိမ်းဖွယ်မဖြစ်လို၍လည်းကောင်း သံတွဲမြို့ကလေးမှ သပိတ်မှောက်ရုံမျှနှင့် မဆလအစိုးရသည်ပြုတ်ကျသွားနိုင်လောက်သည်မဟုတ်သည်ကျွန်တော်တို့အလုပ်သည်သေးမွှားသည်ဆိုသည်ကိုအတိအကျသိရှိသဖြင့်လည်းကောင်း သပိတ်ကော်မတီ၏ဆန္ဒကိုလိုက်လျောကာ( ယခင်ကသံတွဲအထက ၁ ထိုစဥ်က သံတွဲ စက်မှုလက်မှုအထက်တန်းကျောင်း ယခု သံတွဲ GTI ကျောင်း ) ဟောခန်းထဲတွင် သပိတ်ကော်မတီမှကျောင်းသားများကိုပါထည့်သွင်းလျက် သံတွဲမြို့ကျောင်းသားသမဂ္ဂကို ပြန်လည် ဖွဲ့စည်းပေးခဲ့ပါသည် …

ဥက္ကဌ အလွန်ဖြစ်ချင်သူများ အတွင်းရေးမှူးအလွန်ဖြစ်ချင်သူများကိုအံ့သြသရော်ဖွယ်ရာ တွေ့မြင်ခဲ့ရပါသည် …

ဤအကြောင်းများကို ပြန်ပြောင်းပြောနေရခြင်းမှာ ထိုအဖြစ်အပျက်များကို မကျေနပ်၍လည်းမဟုတ် ကျေနပ်၍လည်းမဟုတ် အမှတ်တရရေးသားခြင်းလည်း မဟုတ်ပါ ….

ကျွန်တော်တို့မြန်မာနိုင်ငံရှိလူများအားလုံး မည်သူမဆိုသည် အခြားဖြစ်တည်မှုများကို လက်ခံနိုင်သည့်ယဥ်ကျေးမှုမရှိသေးဟူသည်ကို ထိုစဥ် ( ၁၉၈၈ ကျွန်တော်အသက် ၂၂ ) ကပင် ကျွန်တော်ရိပ်စားမိခဲ့သည်ကို ပြောလိုခြင်း ဖြစ်ပါသည် ..

သူတို့၏ အဓိက ကြွေးကျော်သံမှာ …

” တစ်ပါတီအာရှင်စနစ် ပြုတ်ကျရေး ….. “

” ပါတီစုံဒီမိုကရေစီစနစ် ရရှိဖြစ်ပေါ်လာရေး … “

ဟု အသံကုန် အော်ဟစ်တောင်းဆို ဆန္ဒပြတော်လှန်နေကြသော်လည်း … သူတို့ကိုယ်တိုင် အာဏာရသလိုလိုဖြစ်နေသော တစ်ရက်နှစ်ရက်အတွင်းမှာပင် အခြားအဖွဲ့တစ်ခု၏ တည်ရှိနေခြင်းကိုလက်မခံနိုင်ဖြစ်နေကြောင်း ဖော်ပြလိုခြင်းသာဖြစ်ပါသည် …

ကျွန်တော်တို့နိုင်ငံရှိလူများအားလုံး မည်သူမဆိုသည် အခြားသူများ၏ဖြစ်တည်တည်ရှိနေခြင်း အခြားအဖွဲ့အစည်းများ ဖြစ်တည်တည်ရှိနေခြင်း ( Pluralism ) ကို လက်ခံနိုင်သောယဥ်ကျေးမှုသည် ယခုတိုင် ဖြစ်တည်လာခြင်း မရှိသေးကြောင်း အလွယ်တကူတွေ့မြင်နိုင်ပါသည် …

တခြားအဖွဲ့များရှိနေခြင်းသည် ငါတို့၏ဖြစ်တည်မှုကို ခြိမ်းခြောက်နေသည်ဟုသံသယဖြစ်နေခြင်းသည်…. မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း မိမိ၏မူဝါဒသည်တရားမျှတမှုရှိသည်ခိုင်မာသည်ဟုမသေချာခြင်း တို့ကြောင့် ဖြစ်လာရသည်ဟု ထင်မြင်မိပါသည် …

အမှန်တကယ်တွင် နိုင်ငံရေးနှင့်ပတ်သက်၍တတ်နိုင်သလောက် သေသေချာချာလေ့လာ၍ ခိုင်မာသောမိမိကိုယ်ပိုင်မူဝါဒတစ်ရပ်တည်ဆောက်ထားသင့်ပါသည် … သို့မဟုတ်ပါက နိုင်ငံရေးကို စိတ်ဝင်စားသင့်သည်ဟု ပါဝင်လှုပ်ရှားသင့်သည်ဟု ကျွန်တော်မထင်ပါ …

သူများယောင်၍ယောင်ရသည် အမောင် တောင်မှန်းမြောက်မှန်းမသိ မဖြစ်သင့်ပါ … လူအဖွဲ့အစည်းတစ်ရပ်လုံးအန္တရာယ်ရှိပါသည် …

မေတ္တာဖြင့် …

( U Ran Naing )



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s