ဟဒယဝတ္ထုပြဿနာ

(The Mog Nation Wiki, an archive)


ဟဒယဝတ္ထုပြဿနာ

ဟဒယဝတ္ထုပြဿနာ စတင်ပေါ်ရသည့် အကြောင်းရင်းကို ဖော်ပြရသော် သာသနာနှစ် (၄၅၀)၌ ပိဋကတော်များကို ရဟန္တာအရှင်မြတ် (၅၀၀)တို့က သီဟိုဠ်ကျွန်း စတုတ္ထသံဂါယနာတွင် ပေထက်အက္ခရာ တင်တော်မူပြီးသည့်နောက် နှစ်ပေါင်း (၄၈၀) မျှ ကြာညောင်းသောအခါ (သာသနာနှစ် – ၉၃၀) တွင် အရှင်မဟာဗုဒ္ဓဃောသသည် အဆိုပါ သံဂါယနာဝင် ပါဠိတော်များအား ဖွင့်ဆိုသော အဋ္ဌကထာကျမ်းများကို ရေးသားရာမှ အစပြုခဲ့သည်ဟု အဆိုရှိလေသည်။

သာသနာနှစ်(၁၂၀၀)တွင် သီဟိုဠ်ကျွန်းမှ အရှင်အာနန္ဒာသည် မူလဋီကာကျမ်းကို၎င်း, အရှင်ဓမ္မပါလသည် အနုဋီကာကျမ်းကို၎င်း ရေးသားစီရင်တော်မူကြလျက် အရှင်ဗုဒ္ဓဃောသ၏ အဋ္ဌကထာကျမ်းများကို ထပ်ဆင့် ဖွင့်ဆိုတော် မူကြပါသည်။

ထိုဋီကာကျမ်းများ၌ ဟဒယဝတ္ထုခေါ်ရုပ်သည် ဘုရားကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့သော ရုပ်တရားများ၌ မဖော်ပြသော်လည်း ယင်းဟဒယဝတ္ထုရုပ် ပါရှိထိုက်ကြောင်းကို အမျိုးမျိုးသော စောဒကစကားဖြင့် မိမိတို့၏ အလိုသို့ ဆွဲ၍ အဆုံးအဖြတ်ပေး ရေးသားတော်မူသည်ကို တွေ့နိုင်ကြပါသည်။

သာသနာနှစ် (၁၅၀၀) ခန့်တွင် သီဟိုဠ်ကျွန်းမှပင် အရှင်အနုရုဒ္ဓါသည် အဘိဓမ္မတ္ထသင်္ဂဟ (ခေါ်) လက်သန်း အဋ္ဌကထာကျမ်းကို ပြုစုရေးသားတော်မူသော်အခါဝယ် ဟဒယ ဝတ္ထုအယူကို မြတ်စွာဘုရား၏ ဒေသနာရင်း ဖြစ်ဘိသကဲ့သို့ သုံးနှုန်းတော်မူပါသည်။

ပိဋကတော်များနှင့် အဋ္ဌကထာ, ဋီကာကျမ်းများသည် မည်သည့် အချိန်မှစ၍ မြန်မာပြည်သို့ ရောက်ရှိနေသည်ကို သမိုင်း မှတ်တမ်း အခိုင်အမာ မတွေ့ရပါ။ သို့ရာတွင် သာသနာနှစ် (၁၆၀၀) ခန့်တွင် မနုဟာမင်းလက်ထက်၌ သထုံပြည်သို့ ပိဋကတော်များ ရောက်ရှိနေသည်မှာ ထင်ရှားပါသည်။

ပုဂံခေတ် အနော်ရထာမင်း လက်ထက်တွင် ပိဋကတော်များကို သထုံပြည်မှ ပင့်ဆောင်ကိုးကွယ်ရာမှစ၍ အိန္ဒိယပြည်, သီဟိုဠ်ကျွန်းတို့နှင့် အဆက်အသွယ်ရလျက် မြန်မာပြည် အနှံ့အပြားသို့ ပိဋကတော်များ ပြန့်ပွားခဲ့ပုံကို သမိုင်း၌ ဆိုပါသည်။

သို့ရာတွင် ယခုခေတ် တူးဖော်တွေ့ရှိချက်များအရ သရေခေတ္တရာခေတ်ကပင် ဗုဒ္ဓ၏ဓမ္မများ ရောက်ရှိနေသည့် အထောက်အထားတို့ကို တွေ့ရလေသည်။

ဝတ္ထုရှာပုံတော်
သင်္ဂြိုဟ်ဘာသာဋီကာကျမ်း စာမျက်နှာ ၄၅၇။
ဟဒယဝတ်ထု။ ။ “ဟဒန်တိ တံတံအတ်ထံဝါ အနတ်ထံဝါ ပူရန်ေတိ” ဧတနောတိ ဟဒယံ၊ ဟဒယဉ်စ တံ ဝတ်ထုစာတိ ဟဒယဝတ်ထု။

ဧတေန၊ ဤရုပ်ဖြင့်။ တံတံအတ္ထံဝါ၊ ထိုထိုအကျိုးကို၎င်း။ တံတံ အနတ္ထံဝါ၊ ထိုထိုအကျိုးမဲ့ကို၎င်း။ ဟဒန္တိပူရေန္တိ၊ ပြည့်စေနိုင်ကုန်၏။ ဣတိ၊ ကြောင့်။ ဟဒယံ၊ မည်၏။ ဤနှလုံးသားတည်းဟူသော ရုပ်ပါသည့်အတွက် ထိုထိုကောင်းကျိုး, ဆိုးကျိုးကို ပြည့်စုံစေနိုင်ကြ၏။ ထို့ကြောင့် ဤနှလုံးသားတည်း ဟူသော ရုပ်ကို “ဟဒယ” ဟုခေါ်သည်။ ဤနေရာ၌ကား – ထိုနှလုံးသား၏ အလယ်မှာ ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်ရှိ၏။ ထိုတွင်းငယ်၌ သွေးများတည်ရှိ၏။ ထိုသွေးများကို ပျံ့နှံ့လျက်တည်သော ဝတ္ထုရုပ်တစ်မျိုးကို “ဟဒယ”ဟု ဆိုသည်။” (ဧကဒေသူပစာတည်း)

ဤရုပ်ကို “ဟဒယဝတ္ထု” ဟု နာမည်တပ်၍ တိုက်ရိုက်ဟောထားအပ်သော ပါဠိတော်မရှိ၊ ဓမ္မသင်္ဂဏီရူပကဏ္ဍပါဠိတော်သည် ရုပ်ဟူသမျှကို ထုတ်ပြသော ပါဠိတော်ဖြစ်၏။ ထိုပါဠိတော်၌သော်မှ ထုတ်ပြခြင်းမရှိ။ သို့သော် ထိုထိုပါဠိတော်များကို သဲလွန်စပြု၍ ဤဝတ္ထုရုပ် ရှိထိုက်ကြောင်းကို အဋ္ဌကထာ, ဋီကာတို့က ယူဆကြလေသည်။”

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ ဟောကြားချက်လေးကိုလည်း ထုတ်နှုတ်ဖော်ပြ ပေးချင်ပါတယ်။

ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဟဒယဝတ္ထု ဆိုတဲ့ စကားလုံးနဲ့ မဟောတာတော့ အမှန်ပဲ။ ဘာဖြစ်လို့ မဟောတာတုံးလို့ဆိုတော့ အဋ္ဌကထာ ဆရာကြီးတွေ ဖြေရှင်းထားတာကတော့ ရုပ်ကို အစုံလိုက် ဟောလာခဲ့တာ။ အစုံလိုက် အစုံလိုက် ဟောလာတဲ့အခါမှာ နှစ်ခုစီ နှစ်ခုစီတွဲပြတာ။ အကယ်၍ ဟဒယဝတ္ထုကို ဟောမယ်ဆိုလျှင် တွဲပြစရာမရှိဘူး၊ စုံမရှိဘူး။

စုံပျက်နေလို့ ဟဒယဝတ္ထုကို ချန်ထားခဲ့တယ်လို့ ပြောတယ်။

ဟဒယဝတ္ထုဆိုတဲ့အသုံးနဲ့ မဟောပေမယ့် မြတ်စွာဘုရားက ပဋ္ဌာန်းပါဠိတော်မှာတော့ “ဝတ္ထု ခန္ဓာနံ၊ ခန္ဓာ ဝတ္ထုဿ ” ဆိုပြီး “ဝတ္ထု” ဆိုတဲ့ အမည်နဲ့ဟောတယ်။ ကျန်တဲ့ ဝတ္ထုတွေတော့ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထုလို့ဟောတယ်။

