(The Mog Nation Wiki, an archive)

“ငြိမ်းချမ်းရေးဗိုက်ပူမ”
စစ်အင်အားအခြေခံ နိုင်ငံရေးကစားကွက်များကြားထဲတွင် အသားမကျမှုများသည် လူမှန်နေရာမှန်ဖြစ်ရန် ကြိုးစားရင်း ငြိမ်းချမ်းရေးကိုယ်ဝန်သည်လည်း နောက်ထပ်တကြိမ် မွေးဖွားခါနီးချိန်သို့ ချဉ်းကပ်လာခဲ့လေပြီ။ သည်ကြားထဲ သူခိုးကလူလိုမဟစ်တတ်လျှင် နေရာမရသောခေတ်၌ ရာသီဥတုဖောက်ပြန်မှုများအောက်တွင် ယမ်းနံ့ပြင်းပြင်းဖြင့် ဖျော်စပ်ထားသော ပလာစီဘို Placebo ဆေးခါးကြီးတခွက်အား ပါးစပ်ကို အတင်းညှစ်၍ဖြဲတိုက်ခြင်းခံလိုက်ရသေးသည်။
တကွက်ရွှေ့မှား၍ ရှုံးနိမ့်သွားသော စစ်တုရင်ကစားသမားမဖြစ်စေရရေးအတွက် လက်ထဲကကျစ်ကျစ်ကိုင်ထားသော မည်သည့်အရာကိုမဆို စွန့်လွှတ်လိမ့်မည်မဟုတ်ဆိုသည်ကို Chess ချက်စ်သမားတိုင်း ခံစားနားလည်ဖူးကြသည်။ သစ်ရွက်တရွက်ကြွေသံကိုတောင် သတိထားနေရသည့်အချိန်တွင် လမ်းမထက်၌ ဆားငံရည်ကိုနမ်းရှိုက်ထားသော ငြိမ်းချမ်းရေးဗိုက်ကြီးသည်၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရသေးသည်။
လက်ရှိအနေအထားအရ “မူနှင့်လူမပြောင်းလဲသရွေ့ ကိုယ့်အိမ် ကိုယ့်ရွာ အခြေလှစေရေးအတွက် ကျနော်တို့ ကိုင်ထားသောပစ္စည်းများ သစ်ရန်နှင့် Ready, Unity, Automatic and All-inclusive ဖြစ်ရန်သာလိုအပ်သည်”။ ထိုအရာများပြည့်စုံရန်အတွက် ကျနော်တို့သည် လိုအပ်လျှင်လိုအပ်သလို ဘဝတူ(သို့မဟုတ်) ဘဝမတူသော်လည်း ဘုံရည်မှန်းချက်တူသူများနှင့် ထမင်းပေါင်းဆက်လက်စားကြအုံးမည်။
ဗိုက်ပူမလူသားတယောက်အဖို့ ကိုးလလွယ်ဆယ်လဖွားဆိုသည်မှာ ခြွင်းချက်အနည်းငယ်မှလွဲ၍ အမြဲတမ်းနီးပါး မှန်ကန်နေသည်။ လိုတိုးပိုလျှော့ တပတ်အလို၊ တပတ်နောက်ကျလျှင် လူ့လောကကိုအလှဆင်မည့် ကလေး တယောက် မွေးဖွားနိုင်သော်လည်း ငြိမ်းချမ်းရေးဟူသည် ငြိမ်းချမ်းရေးသန္ဓေတည်ပြီးမှစ၍ Due Date ဆိုသော တိုက်ခိုက်နေကြသူနှစ်ဦး၏ အခိုက်အတန့် မည်ရွေ့မည်မျှကြာမြင့်သည်၊ ညှိနှိုင်းဆောင်ရွက်မှုများ မည်ရွေ့မည်မျှ ခရီးပေါက်ပြီး နှစ်ဦးနှစ်ဖက်ယုံကြည်မှု ဘယ်လောက်တည်ဆောက်၍ ရသည်ဆိုသည့်ရလဒ် အပေါ်တွင်သာ မူတည်သည်။ အပြောလွယ်၍ အလွယ်ပြောတတ်သောသူနှင့် သူ့နေရာတွင် ငြိမ်းချမ်းရေးကို အလွယ်တကူရှာတွေ့လိမ့်မည်မဟုတ်။
အမှည့်လွန်သည့်အပြင် သက်တမ်းကုန်ဆုံးတော့မည့် အစိုးရလက်ထက် ဖဲကြိုးများလည်း တရက်ပြီးတရက် ကာလာစုံသထက်စုံလာနေခဲ့သည်။ ကသောင်းကနင်း ဗလောင်းဗလဲစကားလုံးတွေနှင့် မုသားပျားသံပရာဖျန်းထားသော ငြိမ်းချမ်းရေးအား ကာလာစုံဖဲကြိုးမွေးခန်းထဲတွင် Dute Date မွေးဖွားချိန်မရောက်ဘဲမွေးဖွားရန် အတင်းအဓမ္မကြိုးစားကြမည်ဆိုပါက ငြိမ်းချမ်းရေး သားလျှော သားပျက်သွားပြီး Aborted Peace ဖြစ်သွားရန် လက်တကမ်းအလိုသို့ ရောက်သွားနိုင်ကြောင်း သမိုင်းကသက်သေထူပေးထားသည်။
ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
September 26, 2015, Saturday တွင်ရေးသားခဲ့သည်ကို လက်ရှိအခြေအနေနှင့် လိုက်လျောအောင် ပြင်ဆင် ဖြည့်စွက်ရေးသားထားပါသည်။
Dr Nyo အား စာရေးရန် ပူဆာကြသော မိတ်ဆွေများအတွက် စာအသစ်မရေးဖြစ်၍ အဟောင်းကိုပြုပြင် ရေးသားထားခြင်းဖြစ်ပါသည်။
သာလီစွပါ- အဆွီ
၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၇) ရက် ၊ ဗုဒ္ဓဟူးနေ့။

End Notes and External links
- source: ” u uuu u “
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter