(The Mog Nation Wiki, an archive)
မြောက်ဦးမှ ဦးမောင်ကြီးလှမှာ မလိုလားအပ်သည့် မတော်တဆမှုဖြင့် သေဆုံးခြင်းဖြစ်ဟု AA ပြော၊ မိသားစုများ လက်မခံ
Western News – ဧပြီ၊ ၅ ရက်
ULA/AA မှ ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့သည့် မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်တွင်နေထိုင်သူ ဦးမောင်ကြီးလှကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် မြောက်ဦးဆေးရုံ၌ သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
မိသားစုများတွေ့ရှိခဲ့သည့် သေဆုံးသူ ဦးမောင်ကြီးလှ၏ ခန္ဓာကိုယ်မှာ အညိုအမဲစွဲနေမှုများ၊ ဒဏ်ရာဒဏ်ချက်များ များစွာရှိနေပြီး စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားကာ ယခုကဲ့သေဆုံးမှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြောင်း မိသားစုဝင်များမှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဗီဒီယိုဖိုင်တင်၍ ပြောဆိုမှုတို့ရှိခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပြည်သူများအကြားတွင် ULA တရားစီရင်ရေးနှင့်ပတ်သက်၍ ဝေဖန်မှုတို့မြင့်တက်ခဲ့ပြီး ဖြေရှင်းပေးရန် တောင်းဆိုမှုတို့အများအပြားရှိခဲ့သည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ပြုလုပ်သည့် ရက္ခိုင့်တပ်တော် AA၏ သတင်းစာရှင်းလင်းပွဲတွင် လူသတ်အလောင်းဖျောက်သည့် ပြစ်မှုတစ်ခုနှင့် စစ်ဆေးမေးမြန်းရာ ရောဂါအခံကြောင့် မတော်တဆမှုဖြစ်ပြီး သေဆုံးသွားရခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။
“ဦးမောင်ကြီးလှက A သုံးလုံးအဖွဲ့ဝင်တစ်ဦးပါ။ လူသတ်အလောင်းဖျောက်တဲ့ကိစ္စတစ်ခုနဲ့ သူ့ကို AA ကစစ်ဆေးမေးမြန်းတာဖြစ်တယ်။ ထိန်းသိမ်းထားတဲ့အချိန်မှာ မလိုလားအပ်တဲ့ မတော်မတမှုတစ်ခုကြောင့် သေဆုံးသွားတာဖြစ်တယ်။ ဒါကြောင့် မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းပြောချင်ပါတယ်။ သူ့မှာက ဆီးချို၊ အသည်းရောင်အသားဝါ၊ ကျောက်ကပ်မကောင်းတဲ့ ရောဂါတွေရှိတယ်။ သူနဲ့အတူ တစ်ခြားအမှုတွဲ ၅ ယောက်ရှိသေးတယ်။ တစ်ခြားလူတွေက ဝန်ခံပြီး သူကဝန်မခံတော့ စစ်ဆေးတဲ့လူတွေက ရောဂါအခံရှိတာမသိဘဲ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လိုက်တဲ့အတွက် ခုလိုဖြစ်သွားတာပါ” ဟုပြောသည်။
ဦးမောင်ကြီးလှအား စစ်ဆေးမေးမြန်းခဲ့သူ ၂ ဦးကိုလည်း လက်ရှိတွင် အရေးယူထားပြီး ပြစ်မှုနှင့် ထိုက်သင့်သည့် ပြစ်ဒဏ်အားပေးသွားမည် ဖြစ်သည်ဟု ခိုင်သုခကဆက်ပြောသည်။
ဦးမောင်ကြီးလှတွင် ရောဂါအခံရှိသည်ဟု ULA/AA ဖက်မှ ပြောဆိုလာခြင်းအပေါ် သေဆုံးသူ ဦးမောင်ကြီးလှ၏ သမီးဖြစ်သူက သူ၏ ဖခင်ထံတွင် မည်သည့်ရောဂါအခံမှ မရှိကြောင်း ပြောသည်။
“ကျမတို့အဖေဆီမှာ ဘာရောဂါမှမရှိပါဘူး။ ကျမအဖေကို ခေါ်ယူသွားတဲ့ တစ်ပတ်အတွင်း ရောဂါတွေဘယ်လိုဖြစ်သွားပြီး ဒီလောက်ဒဏ်ရာတွေ ဘယ်လိုရလာလဲတော့မသိပါဘူး။ ကျမတို့က သူတို့ကိုယုံလည်း ယုံကြည်ခဲ့ပါတယ်။ အခုပြောသွားတာတွေက ကွင်းလွတ်ပြောသွားသလိုပါပဲ။ အဖေတစ်ယောက်လုံးဆုံးရှုံးထားပေမယ့် ကျမတို့အဖြစ်ကို ထုတ်ဖော်ပြောရမှာတောင် မရဲတော့သလိုခံစားရတယ်” ဟုပြောသည်။
ULA/AA သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုချက်အရ ဦးမောင်ကြီးလှမှာ စစ်ဆေးနေစဥ် သေဆုံးသွားခြင်းမဟုတ်ဘဲ ရောဂါအခံကြောင့် အနာမကျက်သည့်အတွက်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးမှ ဆေးရုံတွင်သေဆုံးသွားခြင်းဖြစ်ပြီိး ထိုသေဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်များကျေနပ်သည်အထိ တွေ့ဆုံပြောဆိုပြီး ဖြစ်သည်ဟုဆိုသည်။
“သေဆုံးမှုနဲ့ပတ်သက်လို့ မိသားစုဝင်တွေကို ရပ်မိရပ်ဖ ရဟန်းသံဃာတွေရှေ့မှာ တွေ့ဆုံပြီး ကျေနပ်တဲ့အထိ ကျနော်တို့ပြောဆိုပြီးဖြစ်ပါတယ်။ နောက်ပြီး ဆေးရုံကို အလောင်းပဲလာပို့တယ်ဆိုတာမဟုတ်ပါဘူး။ အနာမကျက်တော့ ဆေးရုံကိုသွားပို့ထားတာပါ။ သူကိုဆေးရုံမပို့ခင် အဖြစ်မပျက် အချက်အလက်တွေအကုန် ကျနော်တို့ဆီမှာရှိပါတယ်” ခိုင်သုခမှ ပြောသည်။
ဦးမောင်ကြီးလှ၏ မိသားစုဝင်များကမူ အလောင်းကို ဆေးရုံတွင် ကိုယ်တိုင်သွားရောက်ရှာဖွေခဲ့ရခြင်းဖြစ်ပြီး သေဆုံးသည်ကိုပင် တစ်စုံတစ်ရာလာရောက်အကြောင်းကြားခြင်းမရှိဟု ဆိုသည်။
“ဆေးရုံကို ဆေးကုသမှုခံဖို့ပို့တယ်ဆိုတာ ကျမတို့မသိပါဘူး။ အလောင်းကိုတောင် ကိုယ်အရှာကောင်းလို့တွေ့ခဲ့တာပါ။ ဘယ်သူမှ ဘာမှမပြောပါဘူး။ အခုထိလည်း ဘယ်သူမှလာတွေ့တာမရှိပါဘူး။ အလောင်းလာထားသွားတာလည်း ဆေးရုံကလူတွေမေးကြည့်တော့ ဘယ်သူမှမသိဘူးလို့ပြောကြတယ်။ ကျမတို့တွေ့တာက အလောင်းပါပဲ။ ဘယ်သူ့ကို ဘယ်လိုယုံကြည်ရမလဲမသိတော့ပါဘူး။ နေရာတာလည်း မလုံခြုံတော့သလိုခံစားနေရတယ်” ဟု သမီးဖြစ်သူမှ ပြောသည်။
ULA/AA အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းတို့တွင် အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်မှုတို့ကို လက်မခံကြောင်း ထိုသို့လုပ်ဆောင်နေမှုရှိလျှင် အချက်အလက်အစုံအလင်ဖြင့်တိုင်ကြားနိုင်ပြီး ဗဟိုအနေဖြင့်လည်း အဆိုပါကိစ္စများနှင့် ပတ်သက်၍ အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း ဧပြီ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
Western News-WN








End Notes and External links
- source: ” မြောက်ဦးမှ ဦးမောင်ကြီးလှမှာ မလိုလားအပ်သည့် မတော်တဆမှုဖြင့် သေဆုံးခြင်းဖြစ်ဟု AA ပြော၊ မိသားစုများ လက်မခံ ” | Western News | on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter