ရခိုင်နယ်နိမိတ် တစ်ရွေ့ရွေ့ ဆုံးရှုံးလာခြင်း

ရခိုင်နယ်နိမိတ် တစ်ရွေ့ရွေ့ ဆုံးရှုံးလာခြင်း

မင်းပြား မင်းသိန်းဇံ

Wednesday, February 20, 2019 | Development Media Group

ရှေးအခါက ရခိုင်ပြည်သည် ဘုရင်များ အုပ်ချုပ်ခဲ့သော တိုင်းနိုင်ငံတစ်ခု ဖြစ်လေသည်။ အိန္ဒိယနိုင်ငံ ကပိလ၀တ်ပြည့်ရှင် ဘုရင်၏သားတော် မာရယုမင်းက တသီးတခြားရှိနေသော ရခိုင်ပြည်ကို စတင်ထူထောင်ခဲ့သည်။ ထို့ကြောင့် ရှေးဦးကာလ သမိုင်းမတင်မီ ရခိုင်ပြည်မြေပုံ၌ ဒွါရာ၀တီ၊ ဝေသာလီ မြို့တော်များက ဖြစ်ထွန်းလျက် ရှိနေခဲ့ကြသော်လည်း မာရယုမင်းနန်းတက်သော ဘီစီ – ၃၃၂၅ ကိုမှ ရခိုင်သမိုင်းအစဟု ဖော်ပြကြသည်။

မာရယုမင်း တည်ထောင်ခဲ့သော မင်းဆက်သည် သရီချောင်းဖျားကို အခြေခံလျက် မြို့တော်တည်ဆောက်ကာ နှစ်ပေါင်း တစ်ထောင့်ရှစ်ရာကျော် တိုင်းပြည်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ထိုမှ ကံရာဇာကြီးမင်းဆက်၊ ယင်းမှ စန္ဒသူရိယမင်းဆက် စသည်ဖြင့် ဓည၀တီခေတ်ကြီး တစ်ခုလုံးသည် နှစ်ပေါင်း (၃၄၀၀) ကျော်ကြာ တည်တံ့ခဲ့သည်။

ဓည၀တီခေတ်ကုန်လျှင် ဝေသာလီခေတ်သို့ ရောက်လာသည်။ ဝေသာလီခေတ် ပြီးမှ လေးမြို့ခေတ်သို့ ဆက်သည်။ လေးမြို့ခေတ်နောက်၌ မြောက်ဦးခေတ် ဆက်ခံသည်။ ဤသို့ဖြင့် ရှေးခေတ် ရခိုင်ပြည်၌ ဘုရင်အပါး(၂၀၀) ကျော်တို့သည် စဉ်ဆက်မပြတ်သော နှစ်ပေါင်း (၅၀၀၀) ကျော်ကာလကို စိုးမိုး အုပ်ချုပ်ထားနိုင်ခဲ့ကြသည်။

ဤတွင် ရခိုင်လူမျိ်ုး ရခိုင်ပြည် မြေပထဝီအနေအထား နယ်နမိတ်သည် ယခုအခါကထက် ရှေးယခင်က များစွာ ကျယ်ပြန့်လေသည်။ ဝါးကျောင်းဆရာ လူထွက် ပဏ္ဍိတ်၏ ရှည်မြင့်မူလ၊ ပထမက၊ ရဋ္ဌသမိုင်း၊ ဤသည်တိုင်း ကား၊ ကျယ်ဝိုင်းနယ်ဆက် ဥတေနလင်္ကာ နိဂုံးမှ ဖော်ပြချက်အရ ရှေးက ရခိုင်ပြည်၏ နယ်နိမိတ် အပိုင်းအခြားသည် အနောက်ဘက်ကို ဒါဂါမြစ်တစ်လျှောက်၊ အရှေ့ဘက်ကို ဧရာ၀တီမြစ် တကျ င၀န်ထိပ်မြောင်၊ တောင်ဘက်ကို ပုသိမ်မော်တင်စွန်းအငူ၊ မြောက်ဘက်ကို အာသံ ချင်းတွင်း အထိ ကျယ်ပြန့်ခဲ့လေသည်။

