ရခိုင်စည် အမျိုးမျိုး

(The Mog Nation Wiki, an archive)


ရခိုင်စည် အမျိုးမျိုး

(ဆရာကြီး ဦးလုံး ရေးသားသည်)

ရခိုင်တူရိယာ များမှာ ကြေး ၊ ကြိုး ၊ သားရေ ၊ လေ ၊ လက်ခုပ်အခြေခံမှ သမိုင်းကြောင်းနှင့် ပေါက်ဖွားရှင် သန်လျက်ရှိသော တီးမှုတ်သည့်ကြိယာများ ဖြစ်ကြသည်၊

ယင်းတို့အနက် ရခိုင့်နည်း၊ ရခိုင့်ဟန်ကို အခြေခံသည့် ရခိုင်စည်မျိုးကို
(၁) အာတတစည် ~ အိုးစည်ကဲ့ သို့ တစ်ဖက်ပိတ်စည်၊
(၂) ဝိတတစည် ~ ပန်းတျားစည်ကဲ့သို့သော နှစ်ဖက်ပိတ်စည်၊
(၃) အာတတဝိတတ စည် ~ ထက်စည်ကဲ့သို့ အလုံးစုံကြက်သောစည်၊
(၄) ဃနစည် ~ မောင်း ၊ ကြေးနင်း ၊ ခွက်ခွင်းကဲ့သို့ တစ်ခဲ နက်သောစည်၊
(၅) သုသိရစည် ~ နှဲ၊ ပလွေ၊ ခရုသင်းကဲ့သို့သော အခေါင်းပါသည့်စည်ဟု တစ်နည်း၊
(က) မြှောက်စည် ( ဗဟိုရ်စည်)၊ (ခ) သံလွင်စည်၊ (ဂ) မရိုးစည် (စည်ဗြော)၊ (ဃ) စည်ပုတ်၊ (င) စည်ကြီး ( ရွန်းစည်)၊ (စ) ဒုံမင်း၊ (ဆ) စည်ပန်းတောင်း၊ (ဇ) စည်ဝမ်း၊ (ဈ) ပတ်သာ (ည) တစ်ဖက်စည်၊ (ဋ) ပန်းတျား စည်(ပန်းတျင်း) ၊ (ဌ) ပတ်စည်၊ (ဍ) စည်ချေ၊ (ဎ) စည်အိုင့်(အိုးစည်) ဟူ၍ တစ်နည်း ခွဲခြား သတ်မှတ်ထားကြသည် ။

ဖော်ပြပါ စည်မျိုးအနက် ဃနစည်၊ သုသိရစည်၊ တို့မှတစ်ပါး ကျန်သော စည်မျိုးများမှာ သစ်သားကိုထွင်းပြီး သားရေကြက်သော စည်မျိုးသာဖြစ်ကြသည်၊ ၎င်းတို့အပြင် ဒုပ္ပါစည်ကြီး၊ စိုင်( ဗုံရှည်စည်) ၊ ခတ်စည်၊ ကျင်စည် စသော စည်မျိုးများလည်း ရှိကြပေသည်၊

အိုးစည်ကို ပခုံးတွင်သိုင်း၍ လွယ်ထားရကာ
“ ပေါင်းပလောင်း ပေါင်း ( ပေါင်းကျမ်းလာလတ် )၂
ပတ်ကေ ပတ်ကေပေါင်း ၊ ညာခြီ ညာလက်ပြောင်း
ပတ်ကေ ပတ်ကေပေါင်း ၊ ဘယ်ခြီဘယ်ခြီပြောင်း
ရခိုင်ရိုးရာ ညာခြီညာလက် ၊ ဘယ်လက်ဆန့်တန်း ဘယ်ခြီမှန်
သိုင်းကွက် ဒုံးဟန် တန်းကိုပြောင်းလို့ တဖြောင်းဖြောင်း လက်ခုပ်သံ
တီးကွက်မှန်မှန် ခါးကိုနွဲ့လို့ ဦးခေါင်းလည်းငဲ့ နောက်ပြန်နီ
ဖနောင့်ချချီ အသာမြှောက်လို့ လက်နောက်ဆန့်ကွေး ထိုးရေပိုင်
အိုးစည်ရခိုင် ပတ်ပလောင်းပေါင်း ” ဟူသော သီချင်း(အခြင်း) နှင့် လိုက်ဖက်သည့် အသံထွက်အောင် လင်းကွင်း ၊ မောင်း နှင့် တွဲဖက်တီးရသည်၊
နှစ်ဖက်ပိတ်စည်များကို အများအားဖြင့် ပိတောက်သားကိုတွင်းပြီး ဆိတ်သားရေတစ်ဖက်၊ နွားသားရေ တစ်ဖက်ကြက်ရသည်၊

ဆိတ်သားရေ ကြက်သည့်ဖက်ကို “စောင်” ဖက်၊ နွားသားရေကြက်သည့်ဖက်ကို “ဗြိန်း” ဖက်ဟု ခေါ်သည်၊ “ဗြိန်း”ဖက်ကို ခွေခွေပုံ ( သို့မဟုတ် ) ဆင်စွယ်ပုံ မကျည်းကိုင်းကို ပြုလုပ်ထားသော တီးတံ ဖြင့် ပြင်းပြင်း တီးရသည်၊ “စောင်” ဖက်ကိုမူ စည်၏ မျက်နှာပြင် အနားစပ်၌ လက်ဖြင့် သာသာလျှော့၍ တီးရသည်၊ စည် နှစ်လုံး သုံးလုံးနှင့် ယင်းထက်အများ ပြိုင်၍တီးရာ၌ အများအားဖြင့် “စောင်”သံကို တစ်ဦးတည်းက တီးပြီး အဖွင့် “ဗြိန်း” ကိုမူ အသံ ပြွတ်သိပ်ထွက်အောင် တပြိုင်တည်းမှာ ပြိုင်တူမကျစေဘဲ တစ်ချက်နောက်မှ တစ်ချက် ‘ ဗရိန်း … ဗရိန်း … ’ ဟု အသံစီ၍ ထွက်အောင် တီးရသည်၊

စည်ကြီး၏မျက်နှာပြင် နှစ်ဖက်သာရှိသော်လည်း ခုနစ်သံထွက်အောင် ပညာသားပါပါ တီး၍ရနိုင်သည်၊ စည်ကြီး၏မျက်နှာပြင် တစ်ဖက်တွင် အနားစကို တီးသောအခါ အသံတစ်သံ၊ အတွင်းဖက်ကိုတီးသောအခါ တစ်သံနှင့် အလယ်တည့်တည့်ကို တီးသောအခါ တစ်သံ အားလုံး သုံးသံဖြစ်ပြီး နှစ်ဖက်ပေါင်း ခြောက်သံ၊ ဘယ် နှင့် ညာ ပြိုင်တီးလျှင် နောက်ထပ်တစ်သံ ထွက်ပြန်သဖြင့် စုစုပေါင်း (၇) သံ ဖြစ်လေသည်၊ မင်္ဂလာရှိသော ပွဲများ၌ စည်များကို စည်ဝတ် ခါးပုံကြိုး၊ ရင်သိုင်းဘူးပွင့်တွဲ အစရှိသည့် စည်အဝတ်အစား များဖြင့် စည်ရော တီးသံပါ ဆင်ယင်ရသည်၊ တစ်မျိုးလည်း ဗျာလရုပ်ဆင်သည့် ပန်းပွတ်စည်တန်းတွင် တွဲ၍ တီးကြလေသည်၊

ကောင်းမှုကုသိုလ်ပြုသည့်အခါ ယင်းကောင်းမှုနှင့် ပက်သက်သည့် တီးလုံး၊ တီးကွက်များပေါ်အောင် “စောင်” ဖက်ကို လက်ဖျားနှင့် အခြင်းဖော်ပြီး “ဗြိန်း” ဖက်ကိုမူ ရစ်သံဖြင့် စည်းဝါးကျကျ အလိုက်တီးပေးကြရသည်၊ ယင်းတီးကွက်များ ၏ ပဏာမ စည်ခြင်းများမှာ
(၁) အဘိ ( ဉာဏ်ရောင်)၃ ထိန်လင်းပြောင် – – ဗြိန်း စောင် (စောင်)၄ (ဗြိန်း)၂
(၂) အခေါင် ( ရာလေ )၃ ၊ စိုးရှိန် ၊ မာရဇိန် — ဗြိန်းစောင် (စောင်)၃ ၊ (ဗြိန်း) ၂
(၃) အစိန္တေယျ – တုမရ ဗြိန်းစောင်(ဗြိန်းစောင်)၂ ဗြိန်းစောင် (ဗြိန်း)၂
(၄) လောကေ ( ရာလေ ) ၂ ၊ မြတ်ဘုရား – ဗြိန်းစောင်(စောင်)၃ (ဗြိန်း)၂ စောင်

