(The Mog Nation Wiki, an archive)

NUG အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ကရင်နီပြည်အစိုးရ ကန့်ကွက်စာထုတ်ပြန်
26 April 2022 By MPA
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေး၀န်ကြီးဌာနက ကန့်ကွက် ကြောင်းထုတ်ပြန်စာတစ်စောင်ကို ဧပြီ ၂၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၏ ၂၂- ၂-၂၀၂၁ ရက်စွဲပါ စာအားရည်ညွန်း၍ ၂၀၂၂ ဧပြီ ၁၄ရက်နေ့တွင် ဒီးမောဆိုးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ကြားကာလ ရပ်ကျေး/ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန် ထုတ်ပြန်ကြေညာခဲ့သည်။
အလားတူ ဧပြီလ ၂၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများကို စုစည်း၍ CDM ဝန်ထမ်းများ၏ အရေးကိစ္စများနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ မြေပြင်အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ အား ဖွဲ့စည်းတာဝန် ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းသို့ထုတ်ပြန်ချက်များ လက်ရှိ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကရေးဆွဲပြီး ပြည်သူ့ညီလာခံမှ အတည်ပြုထားသော ဖက်ဒရယ်ဒီမိုကရေစီ ပိဋိဉာဉ်အပိုင်း-၂၊ အခန်း(၈)ပါ ပုဒ်မ (၅၂)၊(၅၃) အရ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပေဒပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍတွင်ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်နေကြောင်း ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေး၀န်ကြီးဌာန၏ ကန့်ကွက်စာတွင် ပါရှိသည်။
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနထုတ်ပြန်စာတွင် NUGအစိုးရ၏ စိုးမိုးနယ်မြေများနှင့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ၏ လစ်လပ်သွားသော အုပ်ချုပ်ရေးယန္တရားတွင် အစားထိုးဝင်ရောက်၍ အုပ်ချုပ်ရေး၊ လုံခြုံ ရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်နှင့် ပြည်နယ်ကောင်စီများ၏ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုး ပေးနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ အား ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်းပါရှိသည်။
ကရင်နီပြည်နယ်အတွင်း ယခင်ကတည်းကဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီစသည်တို့ဖြင့် တစ်စုံတစ်ရာ ကျေလည်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုပဲ ဖွဲ့စည်းတည်ဆောက်ထားသည့် မည်သည့်အုပ်ချုပ်ရေးအဖွဲ့ကို မဆိုလက်ခံသွားမည်မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာမှာ အမြန်ဆုံးပြန်လည်ရုပ်သိမ်းသွားရန် ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေး၀န်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
NUG #ကရင်နီပြည် #NUCC #MPA #Myanmar
End Notes and External links
- source: “NUG အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ကရင်နီပြည်အစိုးရ ကန့်ကွက်စာထုတ်ပြန်” | Myamar Pressphoto agency | on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