တစ်ခါ လေးမြို့ခေတ်ဘုရင် မင်းထီးလက်ထက်က ရခိုင်ပြည်၏ အနောက်ဘက်နယ်နိမိတ်ကို ထင်ရှားစေရန် (ရခိုင်သာစွလေလင်္ကာ၌) ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ထိုမင်းလက်ထက် ရာဇာသင်္ကြန် အမတ်ကြီးသည် အနောက်ဘက်သို့ စစ်ချီရာတွင် ဗြဟ္မပုတ္တရမြစ်အထိ ကျယ်ပြန့်စွာ ရှိနေခဲ့သည်။

အထူးသဖြင့် ရခိုင်တို့၏ အနောက်ဘက် နယ်နိမိတ်သည် အုပ်ချုပ်ရေး၌ လွန်စွာ အရေးပါရှိခဲ့သည်။ ထိုဒေသ၌ ဘင်္ဂါ(၁၂) မြို့ သတ်မှတ်လျက် ဘုရင်ခံတစ်ပါး ခန့်အပ်ထားကာ အုပ်ချုပ်ခဲ့ကြသည်။ ထိုဘင်္ဂါ(၁၂) မြို့သည် ရခိုင်ပြည် အုပ်ချုပ်မှုတိုင်းကြီး (၁၂) တိုင်းထဲတွင် နာဂသျှတ္တတိုင်း၊ မဟိ ံသကတိုင်း၊ ဖလံတိုင်း၊ ဘိုမင်းတိုင်း စသည် တို့သည် ထိုအရပ်ဒေသ၀င်များ ဖြစ်ကြပေသည်။

လေးမြို့ခေတ် နောက်ဆုံးမင်းဖြစ်သော မင်းစောမွန်သည် လောင်းကြက်မြို့၌ နန်းစိုက်နေခဲ့သည်။ ထိုစဉ် မင်းကျင့်တရားကင်းမဲ့၍ လောင်းကြက်ထီးနန်းသည် ယိမ်းယိုင်ခဲ့ရသည်။ ဘင်္ဂါ (၁၂) ရပ် အုပ်ချုပ်ရေးယန္တရားသည် ရပ်တန့်ခဲ့ရသည်။

ဤသို့ဖြင့် ဘင်္ဂါ (၁၂) မြို့ အနောက်ဘက်ဒေသ အခွင့်အာဏာသည် မင်းစောမွန် ပြန်လည်နန်းရပြီး မြောက်ဦးမြို့သို့ ရွေ့ပြောင်းတည်ထောင်ချိန်ထိ ကျဆင်းနေခဲ့သည်။ ထိုသို့ ကျဆင်းနေခြင်းကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းရာ၌ ဘစောဖြူမင်းသည် ခရစ် နှစ် ၁၄၅၉ ခုနှစ်တွင် စစ်တတောင်းမြို့ကို ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။ သို့သော်လည်း ပထမမြောက်ဦးခေတ် တစ်လျှောက်၌ ဘင်္ဂါ (၁၂) မြို့ကို အာဏာစိုးမိုးခြင်းမရှိဘဲ နယ်နိမိတ်အားဖြင့် ဆုံးရှုံးလျက်ရှိနေခဲ့သည်။

ထိုနောက်မှ မင်းဗာဘုရင်က ဒုတိယ မြောက်ဦးမင်းဆက်ကို တည်ထောင်၍ နန်းစံနေချိန် ခရစ် ၁၅၃၂ ခု နှစ်တွင် ဘင်္ဂါ (၁၂) မြို့ နယ်မြေအားလုံးကို တိုက်ခိုက်သိမ်းယူလိုက်သည့် အချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်အတိုင်း ဖြစ်လာခဲ့သည်။

သို့သော် နှစ်ပေါင်း(၁၃၄) နှစ် ကြာညောင်း၍ တတိယမြောက်ဦးခေတ် (၃) ဆက်မြောက် စန္ဒသုဓမ္မရာဇာမင်း လက်ထက်၌ မဂိုနှင့် ရခိုင် စစ်ပွဲကြီးဖြစ်ပွားခဲ့ရာ ဘင်္ဂါ (၁၂) မြို့သည် ခရစ်နှစ် (၁၆၆၆) ခုနှစ်တွင် နယ်နိမိတ် ဆုံးခဲ့ရသည်မှာ ယနေ့အထိ ဖြစ်နေခဲ့သည်။ ယင်း၏ နယ်မြေဒေသသည် ယခုအခါ၌ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက သိမ်းယူထားလျက် ရှိနေသည်။

တတိယမြောက်ဦးခေတ် ဘုရင်များ ဆက်လက်နန်းစံ၍ ခရစ်နှစ် (၁၇၈၄) သို့ ရောက်ရှိသည့်အခါ ရခိုင်မင်း ခေါင်းဆောင်အချင်းချင်း သွေးကွဲအာဏာလုမှုကြောင့် မြောက်ဦးထီးနန်းသည် အမရပူရဘုရင် ဗဒုံမင်း ထံ အသိမ်းခံခဲ့ရသည်။

ထိုစဉ်မှစ၍ နှစ်ပေါင်း (၄၀) တိုင်တိုင် မြန်မာမင်းက ရခိုင်ပြည်ကို သိမ်းယူအုပ်ချုပ်သည်။ ရခိုင်ပြည်၌ မြန်မာအုပ်ချုပ်မှုကို မခံလိုကြသော စစ်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယင်းအခြေအနေတွင် အိန္ဒိယနိုင်ငံကို အုပ်ချုပ်လျက်ရှိနေသော အင်္ဂလိပ်နယ်ချဲ့တို့က စစ်မက်ပြုပြီး ခရစ် ၁၈၂၄ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားကာ အင်္ဂလိပ် – မြန်မာစစ်ပွဲတွင် အင်္ဂလိပ်တို့က အနိုင်ရရှိခဲ့သည်။ စစ်နိုင်သော အင်္ဂလိပ်တို့သည် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းယူကာ ရန္တပိုစာချုပ်အရ စစ်ပြေငြိမ်းခဲ့ကြသည်။ ထိုအချိန်မှ ရခိုင်တို့သည် မြန်မာကျွန်သပေါက်ဘ၀မှ လွတ်မြောက်ပြီး အင်္ဂလိပ်ကျွန်သပေါက်ဘ၀သို့ ဆင်းသက်ခဲ့ရသည်။

အင်္ဂလိပ်တို့က ရခိုင်ပြည်၏ နယ်နိမိတ်ကိစ္စကို စာချုပ်၌ ဤသို့ဖော်ပြခဲ့သည်။

“နောက်တစ်ဖန် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို ငြင်းခုံရန် အကြောင်းမရှိရအောင် အင်္ဂလိပ်မင်းသည် တိုက်၍ အောင်ခဲ့သော ရခိုင်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ တည်းဟူသော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ။ ရိုးမဖိုးခေါင်တောင်တန်း၊ မော်တင်စွန်းစေတီကြီးအထိ စပ်ကြား အပိုင်းအခြားဖြစ်စေ၊ နောက်မှ အပိုင်းအခြား ငြင်းခုန်ရန်ရှိလျှင် အင်္ဂလိပ်မင်း-မြန်မာမင်းက ခန့်ပေးသော သူတို့ထက် နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင်ခန့်ပေးသူတို့လည်း အရာရှိ မှူးမတ်ကောင်းဖြစ်စေရမည်”

ဤသို့လျှင် ရခိုင်ပြည်ကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ပြီးနောက် ရခိုင်ပြည်ကို (၁) ပလက်၀နယ် အပါအ၀င် စစ်တွေခရိုင်၊ (၂) ကျောက်ဖြူခရိုင်၊ (၃) သံတွဲခရိုင်ဟူ၍ ခရိုင်သုံးခု ခွဲခြားကာ ဦးစွာအုပ်ချုပ်သည်။ ထိုစဉ်က သံတွဲခရိုင်ထဲတွင် ပုသိမ်မော်တင်စွန်းရှိ မဟာစေတီကြီးအထိ နယ်နိမိတ်ပါ၀င်ခဲ့သည်။ အေဒီ ( ၁၈၉၃ ) ခုနှစ်တွင် အင်္ဂလိပ်တို့က သံတွဲခရိုင်ကို ကျောက်ချွန်မှ ပိုင်းဖြတ်ပြီး ကျောက်ချွန်ချောင်းမှ မော်တင်စွန်းအထိရှိသော ရခိုင်ဒေသကို ပုသိမ်ခရိုင်အဖြစ်သို့ ပေါင်းထည့်ပေးလိုက်သည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် နတ်မြစ်မ၀မှ ဂွချောင်း မြစ်တောင်ဘက် ကျောက်ချွန်ချောင်း အထိသာ ရှိခဲ့သည်။

ရခိုင်နယ်နိမိတ် ဆုံးရှုံးလာရခြင်း နောက်တစ်ခုမှာ ပလက်ဝြမို့နယ် ကိစ္စဖြစ်သည်။ ပလက်၀နယ်မြေသည် ရခိုင်မင်းအဆက်ဆက် အုပ်စိုးခဲ့ရာ အရပ်ဖြစ်သည်။ အင်္ဂလိပ်တို့က ရခိုင်ကို သိမ်းယူပြီးနောက် ပလက်၀သည် စစ်တွေခရိုင်ထဲ၌ ရှိနေခဲ့သည်။ သို့ရာတွင် ခရစ် (၁၆၆၅) ခုနှစ်တွင် အင်္ဂလိပ်တို့က အုပ်ချုပ်ရေး လွယ်ကူစေရန် အကြောင်းပြလျက် ရခိုင်တောင်ကုန်းဒေသကို စစ်တွေခရိုင်ထဲမှ သီးခြားခွဲထုတ်လိုက်ပြီး ၀န်ထောက်တစ်ဦးအား အုပ်ချုပ်စေသည်။

ခရစ်နှစ်(၁၉၃၅)ခု မြန်မာနိုင်ငံဥပဒေအရ ပလက်ဝဒေသကို တောင်တန်းအုပ်ချုပ်ရေး၌ ထည့်သွင်းထားသည်။ သို့သော် တရားအမှုကြီးများ စီရင်ခွင့်ကို စစ်တွေမြို့စက်ရှင်တရားသူ ကြီးထံ၌ အပ်နှင်းထားသည်။

ခရစ် (၁၉၄၈) ခု ချင်းဝိသေသတိုင်း အက်ဥပဒေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရခိုင်တောင်တန်းဒေသများကို ချင်းဝိဒေသတိုင်းအထဲ၌ ထည့်သွင်းလိုက်သည့်အတွက် ပလက်၀နယ်လည်း ရခိုင်ပြည် နယ်နိမိတ်ထဲမှ ပျောက်ကွယ်သွားရခြင်းဖြစ်သည်။

အချုပ်အားဖြင့် ရခိုင်လူမျိုးတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်တိုင်းကိုယ့်ပြည်နှင့် နေလာခဲ့သူများ ဖြစ်ကြသည်။ နယ်မြေရှိသည်။ နယ်နိမိတ်ရှိသည်။ ဘာသာစကား သီးခြားရှိသည်။ ယဉ်ကျေးမှုရှိသည်။ စာပေရှိသည်။ ပထမအကြိမ် ရခိုင်အနောက်ဘက် ဘင်္ဂါ (၁၂) ရပ် ဆုံးရှုံးရခြင်းသည် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာမင်း လက်ထက်မှ စခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ဒုတိယ ပုသိမ်မော်တင်စွန်း ရေမြေဆုံးရှုံးရခြင်းသည် အင်္ဂလိပ်လက်ထက်က ဆောင်ရွက်ချက်ဖြစ်သည်။ တတိယ ပလက်၀နယ် ဆုံးရှုံးရခြင်းသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဆုံးရှုံးရခြင်းဖြစ်သည်။

ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်ကဲ့သို့ မဟုတ်ဘဲ တရွေ့ရွေ့ ဆုံးရှုံးလျက်ရှိနေသည်ကို သမိုင်းအမြင်တစ်ရပ် အနေဖြင့် တင်ပြရခြင်းဖြစ်ပေသည်။

မင်းပြား မင်းသိန်းဇံ

B.A (History)

ကိုးကား

၁။ ဦးစန္ဒမာလာလကာၤရ – ရခိုင်ရာဇာဝင်သစ်ကျမ်း ( ပ+ ဒု )

၂။ စည်စံ ( ဦးဘစံ ) – ရခိုင်နယ်နိမိတ် ( သဟာယမဂ္ဂဇင်း )

၃။ မင်းပြား မင်းသိန်းဇံ – ရခိုင်ပိုင် အင်္ဂါ (၁၂) မြို့မှ ရခိုင်နှင့် ဘင်္ဂလီ စစ်ပွဲများ (ဒုအကြိမ်)

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s