(The Mog Nation Wiki, an archive)
ဆွာဆတိက လို့ခေါ်တဲ့ စကြာတံဆိပ်သင်္ကေတဟာ အရှေ့တိုင်းဘာသာတရားနဲ့ ယဉ်ကျေးမှုဓလေ့တွေမှာ ကောင်းမြတ်သောအောင်ခြင်းမင်္ဂလာကို ရည်ညွှန်းပါတယ်။ အာရိယာန်အနွယ်တွေရဲ့ ရှေးကျသော အမှတ်သင်္ကေတလည်းဖြစ်ပါတယ်။ အာဒိစ္စဝံသလို့ခေါ်တဲ့ နေမျိုးနွယ်တွေကို ကိုယ်စားပြုတဲ့ နေမင်းသင်္ကေတလည်းဖြစ်ပါတယ်။ မူလအစမှာ အပေါင်းလက္ခဏာလို ကြက်ခြေခတ် (+) အဖြစ်စတင်သုံးတယ်။ (+) ဆိုတာ လည်း အက္ခရာတွေရဲ့ အမွန်အစ (ကကြီး အက္ခရာ) ရဲ့ သင်္ကေတပါပဲ၊။ ကကြီးရဲ့ သင်္ကေတက အဦးအမွန်ဖြစ်ခြင်း လောကကိုအောင်နိုင်ခြင်းတွေကို ဖော်ကျူးပါတယ်။ (+) လက္ခဏာဟာ နောက်ပိုင်းမှာတော့ နေမင်းသင်္ကေတ ဖြစ်လာသလို လက်တံတွေကို ကွေးလိုက်တဲ့အခါမှာ လည်ပတ်ခြင်းကိုကိုယ်စားပြုတဲ့ ဘီးသင်္ကေတ (စက္က/ချက္ကရ) ဖြစ်လာတယ်။ ဂျိန်းဘာသာ နဲ့ ဗုဒ္ဓဘာသာတွေမှာ အလေးအမြတ်ပြုသုံးကြပါတယ်။ ဂျိန်းမုနိတွေရဲ့ လောကကို အောင်နိုင်ခြင်း နဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ သစ္စာလေးပါးမြတ်တရားဘီးကို လည်ပတ်စေခြင်းသဘောတွေမှာ စကြာသင်္ကေတကို အသုံးပြုကြပါတယ်။
အထူးသဖြင့်တော့ ရှင်တော်ဗုဒ္ဓရဲ့ ခြေတော်ရာတွေမှာ အသုံးပြုကြတယ်။ ခြေချောင်းတော်တွေတိုင်းမှာ ဆွာဆတိက ကို ဖော်ပြတယ်။ ဖဝါးတော်ရဲ့ အလယ်ဗဟိုမှာတော့ အကန့်၁၀၀၀ ရှိတဲ့စကြာဘီး ကို ဖော်ပြတယ်။ လောက၃ပါးကို အောင်နိုင်သူ မြင့်မြတ်သော လာခြင်းကောင်းတော်မူသော တထာဂတအရှင်မြတ် ဆိုတာကိုရည်ညွှန်းပါတယ်။ ခြေတော်ရာတွေဟာ ကြွရောက်လာခြင်းသဘော ထွက်မြောက်တော်မူသွားခြင်းသဘောတွေအားလုံးကို ရည်ညွှန်းပါတယ်။
ဗုဒ္ဓဝင်စာပေတွေမှာလည်း ကောဏ္ဍညပုဏ္ဏားဟာ ဘုရားလောင်းကလေးငယ်ရဲ့ ခြေတော်ရာမှာ စကြာလက္ခဏာကိုတွေ့လို့ စကြဝတေးမင်းမဖြစ်နိုင် ဘုရားဧကန်ဖြစ်မယ်လို့ ဟောကြောင်း ဆိုထားတာရှိတယ်။ ဒီလိုမျိုး စကြာလက္ခဏာဟာ မြင့်မြတ်သော သဘောကိုဆောင်ပါတယ်။
ဆွာဆတိက ကံဆိုးမိုးမှောင်ကျရတာကတော့ ကမ္ဘာဖျက်မဲ့အာဏာစက်ပိုင်ရှင် ဟစ်တလာက ရှေးဟောင်း အာရိယာန်လူမျိုးတွေရဲ့ သင်္ကေတအဖြစ် ဆွာဆတိက ကို ယူသုံးလိုက်တော့ နာဇီတံဆိပ်အလံ ဖြစ်သွားရတာပါပဲ။ တကယ်တော့ အာရိယာန်လူမျိုးအယူအဆကို အခြေခံတဲ့ သီအိုဆိုဖီအသင်းကြီးရဲ့ တံဆိပ်တော်မှာလည်း ထိပ်ဆုံးမှာ ဆွာဆတိက ကို ထည့်သွင်းဖော်ပြထားတာပါပဲ။ ဟိန္ဒူ ဂျိန်း ဗုဒ္ဓ ဘာသာတွေကိုလည်း ကိုယ်စားပြုနေပါတယ်။ နာဇီပါတီ ရဲ့ လုပ်ရပ်တွေက သိပ်ကိုရက်စက်လူသားမဆန်လွန်းတော့ ဟစ်တလာယူသုံးခဲ့တဲ့ ဆွာဆတိက ဟာ ရက်စက်ခြင်းလူသားမဆန်ခြင်းတွေရဲ့ သင်္ကေတလိုဖြစ်ခဲ့ရပါတယ်။ လူညီရင်ဤကိုကျွဲဖတ်နိုင်တယ် ဆိုတဲ့သဘောကလည်းရှိတာကြောင့် အများစုသိရှိနေတဲ့ မကောင်းတဲ့အတိတ်နိမိတ်အဓိပ္ပာယ်တွေကပဲ မြင့်မြတ်တဲ့ ဆွာဆတိကသင်္ကေတကို အရိပ်မိုးလို့နေပါတော့တယ်။
နာဇီပါတီတံဆိပ်တွေကလည်း သူ့ခေတ်နဲ့သူ အတော်ဂေါ်တယ်လို့ ဆိုရမလို နာဇီစစ်ဗိုလ်တွေရဲ့ ဝတ်စားဆင်ယင်မှုဟာ အတော်စမတ်ကျတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း နာဇီတံဆိပ်တွေသင်္ကေတတွေကို ရူးသွပ်သူတွေ စုဆောင်းသူတွေ ရှိကြတယ်။ အဆင်တန်ဆာအဖြစ် အသုံးပြုကြတယ်.. ဒါကို နာကျင်ခံစားရသူတွေဘက်ကလည်း ဒါတွေကိုမြင်ရတာကိုက အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ပါပနိမိတ်ဆိုးကြီးလိုပဲ ခြောက်လှန့်နေတာဖြစ်လို့ နာဇီဒဏ်ခံခဲ့ရတဲ့ လူ့အဖွဲံအစည်းတွေဟာ ဆွာဆတိက ကိုပါ ရောပြီး မုန်းကြပါတယ်။ တကယ်တော့လည်း လူလုပ်သင်္ကေတတွေဟာ လူတွေပေးအပ်ထားတဲ့ အဓိပ္ပာယ်တွေပဲရှိတာမို့ လူတွေအတွက် နာကျင်စရာဖြစ်စေရင်တော့ အခြေအနေအချိန်အခါနဲ့ ဝန်းကျင်ကိုလိုက်ပြီး ချိန်ဆသုံးစွဲကြရမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း စကြာတံဆိပ်မြင်တိုင်း နာဇီမလုပ်ကြဖို့လိုအပ်ပါတယ်။ ဒါဟာ ဓမ္မဘာသာတရားကြီးတွေရဲ့ အလွန်မြင့်မြတ်သော ရှေးဟောင်းသင်္ကေတတံဆိပ်တော်တစ်ခုဖြစ်လို့ပါ။
Lynn Htet Swe
16 April 2022




End Notes and External links
- source: on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