ဟဒယဝတ္ထုကျတော့ ဟဒယဆိုတဲ့ စကားလုံး မသုံးဘဲနဲ့ ဝတ္ထုလို့ပဲ သုံးပြီးဟောခဲ့တယ်။ ဒါ ပဋ္ဌာန်းကျမ်းကြီးမှာ။ အဲဒါအပြင် အာယတနခြောက်ပါး ကြည့်လျှင် ဟဒယဝတ္ထု မဟောတာ သေချာတယ်။ စက္ခာယတန၊ ဟောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနလို့ဟောပြီး ဟဒယဝတ္ထုနေရာမှာ မနာယတန ဖြစ်သွားတယ်။ ဟဒယာယတနလို့ မဟောဘူး။ တကယ်က စက္ခာယတနဆိုတာ စက္ခုဝတ္ထုပဲလေ။ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယလို့ ဒီလိုဟောရမှာ။ ဟဒယအနေနဲ့မဟောဘဲ အဲဒီမှာ စိတ်ကိုပဲ မနာယတန ဟောတယ်။ ဒီလို အာယတန (၁၂)ပါးမှာ ဟဒယဝတ္ထုကို မဟောတာ သေချာတယ်။

ဓာတ် (၁၈)ပါးထဲမှာလည်း ဟဒယဝတ္ထုကို မဟောတာ သေချာတယ်။ အဲဒီ ဟဒယဝတ္ထု မဟောတာနဲ့ ပတ်သက်ပြီး မဟောခြင်း အကြောင်းကိုရှာရင် ဓမ္မသင်္ဂဏီမှာ မဟောတာကတော့ ဝတ္ထုအနေနဲ့ အစဉ်ပျက်လို့ မဟောဘဲထားတယ်ပေါ့။ ဒါက မရှိလို့ မဟောတာ မဟုတ်ဘူးဆိုတဲ့ ဘက်ကနေပြီးတော့ ရှင်းပြတဲ့စကားတစ်ခုပေါ့

အဲဒီနောက်တစ်ခု ဟဒယဝတ္ထု ရှိသလား၊ မရှိဘူးလားဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစား မြတ်စွာဘုရားက ဟဒယဝတ္ထုကို မဟောခဲ့သည့် အတွက်ကြောင့် တည်ရာ location ကို မပြခဲ့ဘူး။ အဋ္ဌကထာဆရာတွေ လက်ထက်ကျတော့ ဟဒယဝတ္ထုရဲ့ တည်ရာ location ကိုပြတယ်။ ဆိုပါစို့။ စက္ခုဝတ္ထုက ဘယ်မှာရှိသလဲ၊ မျက်လွှာခုနစ်ထပ်ရဲ့အလယ်မှာ သန်းဦးခေါင်းပမာဏလောက်ရှိတဲ့ မျက်စိအကြည်ဓာတ်ထဲမှာ ရှိတယ်။

နောက် သောတ၊ ဃာန၊ ဇိဝှါပသာဒတွေလည်း သူ့ဆိုင်ရာ location မှာရှိတယ်။ ကာယပသာဒ ကျတော့ တစ်ကိုယ်လုံးရှိ ကမ္မဇရုပ်တွေ ပျံ့နှံ့တဲ့နေရာတွေအားလုံးမှာ ရှိတယ်လို့ ပြတယ်။ ဒီလို location ကိုပြတယ်။ ဟဒယဝတ္ထုကျတော့ အဋ္ဌကထာဆရာတွေက ဘယ်လို location ပြသလဲဆိုတော့ “နှလုံးသားထဲမှာ တစ်လက်ဆွံ့ ပမာဏရှိတဲ့ သွေးထဲမှာ ရှိတယ်လို့ ဆိုတယ်။ (တစ်လက်ဆွံ့ဆိုတာ လက်ဖဝါးလေးကို ဖြန့်ပြီး နည်းနည်းလေးခုံးလိုက်၊ ခုံးလိုက်တော့ အခုံးခွက်လေး ဖြစ်လာတယ်။ အဲဒီအထဲမှာ ရေလေးထည့်ကြည့်။ အဲဒီလောက် ပမာဏရှိတဲ့ သွေးလေး) နှလုံးသားထဲမှာ ရှိတဲ့သွေးထဲမှာ တည်တယ်။ တချို့ကလည်း ဒီလို ပြောကြတယ်။ ဟဒယဝတ္ထုဆိုတာ pump ပဲတဲ့။

(နှလုံးသားထဲမှာ သွေးမရှိဘူးလို့ တချို့လည်းပြောချင်တယ်။ အမှန်တော့ နှလုံးသားထဲမှာ အဲဒီလောက်သွေးတော့ ရှိမှာပါ။ အဲဒီတော့ နှလုံးသားက pump အနေနဲ့ သွေးကို ညှစ်ပေးရတယ်။ ညှစ်ပေးပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံး သွေးတွေကို ဖြန့်တဲ့လုပ်ငန်း လုပ်တယ်။ ခုခေတ် Anatomy ကျမ်းအဆိုကို ဒီလိုသိနေကြတာ။ အဲဒီတော့ အဋ္ဌကထာ၊ ဋီကာတွေ အဆိုအရ တစ်လက်ဆွံ့လောက်ရှိတဲ့သွေးထဲမှာ ဟဒယဝတ္ထုရုပ် တည်တယ်။

သွေးကို ဟဒယဝတ္ထုလို့ပြောတာ မဟုတ်ဘူး။ သွေးထဲမှာ တည်ရှိတယ်။ ဒါက အဲဒီနှလုံးသားထဲကသွေးမှာ စိတ်တွေ ဖြစ်ပေါ်နိုင်တယ်ပေါ့။ စိတ်တွေ ဖြစ်နိုင်တဲ့ အနေအထား။

ဆိုပါစို့၊ ဂက်စ်မီးခြစ်ဗူးလေးမှာ ဂက်စ်လည်း ရှိတယ်။ အပေါ်ကနေ ဘီးလုံးလေးလည်း ရှိတယ်။ အခြေအနေမပျက်ဘူးဆိုလျှင် မီးဖြစ်ဖို့ အနေအထားလေး ရှိတယ်ပေါ့။ သို့သော် မီးတော့ ရှိသလားဆိုတော့ မရှိဘူး။ အဲဒီလိုပဲ နှလုံးသွေးထဲမှာ စိတ်ရှိနေတဲ့ အနေအထား မရှိဘူး။ သို့သော် စိတ်ဖြစ်ဖို့ အနေအထား ရှိတယ်ပေါ့။ Possibility ပေါ့။ တခြားနေရာကသွေးမှာ ဒီလိုစိတ်ဖြစ်ဖို့ အနေအထားမရှိဘူး။ နှလုံးသားထဲက သွေးမှာ စိတ်ဖြစ်ဖို့ အနေအထား ရှိတယ်ပေါ့။ အဲဒီလို ဆိုလိုတယ်။ ဒါက ဟဒယဝတ္ထုရဲ့ location ကိုပြတဲ့ ကျမ်းရဲ့ အဆိုပါ။

နောက် မူလဋီကာ ဆိုတာရှိတယ်။ အဋ္ဌသာလိနီကို ပထမဆုံးဖွင့်ဆိုတဲ့ ဋီကာကျမ်းဖြစ်တယ်။ ဋီကာဆရာကို အရှင်အာနန္ဒာလို့ခေါ်တယ်။ သူက အိန္ဒိယ တောင်ပိုင်းသား။ ဘုရားလက်ထက်က အရှင်အာနန္ဒာ မဟုတ်ဘူး။ အဲဒီ အရှင်အာနန္ဒာဆိုတဲ့ ဋီကာဆရာကတော့ ဘာပြောတုံးဆိုလျှင် “ဟဒယဝတ္ထု ဆိုတဲ့ နေရာမှာ ဟဒယက Heart organ ကို မရည်ညွှန်းဘူး။ နှလုံးသားကို မရည်ညွှန်းဘူး။ ဟဒယ ဆိုတာ စိတ်ကို ပြောတာ” တဲ့။ Heart to Heart ဆိုတာ Mind to Mind ကို ပြောတာပဲ။ အဲဒါလိုပဲ ဟဒယဆိုတာ စိတ်ကို ပြောတာ။ ဝတ္ထုဆိုတာ မှီရာ။ စိတ်ရဲ့ မှီရာ ဝတ္ထုလို့ ဆိုလိုတယ်။

Bass of Mind ကို ရည်ညွှန်းပြီးတော့ ဟဒယဝတ္ထုကို သုံးတာ။ အဲဒါကြောင့်မို့ location ကို မပြတာ။ ဘုန်းကြီးကလည်း ဟဒယဝတ္ထုရဲ့ location မပြတာကို ခပ်ကြိုက်ကြိုက်။ ဘုရားက location ကို မပြဘဲ ဝတ္ထုလို့ဟောတာပါ။ ချစ်တာ မုန်းတာဟာ နှလုံးသားမှာ ဖြစ်တယ်။ စဉ်းစားတာကျတော့ ခေါင်းမှာ။ ခေါင်းကုတ်တယ်လေ။ အဲဒီတော့ ဟဒယဝတ္ထုရဲ့ တည်ရာကို ဦးနှောက်နဲ့ နှလုံးသားလို့ ပြောလို့ရတယ်။ တွေးတဲ့လူက ဗိုက်ကုတ်ပြီး ဘယ်တော့မှမတွေးဘူး။ (ရယ်သံများ)။ အလေးအနက် စဉ်းစားပြီဆို ခေါင်းကုတ်ပြီ။ စဉ်းစားတယ်၊ ခေါင်းနဲ့စဉ်းစားတယ်ဆိုတာ သေချာတယ်။ လူတွေလည်း ပြောနေကြတာပဲ။ “စဉ်းစားလိုက်ရင် ခေါင်းရှုပ်တယ်” လို့။ အဲဒီကျတော့ နှလုံးရှုပ်တယ်လို့ မပြောဘူး။ မုန်းတယ်တို့၊ ကြောက်တယ်တို့၊ လန့်တယ်တို့ကျတော့ နှလုံးမှာ လာခုန်တယ်။ အဲဒီတော့ စိတ်ဟာ အခြေအနေအားလျော်စွာ ဖြစ်နေတယ်။ အဲဒါကြောင့် မြတ်စွာဘုရားက ဟဒယဝတ္ထုလို့ မဟောဘဲနဲ့ ဝတ္ထုလို့ပဲဟောတာ ဖြစ်နိုင်တယ်။ ဟဒယဆိုတဲ့စကားလုံးကို သုံးတဲ့အခါမှာလည်း ဟဒယ ဆိုတာ စိတ်လို့ပဲ အဓိပ္ပာယ်ယူပြီးတော့ ဋီကာဆရာ ဖွင့်သလိုပဲ အဲဒီ အဓိပ္ပာယ်မျိုး ဖြစ်နိုင်တယ်လို့ ဘုန်းကြီး သဘောကျတယ်ပေါ့။

သို့သော် မြတ်စွာဘုရားက “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” လို့ organ ရယ်၊ object ရယ် နှစ်ခုတွဲထားတယ်။ နှစ်ခုတွဲလိုက်တဲ့အခါမှ စိတ်ဖြစ်တယ် ဆိုတာကိုပြတယ်။ သုတ္တန်တွေမှာလည်း ဒီအတိုင်းပဲ။ နောက်ဆုံး ဟဒယဝတ္ထု နေရာကျတော့ ဟဒယဝတ္ထုကို မပြဘဲနဲ့ “မနဥ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ” လို့ မန နဲ့ ပြတယ်။ မန ဆိုတာ အဲဒီနေရာမှာ ဘဝင်စိတ်ကိုပြောတာ။ မနောဒွါရဆိုတာ ဘဝင်စိတ်ပဲ။ အဲဒီတော့ ဘဝင်စိတ်လေးက ဘယ်မှာဖြစ်တာတုံးဆိုလျှင် ခုနပြောတဲ့ ဦးနှောက်နဲ့ နှလုံးသားမှာပေါ့။

သို့သော် ဘဝင်စိတ်ဟာ ဒီထဲမှာ အမြဲတမ်း remain ဖြစ်နေတာ မဟုတ်ဘူး။ အကြောင်းရှိတဲ့အခါ သူက ကံရဲ့စွမ်းအားနဲ့သွားနေတာ။ ဘဝင်စိတ်က ကံရဲ့အကျိုးသက်သက်ပဲ။ အဲဒီစိတ်လေးက စိတ်အားလုံးရဲ့ source ပဲ။ ဒါကြောင့်မို့ အိပ်တဲ့အခါမှာ သူကျန်ရစ်တယ်လေ။ (လူတွေကပြောကြတယ်။ ဘဝင်မကျဘူးတဲ့။ ဘဝင်က တစ်ခါတည်း ကျသွားလျှင်လည်း ဒုက္ခရောက်မှာ။ (ရယ်သံများ)။ ဘဝင်မကျမှ ကောင်းမယ်။ ဒါမှ စိတ်က အမြဲတမ်း လန်းနေမယ်။ ဘဝင်စိတ်လေးက အမြဲတမ်း ဖြစ်နေတယ်။ အဲဒါလေးကို psychology သမားတွေက enquantient, quantient တို့ လျှောက်ပြောကြတာပေါ့။ မျိုးစုံပဲ။ အမှန်ကတော့ ဘဝင်စိတ်လေး ပြတ်သွားလျှင်တော့ သေပြီပဲ။ မရှိတော့ဘူး။ သူက ကံရဲ့စွမ်းအားနဲ့ ကမ္မဇရုပ်နဲ့ တွဲလာတာ။

ဘာဖြစ်လို့တုံးဆိုလျှင် လူ့ဘဝမှာ အစဆုံးစိတ်လေးကို သန္ဓေစိတ်လို့ ခေါ်တာလေ။ ဘဝင်စိတ်ဆိုတာ တခြားစိတ်ကို ပြောတာ မဟုတ်ဘူး။ ပထမဆုံးဖြစ်တဲ့ ပဋိသန္ဓေစိတ်ကိုပဲ ဘဝင်လို့ နာမည်ပေးလိုက်တာ။ စဖြစ်တုံးက သူ့ကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်။ အဲဒီနောက်ကျတော့ သူ့ကို ဘဝင်လို့ နာမည်ပြောင်းခေါ်လိုက်တယ်။ နောက်ဆုံးနေ့ကျတော့ သူ့ကို စုတိလို့ ခေါ်ပြန်တယ်။ အဲတော့ သူက သုံးမည်ရ။ ဒီစိတ်ကလေးက တစ်ခုတည်းပဲ။ တစ်ဘဝမှာ ပြောင်းလို့မရတာ ဒီစိတ်ပဲ။ ဘယ်တော့မှ ပြောင်းလဲလို့မရဘူး။ ဘဝဆိုတာကို ဒီစိတ်နဲ့ ကန့်သတ်လိုက်တာပဲ။ သူက အကန့်အသတ်လေး လုပ်ပေးလိုက်တာ။

ဒါကြောင့်မို့ ပဋိသန္ဓေစိတ်မှာ ဉာဏ်မပါခဲ့ဘူးဆိုလျှင် တစ်သက်လုံးသွားရော။ သို့သော် သင်လို့ မရဘူးလားဆိုတော့ သင်လို့ရတယ်။ နောင်ဘဝမှာ အခြေအနေကောင်း ရနိုင်တယ်ပေါ့။ အဲဒီအဓိပ္ပာယ်ကို ပြောတာ။

+++++++++++++++++++++++++++++

ယခုပြဿနာ၌ ဘုရားဟော ဒေသနာများအား ကျမ်းဂန်အရှိအတိုင်း လက်မခံကြဘဲ မူလပါဠိတော်ကို ပြင်ဆင်ရာသို့ရောက်စေသည့် ဖွင့်ဆိုရေးသားမှုမျိုးကို မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့ခြင်း ရှိမရှိနှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ကြပါရန် စူဠမာလုကျသုတ်ကို ဆက်လက်ဖတ်ရှုစေလိုပါသည်။

စူဠမာလုကျသုတ်
မြတ်စွာဘုရား၏ စကားတော်များကို ပြင်ဆင်ခြင်း၊ သို့မဟုတ် အဓိပ္ပါယ်ကွဲလွဲအောင် ဖြည်စွက်ခြင်းများနှင့် ပတ်သက်၍ ဘုရားကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်မာလုကျပုတ္တမထေရ်အား ဟောကြားဆုံးမတော်မူသော မဇ္ဈိမပဏ္ဏာသပါဠိတော် စူဠမာလုကျသုတ်၌ ပါရှိသည့် စကားတော်များမှ အထူးသတိပြုထိုက်သည် ဖြစ်၍ အောက်တွင် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“မာလုကျပုတ္တ … အဘယ်ကို ငါဘုရား ဟောကားသနည်း ။ပ။ မာလုကျပုတ္တ … ထို့ကြောင့်သာလျှင် သင်တို့သည် ဤငါမဟောကြားသည်ကို မဟောကြားသည့်အတိုင်း မှတ်ကြကုန်လော့၊ ငါဟောကြားသည်ကိုလည်း ဟောကြားသည့်အတိုင်း မှတ်ထားကြကုန်လော့ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်ကြားတော်မူ၏။ အရှင်မာလုကျပုတ္တသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။”

ဤပါဠိတော်ကိုထောက်၍ ပိဋကစာပေတွင် အလွန်အရေးကြီးသော ဓမ္မသင်္ဂဏီနှင့် ဝိဘင်းကျမ်းကြီးများ၌ ထည့်သွင်း၍ မဟောခဲ့သည့် (ဟဒယဝတ္ထု)ကို ရုပ်တရားများအတွင်းသို့ တိုးဖြည့်ရန် သင့်လျော်ပါမည်လော။

ဒုတိယ မြို့ပြင်ကြီး ဆရာတော်ဘုရား (ကျမ်းဂန်ပေါင်း ၄၀ ကျော်)တို့ကို ကိုးကား၍ ရေးသားစီရင်တော်မူလျက် ဗုဒ္ဓသာသနာ့အဖွဲ့မှ ရိုက်နှိပ်သော အဘိဓမ္မတ္ထသရူပဒီပကကျမ်း(ဒုတိယတွဲ) စာမျက်နှာ – ၇၂၊ “ဟဒယဝတ္ထုရုပ် သဘောလက္ခဏာ”ဟူသော ခေါင်းစည်း၌လည်း –

မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးသည် ဓမ္မသင်္ဂဏီပါဠိတော်၌ (ဟဒယဝတ္ထု) ရုပ်ကို ဟောတော်မမူကြောင်း ဝန်ခံတော်မူပြီးနောက် ထိုကျမ်းကြီးကို တိုက်ရိုက်ပင်မပါရှိသော်လည်း အာဂုံအားဖြင့်လည်းကောင်း, ယုတ္တိအားဖြင့်လည်းကောင်း (ဟဒယဝတ္ထု) ရှိသည်အဖြစ်ကို သိကြောင်းဟုဆိုလျက် –

အာဂုံအားဖြင့် ပဋ္ဌာန်းပါဠိတော် နိဿယပစ္စည်းမှ အထက်၌ဖော်ပြခဲ့ပြီးသော (ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏ ဓာတုစ ဝတ္တန္တိ) အစရှိသော ပါဠိတော်ကိုပင် ကိုးကားဖော်ပြထားလျက် အနက်ပေးရာ၌လည်း (ယံရူပံ၊ အကြင်ရုပ်ကို။ နိဿာယ၊ မှီ၍၊ မနောဓာတုစ၊ မနောဓာတ်သည်၎င်း၊ မနောဝိညာဏဓာတုစ၊ မနောဝိညာဏဓာတ်သည်၎င်း။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။ (ပ) အစရှိသဖြင့် အနက်ပေးပြီးမှ –

ယုတ္တိကို ပြတော်မူရာ၌ ၎င်းကျမ်းစာမျက်နှာ (၇၄) ဒုတိယစာပိုဒ်တွင် “ထိုနှစ်ပါး (မနောဓာတ်နှင့် မနောဝိညာဏဓာတ်) တို့၏မှီရာ” ရုပ်အရကို ပထဝီစသောဘုတ်ကို ယူရအံ့လောဟူမူ – ယင်းတို့ကိုမယူရ၊ ၎င်းဘုတ်ကိုမှီ၍ဖြစ်သော ဥပါဒါရုပ်ကိုသာယူ – ဟူလေ၊ ဥပါဒါရုပ်အရကို ဥပါဒါရုပ်ရှိသမျှကို ယူရအံ့လောဟူမူ – နိပ္ဖန္နဖြစ်သော ဥပါဒါရုပ်ကိုသာ ယူ – ဟူလေ၊ ထိုဓာတ် နှစ်ပါးတို့၏မှီရာ ရုပ်အရကို နိပ္ဖန္နဖြစ်သော ဥပါဒါရုပ်ကို ယူရမည်ဟူ၍ ဆို၏၊ ထိုနိပ္ဖန္နဥပါဒါရုပ်အရကို ရူပကဏ္ဍ၌ ဟောတော်မူသော စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, ရူပ, သဒ္ဒ, ဂန္ဓ, ရသ, အာဟာရ, ဇီဝိတ, ဣတ္ထိဘာဝ, ပုမ္ဘာဝ ဟူသော ၁၃ – ပါးသော နိပ္ဖန္နဉပါဒါရုပ်တို့တွင် တပါးပါးကို ယူရအံ့လောဟူမူ – ယင်းတို့ကို မယူရ။ ယင်းတို့မှ တစ်ပါး တစ်ခြားနိပ္ဖန္နဖြစ်သော ဥပါဒါ ရုပ်ကိုသာ ယူ – ဟူလေ”။

အထက်ပါ အဆိုအမိန်အရ(ဟဒယဝတ္ထု)ရုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူသည့် ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍ၌လာသော မဟာဘုတ်ရုပ်လည်းမဟုတ်၊ မဟာဘုတ်ရုပ်ကို မှီ၍ ဖြစ်သော ဥပါဒါရုပ် (၂၃)မျိုးအတွင်း၌လည်း မပါရှိသည့် (အခြားတပါးသောရုပ်)ဟု ဆိုသဖြင့် ထိုအယူသည် ပါဠိပိဋကလာ ဒေသနာတော်နှင့် ညီညွတ်မှန်ကန်ပါသလားဆိုသည်ကို သမ္မာဒိဋ္ဌိသုတ်နှင့် ဆန်းစစ်ကြည့်နိုင်ပါသည်။

ထိုဒေသနာတော်အရ မဟာဘုတ်ရုပ်လေးပါးနှင့် ထိုမဟာဘုတ်လေးပါးတို့ကို မှီ၍ဖြစ်သော ဥပါဒါရုပ် (နှစ်ဆယ့်သုံး)ပါးကိုသာလျှင် (ရုပ်)ဟူ၍ ပညတ်ကြောင်း အလွန်ပင်ထင်ရှားနေပါသည်။

ယခုပြဿနာနှင့်စပ်လျဉ်း၍ (ဟဒယဝတ္ထု) ရုပ်ဟူ၍ မြတ်စွာဘုရား တိုက်ရိုက် ဟောကြားအပ်သော ပါဠိတော်မရှိဘဲ အဋ္ဌကထာနှင့် ဋီကာဆရာတို့၏ အယူသာလျှင်ဖြစ်ကြောင်းနှင့် အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရား ရေးသားတော်မူသော သင်္ဂြိုဟ်ဘာသာဋီကာကျမ်း၌ ရေးသားဖော်ပြခဲ့ပါသည်။

အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသား၍ အနောက်နိုင်ငံတလွှား၌ ကျော်ကြားခဲ့သော ပါဠိပိဋကပါရဂူတစ်ဉီးဖြစ်သူ ဉီးရွှေဇံအောင်ကလည်း (ဟဒယဝတ္ထု)ရုပ်ကို မြတ်စွာဘုရား ဟောကြားသော ပါဠိတော် မရှိဟူ၍ပင် အကျိုးအကြောင်းပြသ၍ ရေးသားခဲ့ပါသည်။

ထိုပြင် အနောက်နိုင်ငံများမှ ပါဠိပိဋက ပညာပါရဂူဖြစ်သော မစ္စက်ရိုင်းစဒေးဗစ်၏ သုတေသနပြုစုမှုများကို ကိုးကားလျက် ဉီးအေးမောင်ရေးသားသော (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ) ပဌမပိုင်းကျမ်း၏စာမျက်နှာ (၁၇၉) ၌လည်း အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

“အရှင် ဗုဒ္ဓဃောသနှင့် အခြား အဋ္ဌကထာဆရာတို့သည် မနောဝိညာဏ်၏ တည်ရာရုပ်မှာ ဟဒယဝတ္ထု (ဝါ) နှလုံးအိမ်ဖြစ်သည်ဟု ဖော်ပြကြ၏။ ဤအယူဝါဒသည် ဗုဒ္ဓမပေါ်မီက အိန္ဒိယပြည်၌ ရှိနှင့်ပြီးဖြစ်၏။ ရှေးဉပနိသျှကျမ်းများ၌ နှလုံးအိမ်ထဲတွင် အတ္တရှိကြောင်း ပြဆိုထားခြင်းကို ဖော်ပြခဲ့ဖူးပေသည်။ မစ္စက်ရိုင်းစဒေဗစ်၏ အဆိုအားဖြင့် ဤယူဆချက်ကို ပါဠိပိဋကစာပေ၌ လုံးဝမတွေ့ရချေ။ ပါဠိပိဋက၌ နှလုံးကို ယခုကာလလူများ နားလည်သကဲ့သို့ စိတ်နှလုံးငြိမ်းချမ်းခြင်း, စိတ်နှလုံးမြင့်မြတ်ခြင်း, နှလုံးသိမ်မွေ့ခြင်း စသည်ဖြင့် လောက ဝေါဟာရနှင့်အညီ သုံးစွဲထား၍ မနောဝိညာဏ်၏ တည်ရာဌာနအဖြစ် ပြဆိုထားခြင်းမရှိချေ”။ Mrs Rhys Davids, 1914 “Buddhist Psychology”

မိမိအနေဖြင့်မူ ဤဟဒယဝတ္ထုအယူမျိုးကဲ့သို့သော ပြဿနာများ၌ မြတ်စွာဘုရား၏ အလိုတော်သည် အဘယ်သို့ရှိသည်ကို နောင်လာနောင်သားတို့ တိကျမှန်ကန်စွာ ဆုံးဖြတ်နိုင်ကြစိမ့်သောငှာ ဉာဏ်တော်, တန်ခိုးတော်အရာတွင် အတုမရှိသော မြတ်စွာဘုရား၏ မဟာပရိနိဗ္ဗာနသုတ် မဟာမဒေသလေးပါး တရားတော်ကြီးနှင့် မှတ်ကျောက်တင်ကြည့်နိုင်ကြပါရန်လည်း စိတ်ကောင်းစေတနာမွန်ဖြင့် နှိုးဆော်အပ်ပါသည်။

မေတ္တာဖြင့်
Thein Naing Ohn(20.10.2020)

ဗုဒ္ဓအဘိဓမ္မာ နှင့် ဟဒယဝတ္ထုပြဿနာ
သခင်တင် (ယခင်ဒုတိယဝန်ကြီးချုပ်_၁၉၇၅ ခုနှစ်) ရေးသားပြုစုချက်အား ထပ်မံဖြည့်စွက်ရေးသား ဖော်ပြအပ်ပါသည်။

Ashin Sundara



The Mog Nation Wiki

Leave a comment