(The Mog Nation Wiki, an archive)

ရခိုင်စာဆိုဥက္ကာပျံ (၏) တဆယ့်နှစ်လရာသီရတု
မင်းခမောင်းသည် အရှိဟံသာ၀တီတိုင်းမှာနီ၍ သုံးနှစ်စိလျှင် ရခိုင်ပြည်သို့ ပြန်မည်အကြောင်းကို ကျွန်ယုံပညာဟိ ဥက္ကာပျံစာစီကုံး၍ မင်းခမောင်းကို တင်ဆက်တော်မူသော တဆယ့်နှစ်လရာသီ ရတုစာ။
(တစ်)
ဟေမံကုန်ပြောင်း။ လတပေါင်းသည် ချမ်းဆောင်းလွန်။ ဂိမ္မံသည်နွီကာလ။ တပေါင်းမင်းလွင်။ ရွက်ကြင်တောင်လီထက။ ကြွီရွက်ကျပင်တကာ။ ပွင့်ရာနှုတ်ဆက်၊ ပင်တိုင်းပြောင်သည်။ ခြောက်ရောင်စိမ်းခြည်ဖြာလျှက်။ ကြည့်ခီသော်လွမ်းဖွယ်တိ။ ပွင့်သီးကာကာ။ ပင်တိုင်းမှာသည်။ ချိန်ခါအညီသိသို့။ ကြည့်သတိလွမ်းလောက်ဖွယ်။ တပေါင်းမင်းလွင်။ ရွက်ကြင်ရတုနွှယ်က။ ကုံးသွယ်ဟန်နှယ်မပြား။ ညှာစိမ်းရွှီတူ။ ငွီတူပန်းကြက်နားတည်း။ ဒေါနချတ္တရာ။ ဝေယာကျက်ရုံး။ ဂမုံးစံကား။ ဆပ်သွားဇီသဝါနှင့်။ နော်ဇာသည်ဇော်ဂျီပန်း။ ပွင့်မျိုးစုံစွာ။ ဇလတ္တာသည်။ ခတ္တာပန်းခေါက်ရမ်းနှင့်။ မြပန်းဖွေးလူလျှင်။ လီဗွီသင်းထုံး။ တောလုံးမွှီးကြိုင်လုမျှ။ မဉ္ဇူသည်ပန်းထင်ရှား။ ကွမ်းဘဲဆင်ငုံ။ ငွီတူပန်းချရားနှင့်။ ကုံးသွယ်ထားနှယ်အတူ။ ဟေမံချမ်းဆောင်း။ တပေါင်းအားကိုယူ၍။ သာနုဟူသည်ကံ့ကော်ပန်း။ ပွင့်မျိုးစုံစွာ။ ဂိမ္မံတပေါင်းဆန်း၍။ စွန်းစွန်းလည်းခူးဆွတ်ယူ။ ဆယ်ချောင်းထိပ်မိုး။ ဘုန်းလျှံကြိုးသည်။ ရှိခိုးပန်လှူ၏လေ။
(နှစ်)
ရှိခိုးတောင်းပန်။ ဘုန်းတက်သံကို ကျွန်လျှောက်မည်။ ရတုလည်းတပေါင်းကုန်။ အတာအစွန်း။ တန်းခူးဆန်းသော်။ အလွန်မီးနှယ်ပူ၍။ ခုတူစုံ မဖူးသာ။ ဟင်္သာ၀တီ။ စစ်မြီသူ့ခန်းဝါ၌။ နီဖြူဝါသည်ပန်းမျိုးစုံ။ ဆွတ်စားရင်သောက်။ ခြင်းကောက်လှမျိုးစုံတည့်။ ထက်ရပ်ဘုံ လျှပ်ဝါပြ။ ပစ္စုန်ကျလာ။ သို့ချိန်ခါကို။ လွမ်းတော်မမူသိမ့်လော။ ရပ်ဝီးသူ့ရပ်မြီ။ တောရဂုံ၀ယ်။ ဖော်စုံကျီးငှက်မြည်က။ စိတ်သတိလွမ်းလောက်ဖွယ်။ မောင်လည်းသူ့ခွင်။ တာသဘင်၀ယ်။ မွှီးသျှင်မယ်နှင့်မတူတည်း။ များရပ်ကျူးဝီးမြီခေါင်။ ရက္ခမဏ္ဍိုင်။ ရခိုင်ပြည်ရောက်အောင်တည်း။ တန်းဆောင်သည် အမြင့်လော။ မြင့်မိုရ်ထွဋ်ခေါင်။ လေးယောက်မောင်သည်။ ဘုန်းခေါင်သိကြားမင်းလော။ ခုချက်ချင်းပို့ဆောင်လာ။ ရက္ခမှန်ဖူး။ မြောက်ဣရွှီပြည်သာ၌။ များစွာသည် ရွှီလှီပေါင်း။ သိင်္ဃနဒီ။ နန်းတော်ဆီ၀ယ်။ ရွှီမြီမင်းဆိပ်ချောင်း၌။ တသောင်းသောင်းပျော်စဉ်တွင်။ တူစုံရှုကြည့်ချင်သည်။ သင်္ကြန်အခါတည့်လေ။
(သုံး)
တန်ခူးကုန်ပြန်။ တာသင်္ကြန်လည်း လွန်လတ်သည်။ ခုဆန်းမည်ကဆုန်လ။ မောင်ကြောင့်စိတ်ပူ။ မွှီးသူတတတနှင့်။ စိမ်းမြပင်တကာ။ ပွင့်ရစ်နုဆောင်။ ပင်တိုင်းပြောင်သည်။ မြရောင်အလျှံဖြာသား။ ကြည့်ခီသော်လွန်းဖွယ်တိ။ ကဆုန်ရီသွန်း။ မိုးပန်းပွင့်လာဘိက။ စိတ်သတိညှိူးပူဆာ။ ခြိုးသားယင့်ယူ။ စိတ်ပူရောက်ပြန်လာက။ ဘုံမွိရာသလွန်ထက်။ ညည့်လေးယံမှာ။ တယံမျှမယ်မစက်တည်း။ ကြံတွက်စားနီစဉ်ခါ။ ကဆုန်စက်မိုး။ ထစ်ကြိုးသွန်ကျလာက။ မယ်လွမ်းသည့်အခါကို။ ပစ္စုန်ဘုံသျှင်။ ပြိုးပြက်ဆင်သည်။ ကောင်းခင်လျှပ်ရောင်ပြသား။ ရှုကြည့်ဘိခုချိန်ခါ။ သော်တာဖန်လောင်း။ ရောင်မောင်းတထောင်ဖြာသား။ ပွင့်လာသည်နီမင်းမြတ်။ အိန္ဒခေါ်တွင်။ ၀တိန်ခွင်၀ယ်။ မြင်းဆင်ရထားတပ်၍။ ချီလားကတ်အစဉ်တွင်။ မြင့်မှိုရ်လှည့်ပတ်။ ယုဂ္ဂံထွဋ်၀ယ်။ ချည်းကပ်လားလတ်ကျင်မှ။ ဘုန်းသျှင်သည် ပစ္စုန်နတ်။ မြပန်းမြပင်။ မြကုန်းဆင်သည်။ နတ်ရှင်မြင်းပျံလွှတ်က။ ဆွတ်ဆွတ်ပြုံးရယ်ရွှင်။ ဘယ်လက်ကလျှင်။ ဖန်ကြိမ်လုံးနှင့်ပင်တည်း။ လက်ယာတွင် စွဲသံလျှက်။ မိုးနတ်ဘုန်းသျှင်။ ကပွဲဆင်သည်။ ပျော်ရွှင်မြင်းနှင့်ထွက်က။ ပြိုးပြက်လျှပ်ရောင်ဝါ။ ကဆုန်စက်မိုး။ ထစ်ကြိုးသွန်ကျလာသည်။ မယ်ရို့လွမ်းရာဖို့လေ။
(လေး)