တစ်ချို့ စည်ခြင်းများမှာ သီချင်းလည်းမဟုတ်ဘဲ တစ်ဖက်သားကို ထိခိုက်နာကျင်စေသည့် အဓိပ္ပါယ်ဆောင်သော တီးချက်များဖြစ်သည်၊ ရှေးအခါက ပွဲတော်များတွင် တစ်ရွာနှင့်တစ်ရွာ တစ်ဖက်နှင့်တစ်ဖက် ဆဲဆိုသည့် ဖရုသ ဝါစာ စည်ခြင်းများကို တီးကြရာ အချင်းချင်းပင် ယင်းအဓိပ္ပါယ်ကို နားလည်ကြသည် ဟူ၏၊

စည်ကြီးများကို ခရာကောက်၊ ခရာမြွာ၊ နှဲ ၊ ပြွီ စသော လေမှုတ်တူရိယာများ၊ ခွက်ခွင်း(ဂိမ်းဂေါင်) ၊ မောင်းစသော ကြေးသားတူရိယာများ၊ ဒူလောင်း၊ မိကျောင်းစသော ကြိုးတပ်တူရိယာများ၊ လင်းကွင်း၊ စည်းစုပ်၊ ဝါးလက်ခုပ်များနှင့် တွဲဖက်တီးရပေသည်၊ အသံထုကြီးမားသော ဒုပ္ပါစည်ကြီးကိုမူကား လူအုပ်ကြီးမားသော ရထားပွဲကဲ့သို့သော ပွဲကြီးများတွင် ပိန်ပေါင်ခရာ၊ လင်းကွင်း၊ မောင်းတို့နှင့် ဆူညံထိုးဖောက်၍ တီးမှုတ်ကြရသည်၊

“ ကုံရာသီလွဲ ၊ တပို့တွဲသည် ၊ လွမ်းဖွယ်ပင်ပျော်ရွှင် လူ့ရပ်ပြီ ရထားသဘင် နှစ်စဉ်ငင်သည် သောင်းခွင် လူ့ပြည်ထက် ရွှင်ပျော်ဖွယ်လူတို့၌ ရာဇဌာနီ မင်းနေပြည်ကို ထိုထိုဇနပုဒ်၌ ကျူးသံရစ် ထိန့်ထိန့်ဆူ သမုဒ္ဒရာ ယမုနာသည် သီတာချောင်းခြားယူခ၊ များလူရွှင်ပျော်သောင်းသဲ ပိန်ပေါင်စရာ စည်ဒုပ္ပါသည် ပတ် သာမြို့လုံးခြုံမျှ ” ဟူသော ဥက္ကာပျံ၏ ရတုသည် တပို့တွဲရထားပွဲကို ဒုပ္ပါစည်နှင့်သာ ပျော်ရွှင်စရာ ထိုးဖောက်နိုင်ပုံကို စပ်ဆိုထားခြင်း ဖြစ်တန်ရာ၏၊ ရခိုင်ရှေးဟောင်း လူးတားတစ်ပုဒ်၌လည်း “ ရခိုင်မြတ်လှ ထွန်းပမြို့တော်၊ သာဓု ခေါ်၍ ဟစ်ကြော်သောင်းသောင်း၊ လူပေါင်းအသံ စည်သံဒုပ္ပါ ခရာခေါင်း လောင်း သံစည်မောင်းနှင့် ”ဟူ၍ ဒုပ္ပါစည်ကြီး အကြောင်း ထည့်သွင်းဆိုထားသည်ကို တွေ့ရပေသည်၊

ပန်းတျားစည် ( ပန်းတျင်းစည်) အမျိုးအစားကား နှစ်တောင်လောက်ရှည်ကာ တစ်ထွာနှင့် လက်လေး လုံးခန့်ရှိသော မျက်နှာဝနှင့် နှစ်ဖက်ပိတ် စည်သံမျိုး အသံချိုသာပြီး စူးရှစွာမြည်သည်၊ နတ်ပန်းတျား၊ သမက်တက်ပန်းတျား ဟူ၍ နှစ်မျိုးရှိသည်၊ ဒေဝတာဗလိပူဇော်သော နတ်ကန္နားပွဲများ၌ နတ်ပန်းတျားကို တီးခတ်လေ့ ရှိသည်၊ သမက်တက်ပန်းတျား၏ တီးကွက်မှာ ဇမ္ဗုသပြေရွက် လေခတ်သံနှင့် လှုပ်ရှားသံမျိုးဖြင့် တီးရသည်၊ ရခိုင်သမက်တက်ပွဲ (ထိမ်းမြားမင်္ဂလာပွဲ)သို့ လိုက်ပါကြသော အမျိုးသမီးတို့၏ ခြေလှမ်းကိုလိုက်၍
(၁) စောင် — စောင် ဗြိန်း — ဗြိန်း — ဗြိန်း —
(၂) စောင် — ဗြိန်း — ဗြိန်း– ဗြိန်း ဟူ၍ သမက်တက်သွားစဉ် တီးခတ်ရပြီး ၊ သမက်တက်ပွဲပြီးသည့်အခါ
(၁) စောင် — စောင် — ဗြိန်း —ဗြိ့န်း — ဗြိန်း —
(၂) စောင် — ဗြိန်းစောင် — ဗြိန်းစောင် — ဗြိန်း ဟူ၍ တီးခတ်လေ့ရှိသည်၊

သမက်တက်ပွဲ၌ ပန်တျားစည် ငါးလုံးမှ ဆယ့်တစ်လုံးထိ တီးခတ်နိုင်သည်၊
“စိုင်” ခေါ် “ ဗုံရှည် ” ကို ပခုံးတွင် ဟန်ကျကျလွယ်၍ ကဟန်၊ ကလက်နှင့် တီးနိုင်သည် “ ဗယ်ဗယ် ပေါင် ၊ ဗယ်ပေါင်း၊ ဗေ – ပေါင်း ” ဟု အသံမြည်အောင် ပတ်စာတင်၍ တီးရသည်၊ ဗုံရှည်ကို နှစ်လုံးထက် မနည်းဘဲ စည်းဝါး လေးလေးဖြင့် ပြိုင်ချကာ သံချပ်ဝိုင်းအတွက် တီးပေးပြီး သံချပ်ဆုံးသောအခါ
( ဗြောင်းပေ ဗြောင်း) ဟု အထပ်ထပ် အခါခါ သွက်လက်စွာ လင်းကွင်း၊ မောင်း၊ ဝါးခက်ခုပ်နှင့် အမြူးတီးကြရပေသည်၊ ရခိုင်ပြည်အချို့သော ဒေ သများ၌ ဗုံရှည် အမြည်ပြိုင်ပွဲများကို ဆုကြီးဆုကောင်းများ ချီးမြှင့်၍ ကျင်းပလေ့ရှိကြသည်၊

စည်ပတ်သာမူကား ထူးခြားသော စည်တစ်မျိုးဖြစ်သည်၊ အလျားနှစ်တောင်နှင့်အချင်း တစ်ပေသုံး လက်မရှိသော လေပေါက်သံထွက်သည့် မျက်နှာဝ တစ် ဖက်နှင့် တစ်ပေခန့်ရှိ အသံထွက်မှန်သည့် မျက်နှာဝ တစ်ဖက်ရအောင် ပါးလွှာ သောသားရေကို နှစ်ထပ်စီထပ်၍ ကြက်ပေးရသည်၊ ယင်းပတ်သားကို သားရေကြက်သည်မှ ပတ်စာတင်ပြီးသည်အထိ အမှုကိစ္စကို လူသူကင်းမဲ့သောနေရာတွင် စည်းတားကာ ပွဲတင်၍ ဆောင်ရွက် ကြရပေသည်၊

ပတ်စာမှာ ဗုံအမျိုးမျိုး၌ အသုံးပြုသော ပြာနုနှင့်ထမင်းစေ့မျိုး ( သို့မဟုတ်) နိုင်လွန်ပတ် စာမျိုးမဟုတ်ချေ၊ အနီရောင်ရှိကာ ချောမွတ်သော “ ဂနီ ” ကျောက်ပွကို မွတ်ညက်အောင်ပြုလုပ်ပြီးမှ ကောက်ညှင်းကို အဖန်ဖန် ကြိတ်သော ကော်စေးဖြင့် သမလျှက် ပတ်သာ၏ မျက်နှာတစ်ဖက်တွင် တစ်ဝန်းလုံးပြည့်အောင် (အမြဲတမ်း ပတ်စာအဖြစ် ) ဖြန့်၍တင်ထားလိုက်သည်၊ အခြားသော သားရေဗုံးများကဲ့သို့ ပတ်စာတင်ခြင်း၊ ခွါခြင်း မပြုလုပ်ရဘဲ တစ်ခါသာ ပတ်စာတင်ပြီး ယင်းပတ်စာ ပျက်စီးသည်အထိ အသုံးပြု တီးခတ်နိုင်သည်၊ သို့သော် တစ်ခါတစ်ရံ သားရေလျှော့ခြင်း တင်းခြင်းကြောင့် လေပေါက်နှင့် သံမှန်သံမှား ယွင်းသွားပါက စည်ကြိုးများကို ဆွဲတင်း၊ လျှော့ချခြင်းဖြင့်သာ အသံညှိခြင်းမှာ ပညာသားပါလှပေသည်၊

ပတ်သာကို တီးလိုက်လျှင် ဗြီးပန်ပန် အသံထွက်သည်ဟု ရခိုင်နားက မြည်သံစွဲကြသည်၊ ယင်းပတ်ခြင်းမှာလည်း အဓိပ္ပါယ်ပါ စကားလုံးများကို ဆန်တီး မြည်ဟီးသည်ဟု ဆိုကြသည်၊ တစ်ခါက ပွဲတစ်ခုသို့ ခရီးအတူ သွားကြရာ ချောင်းတစ်ဖက်ကို အလျင်ရောက်နှင့်သော “ ဟာလူ ” က “ ဗြီး ပန်ပန်ပန် – ပန်ပန်ဗြီးဗြီး ” ဟု တီးခတ်သည့် အသံကို ချောင်းတစ်ဖက်မှ မကူးနိုင်သေးသော “ယောက်ဖ ” က ‘ ပတ်ကိုဂေါင်းတင် အလျင်လာလတ် ’ ဟု အဓိပ္ပါယ်ပြည့်အောင် ကြားသော်လည်း ရေပြည့်သောချောင်းကို မကူးနိုင်သေးသဖြင့် ‘ ပန်ဗြီးဗြီးပပန် – ဗြီးပပန် ’ ဟု မိမိမှာရှိသော ပတ်ကိုသာ ပြန်တီးလိုက်ရာ ရောက်နှင့်ပြီးသော ‘ ဟာလူ ’ ကလည်း သူ့ယောက်ဖ တီးသံမှာ ‘ ငါလည်းမတတ်နိုင် င့ါလချိုင် ’ ပင်ဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆို ကောက်ယူနိုင်သည် ဟူ၏၊

ရခိုင်ရိုးရာ စည်အမျိုးမျိုးနှင့် ဆိုဟန် တီးကွက်က ကကွက်များမှာ ဝေသာလီခေတ်ကပင် စတင်ပေါ် ပေါက်လာ၍ မြောက်ဦးခေတ်သို့ တိုင်အောင် ဆန်းသစ်လာပြီး ကိုလိုနီခေတ်မှစ၍ တစစ မှေးမှိန်ခဲ့ရလေသည်၊

ဆရာကြီး ဦးလုံး
ကျမ်းကိုး
၁ ။ ဦးအောင်သာဦး ၊ ရခိုင်ယဉ်ကျေးမှု ( ဝေသာလီခေတ် ၊ အမှတ် – ၁ )
၂ ။ မြန်မာ့စွယ်စုံကျမ်း အတွဲ – ၄
( မုနိမြေမဂ္ဂဇင်း အမှတ် (၄) ၊ ၁၉၉၉ မှ ထုတ်နှုတ် ဖော်ပြပါသည် )



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s