နတ်သားပစ္စုန်။ ကမြူးခုန်သည် ကဆုန်လွန်။ ပေါ်ဆန်းပြန်နံယုံလ။ သမုတ်လီရှင်။ တောင်လီတင်၍။ ကောင်းခင်မှိုင်းဝီပြသို့။ သွန်ဆင်းကျရွာပြန်လာ။ သောင်းကျွန်းဇမ္ဗူ။ လူသူမျိုးလေးပါးရို့။ ထွန်သွားရှာကျွဲနွားတပ်။ စုံခြီတောတောင်။ လုပ်ဆောင်ပျိုးစိုက်လတ်က။ ဆွတ်ဆွတ်လွမ်းလောက်ဝီ။ ကျီးငှက်သပြင်း။ မြီ၀ယ်နင်း၍။ မိနောက်ပျံလိုက်လီ၏။ မပျံလိုတတွတ်တွတ်။ တောင်ချင်းရုံ၍။ ဖော်စုံ၀ဲပျံကြ၏။ ချိန်ကာလနံယုံခါ။ မိုးလွန်ကုန်ပြောင်း။ ပင်တိုင်းပြောင်သည်။ လျှပ်ရောင်တဝါ၀ါနှင့်။ ကြည့်ခီသော်လွမ်းဖွယ်တိ။ မြင့်မိုရ်ယုဂ္ဂံ။ ချစ်ခြင်းဟန်ကြောင့်။ အကျွန်နီမချိတည့်။ စိတ်သတိလွမ်းလောက်ဖွယ်။ သလွန်ဘုံသာ။ စက်မွိရာမှာ။ ပဇောင်နီတတ်မည်ဟု။ မွှီးမယ်တော်သည်ဖော်သားချင်း။ ဤညည့်တွင်၀ယ်။ ဘုံခွင်သလွန်တွင်း၌။ စုံရစ်ယင်းချစ်ပန်ဆင်။ ညည့်၀ယ်မက်သည်။ အိမ်မက်ယောင်မထင်တည်း။ ကျီးကန်းပင်နိုးလတ်ငြား။ ၀န်းလည်မိုးကြိုး။ တပိုးသံသာကြား၏။ ကြက်များသောင်းသောင်းတွန်။ မောင်ကမလာ။ စက်မွိရာမှာ။ လိပ်ပြာပြလာဟန်သို့။ ကြိမ်ဆယ်ဖန်သည်တကာကာ။ နံယုံစက်မိုး။ ဖြိုးဖြိုးသွန်ကျလာသည်။ မယ်ရို့လွမ်းရာဖို့လေ။
(ငါး)
ဂိမ္မံကုန်လို့။ ဝါဆိုဆန်းသည်။ မိုးကာလ ရောက်သည်မှန်။ ရွာစီးသံညံမစဲ။ အလိုလိုပင်။ မြပန်းဆင်သည်။ ကောင်းခင်ထစ်ရစ်ကြိုးမျှ။ လွမ်းဝှန်သဲစိတ်ဆာဝီ။ ခြောက်ပြစ်လွတ်စင်။ လှများသျှင်သည်။ မြစင်မောင်နှင့်ဝီးလျှက်။ လှအင်ညီသည်ပြာညို့ညို့။ အရည်ညာကင်။ တောရပ်ခွင်၀ယ်။ သျှင်ပင်ထေရ်ပေါင်းများရို့။ ဝါ၀င်ဖို့နီးလတ်ပြန်။ တဖန်နီနတ်မင်း။ မပေါ်လျှင်းသည်။ မိုးမင်းဆက်ပြင်းသွန်၍။ ဘုံဝေယံထက်သိကြား။ နှုတ်ထဲသွင်သွင်။ ပစ္စုန်မိုးနတ်သားကို။ မယ်ထိပ်ဖျားဆယ်ချောင်းတင်။ ဒေဝါမိုးမင်း။ ချက်ချင်းစဲစီချင်၏။ ဘုန်းသျှင်မာဃဒေဝါ။ ပစ္စုန်မိုးသည်။ ရွာရိုးဆက်သွန်လာက။ ချမ်းအီးမြဘုံသလွန်။ မောင်မဟိသည်။ စက်ရာတ၀က်ကျန်တည့်။ ချမ်းဝှန်သည်လွမ်းလောင်သဲ။ ပြစ်စက်မျက်ရည်။ မစဲတရွှဲရွှဲနှင့်။ ရွာလည်းဆိတ်မညံ။ တပိုးသံဝါ။ ဘောမှုတ်ကာသည်။ ဒုပ္ပာကြီးရိုက်ပြန်၏။ မောင်မဟိသည် မစက်တတ်။ သလွန်ဘုံသာ။ စက်မွိရာမှာ။ မစက်ပါဘဲ။ တယောက်မောင်ကြောင့်။ သိုင်ခေါင်လုံးလုံးလွန်တည်း။ ကြက်များလည်းသောင်းသောင်းတွန်။ တပိုးလင်းခွင်း။ ကြီးနင်းမောင်းခတ်သံနှင့်။ ဣသြတွန်ဖိုးခေါင်ကျူး။ မောင်ကြောင့်စိတ်ပူ။ မွှီးသူမအိပ်ဖူးတည်း။ လွမ်းမူးတကာကာ။ သံဝါဆန်းထူး။ ခေါ်ပျံ့ပျူး၍။ ကျီးငှက်မြူးတွန်လာသည်။ ဝါဆိုအခါတည်းလေ။
(ခြောက်)
၀ါဆိုကုန်လို့။ ဝါခေါင်ဆန်းသည်။ မိုးပန်းလျှာ။ ကျူးမြည်ကာမိုးနတ်သား။ ပစ္စုန်နတ်ရှင်။ မြင့်မိုရ်သျှင်သည်။ ထက်ခွင်မိုးသိကြားလည်း။ နှိုးဆော်ငြားဖန်ဆင်းပြန်။ ညည့်နိမကင်း။ ရွာထန်ပြင်းသည်။ မြစ်အင်းဆည်မြောင်းဝှန်မျှ။ တရက်မျှနီမပူ။ လေးဖြားယံဟုတ်။ မြစ်သမုဒ်က။ ငင်ထုတ်တောင်လီယူ၍ သျှစ်သောင်းဟူလေးထောင်ခြား။ မြင်းမိုရ်အရံ။ နတ်များဖန်သည်။ ယုဂ္ဂံတောင်ထိပ်ဖျားက။ မနားမနီလို။ လျှပ်ဝါပြီးသန်း။ သျှစ်ရပ်ဝှန်းသည်။ မိုးပန်းစိမ်းစိမ်းညိုမျှ။ အာကာကို စိုးပိုင်အုပ်။ မိုးနတ်ရွာလာ။ သျှစ်မျက်နှာလုံးကိုချုပ်၍။ ဆော်တီးမှုတ်ထစ်ကြိုးမြည်။ သူဇာလင်ရင်း။ သိကြားမင်းက။ ဖန်ဆင်းရွာစီတည်လော။ မယ်လွမ်းသည်အခါကို။ ယခုမလာ။ မိုးဒေဝါသည်။ ထက်မှာဘုန်းရိပ်ခိုသား။ မယ်ကြည်ညိုဝေယံသျှင်။ အိန္ဒာသက္က။ ပူရိန္ဒကို။ စောစွာဦးထိပ်တင်၍။ လျှောက်ကျင်လီသောအခါ။ မိုးလည်းထန်စွာ။ ရွာသွန်းလာသည်။ အဟံသာပါကြောင်းဟု။ ပွင့်လောင်းနတ်ဒေဝါ၊ နှစ်တိုင်ရွာရိုး၊ ပစ္စုန်ကြိုး၍။ စက်မိုးဇောင်မရွာတည်း။ ခုခါသည်စိတ်၀မ်းနူး။ ရိုက်ရင့်ချီဝဲ။ လွမ်းဝှန်သဲသည်။ ရှိကနည်းထက်ပင်ထူး၏။ စုံမပူးမြင့်တာရှည်။ ဝါခေါင်မိုးမင်း။ အချမ်းသွင်းလာသည်ကို။ ဘုန်းသျှင်တခီမှားလေ။
(ခုနှစ်)
၀ါခေါင်ကုန်လျှင်း။ တော်သလင်းလည်း၊ မိုးကြွင်းရွာပါလီမူ။ တောင်မြင့်ခေါင်ခေါင်။ ခတ်ဖောင်ဖောင်သည်။ ယာတောင်လုပ်သောသူရို့။ ကြည့်ခီမူပျော်ဖွယ်တိ။ မြရွက်မြဆင်။ ကျီးငှက်နှင်သည်။ ယာစင်တောင်တိုင်းဟိ၏။ စိတ်သတိလွမ်းဖွယ်ပင်။ ကိုင်းတခွင်လယ်လုပ်များ။ ကောက်စိမ်း၀င်း၀င်း။ တော်သလင်းလည်း။ ဝါတွင်းလွမ်းဖွယ်များက။ ခြိုးသားဆွတ်ဆွတ်ကြူ။ ဣဒေါင်းတွန်ကျော်။ သာလိကာသည်။ လင်းပြာဆွတ်မျှကြူလျှက်။ ငှက်ဝါမူတဌာန။ တြင်းဆော်သည်။ လျှင်စွာရောက်ပျာလားဟု။ ကျူးမြည်ငြားလူသဏ္ဍာန်။ ပန်းရွက်ယူကုံး။ တရုမ်းရုမ်းသည်။ ပိတုံးပျားမကျန်တည်း။ ဝဲပျံသည်တသောင်းသောင်း။ ခပ်သိမ်းရဂုံ။ ကမြူးခုန်သည်။ ဖော်စုံကျီးငှက်ပေါင်းရို့။ ကြည့်မညောင်းစိတ်ဆာဝီ။ လွမ်းသစ်လွမ်းဟောင်း။ လွမ်းကြောင်းမိုးနှယ်စွီ၍။ ခုရာသီတော်သလင်း။ နှစ်ပါးစုံလို။ ဘုံညိုမွိရာတွင်း၌။ တကိုယ်ချင်းနွှဲရစ်ကြင်။ ကိုယ်စားကွဲကာ။ သက်ထားလျှာသည်။ သော်တာမောင်လွမ်းကြင်ကို။ ဆွဲလိုင်တွင်မြဲနီငြား။ နှစ်ပါးစုံလို။ နတ်ဘုံကိုတမျှတည်း။ လွန်ဆယ်ဆတကာကာ။ တော်သလင်းသည်။ လျှင်ပြင်းခုကြုံလာ၏။ မယ်ကဝီဆာစွလေ။
(သျှစ်)
သူတော်မိတ်မှတ်။ လဝါကျွတ်သည်။ ဆန်းလတ်ခါ။ လူ့ရပ်မှာပွဲသဘင်။ ထမင်းထောင်နှင့်။ ပန်းထောင်ထီးကြီးပျင်၍။ သင်ပုန်းတင်တန်းပြက်ခတ်။ အဋ္ဌသီနှင့်။ ပဉ္စသီကို။ အညီစောင့်သုံးမှတ်၍။ ဒါန၀တ်စိတ်ကြည်ဖြူ။ မင်းပွဲသဘင်။ မြို့ပြင်တချို့လူက။ သီစာဟူသောက်ပြွန်းပြွန်း။ ကောင်းမှုလုပ်ဆောင်။ ထမင်းထောင်ကို၀န်း၍။ လွန်ပျော်မှုဧသံချို။ လက်ခုတ်ဖြောက်ဖြောက်။ ခြင်းကောက်သံပြိုင်ဆို၍။ အလိုလိုသောသောရု။ ဝါကျွတ်သဘင်။ ပျော်မှုဆင်သည်။ လူသျှင်အစုစုနှင့်။ ယစ်၀မှုအွအံကာ။ တချို့ကိုလည်း။ တချို့ဆဲသည်။ တချို့ရန်ခိုက်ရှာ၍။ တချို့ကားပြစ်တင်ကုန်။ ပိန်းပေါင်းခရာ။ စည်ဒုပ္ပါနှင့်။ ပတ်သာမြို့လုံးဆူမျှ။ ကခြီဟူပတ္တလား။ စောင်းညှင်းပြီသာ။ တုရိယာသည်။ လူ့ရွာသဘင်များနှင့်။ တသောသောထမင်းထောင်။ လှိုင်ဂူထွတ်ထား။ ဘုရားပါးရောက်အောင်တည်း။ ကြိုးဆောင်သည်အစုစု။ သာဓုကြံကြံ။ ဆိတ်မညံသည်။ အသံတရုရုနှင့်။ ရွှင်ပျော်မှုအလီလီ။ ရာသီလေးလ။ ဝါလည်းကျွတ်သည်။ နှင်းလည်းတဝီ၀ီနှင့်။ မြောက်ရပ်ဆီဟေ၀န္တာ။ လီညှင်းလည်းလာ။ မယ်လွန်းခါကို။ မောင်တော်မသိပါ၍။ ဣထိပ်မှာသည်လက်ဆယ်ချောင်း။ စုံရကြောင်းကို။ ခွင့်တောင်းလျှောက်တင်ပါသည်။ မကြာရောက်လာဖို့လေ။
(ကိုး)
တန်းဆောင်ဘုန်းလ။ ဟေမန္တသည် ချမ်းစပေါ်။ လူ့ရွာပွဲသဘင်။ သိကြားပျော်ရာ။ ၀တိင်္သာ၀ယ်။ စုဠာမုနိသျှင်ကို။ ဖူးမျှော်ကျင်ဆုယူမြောက်။ အတောင်သုံးဆယ်။ မြင့်ဖျိုးသွယ်သည်။ တန်းဆောင်ပုန်းတိုင်ဆောက်၍။ အာကာဟက်ကြိုးငင်။ ပြောင်ပြောင်ညီးသည်။ ဆီမီးပွဲသဘင်ကို။ တူစုံပင်ညှိရကြောင်း။ သျှစ်စရွတ်သည်။ ဓာတ်မွီသျှင်တော်ပေါင်းကို။ ဆုတောင်းမယ်လျှောက်ပြန်။ တစ်ဆယ့်နှစ်လ။ ကြိုးရွီချသည်။ တရက်မျှမကျန်တည်း။ အမှန်သည်တနှစ်တွင်။ ရက်ကိုရွီသည်။ သုံးရာခြောက်ဆယ်တွင်၌။ ဆယ့်နှစ်ခွင်ပတ်ငြားလည်။ ဇာနတ်ဖန်၍။ ပြန်စုံရပါမည်လည်း။ ဇောင်ချမ်းသည့်အခါကို။ တန်းဆောင်ဘုန်းလ။ မြောက်လီထက။ မယ်ချည်းစက်ဘုံ။ ဆယ်ထပ်ချုံလည်း။ မလုံအိုနတ်များရို့။ ဘုရားကိုတကာကာ။ အချမ်းတထောင်။ လွန်လည်းမှောင်သည်။ မောင်ကြောင့်မကြံသာတည်း။ နိတိုင်းသည်မပျော်ပိုက်။ ထမင်းရည်စာ။ မ၀င်ပါသည်။ ပူဆာသွီးလီဖြစ်၍။ တူဖက်ရစ်ဆွဲလိုင်တွင်။ နှံရာသက်ကို။ တရက်မျှမခွာချင်သည်။ ရာသက်ရှင်ကိုတည်းလေ။
(တဆယ်)
တန်းဆောင်ဘုန်းလွန်။ နတ်တော်ဆန်း၍။ ချမ်းရသည်။ လွန်မတည်စိတ်ဗျာယ။ မယ်ချည်းစက်ဘုံုံ။ ဆယ်ထပ်ချုံလည်း။ မလုံအိုနတ်များရို့။ တူနှစ်ပါးစုံရစီ။ ဆယ်ချောင်းထိပ်တင်။ ဝေယံသျှင်ကို၊ မိခင်လျှောက်တင်ခီလည်း။ သဇင်ပေါ်ထွန်း၊ နတ်တော်ဆန်းသည်။ အချမ်းအံ့ဖွယ်ထူး၏။ ခုတမူချမ်းဝှန်တိုး။ ချမ်းခြင်းဆိုးသည့်။ နှစ်မျိုးနှင့်ပင်မတူတည်း။ အတူသည် စုံလို၏။ စက်ဘုံထဲတွင်း။ အချမ်းပြင်းသည်။ ချမ်းခြင်းဆိုးလာသည်ကြောင့်။ မယ်ဆောက်တည်မရအောင်။ စက်ဘုံထဲ၀ယ်။ ရီခဲရီကျိုင်ဆောင်သို့။ မျက်တောင်များမယှက်ချင်။ ဖျားနာရီးထက်။ လွမ်းရီးခက်သည်။ ချစ်ဖက်မောင်ဟိသွင်သို့။ ရှိဖြစ်ကြောင်းနှင့်မညီ။ သိကြားဘုံသျှင်။ သူဇာလင်သည်။ အမြင့်တထောင်ဟိသား။ ကိရိယာတောင်မြင့်မိုရ်။ အထွတ်တင်သည်။ သခင်နတ်မင်းကိုလော။ ကြိမ်ဖန်ဆိုလျှောက်သော်လည်း။ ပန်းမွိရာမှာ။ မပျော်စိုးရိမ်သဲ၏။ ကိုယ်ချည်းမနီကဲ့။ သြော်နတ်များရို့။ ကိုယ်ချင်းမစာသည်ကြောင့်။ ဇောင်ချမ်းသည့်အခါကား။ ရင်ထက်လက်တင်။ ပန်းကြာသွင်နှင့်။ တူပင်ပျော်ရလို၏။ ဆယ်ဖြာလက်ကို။ ပန်းပွင့်ဟံမမာသို့။ ပေါင်း၍သာဣတင်မှတ်။ ထက်အာကာမှာ။ စူဠာမုနိဓာတ်နှင့်။ ဤသောင်းရပ်ဇမ္ဗူတွင်။ ကိုယ်စားတော်သည်။ မဟာမုနိသျှင်ကို။ တိုင်လျှောက်ကျင်ဆုတောင်းခါ။ ချမ်းဝှန်လွန်သက်သာသည်။ ပြာသိုလ်ဆန်းလာဖို့လေ။
(ဆယ့်တစ်)
နတ်တော်ကုန်လို့။ ပြာသိုလ်လ၀န်း။ ပြောင်ပြောင်ထွန်း၍ဆန်းလတ်သည်။ လွန်မူသည်အချမ်းပြင်း။ ခုနှစ်ပြာသိုလ်။ ဤဆောင်းကိုလည်း။ အလွန်ချမ်းဝှန်သဲ၏။ ဆောင်းချင်းချင်းနှင့်မတူ။ မြောက်လီပျံ့လျှင်း။ အချမ်းပြင်းသည်။ ဆီးနှင်းကြွီကျသွင်သို့။ ဆောင်းအဟံသည်ချမ်းဝှန်သဲ။ ရွှီနန်းသလွန်ထဲ၌။ စုံလိုင်ရွှဲနွှဲယှက်တင်။ ခြောက်ပြစ်လွတ်သည်။ မိုးနတ်ကြယ်လသွင်သို့။ လှဆင်းဝါသည်နတ်တရှိ။ ချစ်ဖွယ်ဟိသည်။ မချိအောက်မိသည်တည်း။ လွမ်းမတည်နိုင်လတ်ဘိ။ ချမ်းမျိုးဆင်လာ။ ဟေ၀န္တာသည်။ အချာန၀ရတ်တည်း။ ငါးသွယ်ရပ်တောင်မြင့်မိုရ်။ ပုဂ္ဂါန်လည်းခေါ်။ သူရိယာသည်။ ရောင်ဝါမထွန်းလိုတည်း။ ကစ္ဆဘနဒီ။ မြောက်ဆီဟေ၀န္တာက။ သွန်ကျလာသည် စုံလီပြင်း။ စိမ့်စိမ့်ချမ်းခါ။ မွိရာသလွန်တွင်း၀ယ်။ လျှင်ပြင်းကြက်သီးဝှန်`i။ လှမျိုးရာသက်ပန်သည်။ ကြင်ရိုးကြင်ပါ၏လေ။
(ဆယ့်နှစ်)
ရာသီကုန်လွဲ။ တပိုးထွဲသည် လွမ်းဖွယ်ပင်။ ပျော်ရွှင်လူ့ရပ်မြီ၌။ ရထားသဘင်။ နှစ်စဉ်ငင်သည်။ သောင်းခွင်ဤလူ့ပြည်ထက်။ ရွှင်ပျော်ဖွယ်လူရို့၌။ ရာဇဌာနီ။ မင်းနီပြည်၀ယ်။ ထိုထိုဇနပုဒ်၌။ ကျူးသံရိုက်ထိန့်ထိန့်ဆူ။ သမုတ္တရာ။ ယမုန္နာသည်။ သီတာချောင်းနှင့်တူသို့။ များသျှင်လူကျော်သောင်းသဲ။ ရထားသဘင်။ ရဟတ်ငင်သည်။ ဝေဟင်မြီကြီးကွဲမျှ။ များသျှင်လူသောင်းသောင်းရှု။ ပိန်းပေါင်းခရာ။ စည်ဒုပ္ပါသည်။ ပတ်သာမြို့လုံးဆူ၏။ ဟာငင်ကုန်ဆွဲရာဆွဲ။ လက်လည်းအညီ။ ကြိုးစီကြိုးစားဆွဲလော။ တချို့လည်းရထားပေါင်။ ပါး၀ယ်မျှောင်၍။ ဟာမွှီးမောင်ညီယောက်ဖ။ ကိုယ်ချင်းဖော်ရွှီ။ အားထုတ်ခီလော။ ရွှန်းကိုမြဲကြစီလော။ ကိုယ့်ဖက်ဖော်ရွှီ။ ညီအစ်မ။ အမေရောက်မ။ ကြိုးကိုရွန်းဖျားဆွဲလော။ လလည်း၀င်း၀င်းပြောင်။ သန်ခေါင်ညည့်ကြီး။ ရင်ဖတ်တီး၍။ ကြက်ကြီးတွန်လတ်ယောင်တည်း။ မျက်တောင်မျှမယှက်ချင်။ သူ့ရွာစုံစီ။ လာမည့်နိကို။ တင့်နည်းရာရာဆင်၍။ တချို့လည်းမြူးစံပယ်။ ရာသီကျူး၍။ နှစ်ဦးတိုင်လတ်သည်တည်း။ သျှစ်သောင်းဟူလေးထောင်ခြား။ မြင်းမှိုရ်အရံ။ နတ်များစံသည်။ ယုဂ္ဂံတောင်ထိပ်ဖျားက။ စက်ရထားနီဗိမှာန်။ ဟေမန်ချမ်းဆောင်း။ အလှည့်ပြောင်း၍။ တပေါင်းဆန်းမည်ကြံလော။ ကမြူးတွန်ကျီးငှက်ပေါင်း။ တောင်ချင်းရုံ၍။ တူစုံငှက်အပေါင်းလည်း။ သောင်းသောင်းဝဲကာပျံ။ ဖြူနီပြာ၀င်း။ ရဂုံတွင်း၀ယ်။ ပန်းများပွင့်မည်ကြံ၏။ ညှာစိမ်းဆတ်သွား။ ပန်းစံကားသည်။ ကြွက်နားဒန်းသလွန်တည်း။ မညှိုးပန်းချတ္တရာ။ ဝေယာကြက်ရုံး။ သီးမြော်ကုံးသည်။ ဂမုံးဇီသဝါနှင့်။ ရွှီတူသာဇော်ဂျီပန်း။ မြတ်လေးကြန်ဇာ။ ဇလတ္တာသည်။ ညီညာပင်လုံးမွှမ်းမျှ။ ကြိုင်အီးပျံ့ပင်တကာ။ ရဂုံတောခွင်။ များဖျင်ပွင့်မုံလာသည်။ တပေါင်းဆန်းလာ၏လေ။
ဥက္ကာပျံ၏တဆယ့်နှစ်လရာသီရတု ဤတွင်ပြီးပြီ။
ဥက္ကာပျံ၏တဆယ့်နှစ်လရာသီရတု ဤတွင်ပြီးဆုံးသည်။
ရခိုင်ပေါင်းကူး (သာလှဦး) ကောင်းမှုတော်ဖြစ်ပါသည် ဘုရား။
ခရစ်သက္ကရာဇ် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ (၂၃) ရက် တလင်္ဂုနီနိ နိခြင်း လေးချက်တီး သုံးဆယ့်ငါးမိနိတွင် အကြမ်းတည်းဖြတ်ပြီးစီးသည်။
End Notes and External links
- source: ” ရခိုင်စာဆိုဥက္ကာပျံ (၏) တဆယ့်နှစ်လရာသီရတု ” | ရခိုင်ဖတ်စာ
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter



